ဘေဂျင်း၊ မေ ၁၆
တရုတ်နှင့် ရုရှားနိုင်ငံကြား အပြန်အလှန်ဆက်ဆံရေးသည် ငြိမ်းချမ်းရေးအတွက်ဖြစ်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင့်က ထုတ်ဖော်ပြောဆိုလိုက်သည်။
တရုတ်သမ္မတသည် တရုတ်နိုင်ငံကို နှစ်ရက်ကြာချစ်ကြည်ရေးခရီးလာရောက်သော ရုရှားသမ္မတပူတင်နှင့် တွေ့ဆုံဆွေးနွေးချိန်အတွင်း ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။
တရုတ်သမ္မတက “ တရုတ်နိုင်ငံဟာ ကမ္ဘာကြီးမှာ တရားမျှတမှုတွေ၊ မှန်ကန်မှုတွေဖြစ်လာစေဖို့ ရုရှားနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အဆင့်သင့်ရှိနေပါတယ်။ တရုတ်နဲ့ ရုရှားနိုင်ငံကြား အပြန်အလှန်ဆက်ဆံရေးကောင်းမွန်စေဖို့ အခက်ခဲတွေကြားကနေ ရရှိခဲ့ပါတယ်။ နှစ်နှစ်နိုင်ငံစလုံးဟာ ဒီဆက်ဆံရေးကိုထိန်းသိမ်းဖို့၊ အမြတ်တနိုးတန်ဖိုးထားဖို့လိုအပ်ပါတယ်။” ဟု ပြောသည်။
ရုရှားသမ္မတပူတင်ကလည်း နှစ်နိုင်ငံကြားဆက်ဆံရေးသည် နိုင်ငံတကာအခန်းကဏ္ဍတွင် တည်ငြိမ်မှုများဖြစ်လာစေရန် အဓိကအရေးပါနေကြောင်း ပြောသည်။
ရုရှားသမ္မတက “ ရုရှားနဲ့ တရုတ်နိုင်ငံကြား အပြန်အလှန်ဆက်ဆံရေးဟာ တစ်စုံတစ်ဦးအပေါ်အခွင့်ရေးယူဖို့၊ ဆန့်ကျင့်ဖို့ တိုက်ရိုက်ရည်ရွယ်တာမျိုးမရှိပါဘူး။ နိုင်ငံတကာဥပဒေတွေကိုအခြေခံပြီး ဝင်ရိုးစုံကမ္ဘာတည်ဆောက်နိုင်အောင်ရည်ရွယ်ကာ ဒီမိုကရက်တစ်ကမ္ဘာနဲ့အတူ တရားမျှတမှုတွေဖြစ်လာအောင် လုပ်ဆောင်မှာပါ၊” ဟု ပြောသည်။
ရုရှားနှင့် တရုတ်တို့သည် လက်ရှိအချိန်တွင် အမေရိကန်ဦးဆောင်သော အနောက်အုပ်စုနိုင်ငံများ၏ ဖိအားပေးမှုများကိုရင်ဆိုင်နေရပြီးနောက် သမ္မတရှီကျင့်ဖျင့်နှင့် သမ္မတပူတင်တို့တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
တရုတ်နှင့် ရုရှားနိုင်ငံတို့၏ အပြန်အလှန်သံတမန်ဆက်ဆံရေးသည် ၇၅ နှစ်ပြည့်မြောက်တော့မည်ဖြစ်ကြောင်း သိရသည်။
ရုရှားသမ္မတ ပူတင်သည် ပြီးခဲ့သောမတ်လကကျင်းပခဲ့သော သမ္မတရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီးနောက် တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်ခဲ့ခြင်းဖြစ်သည်။
ရုရှားသည် လက်ရှိအချိန်တွင် ယူကရိန်းနှင့်စစ်ပွဲဖြစ်ပွားနေရာ တရုတ်နိုင်ငံက ရုရှားကိုကူညီပေးခြင်းများအတွက် အမေရိကန်အစိုးရ၏သတိပေးမှုများကို ရင်ဆိုင်ခဲ့ရကြောင်း သိရ သည်။
ကောင်းထက်ငွေ
channelnewsasia.com
ကမ္ဘာကြီးတွင်တရားမျှတမှုများဖြစ်လာစေရန် ရုရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ရှိနေဟု တရုတ်သမ္မတ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်