ဂျူဂျူး
တန်ဆောင်မုန်းလပြည့်ညမှာ လုပ်လေ့ရှိတဲ့ ပံ့သကူအလှူဟာ လှူဒါန်းလိုက်သူများအဖို့ ကြည်နူးရသလို လက်ခံရရှိသူများမှာလည်း ဝမ်းသာပီတိဖြစ်ရသည့် အလှူတစ်ခုဖြစ်ခဲ့သည်။ ယခင့်ယခင် ပံ့သကူပစ်ရာမှာ တန်ဆောင်မုန်းလပြည့်ညနှင့် လပြည့်ကျော်တစ်ရက် အာရုံတက်ချိန်များ၌ အဝတ်အထည်၊ အစားအသောက်၊ လူသုံးကုန်ပစ္စည်းများနှင့် ငွေများအား လူမသိချိန်၌ ပံ့သကူပစ်သည်ဟူသည့် စာများရေးသားကာ အလှူပြုလေ့ရှိကြသည်။ ထိုအချိန်ကတည်းက လူအချို့သည် လူရှင်းသည့်လမ်းများပေါ်၌ ငွေများကြဲချထားသည့် အပြု အမူကို လုပ်ဆောင်ခဲ့ကြသော်လည်း ကိုဗစ်ကာလမှစတင်ကာ ကားလမ်းမပေါ်၌ ငွေများကြဲချခြင်းအလေ့အထတစ်ခု ထပ်မံပေါ်ပေါက်လာခဲ့သည်။
“ ပံ့သကူက လူမမြင်တာကိုပစ်ပြီး လှူထားကြတာ။ နောက်နေ့မှ လိုက်ရှာပြီးယူကြတာလေ။ အခုက အဲ့လိုမဟုတ်ဘူး။ လပြည့်ညဆို ကားလမ်းမတွေပေါ်မှာ လူတွေပြည့်လို့၊ လာသမျှကားတွေကို မတားရုံတမယ်၊ လှူတဲ့ကားတွေက သပ်သပ်ရှိတယ်လေ။ သွားလာနေတဲ့ ကားတွေလည်းရှိတယ်။” ဟု တောင်ဥက္ကလာပမြို့နယ်၌ နေထိုင်သူတစ်ဦးက ပြောသည်။
ကိုဗစ်ကာလတွင် ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ချိန်က ကန့်သတ်ချိန်မရောက်မီ လှူဒါန်းလိုသူများက ၎င်းတို့၏ကားများပေါ်မှ ငွေများကြဲချ လှူဒါန်းခဲ့ကြပြီးနောက် ယခုနှစ်အထိ ထိုအမူအကျင့်ကို ဆက်လက်ပြုလုပ်လာခဲ့ကြသည်ကို တွေ့ရသည်။
“ အလှူလုပ်တာကောင်းပေမယ့် အန္တရာယ်များလာတယ်။ ကလေး၊ လူကြီးအကုန် လမ်းမတွေပေါ်မှာထွက်ပြီး ပိုက်ဆံကြဲတာကို စောင့်နေကြတာ။ ကြဲပြီဆို အလုအယက်ကောက် ကြတာ။ ကားတိုက်မိတာတွေ၊ အချင်းချင်း ရန်ဖြစ်တာတွေ အစုံဖြစ်တာ။ ညကတော့ ဆယ်မိုင်ကုန်းဘက်မှာ ကားတိုက်မိပြီး သေသွားတယ်။” ဟု ပရဟိတလုပ်ကိုင်သူတစ်ဦးက ပြောသည်။
ရန်ကုန်တိုင်း၊ ပြည်လမ်းပေါ်ရှိ ဆယ်မိုင်ကုန်းမှတ်တိုင်အနီး၌ ကားတစ်စီးမှ ပိုက်ဆံကြဲလိုက်၍ ကလေးတစ်ဦး ပံ့သကူလိုက်ကောက်ရင်း နောက်မှကားတစ်စီးက ဝင်တိုက်မိကာ သေဆုံးခဲ့ကြောင်း သိရသည်။ ထိုဖြစ်စဥ်အပြင် နိုဝင်ဘာ ၂၇ ရက်၊ ညပိုင်းတွင်ပင် ပံ့သကူကောက်ရင်း မြောက်ဒဂုံ၌ လက်ကို ကားကြိတ်ခံခဲ့ရသည့် ဖြစ်စဥ်တစ်ခုလည်း ဖြစ်ပွားခဲ့ ကြောင်း ပရဟိတအသင်းများထံမှ သိရသည်။
“ မြောက်ဒဂုံမှာက လက်ကို ကားတက်ကြိတ်တဲ့ လူနာတစ်ဦး သယ်ပေးလိုက်ရတယ်။ သာကေတမှာက ဘေးတွဲပွတ်ဆွဲမိသူကို မြေပြင်ကုသပေးလိုက်တယ်။ လမ်းမတွေပေါ်ကို ငွေမကြဲကြပါနဲ့၊ အရမ်းကို အန္တရာယ်များလို့ပါ။” ဟု ပရဟိတအသင်းတစ်ခုမှ တာဝန်ရှိသူက ပြောသည်။
ယခုအချိန်သည် အကြပ်အတည်းများနှင့် ကြုံတွေ့နေရသည့် ကာလဖြစ်သည့်အတွက် အသက်အန္တရာယ်ကိုမကြည့်ပဲ ပံ့သကူကောက်ကြရန် ည ၈ နာရီခန့်ကတည်းက ကားလမ်းမ များပေါ်တွင် လူအုပ်ကြီးများကို တွေ့ မြင်နေရကြောင်း ရပ်ကွက်နေသူများက ပြောဆိုကြသည်။
အချို့အလှူပြုလိုသူများမှာ အစပိုင်းတွင်း ကားများကိုအရှိန်လျော့ကာ မောင်းနှင်၍ လှူတန်းခဲ့ကြသော်လည်း၊ စောင့်ဆိုင်းနေသည့် လူအုပ်ကြီးမှာ များပြားခြင်းကြောင့် ကြဲချပြီး မောင်းသွားရခြင်းဖြစ်ကြောင်း ဆိုကြသည်။
“ ကားရပ်ဖို့မပြောနဲ့ မောင်းနေတာတောင် ကားကိုတွယ်လိုက်တာ။ ကြဲချချိန် တောင်မရဘူး။ မနှစ်ကဆို ကားနောက်တံခါးတောင် ချိုင့်သွားတယ်။ မရှိတော့ဘူးဆိုလဲ မရဘူး။ အမဲ ဖြတ်သလိုပဲ။ လူတွေဆိုတာ လမ်းမတွေပေါ်မှာ အများကြီး။ ကြောက်စရာကြီး။ မနေ့ကလဲ လှူဖြစ်တယ်။ လမ်းမတွေပေါ်မကျဲနဲ့ဆိုလဲ လူတွေကများတော့ ကြဲချခဲ့ရတာပဲ။” ဟု အလှူပြုခဲ့သည့် မြောက်ဥက္ကလာတွင် နေထိုင်သူတစ်ဦးက ပြောသည်။
ထိုသို့ ပံသကူပစ်ခြင်းမှာ အလွန်အန္တရာယ်များပြီး ယာဥ်မတော်တဆမှုများပင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ “ ရွှေဂူလေးလမ်းမအပေါ် ပံ့သကူကောက်တဲ့အဖွဲ့ကို ရှောင်လိုက်တာ၊ ကားနဲ့ အိုးဝေနှစ်စီးလုံး ရှေ့ပိုင်းတွေအကုန်ထိ၊ အိုးဝေ ဆရာကို ပဲခူးဆေးရုံပို့ခဲ့ရတယ်။” ဟု ပဲခူး ပရဟိတအသင်းတစ်ခုမှ သိရသည်။
ထိုသို့ ယာဥ်မတော်တဆမှုများ၊ ယာဥ်တိုက်မှုများပါ ဖြစ်ပွားခဲ့ခြင်းကြောင့် ယမန်နေ့ ညက မြို့နယ်အသီးသီး၌ရှိသည့် ပရဟိတအသင်းများမှာ အထူးတာဝန်တစ်ခုအနေဖြင့် လူအုပ် ကြီးများ၏အနီး၌ ကြိုတင်စောင့်ဆိုင်းကာ ရှိနေကြကြောင်း ပရဟိတအသင်းများထံမှ သိရသည်။
ထို့အပြင် ‘ကားတွေပေါ်မှ ပိုက်ဆံမကြဲကြပါနဲ့’ ဟု ပရဟိတအသင်းများက လူမှုကွန်ရက်များပေါ်တွင် သတိပေးပြောကြားခဲ့သော်လည်း လိုက်နာခြင်းမရှိသဖြင့် ၎င်းတို့ကိုယ်တိုင် အန္တရာယ်ကြုံတွေ့လာရတဲ့အခါ ကူညီနိုင်ဖို့ အသင့်စောင့်ဆိုင်းကာ တာဝန်ယူခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
“ အန္တရာယ်များပေမယ့်လည်း ၄ သောင်း၊ ၅ သောင်းအနည်းဆုံးရတယ်။ မနှစ်ကဆို ၈ သောင်းရယ်၊ အဝတ်အစားတစ်ထုပ်ရယ် ရတယ်။ ကြဲတာကြီးပဲမဟုတ်ပဲ လိုက်ရှာတာလည်း ပါတာပေါ့။ ဘာပဲဖြစ်ဖြစ်လေ ဆိုက်ကားတစ်နေကုန်နင်းတောင် အဲ့လောက်မရဘူးလေ။” ဟု အနှေးယာဥ်လုပ်သားတစ်ဦးက ပြောသည်။
တစ်နှစ်ထက်တစ်နှစ် ကုန်ဈေးနှုန်းမြင့်တက်မှုမှာ ပိုမိုဆိုးရွားလာခဲ့ပြီး ဆန်တစ်ပြည် ၄၅၀၀ ကျပ်၊ စားအုန်းဆီ တစ်ပိဿာ ၉၀၀၀ ကျပ်ဝန်းကျင်၊ ကန်စွန်းရွက်တစ်စီး ၆၀၀ ကျပ်၊ ချဥ်ပေါင်ရွက်တစ်စီး ၃၀၀ ကျပ်ဖြစ်လာချိန်တွင် နေ့စား၊ လက်လုပ်လက်စား အခြေခံလူတန်းစားများအဖို့ တစ်နေ့ မိသားစုစရိတ် ဖူလုံရေးအတွက် ခက်ခဲမှုများနှင့် ကြုံတွေ့နေရ သည်။
ကလေးသုံးယောက်ရှိသည့် မိသားစုတစ်စုတွင် တစ်နေ့ဈေးဖိုး ငါးထောင်ကျပ်ဖြင့်ပင် လုံလောက်မှုမရှိတော့ပဲ ဟင်းမချက်နိုင်၍ ကြက်ဥပြုတ်စားမည်ဆိုလျှင် ပင်ကြက်ဥတစ်လုံး ၃၀၀ ကျပ်ရှိပြီး၊ ငပိတို့စရာဟုဆိုရာ၌ ငါးပိရည်ကျို အစိမ်းတစ်ထုပ်လျှင် အနည်းဆုံး ၅၀၀ ကျပ်ဖြင့်ဝယ်ယူရပြီး၊ ကျိုပြီးသားအသင့်စား တစ်ထုပ်လျှင် ကျပ် ၅၀၀၊ ၁၀၀၀ စသည် ဖြင့် ဝယ်ယူကြရကြောင်း ဈေးကွက်အတွင်း လေ့လာချက်များအရ သိရသည်။
“ အရင်ကဆို အိမ်မှာ ဆိတ်သား(ကန်စွန်းရွက်)ကြော်တယ်၊ ရွှေခေါင်းပြောင် ချက်တယ်ဆိုတဲ့စကားက ဝင်ငွေနည်းတဲ့ မိသားစုတွေဆီက စကားလေ။ အခုက မရတော့ဘူး။ အဲ့မိသား စုတွေတောင် ဝယ်မစားနိုင်တော့တဲ့ အခြေအနေဖြစ်နေပြီ။ တနေ့ရှာ တနေ့စားလေ၊ မရှာနိုင်တဲ့နေ့ ငတ်ပဲ။” ဟု ပံ့သကူကောက်ရန် စောင့်ဆိုင်းနေသည့် ပလုံကောက်သည့် အမျိုး သားတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် နှစ်နှစ်ကျော်ကတည်းက ကုန်ဈေးနှုန်းမြင့်တက်လာခြင်း၊ အလုပ်အကိုင်ရှားပါးလာခြင်းများကြောင့် အခြေခံလူတန်းစားများမှာ စားဝတ်နေရေး ပိုမိုခက်ခဲလာသည်။ ထို ခက်ခဲမှုတွေက အမှန်တကယ်ဖြစ်ပျက်နေကြောင်းကို ယမန်နေ့ ညက တစ်မြို့လုံးနီးပါးရှိ လမ်းမများပေါ်မှာ ပံ့သကူကောက်ရန် စောင့်ဆိုင်းနေကြသည့် လူအုပ်ကြီးများကို သက် သေတွေအဖြစ် တွေ့မြင်ရမည်ဖြစ်သည်။
ဓာတ်ပုံ – ပရဟိတအသင်းများ
အသက်နဲ့ရင်းကာ ကောက်ကြတဲ့ ပံ့သကူအလှူ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်