အတက်အကျ ခပ်ကြမ်းကြမ်းနှင့် လှုပ်ခတ်နေဆဲ ရွှေနှင့် ဒေါ်လာစျေးကွက်

မောင်ဇော်

ယခုနှစ်အတွင်း ဇန်နဝါရီလမှ ဇူလိုင်လလယ်ပိုင်းအထိ ပြည်တွင်းရွှေစျေးနှုန်းမှာ အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ်သိန်း ၃၀ ဝန်းကျင်၊ ဒေါ်လာငွေလဲလှယ်နှုန်းမှာ အမေရိကန် တစ်ဒေါ်လာလျှင် ၃၀၀၀ ကျပ်ဝန်းကျင်ဖြင့် သိသိသာသာစျေးမြင့်တက်ခြင်း (သို့မဟုတ်) စျေးကျဆင်းခြင်းမရှိဘဲ တည်ငြိမ်နေသည့် အနေအထားတွင် ရှိနေခဲ့သည်။

ထိုသို့ ရှိနေရာမှ ပြီးခဲ့သည့်ဇူလိုင်လ ၂၃ ရက်က ဗဟိုဘဏ်မှ ကျပ်နှစ်သောင်းတန် ထုတ်ဝေမည်ဆိုသည့် သတင်းကြောင့် ရွှေနှင့် ဒေါ်လာစျေးကွက်အတွင်း လှုပ်ခတ်မှုများစွာ ဖြစ် ပေါ်ခဲ့သည်။ ထိုသတင်းကြောင့် လူထုအကြား ကျပ်ငွေတန်ဖိုး ကျဆင်းသွားနိုင်ကြောင်း ကောလာဟလများ ဖြစ်ပေါ်ခဲ့ကာ ထိုရက်ပိုင်းအတွင်း၌ စျေးနှုန်းတွက်ချက်၍မရသော ကြောင့်ဆိုကာ ရန်ကုန်မြို့ရှိ ရွှေဆိုင်များမှာ အရောင်းအဝယ်မလုပ်ဘဲ ဆိုင်ပိတ်သိမ်းထားခြင်းနှင့် ဒေါ်လာငွေဝယ်ယူ၍မရသည့် အခက်အခဲများ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ အခြေအနေများကြောင့် ဗဟိုဘဏ်တာဝန်ရှိသူများက ကျပ်နှစ်သောင်းတန်မှာ အထိမ်းအမှတ်အနေဖြင့် ထုတ်ဝေခြင်းဖြစ်ပြီး အကန့်အသတ်ဖြင့်သာ ဖြန့်ဝေမည်ဖြစ် ကြောင်း ပြန်လည်ရှင်းလင်းပြောကြားခဲ့ရသည်။ ထိုသို့ရှင်းလင်း ပြောကြားခဲ့သော်လည်း ရွှေနှင့်ဒေါ်လာစျေးနှုန်းများမှာ တည်ငြိမ်မှုမရှိခဲ့ဘဲ စျေးနှုန်းတရိပ်ရိပ် ဆက်လက်မြင့်တက် ခဲ့သည်။

ထိုရက်ပိုင်းအတွင်း အရောင်းအဝယ်မရှိသလောက် ဖြစ်ပေါ်ခဲ့သည့် ရွှေနှင့် ဒေါ် လာစျေးကွက်မှာ ဩဂုတ်လအတွင်း၌ တရှိန်ထိုးစျေးမြင့်တက်လာခဲ့သည်။ ကျပ်နှစ်သောင်းတန် ထုတ်ဝေမည်ဟု မကြေညာခင် ဇူလိုင် ၂၂ ရက်၊ ညနေက အခေါက်ရွှေ တစ်ကျပ်သားလျှင် ၃၂ သိန်းဝန်းကျင်၊ အမေရိကန် တစ်ဒေါ်လာ လျှင် ၃၁၀၀ ကျပ်ဝန်းကျင်သာရှိခဲ့သည့် စျေး နှုန်းများမှာ ဩဂုတ် ၁ ရက်နေ့ စျေးကွက်ဖွင့်ချိန်၌ အခေါက်ရွှေ တစ်ကျပ်သား ၃၆ သိန်းဝန်းကျင်၊ အမေရိကန်တစ် ဒေါ်လာလျှင် ၃၅၀၀ ကျပ်ဝန်းကျင်အထိ ရောက်ရှိလာခဲ့သည်။ ထို့အပြင် အခြားနိုင်ငံခြားငွေကြေးများဖြစ်သည့် ထိုင်းဘတ်ငွေ၊ စင်င်္ကာပူဒေါ်လာငွေ၊ တရုတ်ယွမ်ငွေနှင့် ဂျပန်ယန်းငွေတို့မှာလည်း စျေးနှုန်းများ အသီးသီးလိုက်ပါမြင့်တက်လာခဲ့ သည်။

“ ရက်ပိုင်းအတွင်း ဒေါ်လာစျေးကွက် ကမောက်ကမဖြစ်ပြီး ရွှေစျေးက သိန်းချီ မြင့်တက်သွားတာ။ အဲ့ဒီရက်တုန်းကဆို ရွှေဆိုင်တွေမှာ ရွှေအရောင်းကို ပိတ်ထားရပြီး အဝယ်ပဲလက် ခံတာ။ ဝယ်စျေးကလည်း ကျပ်သိန်း ၃၀ ကျော်လောက်စျေးနဲ့သာ ပြန်ဝယ်တော့ တကယ်တွက်ရင် ရောင်းတဲ့သူတွေ ရှုံးတာပေါ့။ ဒေါ်လာဆိုရင် အရောင်းအဝယ်လုပ်တဲ့သူတောင် မရှိဘူး” ဟု ထိုစဉ်က စျေးကွက်အခြေအနေကို ရန်ကုန်မြို့မှ ရွှေရောင်းဝယ်ရေး လုပ်ကိုင်နေသူ တစ်ဦးက ပြန်လည်ပြောပြသည်။

ဩဂုတ်လ ၁ ရက်နေ့မှ ဩဂုတ်လ ၁၁ ရက်နေ့အထိ ရွှေစျေးနှုန်းမှာ နေ့စဉ် ကျပ်သောင်းဂဏန်းခန့် တရိပ်ရိပ်မြင့်တက်လာသကဲ့သို့ အမေရိကန်ဒေါ်လာ စျေးနှုန်းမှာလည်း နေ့စဉ် ကျပ်ရာဂဏန်းခန့် ဆက်လက်မြင့်တက်လာခဲ့သည်။ ဩဂုတ် ၂၁ ရက် စျေးကွက်ဖွင့်ချိန်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သိန်း ၄၀ နီးပါးနှင့် အမေရိကန် တစ်ဒေါ်လာလျှင် ၄၀၀၀ ကျပ်နီးပါးအထိ စျေးနှုန်းမြင့်တက်ခဲ့ကာ ထိုစျေးနှုန်းများမှာ စံချိန်သစ်တင်သည်အထိ အမြင့်ဆုံးရောက်ရှိခဲ့သော စျေးနှုန်းများလည်းဖြစ်သည်။

“ ဩဂုတ် ၂၁ ရက် နေ့လည်ကဆို ရွှေတစ်ကျပ်သား ၃၉ သိန်း ၇ သောင်းနဲ့ တစ်ဒေါ်လာကို ၃၉၅၅ ကျပ်အထိကို အံ့မခန်းစျေးနှုန်းအဖြစ် ရောက်သွားတာ။ အဲ့ဒီစျေးတွေက ရွှေနဲ့ ဒေါ်လာရောင်းဝယ်ရေးစျေးကွက်မှာ သမိုင်းတလျှောက် အမြင့်ဆုံးစျေးနှုန်းတွေလို့ သတ်မှတ်လို့ရတယ်။” ဟု လသာမြို့နယ်တွင် ရွှေဆိုင်ဖွင့်လှစ်ထားသူတစ်ဦးက ပြောပြသည်။

ထိုသို့ စျေးနှုန်းများ အဆမတန်မြင့်တက်မှုကြောင့် ရန်ကုန်မြို့ရှိ ရွှေဆိုင်များတွင် အခေါက်ရွှေနှင့် ရွှေတုံး ရွှေခဲများရောင်းချမှု ရပ်ဆိုင်းခြင်း၊ ၁၅ ပဲရည် ရွှေထည်များကိုသာ ရောင်း ချခြင်းများရှိခဲ့ပြီး စျေးကွက်အတွင်း ရွှေဝယ်သူထက် ရွှေရောင်းချသူသာ များပြားခဲ့သည်။ အလားတူ ဒေါ်လာစျေးကွက်၌လည်း ရန်ကုန်မြို့ရှိ ငွေလဲကောင်တာအများစုမှာ အရောင်း အဝယ်မလုပ်ပဲ ဆိုင်ပိတ်သိမ်းထားကာ ပြင်ပစျေးကွက်၌လည်း ဝယ်ယူမည့်သူမရှိသလောက် အခြေအနေသို့ ရောက်ရှိခဲ့သည်။ အဆိုပါအခြေအနေများအပေါ် ရန်ကုန်တိုင်း ရွှေလုပ် ငန်းရှင်များအသင်းက စျေးကစားသူများကြောင့် ရွှေစျေးမြင့်တက်နေခြင်းဖြစ်ကာ ရွှေဆိုင်များအနေဖြင့် ဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းဖြင့်သာ ရောင်းချကြရန် စာထုတ်ပြန်၍ သတိပေးခဲ့သည်။

ထို့ပြင် ဗဟိုဘဏ်မှ ဒေါ်လာစျေးမြင့်တက်စေရန် ပြင်ပ၌ တရားမဝင် ရောင်းဝယ်နေသူများအား ဖမ်းဆီးအရေးယူမည်ဟု စာထုတ်ပြန် အသိပေးခဲ့ပြီး နိုင်ငံခြားငွေလဲလှယ်နှုန်းထား များ အလွန်အမင်းမြင့်တက်နေခြင်းနှင့် စပ်လျဉ်း၍ ဗဟိုဘဏ်ဥက္ကဌနှင့် ရန်ကုန်တိုင်း ကုန်သည်စက်မှုအသင်းချုပ်၊ ညီနောင်အသင်းအဖွဲ့မှ တာဝန်ရှိသူများ နေပြည်တော်၌ တွေ့ဆုံ ရာတွင် ကုန်သည်စက်မှုအသင်းချုပ်မှ တာဝန်ရှိသူက အချို့သွင်းကုန်လုပ်ငန်းရှင်များမှာ ဗဟိုဘဏ်မှ အစိုးရဈေးဖြင့်ရောင်းချသည့် ဒေါ်လာငွေများအားဝယ်ယူပြီး ပြင်ပပေါက်စျေး အတိုင်း ပြန်လည်ရောင်းချနေခြင်းများရှိကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထိုသို့ စျေးနှုန်းများ မြင့်တက်နေမှုကြောင့် ဩဂုတ်လကုန်ပိုင်းတွင် ဖမ်းဆီးအရေးယူမှုများ စတင်ခဲ့ပြီး ဩဂုတ် ၂၈ ရက်နေ့က ဖေ့ဘုတ်မှတစ်ဆင့် ဒေါ်လာရောင်းဝယ်နေသူတစ်ဦး အား ဖမ်းဆီးခဲ့ကြောင်း ဗဟိုဘဏ်မှ သတင်းထုတ်ပြန်ခဲ့သည်။ ထို့ပြင် ရွှေကုန်သည်အချို့အား စသုံးလုံးမှ ခေါ်ယူစစ်ဆေးမှုများရှိနေကြောင်း ရွှေလုပ်ငန်းရှင်များ အသိုင်းအဝိုင်းအ တွင်း အချင်းချင်းသတိပေးမှု ရှိလာခဲ့သည်။

ဖမ်းဆီးအရေးယူမှုများနှင့် ခေါ်ယူစစ်ဆေးခံရမှုတို့ကြောင့် ဩဂုတ် ၂၁ ရက်နေ့က အမြင့်ဆုံးအထိရောက်ရှိခဲ့သော ရွှေနှင့် ဒေါ်လာစျေးနှုန်းမှာ စက်တင်ဘာ ၁ ရက်နေ့ စျေးကွက်ဖွင့် ချိန်တွင် ပြန်လည်ကျဆင်းလာကာ အခေါက်ရွှေ တစ်ကျပ်သား ၃၈ သိန်းကျပ်ဝန်းကျင်နှင့် တစ်ဒေါ်လာလျှင် ၃၇၀၀ ကျပ်ဝန်းကျင်သို့ ရောက်ရှိလာခဲ့သည်။

ဖမ်းဆီးအရေးယူမှုများနှင့် ခေါ်ယူစစ်ဆေးခံရမှုတို့ကြောင့် ဩဂုတ် ၂၁ ရက်နေ့က အမြင့်ဆုံးအထိရောက်ရှိခဲ့သော ရွှေနှင့် ဒေါ်လာစျေးနှုန်းမှာ စက်တင်ဘာ ၁ ရက်နေ့ စျေးကွက်ဖွင့် ချိန်တွင် ပြန်လည်ကျဆင်းလာကာ အခေါက်ရွှေ တစ်ကျပ်သား ၃၈ သိန်းကျပ်ဝန်းကျင်နှင့် တစ်ဒေါ်လာလျှင် ၃၇၀၀ ကျပ်ဝန်းကျင်သို့ ရောက်ရှိလာခဲ့သည်။

“ ဖမ်းဆီးစစ်ဆေးတာတွေကြောင့်တင် မဟုတ်ဘူး။ စျေးကွက်ပျက်တဲ့သဘောပါ ဖြစ်သွားတာ။ မတန်တဆစျေးတွေဆိုတော့ ဘယ်သူမှ အရောင်းအဝယ် မလုပ်ကြတော့ဘူးလေ။ အဲ့ဒီတုန်းက ဒေါ်လာစျေးကွက်ဆိုရင် ပိုဆိုးတယ်။ ကြိုက်ရောင်းကြိုက်ဝယ်ဆိုသလို ဖြစ်သွားတာ။ အဲ့ဒီလိုဖြစ်တော့ ဒေါ်လာသွင်းပြီး ပြည်ပက စာမေးပွဲဖြေမယ့် ကျောင်းသားတွေ၊ ကျန်းမာရေးအတွက် ပြည်ပကို ဆေးသွားကုမယ့်သူတွေနဲ့ ဒေါ်လာငွေသွင်းပြီး အရောင်းအဝယ်လုပ်ရမယ့်သူတွေ တော်တော်ဒုက္ခရောက်ကုန်ကြတာ” ဟု ပြင်ပ၌ ဒေါ်လာငွေရောင်း ဝယ်ရေးလုပ်ကိုင်သူတစ်ဦးက ပြောပြသည်။

ရွှေနှင့် ဒေါ်လာစျေးကွက်အတွင်း ထိုသို့ စျေးနှုန်းများ ကမောက်ကမ အခြေအနေသို့ ရောက်ရှိနေစဉ် စက်တင်ဘာလ၏ ပထမရက်သတ္တပတ်အတွင်း ရွှေ၊ ဒေါ်လာစျေးကွက်အား စောင့်ကြည့်ထိန်းသိမ်းရန် နစကမှ ဖွဲ့စည်းထားသည့် နိုင်ငံခြားသုံးငွေ ကြီးကြပ်ရေးကော်မတီရှိ အဆင့်မြင့်အရာရှိကြီးအချို့ အပါအဝင် စီးပွားရေးလုပ်ငန်းရှင်များအား စစ်ဆေး လျက်ရှိနေကြောင်း အတည်မပြုနိုင်သည့်သတင်းများ ထွက်ပေါ်လာခဲ့သည်။

ထိုသတင်းများနှင့်အတူ ရွှေနှင့်ဒေါ်လာစျေးနှုန်းများလည်း အနည်းငယ် ပြန်လည်ကျဆင်းလာခဲ့ကာ စက်တင်ဘာ ၁၂ ရက်၊ ညနေက အခေါက်ရွှေ တစ်ကျပ်သားလျှင် ၃၅ သိန်း ၇ သောင်းကျပ်နှင့် အမေရိကန် တစ်ဒေါ်လာလျှင် ၃၅၀၀ ကျပ်ဝန်းကျင်သို့ ပြန်လည်ကျဆင်းလာခဲ့သည်။

“ တာဝန်ရှိသူတွေနဲ့ လုပ်ငန်းရှင်တွေကို စစ်ဆေးနေတယ်ဆိုတဲ့သတင်းတွေ အဆက်မပြတ်ထွက်လာပြီးတဲ့ နောက်မှာပဲ ရွှေစျေးနဲ့ ဒေါ်လာစျေးက နေ့စဉ်ဆိုသလို တအိအိနဲ့ကျဆင်း လာတော့တာပဲ” ဟု မန္တလေးမြို့မှ ရွှေကုန်သည်တစ်ဦးက စျေးကွက်အခြေအနေအားသုံးသပ်၍ ပြောပြသည်။

ထို့နောက် စက်တင်ဘာ ၁၈ ရက်နေ့က နိုင်ငံခြားသုံးငွေ ကြီးကြပ်ရေးကော်မတီ ဥက္ကဌအဖြစ် တာဝန်ယူထားသည့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၏နေရာအား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၏ ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် အပြောင်းအလဲပြုလုပ်ကြောင်း နစကမှ သတင်းထုတ်ပြန်ခဲ့သကဲ့သို့ စက်တင်ဘာ ၂၀ ရက်တွင် ဗဟိုဘဏ်က သတ်မှတ်ထားသောအမိန့်နှင့် ညွှန် ကြားချက်များအား လိုက်နာမှုမရှိသောကြောင့်ဆိုကာ နာမည်ကြီး ငွေလဲကောင်တာများအပါအဝင် ငွေလဲကောင်တာ ၁၂၃ ခုအား နိုင်ငံခြားသုံးငွေ ရောင်းချရန် ထုတ်ပေးထားသည့် လိုင်စင်များကို ရုတ်သိမ်းကြောင်း ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။

ထိုသို့ အခြေအနေများ ဖြစ်ပေါ်လျက်ရှိနေစဉ် စက်တင်ဘာ ၁၂ ရက်မှ စက်တင် ဘာ ၂၅ ရက်နေ့အထိ အခေါက်ရွှေ တစ်ကျပ်သားလျှင် ၃၅ သိန်းကျပ်ဝန်းကျင်နှင့် အမေရိကန် တစ် ဒေါ်လာလျှင် ၃၅၀၀ ကျပ်ဝန်းကျင်မှ စက်တင်ဘာ ၂၆ ရက်တွင် ရွှေတစ်ကျပ်သား ၃၄ သိန်းကျော်နှင့် တစ်ဒေါ်လာလျှင် ၃၃၀၀ ကျပ်ဝန်းကျင်အထိ ပြန်လည်ကျဆင်းလာခဲ့ပြီး ယခု ရက်ပိုင်းတွင် စျေးဆက်လက်ကျဆင်းလာကြောင်း ရွှေလုပ်ငန်းရှင်များ အသိုင်းအဝိုင်းမှ ပြောသည်။

“ နှစ်ခုစလုံးစျေးနှုန်း တရှိန်ထိုးပြန်ကျတာ။ တစ်ပတ်အတွင်းကို ရွှေဆိုကျပ်သိန်းဂဏန်းနဲ့ ဒေါ်လာဆို ကျပ်ရာဂဏန်းအထိ သိသိသာသာကိုပြန်ကျလာတာ။ အရင်လကထက်စာရင် တော့ ဒီရက်ပိုင်း အရောင်းအဝယ် နည်းနည်းပြန်ကောင်းလာတယ် ပြောရမယ်။” ဟု ရန်ကုန်မြို့၌ ရွှေဆိုင်ဖွင့်လှစ်ထားသူတစ်ဦးက ပြောသည်။

မြန်မာ့စီးပွားရေးစျေးကွက်တွင် ရွှေနှင့် ဒေါ်လာစျေးနှုန်းများမှာ အရေးပါသည့် အခန်းကဏ္ဍမှ ဦးဆောင်ပါဝင်လျက်ရှိသည်။ ပြည်သူများ နေ့စဉ်စားသုံးနေသာ အခြေခံစားသောက် ကုန်စည်များမှစ၍ အသုံးအဆောင်ပစ္စည်း၊ ဆေးဝါး၊ စက်သုံးဆီ စသည်တို့မှာ ဒေါ်လာငွေလဲလှယ်နှုန်းအပေါ် မူတည်၍ စျေးနှုန်းအတက်အကျ အမြဲလိုလိုရှိနေတတ်သည်။

အလားတူ ပြည်တွင်းရွှေစျေးနှုန်းမှာလည်း ကမ္ဘာ့ရွှေစျေး အတက်အကျနှင့် ဒေါ် လာငွေလဲလှယ်နှုန်းအပေါ် မူတည်၍ နေ့စဉ် စျေးနှုန်းအတက်အကျ ဖြစ်ပေါ် လေ့ရှိသည်။ ရွှေနှင့် ဒေါ်လာစျေးနှုန်းများ ယခင်လကထက် ယခုရက်ပိုင်းအတွင်း စျေးနှုန်းများတရှိန်ထိုး ပြန်လည်ကျဆင်းလာခဲ့သော်လည်း ၎င်းတို့စျေးမြင့်တက်စဉ်က လိုက်ပါ၍ စျေးနှုန်းမြင့်တက် ခဲ့သည့် အခြေခံစားသောက်ကုန်စည်များအပါအဝင် အထွေထွေကုန်စည်စျေးနှုန်းများမှာ ပြန်လည်ကျဆင်းမှုမရှိဘဲ ဆက်လက်မြင့်တက်နေသည်ဟု လူထုအကြား ငြီးတွားပြောဆိုမှု များလည်း ရှိနေသည်။

“ ရွှေနဲ့ဒေါ်လာစျေးက ကျနေတယ်ဆိုပေမဲ့ အရင်စျေးနှုန်းကို ပြန်မရောက်သေးဘူး။ အခုလက်ရှိ အခြေအနေနဲ့ဆိုရင် ရွှေတစ်ကျပ်သား ကျပ်သိန်း ၃၀ လောက်၊ တစ်ဒေါ်လာကို ၃၀၀၀ ကျပ်လောက်ကို ပြန်ရောက်ဖို့တော့ မျှော်လင့်ရတာပေါ့။ ဒီနှစ်ခု စျေးပြန်ကျလာပေမဲ့ ကုန်စျေးနှုန်းတွေ ပြန်မကျတော့ လူထုအကြား သိသိသာသာ အကျိုးသက်ရောက်မှု မရှိသလိုလည်း ဖြစ်နေတာ။ ပြီးခဲ့တဲ့နှစ်လကျော်လောက်က စျေးနှုန်းတွေကို ပြန်ရောက်လာမှ အားလုံးအတွက် အဆင်ပြေနိုင်မှာ။” ဟု ရန်ကုန်မြို့၊ လသာမြို့နယ်၌ ရွှေရောင်းဝယ် ရေးလုပ်ကိုင်နေသူတစ်ဦးက စျေးကွက်အခြေအနေအား သုံးသပ်ပြောကြားသည်။

မောင်ဇော်

#ယနေ့ခေတ်

အတက်အကျ ခပ်ကြမ်းကြမ်းနှင့် လှုပ်ခတ်နေဆဲ ရွှေနှင့် ဒေါ်လာစျေးကွက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.