ရန်ကုန်၊ ဖေဖော်ဝါရီ ၇
ရှစ်လေးလုံးအရေးတော်ပုံကာလက “ ကမ္ဘာမကြေဘူး” သီချင်းနှင့် တတ်ကြွလှုပ်ရှားသူ အလုပ်သမားများအတွက် “အလုပ်သမားအောင်လံတော်” သီချင်းများကိုရေးသားခဲ့သူ တေးရေးနိုင်မြန်မာသည် ယနေ့ ဖေဖော်ဝါရီ ၇ ရက်တွင် ကွယ်လွန်ခဲ့ကြောင်း မိသားစုနှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။
တေးရေးဆရာ နိုင်မြန်မာသည် ယနေ့နံနက် ၈ နာရီကျော်တွင် နှလုံးရောဂါဖြင့်ကွယ်လွန်သွားပြီး ၎င်းကွယ်လွန်ချိန်တွင် အသက် ၆၈ နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။
“ မနက်က ရုတ်တရက်နှလုံးအမောဖောက်ပြီး နှလုံးလေဟပ်သွားတာ။ အခုတော့ နာရေးကိစ္စတွေစီစဉ်နေတယ်။” ဟု တေးရေးနိုင်မြန်မာ၏ မိသားစုဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ကွယ်လွန်သူ တေးရေး နိုင်မြန်မာကို ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် သန်လျင်မြို့၊ အမိုးနီသုသာန်သို့ ပို့ဆောင်သင်္ဂြိုဟ်ရန် လတ်တလောစီစဉ်ထားကြောင်းလည်း သိရသည်။
တေးရေးနိုင်မြန်မာ၏ တစ်ကိုယ်တော်သုံးရာသီ၊ ဒုံးယိမ်းည၊ ပလက်ဖေါင်းရှိုး၊ ရင်တွင်းမေ သီချင်းများသည် နှောင်းခေတ်က လူကြိုက်အများဆုံးသော တေးသီချင်းများအဖြစ် ထင်ရှားခဲ့သည်။
တေးရေးနိုင်မြန်မာသည် အဆိုတော်ဗျူဟာ၏ဖခင်ဖြစ်ပြီး ဗျူဟာသည် လျှပ်စစ်ဌာနအားဝေဖန်ပြောဆိုမှုများပြုလုပ်ခဲ့သာကြောင့် ၂၀၂၃ ခုနှစ်၊ မေ ၂၄ ရက်က ဖမ်းဆီးခံရပြီး ထောင် ဒဏ်နှစ် ၂၀ ချမှတ်ခံထားရသည်။
#စုစု
ဓာတ်ပုံ – google
#ယနေ့ခေတ်
“ ကမ္ဘာမကြေဘူး” “အလုပ်သမားအောင်လံတော်” သီချင်းများကိုရေးသားခဲ့သူ တေးရေးနိုင်မြန်မာ ကွယ်လွန် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်