#စုစု
မတ် ၂၈ ရက် နေ့လည် ၁၂ နာရီကျော်က စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းကို ဗဟိုပြုလှုပ်ခတ်ခဲ့သည့် အင်အားရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိ အင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်ခဲ့သည်။ ယင်းအင်အားပြင်းငလျင်ကြောင့် စက္ကန့်ပိုင်းအတွင်း လူထောင်ပေါင်းများစွာကို တပြိုင်နက်တည်းသေဆုံးစေခဲ့ပြီး ဘုရားစေတီပုထိုးများစွာ၊ လူနေအိမ် အဆောက်အဦးများစွာ ပြိုကျပျက်ဆီးခဲ့ရသည်။
မန္တလေးငလျင်ကြီးကြောင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းတို့တွင် ထိခိုက်ပျက်ဆီးမှုအများဆုံးဖြစ်ခဲ့သည်။
အင်အားပြင်းငလျင်ကြောင့် ဝန်ကြီးဌာနအဆောက်အအုံများ ၉၀ ရာခိုင်နှုန်းပျက်စီးခဲ့သည့်အပြင် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် သည်လည်း ထိခိုက်ပျက်စီးခဲ့ရသည်။ ထို့ပြင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက် အပိုင်း ၁၈၄ ခု ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့ပြီး သွားလာရခက်ခဲခဲ့သလို ငလျင်ကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၁ ခုအတွင်း ဆက်သွယ်ရေးဝန်ဆောင်မှုပေးနေသော မိုဘိုင်းဆက်သွယ်ရေး စခန်း ၂၆,၀၀၀ ကျော်ရှိသည့်အနက် စခန်းပေါင်း ၆၇၃၀ ခုတွင် ဆက်သွယ်မှုပြတ်တောက်ခဲ့သည်။
ထို့အပြင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အော်တိုအိတ်ချိန်း ၉၅ ခု ချွတ်ယွင်းပျက်စီးခဲ့ပြီး၊ အဆောက်အဦပေါင်း ၅၂၂၃ လုံး၊ စာသင်ကျောင်းပေါင်း ၁၈၂၄ ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်စာသင်တိုက် ၂၇၅၂ကျောင်း စေတီပေါင်း ၄၈၁၇ ခု၊ ဆေးရုံဆေးခန်း ၁၆၇ ခု ပျက်စီးခဲ့သည်။
အလားတူ ကားလမ်း၊ ရထားလမ်း၊ ဘူတာများပျက်စီးခြင်း၊ တံတား ၁၆၉ စင်း၊ ဆည်မြောင်းတမံ ၁၉၈ ခု ထိခိုက်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။

ငလျင်ကြောင့် ကူညီကယ်ဆယ်ရေးများလိုအပ်နေသလို နိုင်ငံတကာကယ်ဆယ်ရေးများသည်လည်း လာရောက်ကူညီသည်ကို တွေ့ရသည်။ ငလျင်ဒဏ်ခံစားရသည့်ဒေသများတွင် စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ လာအို၊ ဖိလစ်ပိုင်နှင့် အခြားသောအာဆီယံနိုင်ငံများ၊ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တူကီယဲနိုင်ငံနှင့် အခြားသောမိတ်ဆွေနိုင်ငံပေါင်း ၂၆ နိုင်ငံသည် လေကြောင်းမှကူညီထောက်ပံ့မှုများ၊ ကယ်ဆယ်ရေးဝန်ထမ်းများရောက်ရှိပြီး အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ငလျင်ဒဏ်သင့်ဒေသများရှိပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါငလျင်ကို မျက်ဝါးထင်ထင် တွေ့ကြုံခံစားလိုက်ရသူများနှင့် ငလျင်ဘေးမှလွတ်မြောက်လာသူများအဖို့ လုံးဝမေ့မရနိုင်သည့်အဖြစ်အပျက်တစ်ခုအဖြစ် ထင်ကျန်နေသလို ညဘက်တွင်လည်းစိတ်မလုံခြုံမှုကိုခံစားနေရသည်။ ငလျင်ကြောင့် လူသေဆုံးမှုအများဆုံးဖြစ်သည့် မန္တလေးရှိ Sky Villa နှင့် အစ္စလာမ်ဘာသာဝင်များသည် လူသေဆုံးမှုအများဆုံးဖြစ်ခဲ့သည်။ Sky Villa သည် ၁၁ ထပ်ပါ အဆောက်အဦလေးလုံးတွဲရှိပြီး သုံးလုံးမှာလုံးဝပြိုကျသွားခဲ့ကာ၊ တစ်လုံးမှာ မြေကြီးထဲသို့ ၆ ထပ်ကျွံဝင်သွားခြင်းဖြစ်သည်။ လက်ရှိအချိန်ထိ Sky Villa မှ Dead body မှာ ဆက်လက်ဖော်ထုတ်နေပြီး နေထိုင်သူအများစုမှာ စစ်ဘေးရှောင်လာသူများဖြစ်ကြောင်း သိရသည်။ ၎င်းတို့သည် စစ်ဘေးမှလွတ်မြောက်လာသော်လည်း ငလျင်ကြောင့် အသက်ဆုံးရှုံးခဲ့ရသည်။
“ အန်တီ့သမီးလေးက လားရှိုးကနေစစ်ရှောင်လာတာ။ ဒီ Villa မှာနေတာ သုံးလလောက်ပဲရှိသေးတယ်။ မကြာသေးဘူး။ အန်တီတို့က မူဆယ်မှာနေတာ။ ငလျင်လှုပ်လို့ Sky Villa ကြီးပြိုသွားတယ်ဆိုပြီး အင်တာနက်မှာကြည့်လိုက်ရတယ်။ အန်တီတို့လည်း ရတဲ့ကားနဲ့ မန္တလေးကိုဆင်းလာတယ်။ ဒီရောက်တော့ မြင်ကွင်းက အခြေအနေတော်တော်ဆိုးနေပြီ။ သူကသုံးလွှာမှာနေတာ။ တနေ့ကမှ dead body ပြန်ရတာ။ ပြောစရာစကားတောင်မရှိတော့ပါဘူး” ဟု Sky Villa တွင်သေဆုံးသွားသည့် ကျန်ရစ်သူမိသားစုက ယနေ့ခေတ်သို့ ပြောသည်။
Sky Villa အထဲတွင်ပိတ်မိနေသူများကို ဆက်လက်ရှာဖွေရေးလုပ်ဆောင်နေသော်လည်း အထဲတွင် ၃၀၀ ခန့်ကျန်ရှိနေသေးကြောင်း ကယ်ဆယ်ရေးလုပ်ကိုင်သူများထံမှ သိရသည်။
“ တဖြည်းဖြည်းနဲ့တော့ dead body တွေကပေါ်လာပြီ။ ဒါပေမယ့် အထဲမှာ ၃၀၀ လောက်တော့ရှိဦးမယ်။ ဒါတောင် အဆောက်အဦးကိုဖြိုချရင်းတွေ့တာပါသလို မိုးရွာလိုက်လို့ ပေါ် လာတာတွေလည်းရှိတယ်။ အခက်အခဲတွေအများကြီးရှိတယ်။ အဓိက ကယ်ဆယ်ရေးလူအင်အားက လိုအပ်နေတာ” ဟု ဒေသခံ လူမှုကူညီကယ်ဆယ်ရေးလုပ်ကိုင်သူတစ်ဦးက ပြောသည်။
အလားတူ မန္တလေးမဟာမြတ်မုနိဘုရားကြီး၏ ဘုရားစောင်းတန်းများ၊ မန္တလေးဘူတာကြီးနားရှိ နာမည်ကြီးဂရိတ်ဝေါဟိုတယ်၊ ဦးလှသိန်းဗိမာန်၊ ဗလီများ၊ မစိုးရိမ်သစ်ကျောင်းတိုက်၊ ကရဝိတ်ဟိုတယ် အစရှိသည့်အဆောက်အဦများစွာ ပြိုကျပျက်ဆီးခဲ့သလို ယင်းအဆောက်အဦးများထဲ၌ သေဆုံးသူအများအပြားရှိခဲ့သည်။
အထူးသဖြင့် သေဆုံးသူအများဆုံးတွင် အစ္စလာမ်ဘာသာဝင်များလည်းပါဝင်ကြောင်း၊ ၎င်းတို့သည်ရာမ်ဇာန်ဥပုသ်ကာလ ကုန်ဆုံးခါနီးပြီး အိးဒ်ပွဲတော်ကျင်းပရန် ရက်ပိုင်းသာလိုတော့သည့်အပြင် သောကြာနေ့ဝတ်ပြုရက်လည်းဖြစ်သည့်အတွက် ငလျင်ကြောင့် ဗလီများပြိုကျခဲ့ပြီး ဝတ်ပြုသူအများအပြားသေဆုံးခဲ့သည်။ ငလျင်ကြောင့် ဗလီများပြိုကျခဲ့မှုကြောင့် သေဆုံးခဲ့သည့် အစ္စလာမ်ဘာသာဝင် ၇၀၀ နီးပါးရှိခဲ့သည်ဟု နစက ဥက္ကဌက ဆိုသည်။
“ အဲဒီအချိန်က ဝတ်ပြုနေချိန်လေ။ ငလျင်လှုပ်တဲ့အချိန်အပေါ်က မျက်နှာကျက်တွေပြိုကျတာ။ ဗလီတစ်ခုလုံးပြိုကျသွား။ ရှောင်ချိန်မရှိလိုက်ဘူး။ ငလျင်လှုပ်ပြီးပြီးချင်း ဗလီကိုပြေးလိုက်သွားတာ။ အကုန်ပြိုကျနေတယ်။ သူလည်းအဲဒီထဲမှာ ပါသွားတယ်” ဟု အစ္စလာမ်မိသားစုဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောပြသည်။
အလားတူ စစ်ကိုင်းတွင်လည်း ၈၀ ရာခိုင်နှုန်း ပျက်ဆီးဆုံးရှုံးခဲ့ပြီး လူသေဆုံးမှုများခဲ့သည်။ ငလျင်ကြောင့် ထိခိုက်သေဆုံးမှုများခဲ့သည့် မန္တလေးသူ၊ မန္တလေးသားများသည် ယနေ့အ ချိန်ထိ စိတ်ထိခိုက်ခံစားရနေပြီး နေစရာအိမ်ရှိသော်လည်း မလုံခြုံသည့်အတွက် လမ်းမများထက်တွင် အိပ်စက်နေရသည်။ ထိုကာလသည် မည်မျှကြာမြင့်ဦးမည်ကို မသိရသေးပဲ ၎င်းတို့၏ စိတ်ဒဏ်ရာများကို အချိန်ပေးကုစားပေးရမည်ဖြစ်သည်။
တချိန်က ထိုးမုန့်မြို့တော်ဟု တင်စားခေါ်ဝေါ်ခဲ့သည့် မန္တလေးမြို့သည် ယခုအခါ မြို့ပျက်ကြီးသဖွယ်ဖြစ်ပွားခဲ့ သည်ကို မျက်မြင်ကြုံတွေ့ခဲ့ရသည်။ ထို့ကြောင့် ငလျင်ကာလအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း အချိန်ကာလကြာမြင့်စွာ လုပ်ဆောင်ရမည်ဖြစ်သည်။
မတ်လ ၂၉ ရက်မှ ဧပြီလ ၈ ရက်နေ့အထိ ငလျင်ဘေးဒဏ်ခံစားခဲ့ရသည့် မြန်မာပြည်သူများအတွက် နိုင်ငံတကာမှ ကူညီကယ်ဆယ်ရေးပစ္စည်း ၁၆၀၆.၂၈၂ တန်ရောက်ရှိပြီးဖြစ် သည်။
စစ်ကိုင်းပြတ်ရွေ့ကြောသည် မြန်မာနိုင်ငံတွင်တည်ရှိသည့် အဓိကပြတ်ရွေ့ကြောတစ်ခုဖြစ်ပြီး ၎င်းသည် ဆွန်းဒါး(ဆွန်ဒါ)ကျောက်ထုလွှာနှင့် အိန္ဒိယကျောက်ထုလွှာအကြားတွင် ဖြစ်ပေါ်တည်ရှိနေသည့် ပြတ်ရွေ့ကြောဖြစ်သည်။ ၎င်းသည် မန္တလေး၊ ရမည်းသင်း၊ ပျဉ်းမနား၊ နေပြည်တော်၊ တောင်ငူနှင့် ပဲခူးတို့ကို ဖြတ်သန်းလျှက်တည်ရှိကာ အရှည်အားဖြင့် ၁၂၀၀ ကီလိုမီတာရှိသည်။ စစ်ကိုင်းပြတ်ရွေ့ကြောနှင့်ဆက်စပ်၍ ခရစ်သက္ကရာဇ် ၁၈၃၉ ခု မတ်လ ၂၃ ရက်နေ့၊ စနေနေ့ နံနက် ၄ နာရီခန့်လောက်တွင် အင်းဝနှင့် စစ်ကိုင်းအနီးဝန်းကျင်ကိုအခြေပြု၍ ဖျက်ဆီးအားအလွန်ပြင်းသည့် ငလျင်ကြီးတစ်ခုလှုပ်ခတ်ခဲ့ပြီး လူ ၃၀၀ သေဆုံးခဲ့ကြောင်း မှတ်တမ်းဖော်ပြချက်များအရ သိရသည်။
ထို့ပြင် ပဲခူးငလျင်ဟုထင်ရှားကျော်ကြားသည့် ပဲခူးငလျင်သည် ၁၉၃၀ ခုနှစ်၊ မေလ ၅ ရက်၊ ညတွင် ပဲခူးမြို့အနောက်ဘက်တွင် အင်းအား ၇.၅ ပြင်းထန်သည့် လှုပ်ခတ်မှုဖြစ်ပေါ်ခဲ့ကာ ပဲခူးတစ်ဝိုက် သေဆုံးမှုများနှင့် ပျက်စီးမှုများစွာဖြစ်ပေါ်စေခဲ့သည်။ ဤငလျင်၏ အမြင့်ဆုံးပြင်းအားသည် ၉ မှ ၁၀ အထိ ရှိပြီး ပဲခူးမြို့၊ ရန်ကုန်မြို့နှင့် အခြားမြို့များလည်းပျက် စီးခဲ့ရသလို ပဲခူးမြို့တွင် လူပေါင်း ၅၀၀ ခန့်သေဆုံးခဲ့ရပြီး ရန်ကုန်မြို့တွင် လူ ၅၈ ဦးသေဆုံးခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။
အဆိုပါ ပဲခူးငလျင်သည် ၁၉၂၉ ခုနှစ်မှ ၁၉၃၁ အထိလှုပ်ခတ်ခဲ့သည့် ငလျင်များတွင် အသေအပျောက်အများဆုံး ငလျင်ဖြစ်ခဲ့သည်။ ယခုအခါ နှစ်ပေါင်း ၁၀၀ ကျော်အကြာ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်၊ မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ် ၅၄ စက္ကန့်တွင် ပြင်းအား ၇.၇ ရှိငလျင်သည် မြန်မာနိုင်ငံ စစ်ကိုင်းမြို့နှင့် မန္တလေးမြို့အနီး၌ ဗဟိုပြုလှုပ်ခတ်ခဲ့ပြီး လူပေါင်းထောင်ချီသေဆုံးခဲ့ခြင်းဖြစ်သည်။
#စုစု
#ယနေ့ခေတ်
အိမ်မက်ဆိုးကနေ ရုန်းထွက်ဖို့ခက်နေတဲ့ မန္တလေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်