ကင်ညာနိုင်ငံတွင်ဖြစ်ပွားနေသော ဆန္ဒပြပွဲများအတွင်း လွှတ်တော်အဆောက်အဦး မီးရှို့ဖျက်ဆီးခံရသလို ကျည်အစစ်သုံး ဖြိုခွင်းမှုများရှိနေ

နိုင်ရိုဘီ၊ ဇွန် ၂၆

ကင်ညာနိုင်ငံတွင်ဖြစ်ပွားနေသည့် ဆန္ဒပြပွဲများအတွင်း ဆန္ဒပြအုပ်စုများသည် ကင်ညာလွှတ်တော်အဆောက်အဦးကို ဇွန်လ ၂၅ ရက်နေ့တွင် မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရသည်။

ကင်ညာပြည်သူများသည် ကင်ညာအစိုးရ၏ ဘဏ္ဍာရေးဆိုင်ရာ ဥပဒေမူကြမ်းအသစ်ကို မကျေနပ်သည့်အတွက် ဆန္ဒပြပွဲများလုပ်ဆောင်ခဲ့ပြီး ရဲတပ်ဖွဲ့ကပစ်ခတ်ဖြိုခွင်းခြင်းများလုပ်ဆောင်ခဲ့ရာ အနည်းဆုံးလူပေါင်း ၅ ဦးသေဆုံးခဲ့ရကြောင်း ကင်ညာဆရာဝန်များက ပြောသည်။

ကင်ညာအစိုးရသည် အခွန်တိုးကောက်ရန် စီစဉ်လာခဲ့ပြီးနောက် သမ္မတဝီလျံ ရူတိုကို ဆန္ဒမဲပေးခဲ့သောလူငယ်များက ဆန္ဒပြပွဲများအတွင်း ဦးဆောင်ပါဝင်ခဲ့ကြောင်း သိရသည်။

ဆန္ဒပြပွဲများအတွင်း ရဲတပ်ဖွဲ့၏ပစ်ခတ်နှိမ်နှင်းမှုများကြောင့် အနည်းဆုံးလူပေါင်း ၁၃ ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့သည် ဆန္ဒပြသူများကို ပစ်ခတ်နှိမ်နှင်းရာတွင် ကျည်ဆံအစစ်ကိုအသုံးပြုခဲ့သလို၊ မျက်ရည်ယိုဗုံးများကိုလည်း အသုံးပြုခဲ့ကြောင်း သိရသည်။

ကင်ညာပြည်သူဆေးရုံက သေနတ်ထိမှန်ခဲ့သူ ၄၅ ဦးခန့် ဆေးရုံကိုရောက်ရှိလာခဲ့ပြီး၊ သေမလား၊ ရှင်မလားဆိုသည်ကို အတိအကျဆုံးဖြတ်ရန်မဖြစ်နိုင်သေးကြောင်း ပြောသည်။

ကင်ညာလွှတ်တော်သည် အခွန်တိုးကောက်မည့်အစီစဉ်များပါဝင်သော ဘဏ္ဍာရေးဆိုင်ရာဥပဒေမူကြမ်းအသစ်ကို မဲခွဲဆုံးဖြတ်လိုက်ပြီးနောက် အခြေနေများ ပိုမိုဆိုးရွားလာခဲ့ကြောင်း ပြောသည်။

ဆန္ဒပြပွဲများဖြစ်လာခဲ့ပြီးနောက်ပိုင်း ကင်ညာနိုင်ငံတွင် အင်တာနက်လိုင်းများ ပုံမှန်အတိုင်းမဟုတ်ဘဲ နှေးလာခဲ့ကြောင်း သိရသည်။

ကင်ညာသမ္မတသည် အဆိုပါဥပဒေမူကြမ်းကို ဥပဒေအဖြစ်ပြင်ဆင်ပြောင်းလဲရန် ယခုသီတင်းပတ်အတွင်း လက်မှတ်ရေးထိုးဖွယ်ရှိနေပြီး သီတင်းပတ်နှစ်ပတ်အတွင်း ဥပဒေအဖြစ် ပြင်ဆင်ပြောင်းလဲသွားဖွယ်ရှိနေကြောင်း သိရသည်။

ကောင်းထက်ငွေ

nationthailand.com

ကင်ညာနိုင်ငံတွင်ဖြစ်ပွားနေသော ဆန္ဒပြပွဲများအတွင်း လွှတ်တော်အဆောက်အဦး မီးရှို့ဖျက်ဆီးခံရသလို ကျည်အစစ်သုံး ဖြိုခွင်းမှုများရှိနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.