ကန့်ဘလူ၌ ဒေသခံသောင်းချီ၍ စစ်ရှောင်နေရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၌ ယခုရက်ပိုင်းအတွင်း ဒေသခံသောင်းချီ၍ စစ်ရှောင်နေရကာ နေအိမ်အချို့ မီးရှို့ခံရကြောင်း ဒေသတွင်းစစ်ရှောင်ကူညီသည့်အဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှစ၍ ကန့်ဘလူမြို့နယ်၊ သပြေသာကျေးရွာအပါအဝင် အနီးအနားရှိ ကျေးရွာများအတွင်း စစ်ကြောင်းဝင်ရောက်မှုများကြောင့် ဒေသခံနှစ်သောင်းထက်မနည်းမှာ ယနေ့အထိ စစ်ရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။

“ သပြေသာရွာကို မနေ့ကစစ်ကြောင်းထိုးလို့ အဲ့ဒီရွာအပြင် အနီးအနားကဒေသခံတွေပါ စစ်ရှောင်နေရတာ။” ဟု ဒေသတွင်း စစ်ရှောင်ကူညီသူတစ်ဦးက ပြောကြားသည်။

ထိုသို့ စစ်ကြောင်းဝင်ရောက်မှုကြောင့် ယမန်နေ့က ကန့်ဘလူမြို့နယ်ရှိ သပြေသာ၊ ထိန်တော၊ မဲသည်၊ သရက်ခေါင်း၊ ပေလည်၊ မင်းကုန်း၊ ရွှေညောင်ပင် စသည့်ကျေးရွာများ အပါ အဝင် ကျေးရွာဆယ်ရွာခန့်မှ ဒေသခံနှစ်သောင်းထက်မနည်းမှာ စစ်ရှောင်နေရကြောင်း သိရသည်။

ထို့သို့ ဒေသခံများစစ်ရှောင်နေစဉ် ယမန်နေ့က ပေလည်ရွာရှိ နေအိမ် ၆ လုံးနှင့် စပါးကျီ ၄ လုံးမီးရှို့ခံခဲ့ရကာ သပြေသာကျေးရွာရှိ နေအိမ်အချို့လည်း မီးရှို့ခံရကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းက နယ်မြေရှင်းလင်းရန်ဆိုကာ အင်အားရာချီပါသည့် စစ်ကြောင်းသည် ကန့်ဘလူမြို့ပေါ်သို့ရောက်ရှိခဲ့ပြီး ၎င်းတို့ကိုထောက်ခံသူများက ကြိုဆိုကြကြောင်း နိုင်ငံပိုင်မီဒီယာတွင် သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါစစ်ကြောင်းမှာ ကန့်ဘလူမြို့နယ်အတွင်း နယ်မြေရှင်းလင်းခြင်းလုပ်ဆောင်ပြီးနောက် ကောလင်းမြို့နယ်ဘက်သို့ ဆက်လက်သွားရောက်မည့် စစ်ကြောင်းဖြစ်ကြောင်း ဒေသတွင်း စစ်ရေးအခြေအနေအား သိရှိသူတစ်ဦးက ပြောကြားသည်။

အလားတူ ကန့်ဘလူမြို့နယ်အနီးရှိ ဒေသတွင်းလက်နက်ကိုင်အဖွဲ့ကထိန်းချုပ်ထားသော ကောလင်းမြို့အား နစကတပ်များက ယမန်နေ့စတင်၍ ပြန်လည်တိုက်ခိုက်လျက်ရှိရာ ထိုဒေသတွင် စစ်ရေးတင်းမာနေပြီး ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

#မောင်ဇော်

ဓာတ်ပုံ – ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့

ပုံစာ- ပြီးခဲ့သည့်လက ကန့်ဘလူဒေသခံများ စစ်ရှောင်နေစဉ်။

#ယနေ့ခေတ်

ကန့်ဘလူ၌ ဒေသခံသောင်းချီ၍ စစ်ရှောင်နေရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.