ရန်ကုန်၊ အောက်တိုဘာ ၂၀
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၌ ယခုလအတွင်း စစ်ဘေးတိမ်းရှောင်နေရသည့် ဒေသခံထောင်ချီမှာ နေရပ်သို့မပြန်နိုင်သေးဘဲ အခက်အခဲများကြုံတွေ့နေရသည်ဟု ဒေသတွင်း သတင်းဖော်ပြချက်များအရ သိရသည်။
ကန့်ဘလူမြို့နယ်အတွင်း အောက်တိုဘာ ၇ ရက်မှစ၍ စစ်ကြောင်းများ ဖြတ်သန်းသွားလာမှုကြောင့် အနီးရှိကျေးရွာများမှ ဒေသခံထောင်ချီမှာ ဘေးလွတ်ရာနေရာများသို့ ရွေ့ ပြောင်းနေထိုင်ခဲ့ရပြီး ယနေ့အထိ နေရပ်သို့မပြန်နိုင်သေးကြောင်း သိရသည်။
“ စစ်ရှောင်နေရတာ ၁၀ ရက်ကျော်ပြီ။ အခုအထိ ဘယ်သူမှမပြန်ရဲသေးဘူး။ ပြီးခဲ့တဲ့ရက် မိုးရွာတုန်းကဆို နေစရာနေရာတွေပါ ရေမြုပ်လို့ တစ်ညလုံး မတ်တပ်ရပ်နေရတဲ့ စစ် ရှောင်တွေတောင်ရှိတယ်။ အခုရက်ပိုင်း ဖျားနာသူတွေလည်း များလာတယ်။” ဟု ဒေသတွင်း စစ်ရှောင်ကူညီပေးနေသူတစ်ဦးက ပြောသည်။
အောက်တိုဘာ ၇ ရက်မှစ၍ ကန့်ဘလူမြောက်ဘက်ခြမ်းရှိ ချောင်းခြား၊ ဖလားရ၊ အင်းမ၊ ပင့်သာ၊ မကျည်းကုန်း၊ အုပ်ခင်း၊ ပင့်သာကြီး၊ ညောင်ကန်သာ၊ လှည်း ပွဲ၊ တမာကုန်းနှင့် ဆားကျင်းကျေးရွာများမှ ဒေသခံထောင်ချီမှာ စစ်ရှောင်နေရပြီး အခက်အခဲများလည်း ကြုံတွေ့နေရသည်။
ထို့ပြင် အောက်တိုဘာ ၁၂ ရက်က မိုးသည်းထန်စွာရွာသွန်းနေစဉ် ဝက်သအင်းရွာအနီးရှိ စစ်ရှောင်တဲမှ သားအဖနှစ်ဦး မိုးကြိုးထိမှန်ကာ သေဆုံးခဲ့ကြောင်း သိရသည်။
နှစ်ဖက်လက်နက်ကိုင်အဖွဲ့များ၏ အပြန်အလှန်ပစ်ခတ်မှုများလည်း ဖြစ်ပွားပြီး ထိခိုက်သေဆုံးမှုများရှိကြောင်း သိရသည်။
ထို့အပြင် အောက်တိုဘာ ၁၈ ရက်မှစ၍ ထိုမြို့နယ်ရှိ အိမ်ခြေတစ်ရာကျော်ရှိပြီး လူဦးရေ ၆၀၀ ခန့်ရှိသော ကျေးရွာတစ်ရွာတွင် ဒေသခံနှစ်ရာဝန်းကျင်မှာ ရာသီတုပ်ကွေးဖြစ်ပွား၍ နာမကျန်းဖြစ်နေကြောင်း သိရသည်။
လက်ရှိတွင် ဖျားနာနေသူများမှာ ဆေးရုံ၊ ဆေးခန်းများသို့ပင် သွားလာရန် ခက်ခဲနေကာ ဆေးဝါးအကူအညီများ လိုအပ်နေ၍ ကူညီပေးပါရန် ဒေသတွင်း စစ်ရှောင်များကို ကူညီပေး နေသူများက အကူအညီတောင်းခံထားသည်။
အလားတူ ယခုရက်ပိုင်းအတွင်း စစ်ကြောင်းဝင်ရောက်ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ရှိ ကျေးရွာ ၉ ရွာမှ ဒေသခံရှစ်ထောင်နီးပါး၊ ဝက်လက်မြို့ နယ်ရှိ ကျေးရွာ ၆ ရွာမှ ဒေသခံငါးထောင်ခန့်၊ ပုလဲမြို့နယ်ရှိ ကျေးရွာ ၁၀ ရွာမှ ဒေသခံတစ်သောင်းခွဲခန့်မှာ နေရပ်စွန့်ခွာ၍ စစ်ရှောင်နေရကာ ယနေ့အထိ နေရပ်များသို့ မပြန်နိုင် သေးကြောင်း ဒေသတွင်းရှိ စစ်ဘေးရှောင်များအား အကူအညီပေးနေသူများက ပြောသည်။
စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်အများအပြား၌ နစကတပ်နှင့် ဒေသတွင်း လက်နက်ကိုင်အဖွဲ့ (PDF) များအကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ နေ့စဉ်ဆက်တိုက်နီးပါး ဖြစ်ပေါ်လျက်ရှိသည်။
ယခုရက်ပိုင်း၌ စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသအချို့သို့ စစ်ကြောင်းထိုး၍ ဝင်ရောက်ကာ နယ်မြေရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိပြီး ဒေသတွင်းလက်နက်ကိုင်အဖွဲ့ များ၏ လက်နက်ခဲယမ်းများအား သိမ်းဆည်းရမိကာ အပြန်အလှန်တိုက်ပွဲများလည်း ဖြစ်ပွားသည်ဟု လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများက ပြောကြားသည်။
မောင်ဇော်
ဓာတ်ပုံ – ဒေသတွင်း စစ်ရှောင်ကူညီသူများ
ကန့်ဘလူဒေသမှ စစ်ရှောင်ထောင်ချီ နေရပ်မပြန်နိုင်ဘဲ အခက်အခဲများ ကြုံနေရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်