ဂျူဂျူး၊ မောင်ဇော်
ရန်ကုန်မြို့၏ လမ်းမများပေါ်မှ “စစ်မှုထမ်းရတော့မှာ ဘယ်လိုလုပ်ကြမလဲ”၊ “ငါသားလေးပါသွားရင်တော့ ဒုက္ခပါပဲ”၊ “ငါသာစစ်မှုထမ်းစာရင်မှာပါသွားရင် ကလေးတွေကိုစိတ်ပူ” အစရှိသည့် စိုးရိမ်သံများ၊ ပူဆွေးသောကများနေကြရသည့်အသံများ ပဲ့တင်ထပ်လို့နေသည်။
အသက် ၁၈ နှစ်ပြည့်ပြီး ၃၅ နှစ်မပြည့်သေးသူတိုင်း စိတ်မအေးရသည့် သတင်းအကြောင်းအရာတစ်ခုဖြစ်သလို ထိုပူပင်သောကများသည် ပြည်သူ့စစ်မှုထမ်းဥပဒေကို အတည်ပြုလိုက်ပြီဆိုသည့်အချိန်မှစခဲ့သည်။
“သားရော၊ သမီးရောက အသက် ၂၀ ကျော်လေးတွေ၊ အိုင်တီကျောင်းတက်နေတာ၊ သူတို့ရဲ့အနာဂတ်တွေ အလားအလာကောင်းနေတာလေ။ အဲလိုဖြစ်ဖို့လည်း လမ်းကြောင်းပေါ် တင်ပေးထားတာပေါ့။ အခုတော့ ဘာလုပ်ပေးရမှန်းတောင် မသိတော့ဘူး။ ၂ နှစ်ဖြစ်ဖြစ်၊ ၅ နှစ်ဖြစ်ဖြစ်လေ သူတို့အတွက် အချိန်ကုန်တာပဲ။ အဲ့သွားပြီး တခုခုဖြစ်သွားခဲ့ရင်ရော ရင်ကျိုးရမှာလေ။ တနေ့မှစိတ်မအေးနိုင်ဘူး။ သားကဆိုနေ့တိုင်းမေးတယ်။ “အမေ ကျွန်တော်တကယ်သွားရမှာလား။ မသွားလို့မရဘူးလား” ဆိုတဲ့မေးခွန်းတွေက ကျွန်မအရမ်းကို သောကများရပါတယ်။” ဟု မိခင်တစ်ဦးက ဆိုသည်။
နိုင်ငံတစ်ဝန်းရှိ နိုင်ငံသားများအား သတ်မှတ်ချက်ဖြင့်ကိုက်ညီပါက စစ်မှုထမ်းဆောင်ရသည့်စနစ်ဖြစ်သော ပြည့်သူ့စစ်မှုထမ်းဥပဒေအား ဖေဖော်ဝါရီ ၁၀ ရက်နေ့မှစတင်၍ကျင့်သုံးမည်ဟု နစကမှ နိုင်ငံပိုင်မီဒီယာမှတစ်ဆင့် သတင်းထုတ်ပြန်ခဲ့သည်။
ထို့အတူ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်များတွင်လည်း သက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့အစည်းများက ပြည်သူများစစ်မှုထမ်းရေးဆိုင်ရာ အမိန့်ကြေညာချက်များကို ထုတ်ပြန်ခဲ့သည်။
နစကမှထုတ်ပြန်သည့် အဆိုပါဥပဒေသည် နအဖ အစိုးရလက်ထက် ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာ ၄ ရက်နေ့က ပြဋ္ဌာန်းထားသည့်ဥပဒေဖြစ်ပြီး အရပ်သားအစိုးရနှစ်ဆက်အတွင်း အသုံးမပြုဘဲထားရာမှ ယခုလမှစတင်၍ ကျင့်သုံးမည်ဟု ပြောကြားခြင်းဖြစ်သည်။
“ဒီနေ့ ဒီအချိန်အခါမှာဖြစ်ပေါ်နေတဲ့ အခြေအနေများအရ ပြည်သူအားလုံးပါဝင်တဲ့ စစ်မှုထမ်းစနစ် မဖြစ်မနေကျင့်သုံးဖို့ လိုအပ်လာပါတယ်။” ဟု နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်မှုထမ်းဥပဒေထုတ်ပြန်မှုနှင့်ပတ်သက်၍ နိုင်ငံပိုင်မီဒီယာသို့ ပြောကြားသည်။
ထိုဥပဒေတွင် အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း၊ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် မှ ၂၇ နှစ်အတွင်း၊ ကျွမ်းကျင်သူများဟု သတ်မှတ်ထားသည့် ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှု တတ်မြောက်သူတို့မှ အမျိုးသားဖြစ်လျှင် အသက် ၄၅ နှစ်အတွင်း၊ အမျိုးသမီးဖြစ်လျှင် အသက် ၃၅ နှစ်အတွင်း အရွယ်ရှိသူများ စစ်မှုထမ်းဆောင်ရ မည်ဟု ပြဋ္ဌာန်းထားသည်။
“ပိုက်ဆံအကုန်အခံပြီး ပညာသင်ထားတာက ကျွန်တော်တို့စစ်မှုထမ်းဖို့မှမဟုတ်တာ။ သူတို့ ကြေညာလိုက်ပြီးထဲက အိမ်ရှေ့ပဲစာရောက်လာတော့မလားတွေးပြီး စိတ်မအေးနိုင်ဘူး၊ နှစ်နှစ်ပဲသွားရမှာလေလို့ပြောကြတယ်၊ အခုက အေးချမ်းနေတာမှမဟုတ်တာ။ တခုခုဖြစ်သွားရင် ကျွန်တော်တို့အသက်ကို ဘယ်သူကတာဝန်ယူပေးမှာလဲ။ ကျွန်တော် တစ်ညမှကောင်းကောင်းအိပ်မပျော်ဘူးဗျာ။” ဟု အသက် ၂၈ နှစ်အရွယ် Digital Marketing ပိုင်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။
နိုင်ငံတော်အုပ်ချုပ်မှု အပြောင်းအလဲဖြစ်ပေါ်ချိန်မှစတင်ကာ လူငယ်အများစုမှာ သူတို့၏ဘဝတက်လမ်းနှင့် မိသားစုစားဝတ်နေရေးအတွက် ပြည်ပနိုင်ငံများသို့ထွက်ကာ အလုပ် လုပ်ကိုင်ရန် ပိုမိုရွေးချယ်လာကြသည်။ ထို့အပြင် ပြည်တွင်း၌ကျန်ရှိနေသည့် လူငယ်၊ လူလတ်ပိုင်းများမှာလည်း နိုင်ငံတကာမှ လာရောက်ဖွင့်လှစ်ထားသည့်ကျောင်းများတွင် ပညာသင်ကြားကြရင်း ပြည်တွင်း၊ ပြည်ပရှိ ကုမ္ပဏီကြီးများ၌ အလုပ်အကိုင်ကောင်းများရရှိနိုင်ရန် ကြိုးစားနေကြသည်ကို တွေ့ရသည်။
လူပျို၊ လူလွတ်များသာမက အိမ်ထောင်ဦးစီးအမျိုးသားများသည်လည်း စိုးရိမ်မှုဆတိုးမြင့်တက်လျက်ရှိနေသည်ဟု ဆိုလာကြသည်။ ၎င်းတို့မှာ မိသားစုနှင့် စုပေါင်းနေထိုင်သူများ ရှိသကဲ့သို့ မိသားစုထဲမှ ခွဲထွက်ကာ တစ်အိုးတစ်အိမ်ထူထောင်နေထိုင်ကြသူများလည်းရှိသည်။
ထိုအခြေအနေတွင် အိမ်ထောင်ဦးစီးတစ်ဦး၏ ဝင်ငွေဖြင့်သာ ရပ်တည်နေကြသူများတွင် များစွာအခက်အခဲများ ရှိလာနိုင်သည်ဟု ဆိုကြသည်။
“အစ်မတို့က လင်မယားနှစ်ယောက်ထဲ စညားထဲက သီးသန့်နေတာ။ အစ်မက နယ်က၊ သူက ရန်ကုန်ကဆိုတော့ ရန်ကုန်မှာပဲအခြေချနေကြတယ်။ ကလေးသုံးယောက်ရှိတယ်။ အခုချိန်ထိ သူ့လုပ်စာနဲ့ပဲရပ်တည်နေတာ။ စစ်မှုထမ်းရမယ်ဆို အစ်မတို့သားမိတွေ ဘယ်လိုလုပ်ရမလဲ။ အဆင်မပြေဘူးလေ။ နှစ်နှစ်ဖြစ်ဖြစ်လေ။ အဲ့နှစ်နှစ်မှာ ဘယ်လိုစားရမလဲ။ ကလေးတွေ ကျောင်းစရိတ်တွေရှိသေးတယ်။” ဟု မြောက်ဒဂုံမြို့နယ်တွင်နေထိုင်သည့် အမျိုးသမီးတစ်ဦးက ဆိုသည်။
“ကျွန်တော့်ကိုအားကိုးနေရတဲ့ မိသားစုကို ဘယ်လိုအခြေအနေနဲ့ ထားခဲ့ရမလဲ။ စုထားဆောင်းထားတာလဲ မရှိလေဗျာ။ ဒီကုန်ဈေးနဲ့ ဒီကာလမှာ တစ်ရက်တစ်ရက် အလျှင်မှီအောင်မနည်းရုန်းကန်နေရတာ။ ဆီဈေးတွေကတက်တော့ မကိုက်ဘူးလေဗျာ။ အဲ့အသံကြားပြီးထဲက မနက်ဖြန်ကိုပဲ ကိုယ့်အိမ်ရှေ့စာရောက်လာတော့မလို၊ ကလေးတွေကို ဘယ်လိုလုပ်ရမလဲဆိုပြီးပဲ တွေးပြီးပူနေရတယ်ဗျာ။ မိုးပြိုအများ ဆိုပေမယ့်လဲ ကျွန်တော်မရှိရင် ဒီသားအမိတွေ ဒုက္ခရောက်တော့မှာ။”
၎င်း၏ အမျိုးသားဖြစ်သူကလည်း “ကျွန်တော့်ကိုအားကိုးနေရတဲ့ မိသားစုကို ဘယ်လိုအခြေအနေနဲ့ ထားခဲ့ရမလဲ။ စုထားဆောင်းထားတာလဲ မရှိလေဗျာ။ ဒီကုန်ဈေးနဲ့ ဒီကာလမှာ တစ်ရက်တစ်ရက် အလျှင်မှီအောင်မနည်းရုန်းကန်နေရတာ။ ဆီဈေးတွေကတက်တော့ မကိုက်ဘူးလေဗျာ။ အဲ့အသံကြားပြီးထဲက မနက်ဖြန်ကိုပဲ ကိုယ့်အိမ်ရှေ့စာရောက်လာတော့မလို၊ ကလေးတွေကို ဘယ်လိုလုပ်ရမလဲဆိုပြီးပဲ တွေးပြီးပူနေရတယ်ဗျာ။ မိုးပြိုအများ ဆိုပေမယ့်လဲ ကျွန်တော်မရှိရင် ဒီသားအမိတွေ ဒုက္ခရောက်တော့မှာ။” ဟု ပြောသည်။
စစ်မှုထမ်းရန်အတွက် သာမာန်အခြေအနေဆိုပါက လူတစ်ဦးလျှင် နှစ်နှစ်ဖြစ်ပြီး၊ ကျွမ်းကျင်သူဟု သတ်မှတ်ခံရပါက သုံးနှစ်အထိ စစ်မှုထမ်းရမည်ဖြစ်ကာ အရေးပေါ်အခြေအနေဖြစ်ပေါ်ပါက ငါးနှစ်အထိသတ်မှတ်နိုင်သည်ဟု ဆိုသည်။
သတ်မှတ်ထားသည့်အချိန်တွင် ဥပဒေနှင့်အကျုံးဝင်သူများအား သက်ဆိုင်ရာမှ ဆင့်ခေါ်မည်ဖြစ်ကာ ပျက်ကွက်ပါက ထောင်ဒဏ်ငါးနှစ်အထိ ချမှတ်နိုင်ကြောင်း ထိုဥပဒေတွင် ပြဋ္ဌာန်းထားသည်။
စစ်မှုထမ်းဥပဒေအား အသက်သွင်းကြောင်း ကြေညာပြီးနောက် လက်တွေ့လုပ်ဆောင်မှုအဖြစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့က ကာကွယ်ရေးဝန်ကြီး ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည့် စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ကိုဖွဲ့စည်းခဲ့ကာ ပြည်နယ်နှင့် တိုင်းများအဆင့် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များလည်း ဆက်လက်ဖွဲ့စည်းလျက်ရှိနေကြောင်း သိရသည်။
စစ်မှုထမ်းဥပဒေ အတည်ပြုပြီးသည့်နောက်ပိုင်း ကောလဟာလများစွာထွက်ပေါ်ခဲ့ပြီး အထူးသဖြင့် ပေါ်တာဆွဲသည်ဆိုသည့်သတင်းမှာ လူငယ်များနှင့်မိဘများအပေါ် အလွန်တရာမှ လွှမ်းမိုးနိုင်သည့် သတင်းတစ်ခုဖြစ်ခဲ့သည်။
ည ၈ နာရီထက်နောက်မကျဘဲ အိမ်အရောက်ပြန်ကြပြီး ယခင်ကကဲ့သို့ ရုံးဆင်းချိန်တွင် လက်ဖက်ရည်ဆိုင်၌လည်းကောင်း၊ ဘီယာဆိုင်၌လည်းကောင်း သူငယ်ချင်းများဖြင့်တွေ့ဆုံကာ ဂိမ်းဆော့ခြင်း၊ စကားပြောဆိုခြင်းများကို မပြုလုပ်ကြတော့ကြောင်း လူငယ်အချို့ထံမှ သိရသည်။
“ရုံးဆင်းပြီဆိုတာနဲ့ အိမ်ကလည်းဖုန်းဆက်တာပဲ။ သွားလည်းမသွားရဲဘူးလေ။ ဘာမသိညာမသိ ခေါ်သွားပြီး စစ်ထဲဝင်၊ ဘဝကသွားပြီ။ အိမ်စောစောပြန်ရလို့ ပြဿနာမရှိဘူး။ ဟိုထဲမဝင်ရလည်း ငွေကုန်မှာပဲလေ။ ဂိမ်းလဲ အိမ်မှာပဲဆော့တော့တယ်။” ဟု ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောသည်။
လူငယ်၊ လူရွယ်အများစုမှ, သူတို့၏နေ့စဉ်သွားလာလှုပ်ရှားနေရသည့်အချိန်တိုင်း အကြောက်တရားများ လွှမ်းမိုးလာခဲ့ပြီး ယခင်က ကောလဟာလဆို ချင့်ချိန်တတ်သည့် လူမျိုးများသည်ပင် ဟုတ်လိမ့်နိုးနိုးဆိုကာ နားစွင့်တတ်လာကြသည်ဟု ဆိုကြသည်။
နေ့စဉ်ထွက်ပေါ်နေသည့် ကောလဟာလများမှာ အမှန်တကယ်ဖြစ်နိုင်ခြေနှင့် ထုတ်ပြန်လာသည့် ထုတ်ပြန်ချက်များကိုပင် အသေးစိတ်လေ့လာနိုင်ခြင်းမရှိပါဘဲ၊ ထွက်ပေါ်သမျှ အကြောင်းအရာတိုင်းကို စိုးရိမ်ကာ လမ်းပျောက်နေသူများစွာရှိလာခဲ့သည်။
“သူတို့အတည်ပြုလည်း ချက်ချင်းဝင်ရနိုင်တာ မဟုတ်ပါဘူး။ လုပ်ငန်းစဉ်တွေရှိဦးမှာပါ။ နောက်တစ်ခုက သူတို့ခေါ်မယ့်လူဦးရေဆိုတာက ရပ်ကွက်တစ်ခုကိုမှ လူနှစ်ယောက်နှုန်းပဲခေါ် ယူနိုင်တာမျိုးပါ။ အရမ်းမစိုးရိမ်စေချင်ဘူး။ ကောလဟာလတွေကိုလည်း မယုံစေချင်ဘူး။ ကိုယ်လုပ်သင့်တာကို ဆက်ပြီးလုပ်နေဖို့ပါပဲ။ လမ်းမှားတွေကို မရွေးချယ်ကြပါနဲ့။” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။
၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ စစ်မှုထမ်းဥပဒေတွင် အကျုံးဝင်သည့် အမျိုးသား ၆ ဒသမ ၃ သန်း၊ အမျိုးသမီး ၇ ဒသမ ၇ သန်း၊ စုစုပေါင်း ၁၃ သန်းနီးပါးရှိကြောင်း။ အမျိုးသားခြောက်သန်းကျော်ထဲမှ တစ်နှစ်စာအတွက် တစ်ရာခိုင်နှုန်း၊ ခြောက်သောင်းနီးပါးလောက်အား ခေါ်ယူမှာဖြစ်ကာ ကျန်ရှိသူများကို အလှည့်ကျခေါ်ယူမည်ဖြစ်ကြောင်း နစကပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ လတ်တလောတွင် အမျိုးသမီးများအားခေါ်ယူရန် အစီအစဉ်မရှိသေးကြောင်း ၎င်းကဆက်လက် ပြောသည်။
ထိုသို့ ပြောဆိုသော်လည်း အမျိုးသားများအား မည်ကဲ့သို့ပုံစံမျိုးဖြင့်ခေါ်ယူမည်၊ အမျိုးသမီးများအား မည်သည့်ကာလတွင်မှခေါ်ယူမည်တို့ကို တိတိကျကျ ပြောဆိုခြင်းတော့ မရှိသေးပေ။
နိုင်ငံတဝန်း တိုက်ပွဲများပြင်းထန်နေချိန် ထိုဥပဒေအား ရုတ်တရက်ပြဋ္ဌာန်းလိုက်သည့်အတွက် စနစ်တကျဆောင်ရွက်မှုမရှိပါက တိုင်းပြည်အပေါ် ဝန်ထုတ်ဝန်ပိုးများ ဖြစ်ပေါ်လာနိုင်ကြောင်း စစ်ရေးလေ့လာသူတစ်ဦးက သုံးသပ်ပြောကြားသည်။
“လွန်ခဲ့တဲ့ ၁၄ နှစ်ထဲက ပြဋ္ဌာန်းထားတဲ့ဥပဒေကို အခုမှအကောင်အထည်ဖော်တာပါ။ သူတို့ ကြေညာချက်အရဆို ဒီဥပဒေက အသက်ဝင်ပြီ။ နောက်ဆက်တွဲတွေ ကြေညာမယ်လို့ပြောတယ်။ ဥပဒေအရဆို သူတို့ချက်ချင်းလုပ်လို့တော့မရသေးဘူး။ စာရင်းတွေကောက်ရဦးမယ်။ တစ်နှစ်စာအကျုံးဝင်တဲ့ စာရင်းထဲက ဘယ်အရွယ်ကိုအရင်ဆုံး စစ်မှုထမ်းခိုင်းမှာလဲ။ မဲနှိုက်ခိုင်းမှာလား။ နောက်ဆက်တွဲဆိုရင် တပ်သားသစ်တစ်ဦးစီအတွက် ယူနီဖောင်းကစလို့ စားနပ်ရိက္ခာ၊ နေထိုင်စရိတ်၊ သင်တန်းစရိတ်ကနေ လစာစားပေးဖို့အထိ ဒါတွေလည်း သူတို့အများကြီး စီစဉ်ရဦးမှာပေါ့။ စနစ်တကျစီစဉ်မှုမရှိရင် ပြည်သူဘဏ္ဍာတွေလေလွင့်ပြီး၊ စစ်စရိတ်ထောင်းလာတဲ့ဒုက္ခကို ပြည်သူပဲခံရမှာပေါ့။” ဟု စစ်ရေးလေ့လာသူတစ်ဦးက သုံးသပ်ပြောကြားသည်။
ထို့ပြင် ဖေဖော်ဝါရီ ၁၉ ရက်ကလည်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောာင်စီ RCSS က ရှမ်းပြည်နယ်အတွင်းနေထိုင်သူ အသက် ၁၈ နှစ်မှ ၄၅ နှစ်အရွယ်ရောက်ရှိသူ အမျိုး သား၊ အမျိုးသမီးအားလုံး စစ်မှုထမ်းရမည်ဟု ကြေညာခဲ့သကဲ့သို့ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင်လည်း ဒေသတွင်းလက်နက်ကိုင်အဖွဲ့များက အရပ်သားများအား စစ်သားစုဆောင်းမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း ဒေသတွင်းသတင်းများတွင် ဖော်ပြထားသည်။
ဂျူဂျူး၊ မောင်ဇော်
ယနေ့ခေတ်
အရပ်ရပ်နေလူငယ်များကို ထိတ်လန့်တုန်လှုပ်စေခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်