အိုမန်၊ အိမ်အကူဇာတ်လမ်းမျိူးစုံနဲ့ ရုန်းကန်နေရသောဘဝများ

ဂရေ့စ်ကျော်

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက ပြည်ပခရီးတစ်ခုသွားရင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ တန်းစီနေကြတဲ့ ပြည်ပအလုပ်သွားလုပ်မယ့် အမျိုးသမီးငယ်လေးတွေ အဖွဲ့လိုက် တွေ အများကြီးတွေ့ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ၁၀ နှစ်ကျော်ကာလအတွင်း ဒီလိုပြည်ပကိုအလုပ်အကိုင်အတွက် အစုလိုက်သွားကြတာ အင်မတန်နည်းပါးခဲ့တာနဲ့ ယှဥ်ကြည့်ရင် ခုချိန်က ပြည်ပအလုပ်အကိုင်ကို အများဆုံးရှာကြတဲ့အချိန်ဖြစ်မယ်လို့ တွေးမိရပါတယ်။

ပြည်ပအလုပ်အကိုင်ရှာကြတဲ့ အမျိုးသမီးငယ်တွေဟာ အသက် ၁၈ နှစ်ကနေ ၄၅ နှစ်ကြားထိရှိနိုင်ပြီး အများစုကတော့ အသက် ၂၀ နဲ့ ၃၅ နှစ်ကြားတွေဖြစ်နေပါတယ်။ ဒီလိုသွားတဲ့ သူတွေဟာ ၂၀၂၁ ခုနှစ်နှောင်းပိုင်းကနေ ၂၀၂၂ ခုနှစ်ထဲမှာ ပိုများလာပြီး ဒီနှစ် ၂၀၂၃ ခုနှစ်ထဲမှာတော့ အများဆုံးဖြစ်နေတာပါ။

ဒီလိုသွားကြတဲ့သူတွေထဲကမှ ထိုင်းနိုင်ငံ၊ ဘန်ကောက်က သုဝဏဘုမိလေဆိပ်ထဲမှာဆုံခဲ့တဲ့ အိုမန်နိုင်ငံမှာ အိမ်အကူသွားလုပ်ကြမယ့်သူ ၃ ဦးနဲ့ စကားပြောဖြစ်ခဲ့ပါတယ်။ ခုနောက် ပိုင်း အမျိုးသမီးငယ်အများစု ပြည်ပအလုပ်ကိုင်အတွက် အားထားနေကြတာက အရှေ့အလယ်ပိုင်းက အိုမန်နိုင်ငံကိုပါ။ အရင်က အထွေထွေဝန်ဆောင်မှုတွေနဲ့ အိုမန်နိုင်ငံမှာ အ လုပ်သွားလုပ်ကြသူတွေရှိပေမယ့် ဒူဘိုင်း၊ ကာတာနိုင်ငံတို့နဲ့ယှဥ်ရင် အင်မတန်နည်းပါးပါတယ်။

အိုမန်နိုင်ငံရဲ့ တရားဝင်အခေါ်အဝေါ်မှာ အိုမန် စူလတန်နိုင်ငံဖြစ်ပြီးတော့ အာရှတိုက်အနောက်တောင်ပိုင်း အာရပ်ကျွန်းဆွယ်ရဲ့ အရှေ့တောင်ပိုင်းတွင်တည်ရှိတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါ တယ်။ အနောက်မြောက်ဘက်မှာ အာရပ်စော်ဘွားများပြည်ထောင်စု၊ အနောက်ဘက်တွင် ဆော်ဒီအာရေဗျနိုင်ငံ၊ အနောက်တောင်ဘက်တွင် ယီမင်နိုင်ငံတို့နဲ့ ဝန်းရံထားပါတယ်။  အ ရှေ့တောင်ဘက်မှာ အာရပ်ပင်လယ်ကမ်းရိုးတန်းရှိပြီး အရှေ့မြောက်ဘက်မှာ အိုမန်ပင်လယ်ကွေ့ရှိပါတယ်။

လူများစုဟာ အစ္စလမ်ဘာသာကို ကိုးကွယ်ကြပြီး အာရေဗျဘာသာစကားကို ပြောဆိုကြပါတယ်။ အိုမန်နိုင်ငံဟာ စူလတန်ဘုရင် အုပ်ချုပ်သောနိုင်ငံဖြစ်ပြီး မူလက မတ်စကက်နှင့် အိုမန်ဆိုတဲ့အမည်နဲ့ လူသိများခဲ့ပါတယ်။ ယခုအခါ အိုမန်နိုင်ငံက ကမ္ဘာပေါ်မှာ ရေနံအများဆုံးထုတ်လုပ်တဲ့ နိုင်ငံစာရင်းမှာ နံပါတ် ၁၇ နေရာမှာရှိတာကြောင့် ၃.၆ သန်းကျော်ပဲရှိတဲ့ လူဦးရေကြောင့် လူတစ်ဦးပျမ်းမျှဝင်ငွေကလည်း မြင့်မားလှပါတယ်။  အိုမန်ရဲ့ငွေကြေး ရီးယဲလ်ဟာလည်း တန်ဘိုးမြင့်တာကြောင့် သူ့ငွေ တစ်ရီးရဲလ်ဟာ အမေရိကန်ဒေါ်လာ ၂.၈ ခန့်နဲ့ တူညီပါတယ်။ ငွေကြေးမြင့်တာကြောင့် အိုမန်နိုင်ငံမှာ အလုပ်သွားလုပ်လိုသူတွေ များပြားလာခဲ့ပါတယ်။

စကားပြောဖြစ်တဲ့ထဲက အသက် ၃၈ နှစ်အရွယ် မမီးမီးက အရင်စင်ကာပူမှာ အိမ်အကူလုပ်ဖူးတယ်။ သိပ်အဆင်မပြေတာနဲ့ အိုမန်ဘက်ကူးတာဖြစ်ကြောင်း ပြောပြပါတယ်။ အိုမန် ကိုလာတာ သူတို့ငွေသိပ်မကုန်ပါဘူး။  လေယာဉ်လက်မှတ်ကို အေးဂျင့်ကဖြတ်ပေးပြီး စာရွက်စာတမ်းတွေလည်း အကုန်လုပ်ပေးပါတယ်။ အကုန်အပြီးစီးကို ၇-၈ သိန်းကျပ် လောက်ပဲကုန်ကျကြောင်း ပြောပါတယ်။

“စင်ကာပူကိုသွားမယ်ဆိုရင် ကိုယ်ကငွေစိုက်ထုတ်ပြီးသွားမှ အဆင်ပြေတယ်။ အနည်းဆုံး သိန်း ၄၀- ၅၀ ကုန်တယ်။ ငွေစိုက်စရာမရှိရင် ၆ လလောက် လစာမရပဲ လုပ်ပေးရတာ မျိုးတွေရှိတယ်။ ပြီးတော့ ငွေလည်းမစုဖြစ်ဘူး။ အိမ်ရှင်တွေကလည်း အဆင်မပြေတာတွေများတယ်။ ဒါကြောင့် မြန်မာပြည်ပြန်လာပြီး အိုမန်ဘက်သွားဖို့စီစဥ်ခဲ့တာ” လို့ မမီးမီးက ပြောပါတယ်။

“အိုမန်ကိုသွားမယ်ဆိုရင် ခုကငွေကိုအရင်စိုက်စရာမလိုဘူး။ သူတို့လစာထဲက ဖြတ်သွားမယ်တဲ့။ လစာက တစ်လကို အိုမန်ငွေ ၁၂၀ (၁၁သိန်းကျပ်လောက်) ရတာပါ။ တချို့က ၂ လဖြတ်၊ တချို့က ၃ လဖြတ်နဲ့သွားကြတာ။ နောက်ပိုင်းလတွေမှ လစာအပြည့်ရပါတယ်” လို့ မမီးမီးက ဆက်ပြီးပြောပါတယ်။

အိုမန်နိုင်ငံမှာ အိမ်အကူသွားလုပ်တယ်ဆိုတာ တကယ်တော့ စွန့်စားခြင်းတစ်ရပ်ပါပဲ။ သူတို့တွေက အိုမန်နိုင်ငံလို့သာ ရေရွတ်နေကြပြီး ကမ္ဘာ့မြေပုံကြီးရဲ့ ဘယ်နားမှာရှိလဲဆိုတာ တောင် သေချာမသိဘူးလို့ မမီးမီးကပြောပါတယ်။ ဒါပေမယ့် အခွင့်အလမ်းရတုန်း စွန့်စားလုပ်ချင်တာတော့ အမှန်ပါလို့ဆိုပါတယ်။

အိုမန်နိုင်ငံမှာ အိမ်အကူလာလုပ်ချင်သူတွေဟာ ဆက်သွယ်ထားတဲ့ အလုပ်အကိုင်ရှာဖွေရေးအေးဂျင့်ဆီမှာ တစ်ပတ်တာလောက် သင်တန်းတက်ရပါတယ်။ သင်တန်းမှာ အိုမန်နိုင်ငံ မှာ နေစားသင့်တဲ့အချက်တွေ၊ အခြေခံအင်္ဂလိပ်စကားပြောနဲ့ ဆောင်ရန်ရှောင်ရန်တွေကို သင်ပေးပါတယ်။ ဒီသင်တန်းပြီးတာနဲ့ ‌အေးဂျင့်တွေကတဘက် အိုမန်နိုင်ငံက အေးဂျင့်နဲ့ ဆက်သွယ်ပြီး အင်တာဗျူးဖြေခိုင်းပါတယ်။ အိုမန်ကိုလာဖို့ အဆင်သင့်ဖြစ်ပြီဆိုတဲ့သူတွေကို အင်တာဗျူးအောင်ပြီး နောက်နေ့ကစလို့ လေယာဥ်လက်မှတ်ဖြတ်ပြီး လေယာဥ်ပေါ် တင်ပေးလိုက်ပါတော့တယ်။

“အေးဂျင့်က လေယာဥ်လက်မှတ်၊ အလုပ်ခေါ်စာနဲ့ ပြည်ဝင်ခွင့်စာရွက်စာတမ်းတွေပဲ ပေးလိုက်တာ။ အိုမန်ကို တခါမှမရောက်ဖူးတော့ လေဆိပ်ထဲမှာလည်း ယောင်လည်လည်ဖြစ် တယ်။ ပြီးတော့ လက်ထဲမှာ ပိုက်ဆံတပြားမှပါမလာတဲ့အတွက် အခက်အခဲအရမ်းတွေ့ရတယ်” လို့ မမီးမီးကပြောပါတယ်။

အိုမန်သွားမယ့် မမီးမီးတို့အဖွဲ့ထဲမှာ တစ်ဦးတစ်ယောက်မှ အပိုသုံးစွဲဖို့ ငွေကြေးပါမလာကြပါဘူး။ ကမန်းကတမ်းဝယ်လာရတဲ့ အဝတ်အစားလေးတွေနဲ့ အဆာပြေစားဖို့ မုန့်ထုတ်လောက်သာ လက်ထဲမှာပါလာခဲ့ကြပါတယ်

အိုမန်သွားမယ့် မမီးမီးတို့အဖွဲ့ထဲမှာ တစ်ဦးတစ်ယောက်မှ အပိုသုံးစွဲဖို့ ငွေကြေးပါမလာကြပါဘူး။ ကမန်းကတမ်း ဝယ်လာရတဲ့ အဝတ်အစားလေးတွေနဲ့ အဆာပြေစားဖို့ မုန့်ထုတ် လောက်သာ လက်ထဲမှာပါလာခဲ့ကြပါတယ်။

သူ အိုမန်နိုင်ငံရောက်ပြီး ၈ လလောက်ကြာတဲ့အခါမှာတော့ မမီးမီးရဲ့ အိုမန်နိုင်ငံအိပ်မက်ဟာ တော်တော်လေးကို လွင့်ပြယ်စပြုလာပြီဖြစ်ပါတယ်။ အနားယူခွင့် တစ်ရက်မှမရတဲ့ အပြင် သူနေထိုင်ရတဲ့အိမ်က အိမ်ရှင်တွေရဲ့ ခိုင်းစေမှုတွေက ပင်ပန်းလွန်းလှတယ်လို့ဆိုပါတယ်။

“မနက် ၅ နာရီ ၆ နာရီကတည်းက အိမ်အလုပ်တွေလုပ်ရတာဟာ ညဥ့်နက်တဲ့ထိမပြီးပါဘူး။ လုပ်နိုင်ပါတယ်။ ဒါပေမယ့် အိမ်ရှင်တွေရဲ့အလုပ်အပြင် သူတို့အမျိုးတွေရဲ့ အလုပ်တွေ ပါ ပါလာတာမျိုး။ ကလေးတွေထိန်းရတာဟာ ကိုယ့်နိုင်ငံမှာလိုလည်းမဟုတ်။ ပြောလို့လည်းမရ။ နေ့တိုင်းဖြစ်နေတော့ အိမ်ရှင်ပြောင်းပေးဖို့ အေးဂျင့်ဆီပြောတဲ့အခါ ပြောင်းလို့မရ ဘူးတဲ့။ ဒီကိုလာဖို့ အိမ်ရှင်တွေက တစ်ဦးကို မြန်မာငွေ သိန်း ၁၀၀ လောက်နဲ့ညီမျှတဲ့ငွေတွေ အေးဂျင့်ကိုပေးထားရတာမို့လို့ ၂ နှစ်မလုပ်နိုင်ရင် လျော်ရမယ်တဲ့လေ” လို့ မမီးမီးက ပြောပါတယ်။

မမီးမီးလိုပဲ အိုမန်ကိုတူတူသွားကြတဲ့ ကျောက်ပန်းတောင်းသူ မပန်းဖြူကတော့ အေးဂျင့်ကိုပေးဖို့ ငွေတပြားမှ မစိုက်နိုင်လို့ လစာ ၃ လဖြတ်နဲ့‌ရောက်လာခဲ့ပါတယ်။ သူတခါမှ ပြည် ပမထွက်ဖူးပါဘူး။ အိုမန်နိုင်ငံဟာ သူ့အတွက် ပထမဆုံးပြည်ပခရီးပါ။  အဆင်ပြေရင်ငွေစုပြီး အရင်းရရင် ဗမာပြည်ပြန်ပြီး စီးပွားရေးလေးလုပ်မယ်လို့ ပြောပါတယ်။ မျော်လင့် ချက် တွေအပြည့်နဲ့ပေါ့။ သူတို့မသိမမြင်ဖူးတဲ့ မကြားဖူးတဲ့နေရာမှာ စွန့်စားဖို့က ကြောက်စရာပေမဲ့ စွန့်ရမှာပဲတဲ့။

“လစာ ၁၀ သိန်းလောက်က ဗမာပြည်မှာရှာမရဘူးလေ။ ပြည်တွင်းမှာ အိမ်အကူလုပ်ရင် တစ်လ ၁ သိန်းခွဲတောင် ရဖို့မသေချာလို့ မဖြစ်ဖြစ်တဲ့နည်းနဲ့ ထွက်လာရတာပါ။ ဖြစ်နိုင်ရင် တော့ ကိုယ့်နိုင်ငံမှာပဲ နေချင်တာပေါ့။ ဒါပေမယ့် မိဘတွေနဲ့ သမီးလေးအတွက် မဖြစ်မနေ ထောက်ပံ့ပေးရမှာမလို့ပါ” လို့ မပန်းဖြူက ဆိုပါတယ်။

အသားညိုညို၊ ဆံပင်တိုတို၊ ပိန်ပိန်သွယ်သွယ် မပန်းဖြူပြောတဲ့ သူ့ပုံပြင်ကတော့ သူကအသက် ၂၇ နှစ်ရှိပါပြီ။ သူ့ မှာအသက် ၃ နှစ်အရွယ်သမီးလေးတစ်ယောက်ရှိပါတယ်။ အိမ် ထောင်နဲ့ကွာရှင်းထားပြီး သမီးလေးကို တစ်ယောက်တည်းရှာကျွေးနေရတာပါ။ ခု အိုမန်မှာအလုပ်သွားလုပ်ဖို့အတွက် သမီးလေးကို သူ့မိဘတွေနဲ့ ကျောက်ပန်းတောင်းမှာ ထားခဲ့ ရပါတယ်။

“ဒီအလုပ်ကို အင်တာဗျူးတော့လေ ညီမက အင်္ဂလိပ်လိုမှမရတာ။ ကြောက်တာပေါ့။ အေးဂျင့်က ဘယ်လိုလုပ်ဆိုတာတွေကို ၃-၄ ရက်သင်တန်းပေးပေးတယ်။ ပထမတစ်ခေါက် တုန်းက အရွေးမခံရဘူး။ ခုတစ်ခေါက်ကျမှ အေးဂျင့်ကရွေးတာ။ ဟိုကလူတွေအကြိုက်က ဘာဆိုတာတွေ သင်ရတယ်” လို့ မပန်းဖြူကဆိုပါတယ်။

မပန်းဖြူဟာ အိုမန်နိုင်ငံမှာ အလုပ်သွားလုပ်ရမယ်ဆိုတာကို ၃ ရက်လောက်ပဲကြိုသိပြီး ရန်ကုန်ဆင်းလာရတာဖြစ်ပါတယ်။ သူနေတာက လှိုင်သာယာမြို့နယ်မှာပါ။ လေဆိပ်ကိုလာ ရတဲ့နေ့ကျမှ လိုအပ်တာလေးတွေ ဝယ်ခဲ့ရပါသတဲ့။

ကျိုက်လတ်မြို့သူ မမြင့်မြင့်စိုးကတော့ အသက် ၂၈ နှစ်ရှိပါပြီ။ သူလည်း အိုမန်နိုင်ငံကို တခါမှမရောက်ဖူးပါဘူး။ သူ့ရည်ရွယ်ချက်ကတော့ အိုမန်မှာသည်းခံပြီး ၂ နှစ်လုပ်မယ်။ ငွေစု ပြီး သူ့ဇာတိမှာ ပြန်ပြီးလုပ်ကိုင်စားသောက်မယ်လို့ တွေးခဲ့တာပါ။

“ခုဒီရောက်နေတာ ၈ လလောက်ရှိပြီ။ အပြင်တခါမှမထွက်ရဘူး။ နေရတဲ့အိမ်ကလည်း ၃ ထပ်တောင်ရှိတာဆိုတော့ အလုပ်ကအရမ်းပင်ပန်းတယ်။ အေးဂျင့်ကို အိမ်ပြောင်းဖို့ပြော တော့လည်း သူတို့ပို့တဲ့အိမ်ပဲ နေရမယ်ပြောတယ်။ ခုကျတော့ အေးဂျင့်တွေက ဘာမှမကူညီဘူး။ ဒီနိုင်ငံကိုလာတဲ့သူအများစုက သိပ်ပြီးအဆင်မပြေကြတာ များကြတယ်။”

“ခုဆို ညီမတို့ရွာကသူတွေအများကြီး လာဖို့လုပ်နေကြတယ်လေ။ မလာပါနဲ့လို့လည်း မပြောရက်ဘူး။ မြန်မာပြည်မှာက ကုန်စျေးနှုန်းတွေက အရမ်းကြီးပြီး ပိုက်ဆံရှာရကလည်း ခက်နေတော့ သူတို့လာမယ်ဆိုလည်း လာပေါ့လို့ပဲ ပြောရတော့တယ်။ ဒီရောက်မှ အခက်အခဲတွေကို သိကြမှာ။” လို့ မမြင့်မြင့်စိုးကပြောပါတယ်။

သူကတော့ အရင်က ၂ နှစ်ပဲနေမယ်လို့ ရည်မှန်းထားပေမယ့် ခုပုံစံအတိုင်းဆို သည်းခံပြီးဆက်လုပ်ရမှာမလို့ ၂ နှစ်ထက်တောင် ပိုနေဖြစ်အောင် ကြိုးစားရမယ်လို့ဆိုပါတယ်။

“ဒီနိုင်ငံက လွယ်လွယ်လာလို့ရတော့ စုပြုံလာကြတာ။ အေးဂျင့်မကောင်းတာတွေနဲ့တွေ့ရင် တချို့ဆို ၃-၄ လ အထိလစာမရကြဘူး။ သူတို့ဖို့ကုန်ထားတာတွေကို ပြန်ဖြတ်တယ်ဆို ပြီးဖြတ်တာ” လို့ဆိုပါတယ်။

အိုမန်နိုင်ငံရောက် မြန်မာအမျိုးသမီးအိမ်အကူတွေဟာ မျှော်လင့်ချက်တနင့်တပိုးနဲ့ စွန့်စားထွက်ကြရပေမယ့် အလုပ်သမားအခွင့်အရေး အပြည့်အဝရကြသူ နည်းပါးပြီး အခက်အခဲ များစွာကို ရင်ဆိုင်ဖြတ်သန်းနေကြရပါတယ်။ ဆိုရှယ်မီဒီယာတွေမှာ အိုမန်နိုင်ငံရောက်အလုပ်သမားတွေရဲ့ ရင်ဖွင့်သံတွေကို ဝင်ကြည့်မိရင် တော်တော်လေးကို မွန်းကြပ်ရပါတယ်။ မြန်မာသံရုံးမရှိတာ၊ အခက်အခဲတွေကို ဖြေရှင်းပေးမယ့်အဖွဲ့တွေ ရှားပါးတာတွေဟာလည်း ကိုယ့်ပြဿနာ၊ ကိုယ့်ကြမာကိုယ် ဖြေရှင်းဖန်တီးနေကြစေပါတယ်။

မြန်မာနိုင်ငံက အလုပ်သမားဝန်ကြီးဌာနက တရားဝင်ခွင့်ပြုထားတဲ့ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ ၂၀၀၀ ကျော်ရှိပေမယ့် တရားမဝင်တင်ပို့နေတဲ့အေဂျင်စီတွေ များပြား လှတာကြောင့် အလုပ်သမားဝန်ကြီးဌာန ကိုယ်တိုင်က အိုမန်နဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေကို အလုပ်သမားတင်ပို့ရာမှ ဖြစ်လာတဲ့ပြသာနာတွေဟာ ဝန်ကြီးဌာနကတဆင့် တရား ဝင်သွားတာမဟုတ်လို့ တရားမဝင်ပါဘူးလို့ ထုတ်ပြန်ထားပါတယ်။

သို့ပေမယ့် တစ်ရက်ထက်တစ်ရက် ပိုမိုသွားနေကြတဲ့ အလုပ်သမားတွေရဲ့ ပြသာနာတွေဟာ ပိုပိုပြီးကြီးထွားလာတာလည်း အမှန်ပါပဲ။ ဒါကြောင့် ဒီလိုတင်ပို့နေတဲ့ အလုပ်အကိုင် အေဂျင်စီတွေနဲ့ သက်ဆိုင်ရာဌာနနဲ့ ညှိနှိုင်းပြောဆို ဆောင်ရွက်ကြရင်တော့ ကိုယ့်နိုင်ငံက အမျိုးကောင်းသမီးများရဲ့ အခက်ခဲကို ဖြေရှင်းနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ဂရေ့စ်ကျော်

အိုမန်၊ အိမ်အကူဇာတ်လမ်းမျိူးစုံနဲ့ ရုန်းကန်နေရသောဘဝများ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.