ရန်ကုန်၊ ဒီဇင်ဘာ ၁၃
“တစ်နေ့တစ်နေ့စျေးလာလည်း ချက်ဖို့ပြုတ်ဖို့အတွက် သက်သာတာကိုတွေးရတယ်။ ရောချက်စားဖို့ ဘာရောရင်ကောင်းမလည်းလို့ဆိုပြီး။ ကြက်ဥက စျေးပြန်ကျသွားလို့ တော်သေးတယ်။ ကြက်ဥပဲ နေ့စဉ်စားဖို့တော့ အဆင်မပြေပြန်ဘူးလေ။ အခုက ဝက်သာဆို ဖြတ်လျှောက်ပြီးစျေးမေး ၃၅၀၀ ဆိုတော့ တစ်ဆယ်သားနဲ့လည်း မရဘူးလေ။ ကြက်သားကလည်း ၂၀ ဆယ်သားလောက်ရှိတဲ့ ပေါင်တစ်ခြမ်းကို ၂၅၀၀၊ ၃၀၀၀ ဆိုတော့ အတွေးအမျိုးမျိုးနဲ့ စျေးလာခဲ့ရတာ။” ဟု ရန်ကုန်မြို့၊ ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှ စျေးလာဝယ်သူ အိမ်ရှင်မတစ်ဦးက ပြောသည်။
ရန်ကုန်မြို့ရှိ အလယ်အလတ်တန်းစားမိသားစုများနှင့် အောက်ခြေမိသားစုတို့နေထိုင်ရာ ရပ်ကွက်ဈေးတစ်ခုတွင် နံနက် ၆ နာရီခန့်က တွေဝေငေးမောရင်း စိတ်ကူးကိုယ်စီနှင့် ဈေးလမ်းတလျောက် ခေါက်တုံ့ခေါက်ပြန် လမ်းပျောက်နေကြသည့် အိမ်ရှင်မများကိုတွေ့ရသည်။
နေ့စဉ်ချက်ပြုတ်နေရသည့် အခြေခံစားသောက်ကုန်များ နေ့စဉ်နဲ့အမျှ စျေးနှုန်းမြင့်တက်လာနေပြီး၊ အားလူးတစ်ပိဿာ ၁၁,၀၀၀ ကျပ်၊ ၀က်သားတစ်ပိဿာလျှင် ၃၅,၀၀၀ ကျပ်၊ ကြက်သားတစ်ပိဿာ ၁၃,၀၀၀ ကျပ်နှင့် ငါးကြင်းဖြူတစ်ပိဿာ ၂၀,၀၀၀ ကျပ် စသည့်စျေးနှုန်းများမှာ အောက်ခြေလူတန်းစားများအတွက်တော့ ရွေးချယ်ရခက်ခဲနေမည်မှာ အမှန်ပင်ဖြစ်သည်။
၎င်းတို့အမှန်တကယ်ရင်ဆိုင်နေရသည်မှာ ကုန်ဈေးနှုန်းများကြီးမြင့်နေခြင်းထက် ဝင်ငွေ၊ ထွက်ငွေအချိုးအစား ကြီးကြီးမားမားခြားနားနေခြင်းသာဖြစ်သည်။
နေ့စားလုပ်အားခ တစ်ရက် ၇၂၀၀ ကျပ်ရရှိသည့် အထည်ချုပ်စက်ရုံမှ အလုပ်သမားတစ်ဦးသည် ကုန်းစျေးနှုန်းများမြင့်တက်လာသော်လည်း နေ့စားလုပ်ခမှာ တိုးမြင့်လာခြင်းမရှိသဖြင့် နေစရိတ်နှင့် စားစရိတ်များအတွက် အလျှင်မီရေးမှာ အခက်အခဲရှိလာနေကြောင်း သိရသည်။
“လှိုင်သာယာအထည်ချုပ်မှာ နေစဉ်ကြေးက မနက် ၈ နာရီကနေ ည ၈ နာရီအထိလုပ်ရင် ၇၂၀၀ ကျပ်ရတယ်။ အိုတီက တစ်ပတ်ကို တစ်ရက်အနည်းဆုံးဆင်းရတယ်။ အဲဒါက ည ၁၁ နာရီအထိ။ နေစရိတ်က တစ်ယောက်ထဲဆို အဆောင်ခက အနိမ့်ဆုံး ၄၅,၀၀၀ ခွဲရှိတယ်။ နှစ်ယောက်ဆိုရင် ၁၁၀,၀၀၀ ရှိတယ်။ ရွာလည်းမပြန်နိုင်၊ လူမှုရေးလည်းမသွားနိုင်ဘူး။ အခုက အစစအရာရာ စျေးကြီးနေတဲ့အချိန်ဆိုတော့ လောက်ငအောင်မနည်းသုံးရတယ်။” ဟု လှိုင်သာယာမြို့နယ်ရှိ အထည်ချုပ်စက်ရုံတစ်ခုမှ ဝန်ထမ်းတစ်ဦးက ပြောသည်။
မီးဖိုချောင်အတွင်း နေ့စဉ်ပါဝင်နေရသည့် အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ နေ့စဉ်မြင့်တက်နေရာ ယခင်လ များက ကြက်သွန်ဖြူတစ်ပိဿာ ၁၅၀၀၀ ကျပ်သာရှိခဲ့ရာမှ ယခုအခါ တစ်ပိဿာ ၂၅၀၀၀ ကျပ်အထိရောက်လာ ကာ၊ အာလူးတစ်ပိဿာ ၇၀၀၀ မှ ၁၂,၀၀၀ ကျပ်အထိရှိလာခဲ့ပြီး၊ ကြက်သွန်နီတစ်ပိဿာ ၃၀၀၀ မှ ၅၀၀၀ ကျပ်အ ထိမြင့်တက်လာခဲ့သည်။
“လက်ထဲ တစ်သောင်းတန်ကိုင်လာရင် ဘယ်ကဘာစဝယ်ရမှန်းမသိဘူး။ သေသေချာချာ တွက်ချက်ဝယ်ရတယ်။ ပါလာနဲ့လောက်အောင်ပေါ့။ မိသားစုလေးယောက်စာအတွက် ည၊ မနက်စဉ်းစားရတာမလွယ်ဘူး။ ဘဲဥဆို ၆၀၀၊ ၆၅၀ ဆိုတော့ ၅ လုံးတင် ၃၀၀၀ ကျော်နေပြီ။ အာလူးနဲ့ရောရအောင်ကလည်း အာလူးစျေးက မနည်းဘူး။ တစ်ဆယ်သားကို တစ်လုံးလောက်ရတာဆိုတော့ ချွေတာစားရတာ။ တစ်နေ့ ၁၀,၀၀၀ ဆိုတဲ့ဈေးဖိုးတစ်ခုထဲက ရတဲ့ဝင်ငွေနဲ့ မမျှဘူးဖြစ်နေတာပေါ့။” ဟု ဒဂုံဆိပ်ကမ်းမြို့နယ်နေ အိမ်ရှင်မတစ်ဦးက ပြော သည်။
ထိုကဲ့သို့ ကုန်စျေးနှုန်းများမြင့်လာခြင်းကြောင့် နေ့စဉ်အရောင်းအဝယ်ကိုပါ ထိခိုက်လာနေကြောင်း ကုန်ခြောက်ရောင်းသူတစ်ဦးက ပြောသည်။
“အရောင်အဝယ်တွေက အရင်လ၊ အရင်ရက်တွေလောက် မကောင်းပါဘူး။ တစ်နေ့ကို ပုံမှန်ဆိုတာတော့မရှိဘူး။ ကုန်ခြောက်မှမဟုတ်ဘူး အစစအရာရာ စျေးတက်နေချိန်ဆိုတော့ ဝယ်သူရော၊ ရောင်းသူပါ အဆင်မပြေဘူးပေါ့။” ဟု အထက်ပါဆိုင်ရှင်က ယနေ့ခေတ်သို့ ပြောသည်။
ကုန်ဈေးနှုန်းများမှာ တည်ငြိမ်ခြင်းမရှိဘဲ အနိမ့်အမြင့်အတက်အကျ အပြောင်းအလဲမြန်ဆန်ပြင်းထန်လွန်းခြင်းသည်လည်း အရောင်းအဝယ်ကို ထိခိုက်စေပြန်သည်။
ထို့အပြင် ရာသီဥတုဒဏ်၊ လမ်းပန်းဆက်သွယ်ရေး၊ အရပ်ရပ်ဂိတ်ကြေးများနှင့် လက်နက်ကိုင်ပဋိပက္ခများ၊ နယ်စပ်ကုန်သွယ်ရေး အခြေအနေများကလည်း အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းအတက်အကျကို အလှည့်အပြောင်းဖြစ်စေပြန်သည်။
“အခုဆို ကုန်စည်သယ်ယူပို့ဆောင်ရေးက တစ်ခြမ်းပဲ့နေသလိုဖြစ်နေတာ။ ရန်ကုန်ကနေ တောင်ကြီး၊ တောင်ကြီးကနေ ရန်ကုန်လောက်ပဲ သွားရတော့တယ်။ ပြီးတော့ လမ်းခရီးမှာလည်း ဂိတ်ကြေးကောက်တဲ့အဖွဲ့တွေက အများကြီးပဲ။ အရင်က သုံးလေးသောင်းကုန်တဲ့လမ်းကြေးက အခုဆို သိန်းချီပြီးပေးနေရတယ်။ အရင်က ရှမ်းပြည်တခွင် သွားလို့လာလို့ရတဲ့လမ်းက အများကြီးရှိနေတာ။ အခုတော့ ကလော၊ တောင်ကြီးလမ်းပိုင်းကနေ ပတ်သွားနေကြရတာ။”
“အခုဆို ကုန်စည်သယ်ယူပို့ဆောင်ရေးက တစ်ခြမ်းပဲ့နေသလိုဖြစ်နေတာ။ ရန်ကုန်ကနေ တောင်ကြီး၊ တောင်ကြီးကနေ ရန်ကုန်လောက်ပဲ သွားရတော့တယ်။ ပြီးတော့ လမ်းခရီးမှာလည်း ဂိတ်ကြေးကောက်တဲ့အဖွဲ့တွေက အများကြီးပဲ။ အရင်က သုံးလေးသောင်းကုန်တဲ့လမ်းကြေးက အခုဆို သိန်းချီပြီးပေးနေရတယ်။ အရင်က ရှမ်းပြည်တခွင် သွားလို့လာလို့ရတဲ့လမ်းက အများကြီးရှိနေတာ။ အခုတော့ ကလော၊ တောင်ကြီးလမ်းပိုင်းကနေ ပတ်သွားနေကြရတာ။” ဟု ရှမ်းပြည်တောင်ပိုင်းမှ ကုန်တင်ကားမောင်းသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ယခုရက်ပိုင်းအတွင်း လျှပ်စစ်မီးများပြတ်တောက်ချိန် များလာခြင်းသည်လည်း တနိုင်တပိုင်အိမ်တွင်းလုပ်ငန်းများအတွက် အခက်အခဲများဖြစ်ပေါ်စေသည်။ လျှပ်စစ်မီးအားကိုးဖြင့် မိသားစုစားဝတ်နေရေးအတွက် တပိုင်တနိုင်လုပ်ကိုင်နေရသော်လည်း လျှပ်စစ်မီးအတွက် စက်သုံးဆီကိုအားကိုးနေရခြင်းကြောင့် မိသားစုအသုံးစရိတ်ထဲမှ စက်သုံးဆီဖိုးကို ဖဲ့ယူအသုံးပြုနေရသည်မှာလည်း ဖြေရှင်းရခက်သည့် အခက်အခဲများပင်ဖြစ်တော့သည်။
“အခုရက်ပိုင်း မီးကတော်တော်ပျက်လာတယ်။ မီးနဲ့လုပ်ရတဲ့အလုပ်ဆိုတော့ အလုပ်အတွက်နှောင့်နှေးတယ်။ မီးပျက်တော့ အလုပ်ကအဆင်မပြေတာရှိတယ်။ မီးစက်နှိုးပြီး အလုပ် လုပ်ရပြန်တယ်။ မီးစက်နှိုးဖို့ဆို ဓာတ်ဆီကလည်းကုန်တာပေါ့။ ဓာတ်ဆီက အခုဆို ၄၀၀၀ ကျပ်နီးပါဖြစ်နေပြီ။ အလုပ်အတွက် တွက်ခြေသိပ်မကိုက်ဘူးပေါ့။ ယူသုံးနေရတာ။ မီးလာတဲ့အချိန်ကိုစောင့်ပီး အလုပ်လည်းလုပ်ရ၊ ထမင်းဟင်းလည်း ပြေးချက်ရနဲ့ အဆင်ပြေမနေပါဘူး။ မီးပျက်လို့ ဂစ်ဝယ်သုံးရတော့လည်း ဗူးသေးတစ်ဗူးကို ၁၄၀၀ ကျပ်၊ ထမင်းတစ်အိုးနဲ့ ဟင်းနှစ်အိုးလောက်ပဲ ခံတယ်။ မီးမမှန်တော့ အစစအရာရာတော့ အဆင်ပြေမနေပါဘူး။” ဟု အသေးစားလုပ်ငန်းရှင်တစ်ဦးက ယနေ့ခေတ်ကို ပြောသည်။
မြန်မာနိုင်ငံတွင် လာမည့် ၂၀၂၅ ခုနှစ်အတွက် စီးပွားရေးတိုးတက်မှုနှုန်းသည် အနုတ်လက္ခဏာပြနေကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံ စီးပွားရေးစောင့်ကြည့်အစီရင်ခံစာတွင် ဖော် ပြထားသည်။
“ မြန်မာနိုင်ငံရဲ့စီးပွားရေးပေါ်မှာ လက်တလော ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ သဘာဝဘေးအန္တရာယ်တွေနဲ့ နိုင်ငံရေးပဋိပက္ခအခြေအနေတွေဟာ ကြီးကြီးမားမားဖြစ်ပေါ်ခဲ့တာကြောင့် အိမ်ထောင်စုတွေဟာ ကုန်ဈေးနှုန်းတက်တဲ့ဒဏ်နဲ့ လုပ်သားဈေးကွက် အားနည်းမှုဒဏ်တွေကို ခါးစည်းခံနေရတယ်။ ဒါကြောင့် ပြည်သူတွေရဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အရေးတကြီးနဲ့ လျင်လျင်မြန်မြန် ပံ့ပိုးဆောင်ရွက်ပေးရမယ်။” ဟု ကမ္ဘာ့ဘဏ်၏ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး မာလင်ဒါဂွတ်ဒ်က ဆိုသည်။
#ချစ်ချစ်ခိုင်
ဓာတ်ပုံ- ချစ်ချစ်ခိုင်
#ယနေ့ခေတ်
အခြေခံစာသောက်ကုန်များ စျေးနှုန်းမြင့်တက်နေမှု့ကြောင့် အောက်ခြေမိသားစုများ အခက်တွေ့ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်