ရန်ကုန်၊ ဇန်နဝါရီ ၁၀
ယခုရက်ပိုင်းအတွင်း ကမ္ဘာ့ရွှေစျေးမှာ တရိပ်ရိပ်ပြန်လည်ကျဆင်းလျက်ရှိသော်လည်း ပြည်တွင်းရွှေစျေးမှာ မြင့်တက်လျက်ရှိနေကြောင်း ရန်ကုန်မြို့၌ ရွှေရောင်းဝယ်လုပ်ကိုင်နေ သူများထံမှ သိရသည်။
ကမ္ဘာ့ရွှေစျေးမှာ ဇန်နဝါရီ ၁ ရက်တွင် တစ်အောင်စလျှင် ၂၀၆၂ ဒေါ်လာရှိရာမှ ယနေ့ ဇန်နဝါရီ ၁၀ ရက်၊ နေ့လည်တွင် တစ်အောင်စလျှင် ၂၀၃၂ ဒေါ်လာသို့ ကျဆင်းခဲ့ကြောင်း သိရ သည်။
ပြည်တွင်းရွှေစျေးမှာ ဇန်နဝါရီ ၁ ရက်တွင် ရန်ကုန်မြို့ရှိ ရွှေဆိုင်များ၌ အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၇ သိန်း ၁ သောင်းကျပ်ဖြင့် အရောင်းအဝယ်ပြုလုပ်ရာမှ ယနေ့ နေ့လည် တွင် ၃၇ သိန်း ၄ သောင်းကျပ်သို့ ရောက်ရှိလာကြောင်း သိရသည်။
“ ရွှေစျေးက ဆယ်ရက်အတွင်း ကျပ်သုံးသောင်းကနေ လေးသောင်းကျော်အထိ ထိုးတက်သွားတယ်။ အရောင်းအဝယ်ကတော့ ပုံမှန်ပဲ။ စျေးတက်နေတော့ ပြန်ရောင်းကြတဲ့သူတွေ လည်းများတယ်။” ဟု ရန်ကုန်မြို့၊ လသာမြို့နယ်၌ ရွှေဆိုင်ဖွင့်လှစ်ထားသူတစ်ဦးက ပြောသည်။
နေ့စဉ် ရွှေစျေးနှုန်းအား ပြင်ပဒေါ်လာပေါက်စျေးဖြင့် တွက်ချက်ကာ အရောင်းအဝယ်ပြုလုပ်နေခြင်းဖြစ်သော်လည်း ယခုရက်ပိုင်းအတွင်း အမေရိကန်ဒေါ် လာငွေ လဲလှယ်နှုန်းမှာ လည်း မြင့်တက်ခြင်းမရှိဘဲ တစ်ဒေါ်လာလျှင် ၃၅၀၀ ကျပ်ဝန်းကျင်ဖြင့် တည်ငြိမ်နေကြောင်း နိုင်ငံခြားငွေကြေးလဲလှယ်သည့် စျေးကွက်အတွင်းမှ သိရသည်။
ထိုသို့ ကမ္ဘာ့ရွှေစျေးကျဆင်းကာ ဒေါ်လာငွေလဲလှယ်နှုန်းတည်ငြိမ်လျက်ရှိစဉ် ပြည်တွင်းရွှေစျေး မြင့်တက်လာရခြင်းမှာ ယခုရက်ပိုင်းအတွင်း ရွှေဝယ်ယူစုဆောင်းသူ များပြားလာ ခြင်းကြောင့်ဟုလည်း ရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်းမှ သုံးသပ်မှုများရှိသည်။
“ နှစ်သစ်အစဖြစ်တာရယ်၊ နယ်စပ်တိုက်ပွဲတွေရယ်ကြောင့် ရွှေစျေးတက်လာတာမျိုး ဖြစ်နိုင်တယ်။ မြန််မာလူမျိုးတွေရဲ့ အယူအဆက နှစ်သစ်မှာရွှေဝယ်ရင် တစ်နှစ်လုံး ရွှေဝင်မယ် ဆိုတာကြောင့် လက်ထဲရှိတဲ့ငွေနဲ့ ရွှေဝယ်ကြသူတွေ ဒီရက်ထဲများလာတယ်။ ပြီးတော့ ဒီရက်ပိုင်း နယ်စပ်တိုက်ပွဲတွေကြောင့် ငွေရှိတဲ့လူတွေက အခြားအသုံးအဆောင်ပစ္စည်း ဝယ် တာထက် တစ်ခုခုဆို ရွေ့ရပြောင်းရလွယ်တဲ့ ရွှေကိုပိုစုလာတာလည်း တွေ့ရတယ်။ အဲဒါတာတွေကြောင့်လည်း စျေးတက်တာဖြစ်နိုင်တယ်။” ဟု ရန်ကုန်မြို့၌နေထိုင်သည့် ရွှေရောင်း ဝယ်ရေးလုပ်ကိုင်သူတစ်ဦးက သုံးသပ်ပြောကြားသည်။
ဗဟိုဘဏ်၏ နေ့စဉ်အွန်လိုင်းရောင်းဝယ်ရေးစနစ်မှ ငွေလဲနှုန်းဖြင့် တွက်ချက်ထားသော ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း၏ ယနေ့နေ့လည်စျေးနှုန်းမှာ အခေါက်ရွှေတစ်ကျပ် သားလျှင် ၃,၆၅၁,၄၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – စီဂျေ
ကမ္ဘာ့ရွှေစျေး ကျဆင်းနေသော်လည်း ပြည်တွင်းရွှေစျေး မြင့်တက်လျက်ရှိနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်