ရန်ကုန်၊ နိုဝင်ဘာ ၁၂
ကယားပြည်နယ်၌ ယမန်နေ့က လေတပ်၏ လေ့ကျင့်ရေး အပေါ့စား တိုက်ခိုက်ရေးလေယာဉ်တစ်စင်း ပျက်ကျခဲ့ကြောင်း နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။
အဆိုပါလေယာဉ်မှာ စက်ချွတ်ယွင်းမှုကြောင့် ပျက်ကျခဲ့သည်ဟု ပြောကြားသော်လည်း မည်သည့်အမျိုးအစား လေယာဉ်ဖြစ်ကြောင်းနှင့် ကယားပြည်နယ်ရှိ မည်သည့်နေရာသို့ ပျက်ကျခဲ့သည်ကို ပြောဆိုခြင်းတော့ မရှိပေ။
“ စက်ချွတ်ယွင်းမှုကြောင့် ပျက်ကျခဲ့တာ။ လေယာဉ်မှူးနဲ့ တွဲဖက်လေယာဉ်မှူးနဲ့ကို ကျွန်တော်တို့ ဆက်သွယ်မှုရရှိပြီးဖြစ်ပါတယ်။” ဟု နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်း ထွန်းက ပြောကြားသည်။
အဆိုပါ လေယာဉ်ပျက်ကျခဲ့သည့် ဖြစ်စဉ်အပေါ် ဒေသတွင်းလက်နက်ကိုင်အဖွဲ့ဖြစ်သည့် KNDF က သတင်းထုတ်ပြန်ရာတွင် အမျိုးအမည်မသိ တိုက်လေယာဉ်တစ်စီးအား မိမိတို့မှ ပွိုင့်ဖိုက် (. 5 ) များဖြင့် တန်ပြန်ပစ်ခတ်နိုင်ခဲ့ပြီး လေယာဉ်အတောင်ပံနှင့် ကိုယ်ထည်ပိုင်းအား ကျည်ဆန်ထိမှန်ခဲ့ကြောင်း၊ မီးခိုးအများအပြားထွက်ကာ ပြန်လှည့်ထွက်သွားခဲ့ပြီး စစ်မြေပြင်နှင့် အဝေးတစ်နေရာတွင် ပျက်ကျခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ယနေ့ခေတ်အနေဖြင့် နှစ်ဖက်ပြောဆိုချက်အပေါ် သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိပေ။
ပြီးခဲ့သည့် ဇွန် ၁၅ ရက်ကလည်း နေပြည်တော်မှ မိတ္ထီလာသို့ လေ့ကျင့်ပျံသန်းနေသည့် လေတပ်၏ လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စင်း နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ လယ်ဒါ ကြီးကျေးရွာအနီး စက်ချွတ်ယွင်းကာ ပျက်ကျခဲ့ပြီး ရဟတ်ယာဉ်မှူးနှင့် သင်တန်းသားတို့ သေဆုံးခဲ့ကြောင်း တရားဝင်သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ – စီဂျေ
ကယားပြည်နယ်၌ လေတပ်၏ အပေါ့စား တိုက်ခိုက်ရေးလေယာဉ်တစ်စင်း ပျက်ကျ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်