အပူလှိုင်းနှင့် ဆိုးရွားသည့် မီးပြတ်တောက်ခြင်းအောက်က ဘဝများ

ရန်ကုန်၊ မေ ၆

နံနက်ခင်းထွက်ပေါ်လာသည့် နေရောင်ခြည်သည် ခန္ဓာကိုယ်ကိုအထောက်အကူမပြုနိုင်တော့ဘဲ နေထွက်ချိန်မှ နေဝင်ချိန်အထိ ပြစ်ဒဏ်ခံစားနေရလိုဖြစ်လာသည့် ယနေ့မြန်မာပြည်သူများမှာ လျှပ်စစ်မီးမမှန်သည့် ဆိုးရွားလှသောပြဿနာကို ပူးတွဲခံစားလာကြရသည်။

နေ့အပူချိန်တိုးလာခြင်းနှင့် လျှပ်စစ်မီးပြတ်တောက်နေခြင်းကို အပြင်းထန်ဆုံးခံစားရသူများမှာ တိုက်ခန်းနေသူများဖြစ်ပြီး၊ မီးမရခြင်းနှင့် ရေပြတ်ခြင်းပြဿနာများကိုပါ ပူးတွဲခံစားနေရကြောင်း သိရသည်။

“ တိုက်ခန်းတွေက အခုချိန်မှာအဆင်မပြေဘူး။ မီးမှန်မှ အဲကွန်းရှိမှလေ။ အခုက မီးကလာတယ်ကိုမရှိဘူး။ မနက်မိုးလင်းထဲကပူတာ ည ၇ နာရီ၊ ၈ နာရီလောက်ထိကိုပူတာ။ မီးမမှန်တော့ ရေပါမတင်ရ၊ ရေပါမရတော့ဘူး။ တိုက်ခန်းက သုံးခန်းတွဲမို့လို့ အလယ်ခန်းလည်းဖြစ်တော့ အိမ်ရှေ့နဲ့နောက်ဖေးပဲ လေဝင်တာလေ။ မီးမလာရင်တော့ ငရဲပဲ။” ဟု ပန်းပဲတန်းမြို့နယ်တွင်နေထိုင်သူတစ်ဦးက ပြောသည်။

အချို့သော တိုက်ခန်းနေ အသက်ကြီးပိုင်းလူကြီးများမှာ အောက်ဆီဂျင်ပြတ်ခြင်း၊ အသက်ရှုကြပ်ခြင်းနှင့် ရောဂါအခံရှိသူများမှာ အပူဒါဏ်ကိုခံနိုင်ရည်မရှိပဲ ဆုံးပါးသွားခဲ့ရကြောင်း သိရသည်။

နေ့အပူချိန်သည် တစ်နေ့ထက်တစ်နေ့မြင့်တက်လာသည့်အလျှောက် အခြေခံလုပ်သား၊ နေ့စားလုပ်သားများမှာ အလုပ်ချိန်ပြောင်းလဲလာကြရကြောင်း ပြောပြကြသည်။

“ပူတာကတော့ဗျာ။ နေ့လည် ၁၁ နာရီနောက်ပိုင်း လူသိပ်မထွက်ကြတော့ဘူး။ ၂ နာရီ၊ ၃ နာရီလောက်အထိပဲ။ မနက်ဆို ၆ နာရီလောက်ထဲက ဆိုက်ကားထွက်ရတယ်။ ၁၁ နာရီဆို အရိပ်ရတဲ့နေရာမှာနား၊ မဟုတ် အိမ်ပြန်နား၊ အိမ်မပြန်ဖြစ်တာများပါတယ်။ သစ်ပင်အရိပ်တစ်ခုအောက် မှေးနေလိုက်တာပဲ။ အိမ်ကလဲပူတယ်လေ။ အလုပ်တွေက မကောင်းတော့ပါဘူးဗျာ။ ဆိုက်ကားနင်းရချိန်ကနည်း ဘေးတွဲတွေနဲ့လုဆွဲနေရတာ။ အခုက တစ်ပတ်တစ်ပတ် အုံနာကြေးမပြည့်နိုင်ဘူး။” ဟု အနှေးယာဉ်မောင်းသူတစ်ဦးက ပြောသည်။

အနှေးယာဥ်မောင်းသူများမှာ ရပ်ကွက်များအတွင်း ဘေးတွဲများပေါများလာခြင်းကြောင့် ယခင်ကထက် ဝင်ငွေနည်းပါးလာခဲ့ပြီး၊ နေ့အပူချိန်ကိုရှောင်ကာ မောင်းနှင်ရခြင်းကြောင့်လည်း တစ်နေ့တာငွေတစ်သောင်းရရှိရန်ပင် အလွန်ခက်ခဲသည်ဟု ဆိုကြသည်။

အလားတူ အငှားယာဥ်များမှာလည်း နေ့အပူချိန်တိုးလာသည်နှင့်အမျှ ကားထွက်ချိန်နည်းလာခဲ့ပြီး ညပိုင်းများတွင် လုယက်မှုများကို ​စိုးရိမ်ရသဖြင့် ည ၉ နာရီထက်နောက်ကျကာ ကားမဆွဲနိုင်ကြောင်း အငှားယာဥ်မောင်းအချို့က ဆိုသည်။

“ဦးတို့က CNG တွေလေ၊ တနေ့ကိုနှစ်ကြိမ် CNG ရဖို့တန်းစီရတယ်။ အဲ့မှာ အချိန်တစ်ခါကုန်တယ်။ နေ့လည် ၁၁ လောက်ဆို အရမ်းပူလာပြီ၊ ၁၁ ခွဲလောက်ကနေ ၂ နာရီလောက်ထိကားဆွဲလဲ လူမရှိဘူး။ အရမ်းပူတော့ မောင်းပြီးလည်းမသွားနိုင် အဲတော့နားရတယ်။ တခါတလေ အဲ့အချိန် CNG တန်းစီရတာပေါ့။ အခုက အုံနာကြေးတွေကလည်း သုံးသောင်းတောင်တောင်းလာပြီ။ အုံနာကြေးပဲ ရှာနေရတော့မှာ၊ မိသားစုကိုဈေးဖိုး ဘယ်လိုလုပ်မလဲ။” ဟု CNG အငှားယာဥ်မောင်းတစ်ဦးက ပြောသည်။

လက်ရှိတွင် CNG သုံးအငှားယာဥ်မောင်းများသာမက စက်သုံးဆီသုံး အငှားယာဥ်မောင်းများမှာလည်း ဆီဈေးမြင့်တက်နေခြင်းကြောင့် ကားပြေးဆွဲရာတွင် အလွန်ပင်အခက်အခဲရှိလာခဲ့သည်ဟု ဆိုကြသည်။

“ကားမောင်းနေတဲ့ အိမ်ကယောင်္ကျားကိုလည်း သနားပါတယ်။ ကိုယ်တွေလည်း မီးပြတ်တာတစ်မျိုး၊ ကုန်ဈေးနှုန်းတက်တာတစ်မျိုးနဲ့ အိမ်မှာနေပြီးစီမံပေးရတာ တကယ်ပင်ပန်းတယ်။ အပိုမကုန်အောင်ထိန်းလည်း မီးပျက်ရင် မီးသွေးဝယ်သုံးရတယ်။ မီးပြတ်ချိန်က များနေတာလေ။ တချို့ရက်တွေ ချက်မစားဘဲ ပဲပြုတ်နဲ့စားလိုက်တဲ့နေ့တွေရှိတယ်။ ဒါတောင် ပဲပြုတ်က ၁၀ ကျပ်သားကို ၁၀၀၀ ကျပ်နော်။” ဟု အရှေ့ဒဂုံမှအိမ်ရှင်မတစ်ဦးက ဆိုသည်။

နေ့အပူချိန်မြင့်တက်လာခြင်းမှာ ရန်ကုန်တိုင်းအတွင်း ၄၄ °C အထိရှိခဲ့ကာ၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၃၆°C မှ ၄၄°C အထိ နေ့အပူချိန်များမြင့်တက်လာခဲ့သည်။ ကချင်ပြည် နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့မှာ ၂၈°C နှင့် ၃၆°C ထိရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒဌာန၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

ပုံမှန်အပူချိန်ထက် များစွာပူပြင်းလာခြင်းကြောင့် အပူရှပ်သည့်ရောဂါ၊ ဦးနှောက်သွေးခဲ၊ ဦးနှောက်သွေးကြောပေါက်သည့်ရောဂါနှင့် လေဖြတ်၊ လေဖြန်းရောဂါများစွာ ဖြစ်လာကြ သည်ကို တွေ့မြင်ရသည်။

“ဆေးခန်းလာတဲ့လူနာတွေမှာ အပူရှပ်တာ၊ ဖျားတာ၊ ကလေးတွေဆို အဖျားကြီးတာ၊ ကိုယ်ပူချိန်များတာတွေဖြစ်တယ်။ ဒီအချိန်မှာ ရေခဲရှောင်တာ အကောင်းဆုံးပါ။ ရေချိုးချိန်ပြောင်းတာ၊ အစားအသောက်လည်း သတိထားရမယ်။ ဝမ်းပျက်ဝမ်းလျောလည်းဖြစ်ကြတယ်။ ဆီးချိုသွေးတိုးသမားတွေက ပိုသတိထားရမယ်။ ပူတာက အရမ်းပြင်းတော့ သွေး တိုးတာကနေ ဦးနှောက်သွေးကြောပြတ်တာ၊ ပေါက်တာတွေ၊ ဆီးချိုတက်တဲ့ လူနာတွေလည်းများတယ်။” ဟု အထွေထွေရောဂါကုဆရာဝန်တစ်ဦးက ဆိုသည်။

နေအပူဒဏ်ကိုကာကွယ်နိုင်ရန် သင့်တင့်ရုံအေးသည့် ရေတစ်ခွက်သောက်ပြီးမှသာ အပြင်ထွက်ပါ။ အပြင်မှပြန်လာလျှင်လည်း ရေခဲရေသောက်ခြင်း၊ ခြေလက်ဆေးခြင်း၊ မျက်နှာသစ်ခြင်း၊ ရေချိုးခြင်းများ မပြုလုပ်ကြရန်နှင့် ခေါင်းမူးခေါင်းချွေးပြန်ခြင်းဖြစ်ပါက သံပရာရည်မသောက်ကြရန် ကျန်းမာရေးဝန်ထမ်းများက သတိ​ပေးပြောကြားထားသည်။

“ရေခဲရေနဲ အဲ့ကွန်းကတော့ အထူးသတိထားတာပါ။ အထူးသဖြင့် ကားမောင်းနေတဲ့သူတွေ ဆိုက်ကားဆရာတွေ အထူးသတိထားသင့်တယ်။ ဆိုက်ကားဆရာတစ်ယောက်ဆို နေပူထဲလူပို့ပြီး ပြန်လာတော့ ရေခဲသောက်လိုက်တာ အသက်တောင်မမှီဘူး။” ဟု အထက်ပါဆရာဝန်က ဆက်လက်ပြောပြသည်။

နေ့အပူချိန်မြင့်တက်ခြင်းနှင့် ထပ်တူကျလာသည်မှာ လျှပ်စစ်မီးပြတ်တောက်ချိန် မြင့်မားလာခြင်းပင်ဖြစ်သည်။ အထည်ချုပ်လုပ်ငန်း အသေးစားများမှာလည်း လုပ်ငန်းအချို့ရပ်လိုက်ရသည်အထိရှိခဲ့ကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

အထည်ချုပ်လုပ်ငန်းများမှာ မော်တာစက်များကိုသာ အသုံးပြုရခြင်းကြောင့် လျှပ်စစ်မီးပြတ်ချိန်များလာလျှင် လုပ်ငန်းအတွက် အပိုကုန်ကျငွေများလာသဖြင့် ငွေကြေးရင်းနှီးနိုင်သူများကသာ မီးစက်ကြီးများဝယ်ကာ လုပ်ငန်းများဆက်လက်လုပ်ကိုင်နိုင်ကြသည်ဟု ဆိုသည်။

“အထည်ချုပ်ဆိုပေမဲ့ အော်ဒါယူပြီး စက်လေးငါးလုံးနဲ့ချုပ်တာလေ။ မီးကပြတ်တော့ အော်ဒါတွေကမမှီဘူး၊ တစ်ရက်၊ နှစ်ရက်ထဲဖြစ်တာမဟုတ်ဘူးလေ။ ပထမအော်ဒါကမမှီ၊ နောက်အော်ဒါမမှီဆိုတော့ ဝင်ငွေကမမှန်တော့ဘူး။ အဲ့မှာ ချုပ်သမားတွေကို ပိုက်ဆံမရှင်းနိုင်တော့ ထွက်ကုန်တာနဲ့။ ကိုယ်လဲမီးစက်ကြီးဝယ်ပြီး မလုပ်နိုင်ဘူးလေ။ ပိတ်လိုက်ရတာ တစ်လကျော်ပြီ။” ဟု တောင်ဒဂုံမှ အထည်ချုပ်လုပ်ငန်းလုပ်ကိုင်သူက ဆိုသည်။

လျှပ်စစ်မီးမှာ တနေ့လျှင်လေးနာရီလာ၊ လေးနာရီပျက်သည့်စနစ်မှ မီးပြတ်ချိန်ပိုမိုများပြားခဲ့သည်။ ထိုသို့ လျှပ်စစ်မီးမမှန်ခြင်းကြောင့် လျှပ်စစ်မီးကို အဓိကထားအသုံးပြုရသည့် လုပ်ငန်းအချို့မှာ ရပ်ဆိုင်းရမှုများရှိနေကြောင်း သိရသည်။

နေ့စဥ် စက်ဘီးနင်းနိုင်မှ မိသားစုဝမ်းရေးအဆင်ပြေသည့် Delivery ပို့ဆောင်သူများမှာလည်း အချိန်ပြောင်းလဲလုပ်ဆောင်လာကြပြီး၊ မဖြစ်မနေ အစားအသောက်ပို့သူသာ နေပူချိန်များမှာ ပို့ဆောင်ပေးနေရ​သည်ကို တွေ့ရသည်။

“ဒလီပို့သူများ နေ့ခင်း ၁၂ နှင့် ၄ ကြားခေတ္တနားသင့်ပါတယ်။ မှာယူသူများအနေနဲ့လည်း နေ့လည်စာကို ကြိုတင်မှာယူခြင်းဖြင့် rider လေးများ air con ထဲဝင်ထွက်၊ နေပူကြီးထဲနင်း၊ ရုံးအဆောက်အဦး air con ထဲဝင်လိုက်ပို့၊ တိုက်အမြင့်တက်ရတဲ့ကိစ္စများကို ကိုယ်ချင်းစာပေးစေလိုပါတယ်။” ဟု တာမွေမြို့နယ်မှ ပရဟိတလုပ်ဆောင်သူတစ်ဦးက ပြောသည်။

နေ့အပူချိန်မြင့်တက်နေခြင်းနှင့် လျှပ်စစ်မီးပြတ်တောက်ချိန်များလာခြင်းကြောင့် တိုက်ခန်းနေပြည်သူများမှာ အခက်အခဲများဖြစ်လာ​ပြီး လျှပ်စစ်မီးကိုအားကိုးကာ အလုပ်လုပ်ကိုင်နေရသူများမှာလည်း လုပ်ငန်းများပြောင်းလဲလုပ်ကိုင်ခြင်းနှင့် လုပ်ငန်းရပ်ဆိုင်းခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

နေရောင်အောက်တွင် မဖြစ်မနေဝမ်းရေးရှာဖွေနေရသည့်ပြည်သူများမှာ ကျန်းမာရေးထိခိုက်မှုများရှိနေပြီး ယခုလပိုင်းအတွင်း နေ့အပူချိန်မြင့်တက်နေခြင်းကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နေ့စဥ် ၃ ဦးထက်မနည်း သေဆုံးလျက်ရှိကြောင်း ပရဟိတအသင်းများ၏ ထုတ်ပြန်ထားချက်များအရ သိရသည်။

ဂျူဂျူး

ယနေ့ခေတ်

Photo: AFP, ယနေ့ခေတ်

အပူလှိုင်းနှင့် ဆိုးရွားသည့် မီးပြတ်တောက်ခြင်းအောက်က ဘဝများ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.