ကမာရွတ်ရှိ နေအိမ်တစ်လုံး ဗုံးဖြင့်ပစ်ခတ် တိုက်ခိုက်ခံရ

ရန်ကုန်၊ အောက်တိုဘာ ၂

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်ရှိ နေအိမ်တစ်လုံး ယမန်နေ့ညက ဗုံးဖြင့်ပစ်ခတ် တိုက်ခိုက်ခံရပြီး ပေါက်ကွဲသံအား ကျယ်လောင်စွာ ကြားရကြောင်း အဆိုပါမြို့နယ်အတွင်း နေထိုင် သူများထံမှ သိရသည်။

ယမန်နေ့ ည ၉နာရီကျော်က ကမာရွတ်မြို့နယ်၊ (၁)ရပ်ကွက်၊ အောင်မြေသာစည်အိမ်ယာအတွင်းရှိ နေအိမ်တစ်လုံးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ လူထိခိုက်ဒဏ်ရာရရှိခြင်းရှိ၊ မရှိ ကိုမူ မသိရသေးပေ။

“ ည ၉ နာရီကျော်က ‘အုန်း’ကနဲဆိုတဲ့ အသံတစ်ချက်ကြားရတာ။ အသံကတော့ တော်တော်ကျယ်တယ်။ ဘာဖြစ်မှန်း မသိလိုက်ဘူး။ အဲ့ဒီအသံက အိမ်ယာဝန်းအတွင်းက အိမ်တစ် လုံး လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခံရတာလို့ ဒီနေ့ခင်းမှသိရတာ။” ဟု ကမာရွတ်မြို့နယ်အတွင်း နေထိုင်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ပေါက်ကွဲမှု ဖြစ်ပွါးပြီးနောက် အဆိုပါနေအိမ်နှင့် အနီးတဝိုက်သို့ လုံခြုံရေးအဖွဲ့ များရောက်ရှိလာကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Urban Special Operation (U.S.O) ဆိုသည့်အဖွဲ့က Twitter ရှိ စာမျက်နှာတွင် ၎င်းတို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ခိုက်ရခြင်းမှာ အဆိုပါနေအိမ် မှာ နစက အဖွဲ့ဝင်တစ်ဦး၏ သားဖြစ်သူ၏ နေအိမ်ဖြစ်သောကြောင့်ဟု ရေးသားထားသည်ကို တွေ့ရသည်။

အဆိုပါရေးသားထားချက်နှင့် ပတ်သတ်၍မူ ယနေ့ခေတ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပေ။ ထို့အဖွဲမှာ စက်တင်ဘာ ၁၉ ရက်က မြို့ပြစစ်ဆင်ရေးများ စတင် တော့မည်ဟု Twitter ရှိ ၎င်းတို့၏စာမျက်နှာတွင် ရေးသားထားပြီး စက်တင်ဘာ ၂၂ ရက်၊ ညပိုင်းက တောင်ဥက္ကလာပမြို့နယ်၊ ဝေဇယန္တာလမ်းပေါ်ရှိ လုပ်ငန်းရှင်တစ်ဦး၏ ရုံးခန်း အား ဗုံးဖြင့်ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု ရေးသားထားသည်ကို တွေ့ရသည်။

ထို့ပြင် မြောက်ဒဂုံရှိ နယ်မြေရဲစခန်းတစ်ခုကိုလည်း ယမန်နေ့ညက ဗုံးဖြင့်ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု ၎င်းတို့၏ရေးသားထားချက်အရ သိရသည်။

မောင်ဇော်

Photo – Google Maps

#ယနေ့ခေတ်

ပုံစာ- အခင်းဖြစ်ပွားရာ အနီးတဝိုက်အား တွေ့ရစဉ်။

ကမာရွတ်ရှိ နေအိမ်တစ်လုံး ဗုံးဖြင့်ပစ်ခတ် တိုက်ခိုက်ခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.