လင်းခေါင်
၂၀၁၅ ခုနှစ်မှ ၂၀၂၀ ခုနှစ် ကာလအပိုင်းအခြားအတွင်း အခြေအနေများအရ အစိုးရက အလုပ်သမားများအတွက် အနိမ့်ဆုံးလုပ်ခလစာတစ်ရပ်ကို ဥပဒေပြုပြဌာန်းခဲ့ပြီး အနိမ့်ဆုံး အခြေခံလုပ်ခလစာကို တစ်နေ့လျှင် မြန်မာငွေ ၄၈၀၀ ကျပ်နှုန်းဖြင့် ခံစားခွင့်ပြုခဲ့သည်။ ယင်းခုနှစ်အပိုင်းအခြားများအတွင်း ဖြစ်ပေါ်ခဲ့သည့် ကုန်ဈေးနှုန်းများအရ အဆိုပါလုပ်ခ လစာသည် အလုပ်သမားထုအတွက် သင့်တင့်လျောက်ပတ်သည့် လစာနှုန်းထားတစ်ရပ်ဖြစ်ခဲ့သည်ကို တွေ့ရသည်။ အဆိုပါကာလအပိုင်းအခြားအတွင်း ကုန်ဈေးနှုန်းသည် ယခု ကြုံတွေ့နေရသည့် ကုန်ဈေးနှုန်းများထက် သက်သာလျော့နည်းခဲ့သဖြင့် အခြေခံအလုပ်သမားထုအတွက် ပြေလည်မှုတစ်ခုဖြစ်ခဲ့သည်။
အခြေခံလုပ်ခလစာနှင့် ကုန်ဈေးနှုန်းသည် တိုက်ရိုက်အားဖြင့် အချိုးကျသည်ကို တွေ့ရသည်။ ကုန်ဈေးနှုန်းမြင့်တက်သော်လည်း အခြေခံလုပ်ခလစာမြင့်တက်နေလျှင် ဝင်ငွေနှင့် ထွက်ငွေ ကွာဟချက်ကြီးကြီးမားမားမရှိသော်လည်း ကုန်းဈေးနှုန်းမြင့်တက်ပြီး အခြေခံလုပ်ခလစာလျော့နည်းလျှင်မူ အဆိုပါလုပ်ခလစာဖြင့် ရပ်တည်ရှင်သန်နေရသည့် အလုပ် သမားထုအတွက် ကြီးမားသောအကြပ်ရိုက်မှုကို ဖြစ်ပေါ်စေပါသည်။
“ ပြီးခဲ့တဲ့ နှစ်တွေမှာ တစ်နေ့လုပ်ခ ၄၈၀၀ ကျပ်ရခဲ့ပေမယ့် အသက်ရှုချောင်တယ်လို့ ပြောလို့ရပါတယ်။ အဲ့အချိန်က ဆန်ကြမ်းတစ်ပြည်မှ ၁၅၀၀ နဲ့ ၂၀၀၀ ကျပ်ကြားပဲရှိခဲ့ပါတယ်။ စာအုန်းဆီဈေး၊ အခြေခံစားသောက်ကုန်ဈေးနဲ့ ကုန်စိမ်းဈေးတွေက အခုလောက် မိုးထိုးမနေခဲ့ပါဘူး။ အဲ့တော့ ရတဲ့လစာလေးတွေက မိသားစုစားဝတ်နေရေးအတွက် အရမ်းမခက် ခဲဘူးပေါ့ဗျာ။ ကျွန်တော်တို့မှာဆို မိသားစုဝင်ငါးယောက်ရှိပါတယ်။ မိန်းမနဲ့ သမီးနှစ်ယောက်က အထည်ချုပ်စက်ရုံမှာလုပ်ကြပါတယ်။ ကျွန်တော်က မိန်းမလုပ်တဲ့စက်ရုံမှာပဲ လုံခြုံ ရေးလုပ်တယ်။ အငယ်ဆုံးသားလေးကိုတော့ ပညာတက်ကြီးဖြစ်ပြီး အလုပ်ကောင်းကောင်းလေးနဲ့ ကျွန်တော်တို့လို ခက်ခက်ခဲခဲမရုန်းကန်ရအောင် ကျောင်းလေးထားပေးထားတာ ပေါ့ဗျာ။ မိသားစုစည်းစည်းလုံးလုံးနဲ့ လုပ်ကြကိုင်ကြ စားကြသောက်ကြဆိုတော့ အကြွေးကင်းပြီး ဝမ်းရေးအတွက်တော့ ပူမနေရဘူးပေါ့ဗျာ။ ခုတော့ ကျောင်းထားဖို့မပြောနဲ့ သူ့ တစ်ယောက်စာ ကျွေးထားဖို့တောင် အနိုင်နိုင်ဖြစ်နေပြီ။ အဆင်မပြေရင် ခြောက်တန်းနဲ့ ထွက်ခိုင်းရမှာပဲ။ သားလေးကို ပညာတတ်ကြီးဖြစ်စေချင်တဲ့ အိပ်မက်ကတော့ ဖြစ်လာနိုင် မယ် မထင်တော့ပါဘူး။ သူ့လည်း ရရာအလုပ် ထွက်လုပ်ခိုင်းရတော့မှာပဲ” ဟု လှိုင်သာယာမြို့နယ်တွင်နေထိုင်သည့် မိသားစုတစ်စု၏ အိမ်ထောင်ဦးစီးဖြစ်သူက ပြောကြားသည်။
အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၌ နှစ်နှစ်ကျော်ကာလအတွင်း အပြောင်းအလဲများနှင့် နိုင်ငံရေးအကြပ်အတည်းများကြောင့် အ လုပ်လက်မဲ့ဦးရေ ၁.၅ သန်းထက်မနည်းရှိလာခဲ့ပြီး အလုပ်သမားအသစ်များသည်လည်း အလုပ်အကိုင်ရရှိရန် စိန်ခေါ်မှုများရှိနေကြောင်း သိရသည်။ ထို့အပြင် မြန်မာနိုင်ငံအတွင်းရှိ အလုပ်သမားအများစုသည် ထိုက်သင့်သည့် လုပ်ခလစာနှုန်းထားတစ်ရပ်ကို မရမရှိဘဲ မတရားသဖြင့် ခေါင်းပုံဖြတ် ဖိအားပေးခိုင်းစေခံနေရသည့် အခြေအနေများနှင့် ရင်ဆိုင်နေကြ ရကြောင်း ILO မှ ထုတ်ပြန်ခဲ့သည့် စာတမ်းများနှင့် အချက်အလက်များအရ သိရသည်။
နိုင်ငံရေးအပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်းတွင် ကုန်ဈေးနှုန်းများမှာ ထိန်းချုပ်ရန် ခက်ခဲလာသည်ကို တွေ့ရသည်။ ကုန်ဈေးနှုန်းများ တစ်နေ့တစ်ခြား မြင့်တက်နေခဲ့သော် လည်း အလုပ်သမားများအတွက် အခြေခံလုပ်ခလစာမှာ ယခင်အတိုင်း ၄၈၀၀ ကျပ်မှ ပြောင်းလဲခြင်းမရှိသည်ကို တွေ့ရသည်။ ခေတ်ကာလအခြေအနေများအရ လုပ်ခလစာတိုး မြှင့်ပေးမည့် အချိန်အပိုင်းအခြားတစ်ခုအား အခြေခံအလုပ်သမားများ စောင့်ဆိုင်းခဲ့ကြသော်လည်း အလုပ်ရှင်များဘက်မှ အကြောင်းပြချက်ပေါင်းစုံဖြင့် ငြင်းဆန်မှုများ ပြုလုပ်ခဲ့ ကြသည်။ အဆိုးဆုံးမှာ အစိုးရမှ တရားဝင်လုပ်ခနှုန်းထားအသစ် သတ်မှတ်ခြင်းမရှိသဖြင့်ဟူသော အကြောင်းပြချက်ဖြင့် လုပ်ခလစာနှုန်းထား တိုးမြှင့်မပေးခြင်းပင်ဖြစ်သည်။
အစိုးရမှ တရားဝင်လုပ်ခနှုန်းထားအသစ် သတ်မှတ်ခြင်းမရှိသဖြင့် စက်ရုံအများစုတွင် ပိုင်ရှင်များက လုပ်ခလစာ တိုးမြှင့်ပေးရန် ငြင်းဆန်လျက်ရှိကြောင်း အလုပ်သမားအရေး ကူ ညီဆောင်ရွက်ပေးနေသည့်အဖွဲ့ထံမှ သိရသည်။ အခြေခံအလုပ်သမားများ အများဆုံးလုပ်ကိုင်နေသည့် အထည်ချုပ်လုပ်ငန်းများအပါအဝင် စက်ရုံအများစုတွင် လုပ်ငန်းရှင်များက အလုပ်သမားများကို တစ်ရက်လုပ်ခ မြန်မာငွေ ၄၈၀၀ ကျပ်နှုန်းထားအတိုင်းသာ ဆက်လက်ပေးချေလျက်ရှိပြီး လက်ရှိခေတ်အခြေအနေအရ ကုန်ဈေးနှုန်းများ မြင့်တက်လျက်ရှိ နေချိန်တွင် လုပ်ခလစာတိုး မြှင့်ပေးခြင်းမရှိသည့်အပေါ် စက်ရုံအလုပ်သမားများမှ တောင်းဆိုမှုများရှိလာခဲ့သည်။ အချို့သောစက်ရုံများတွင် တစ်ရက်လုပ်ခ ၄၈၀၀ ကျပ်ထက်ပင် လျော့နည်းစွာ ပေးချေမှုများလည်း ရှိခဲ့သည်။
“ လစာလေးတိုးပေးဖို့ပြောလိုက်ရင်ကို အလုပ်ထွက်ဆိုတာက တွဲရက်ပါလာပါတယ်။ မကျေနပ်ရင်ထွက်သွား ငါ တို့ပေးတဲ့အဖိုးအခနဲ့ လုပ်နိုင်ရင်လုပ်ဆိုတဲ့ သဘောမျိုးပါ။ “ ငကန်း သေရင် ငဆွေပေါ်လိမ့်မယ်” ဆိုတဲ့ အခြေအနေနဲ့ ရင်ဆိုင်ကြရတော့ အလုပ်သမားတွေလည်း ရှိရင်းစွဲလေး ပျောက်ပျက်သွားမှာစိုးတာနဲ့ ကြိတ်မှတ်ခံနေကြရတာပါပဲ။ ကြွေးမြှီကင်း ကင်းနဲ့ ဝမ်းရေးအတွက် ချောင်လည်နေရင်ကို ကျေနပ်ပါတယ်။ ခုအခြေအနေက စက်ရုံအလုပ်သမားတွေကြည့်လိုက်ရင် အကြွေးနဲ့ကင်းတဲ့လူဆိုတာ မရှိသလောက်ပဲ။ မြို့စွန်မြို့ ဖျားတွေက အပေါင်ဆိုင်တွေလာကြည့်ရင် သိသာပါတယ်။ ကိုယ့်လုပ်အားကို ခေါင်းပုံဖြတ်ခံထားရတာလောက် ရင်နာတာမရှိဘူး” ဟု အလုပ်သမားတစ်ဦးက သူလက်ရှိကြုံတွေ့နေ ရသည့် အခြေအနေများနှင့်ပတ်သက်ပြီး ခံစားချက်ကို ရင်ဖွင့်သည်။
မြန်မာနိုင်ငံအတွင်း အလုပ်သမားများကို လုပ်အားခပေးချရမှုသည် အခြားသောပြည်ပနိုင်ငံများထက် ဈေးနှုန်းချို သာလျက်ရှိသည့်အတွက် အချို့သောလုပ်ငန်းရှင်များသည် လုပ် ငန်းချဲ့ထွင်မှုများပင် ပြုလုပ်လာကြပြီး အလုပ်သမားအသစ် ခေါ်ယူမှုများပင် ပြုလုပ်လျက်ရှိကြောင်း သိရသည်။
“ ကမ္ဘာပေါ်မှာ ဈေးအပေါဆုံးနဲ့ လူတွေကို ခိုင်းချင်သလိုခိုင်းလို့ရတဲ့ တိုင်းပြည်ဖြစ်နေပါတယ်။ ကုန်ဈေးနှုန်းတွေ မိုးထိုးတက်လည်း အရင် ၄၈၀၀ ကျပ်အတိုင်းပဲပေးနေသေးတဲ့ စက်ရုံတွေဒုနဲ့ ဒေးပါ။ ရှိရင်းစွဲအလုပ်လေးပျောက်သွားမှာစိုးလို့ အလုပ်သမားတွေ ကြိတ်မှိတ်ခံနေကြရတာ။ လုပ်ခတိုးမြှင့်ပေးဖို့တောင်းဆိုရင် အစိုးရက ပြင်ဆင်သတ်မှတ်ထား တာမရှိဘူး။ အဲ့တော့ မတိုးပေးနိုင်ဘူး။ မကျေနပ်ရင် တစ်ခြားအလုပ်ရှာလို့ပြောပြီး မတရားသဖြင့် ဖိနှိပ်ခိုင်းစေမှုတွေ အများကြီးရှိနေပါတယ်” ဟု အလုပ်သမားအရေး ကူညီ ဆောင်ရွက်ပေးနေသည့်အဖွဲ့တစ်ခု၏ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“ ကမ္ဘာပေါ်မှာ ဈေးအပေါဆုံးနဲ့ လူတွေကို ခိုင်းချင်သလိုခိုင်းလို့ရတဲ့ တိုင်းပြည်ဖြစ်နေပါတယ်။ ကုန်ဈေးနှုန်းတွေ မိုးထိုးတက်လည်း အရင် ၄၈၀၀ ကျပ်အတိုင်းပဲပေးနေသေးတဲ့ စက်ရုံတွေဒုနဲ့ ဒေးပါ။ ရှိရင်းစွဲအလုပ်လေးပျောက်သွားမှာစိုးလို့ အလုပ်သမားတွေ ကြိတ်မှိတ်ခံနေကြရတာ။ လုပ်ခတိုးမြှင့်ပေးဖို့တောင်းဆိုရင် အစိုးရက ပြင်ဆင်သတ်မှတ်ထား တာမရှိဘူး။ အဲ့တော့ မတိုးပေးနိုင်ဘူး။ မကျေနပ်ရင် တစ်ခြားအလုပ်ရှာလို့ပြောပြီး….”
ခေတ်ကာလနှင့်လျှော်ညီသော လုပ်ခလစာနှုန်းထားတစ်ရပ်ရရှိရေးဟူသည့် အလုပ်သမားများ၏ဆန္ဒသည် အမြင့်ဆုံးအခြေအနေတစ်ရပ်သို့ ရောက်ရှိလာခဲ့သည်။ ထိုအချိန်တွင် တစ်ရက်လုပ်ခလစာနှုန်းထား ၅၆၀၀ ကျပ်ရရှိရေးဟူသည့် လှုပ်ရှားမှုများသည်လည်း ပေါ်ပေါက်လာခဲ့သည်ကို တွေ့ရသည်။ အဆိုပါနှုန်းထားသည် အလုပ်သမားထု၏ဆန္ဒဟုတ်၊ မဟုတ်ဆိုသည့်အချက်မှာ အငြင်းပွားဖွယ်ရာ ကိစ္စတစ်ရပ်ဖြစ်လာခဲ့သည်ကို တွေ့မြင်လာရသည်။
ယခင်နှုန်းထား ၄၈၀၀ ကျပ်မှ ၅၆၀၀ ကျပ်သို့ ပြောင်းလဲတောင်းဆိုခြင်းသည် အလုပ်သမားများအတွက် ပြေလည်နိုင်စရာ နှုန်းထားတစ်ရပ်မဟုတ်သည်ကို တွေ့ရသည်။ ယခင်နှုန်း ထားတက် ငွေကျပ် ၈၀၀ ခန့်သာ တိုးမြင့်ရရှိမည်ဖြစ်ပြီး ခေတ်ကာလအခြေအနေများအရ ယင်းနှုန်းထားသည် အလုပ်သမားများအတွက် သင့်လျော်ခြင်းမရှိနိုင်ဟူသော ထင်မြင်ယူ ဆချက်များလည်း ပေါ်ထွက်လာခဲ့သည်။ အလုပ်သမားအရေးများတွင် လိုက်ပါကူညီဆောင်ရွက်ပေးလျက်ရှိသည့် အဖွဲ့အစည်းများကလည်း ၅၆၀၀ ကျပ်ဆိုသည့်နှုန်းထားကို ထောက်ခံမှုမရှိသည်ကို တွေ့ရသည်။ တစ်ဖက်မှ ကြည့်ပြန်လျှင်လည်း ၈၀၀ ကျပ်ဆိုသည့် ပမာဏကိုပင် အလုပ်သမားများတိုးမြှင့်ရရှိရန် ခက်ခဲလျက်ရှိသည်ကို တွေ့ရပြန်သည်။
“ အနိမ့်ဆုံး လုပ်ခလစာကို ၁၀,၀၀၀ ကျပ်ဖြစ်သင့်တယ်လို့ Mayday Statement မှာ တရားဝင်ထုတ်ပြန်ထားပါတယ်။ ၅၆၀၀ ကျပ်က အလုပ်သမားတွေအတွက် မသင့်လျော်တဲ့ ငွေကြေးဖြစ်တာမို့ တောင်းဆိုဖို့ဘယ်တုန်းကမှ မတိုက်တွန်းပါဘူး။ တောင်းမယ်ဆို ၁၀,၀၀၀ ကျပ်ဘဲ တောင်းခိုင်းမှာပါ။ အဲ့ဒီတော့ စက်ရုံတွင်းမှာ သမဂ္ဂလိုက်ဖွဲ့ထားတဲ့အဖွဲ့တွေက ဦးဆောင်ပြီးတောင်းနေကြတာမို့ ကိုယ်လုပ်တာကိုယ် ပွင့်ပွင့်လင်းလင်းပြောတောင်းတာ အကောင်းဆုံးပါ။ ဟိုအဖွဲ့လုပ်သလို၊ ဒီအဖွဲ့လုပ်သလို နောက်ကွယ်ကတပ်ဖျောက်ပြီး ဂျောက်မတွန်းပါနဲ့။ ဇုန်ထဲမှာ ဆန္ဒတွေလိုက်ပြတယ်။ မလုပ်ချင်မလုပ်နဲ့ လုပ်ရင် တာဝန်ခံ။ လုပ်တုန်းကလုပ်ပြီး တာဝန်ခံကာနီးကြမှ ဟိုလူ့ ဒီလူ့လွှဲမချပါနဲ့။ ၅၆၀၀ ကိုဆန္ဒရှိသပါ့ဆို လုပ်ကြပါ။ သို့သော် အားမပေးပါ။ မဖြစ်သင့်လို့။ အရမ်းနဲတယ်။ ခုက method နဲ့ပြနေကြတယ်။ သမဂ္ဂကို မက်လုံးပေးဖွဲ့ထားတယ်။ WCC နဲ့ညှိမယ်။ မရရင် ဆန္ဒပြမယ်။ brand ပါလာမယ်။ ကြိုတင်ဇာတ်တိုက်ထားတဲ့ တောင်းဆိုမှုမှာ ဦးဆောင်အဖွဲ့က နောက်ကွယ်ကကြိုးကိုင်မယ်။ ရှေ့မထွက်ဘူး။ Brand နဲ့တိုင်ပင်ထားတဲ့ ပမာဏတခုကို ရအောင်ဆွဲခေါ် မယ်။ ဒီနေရာမှာ တချို့၊ တချို့သောအလုပ်သမားတွေ စတေးခံရမယ်။ အဖြေက ဒါဘဲ။ တောင်မဲ့တောင်းတော့ ၁၀,၀၀၀ ရအောင်တောင်းကြပါ။ ဆန္ဒတွေထွက်ပြခိုင်းပြီး ၅,၆၀၀ ကတော့ မတန်ဘူး” ဟု အလုပ်သမားအရေးများတွင် ကူညီဆောင်ရွက်ပေးလျက်ရှိသည့်အဖွဲ့၏ တာဝန်ရှိသူတစ်ဦးမှ ပြောကြားသည်။
တစ်ရက်လျှင် အနိမ့်ဆုံးလုပ်ခလစာအဖြစ် ၅၆၀၀ ကျပ်သို့ တိုးမြှင့်တောင်းခံခြင်းနှင့်ပတ်သက်၍ စက်ရုံတွင်းသမဂ္ဂအချို့က စက်ရုံပိုင်ရှင်များနှင့် လက်ဝါးခြင်းရိုက်ကာ အလုပ်သ မားများအတွက် ရပ်တည်ပေးခြင်းမျိုးမဟုတ်သည့် တောင်းဆိုမှုဟု ပြောဆိုကြသည်။ ၈၀၀ ကျပ်သည် အသက်ရှုချောင်စေမည့် နှုန်းထားတစ်ရပ်မဟုတ်ဟု အလုပ်သမားများက ယုံ ကြည်နေကြသည်။။ အလုပ်သမားအများစုသည် ၅၆၀၀ ကျပ်ဆိုသည့်ပမာဏထက် လက်ရှိရင်ဆိုင်နေကြရသည့် စားဝတ်နေရေးကြပ်တည်းမှု အခက်အခဲများ ပြေလည်သွားစေနိုင် မည့် နှုန်းထားတစ်ရပ် တိုးမြှင့်ရရှိရန်သာ ဆန္ဒရှိကြောင်း သိရသည်။
“ ဘတ်စ်ကားခတောင် ၃၀၀ ဖြစ်နေပြီ။ အသွားအပြန်ဆို ၆၀၀ ကျပါတယ်။ အဲ့တာကို ၈၀၀ လေးတိုးပေးလိုက်လို့ ဘာမှအဆင်ပြေသွားနိုင်စရာမရှိပါဘူး။ အဲ့လောက်လေးတောင် ကိုယ်ချင်းမစာဘဲ ညစ်နေတဲ့ ပိုင်ရှင်တွေကရှိပါသေးတယ်။ ကျွန်တော်ကတော့ ၅၆၀၀ ဆိုတဲ့တောင်းဆိုမှုက ဘယ်ကနေစတယ်ဆိုတာ မသိပါဘူး။ တော်တော်များများလည်း ကျွန် တော့်အတိုင်းပါပဲ။ ကျွန်တော်တို့စက်ရုံမှာတော့ သမဂ္ဂဆိုတဲ့လူတွေက ၅၆၀၀ တောင်းကြမယ်။ ဒီပမာဏအတိုင်း အကုန်တောင်းဆိုကြပါဆိုတာက စပါတယ်။ စက်ရုံအလုပ်သမား တွေဆိုတာကလည်း ပညာတတ်ကြီးတွေ မဟုတ်ကြတော့ သူများ ၅၆၀၀ ဆို အကုန် ၅၆၀၀ ဖြစ်သွားကြတာပါပဲ။ ဒီပမာဏက ခုကြုံတွေ့နေရတဲ့ ကျွန်တော်တို့ရဲ့ အခက်အခဲတွေကို ပြေလည်သွားနိုင်စရာမရှိပါဘူး။ ကုန်ဈေးနှုန်းအခြေအနေအရ ၅၆၀၀ ထက်ပိုပြီး လျှော်ညီတဲ့ နှုန်းထားတစ်ရပ်ဖြစ်စေချင်ပါတယ်။ ဒီအတိုင်းပဲဆိုရင်တော့ ရွာပြန်တာကမှ ထမင်း နပ်မှန်နိုင်ပါဦးမယ်။ ဟိုလူက တောင်းဆိုတာ၊ ဒီအဖွဲ့က တောင်းဆိုတာတွေထက် အလုပ်သမားတွေကိုယ်တိုင်ပဲသိတဲ့၊ အခက်အခဲတွေက ပြေလည်သွားစေနိုင်မယ့် နှုန်းထားတစ် ရပ်ကို တောင်းဆိုပေးကြတာမျိုးပဲ ဖြစ်စေချင်ပါတယ်” ဟု လှိုင်သာမြိုနယ်အတွင်းရှိ ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်သည့်စက်ရုံ၌ လုပ်ကိုင်လျက်ရှိသည့် အလုပ်သ မားတစ်ဦးက ပြောသည်။
တစ်ရက်လုပ်ခ ၅၆၀၀ ကျပ် တိုးမြှင့်တောင်းဆိုခြင်းနှင့်ပတ်သက်၍ စက်ရုံများအတွင်း တည်ထောင်ထားသည့် အလုပ်သမားသမဂ္ဂများထံ ဆက်သွယ်မေးမြန်းရာ။ ၎င်းတို့က အ လုပ်သမားထုကိုယ်စား ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ကာ ထိုက်သင့်သည်ဟုယူဆသဖြင့် ၅၆၀၀ ကျပ်အား သတ်မှတ်တောင်းဆိုကြခြင်းဖြစ်သည်ဟု ဆိုကြသည်။ မည်သို့မည်ပုံ ဆွေးနွေးညှိနှိုင်းကြသည်ဆိုသည့်အချက်ကို ထုတ်ဖော်ပြောကြားခဲ့ခြင်းတော့ မရှိ။
ယခုကဲ့သို့သော အခြေအနေတွင် အလုပ်သမားသမဂ္ဂများသည် အလုပ်သမားထုကိုယ်စား ရပ်တည်ဖြေရှင်းကြရာတွင် အလုပ်သမားထုတစ်ရပ်လုံး ပြေလည်ရေးကိုသာ ဦးတည် သွားမည်ဟူသော အသုံးအနှုန်းများကိုသာ ထပ်ခါတစ်လဲလဲ ပြောကြားခဲ့သည်။ ၎င်းတို့၏ တောင်းဆိုမှုသည် သင့်လျော်မှုရှိကြောင်း ပြောကြားခဲ့ပြီး မည်သည့်အချက်များအရ တောင်းဆိုရခြင်းဖြစ်သည်ဆိုသည့်အချက်အား ၎င်းတို့ထံမှ ရေရေရာရာ မသိရှိခဲ့ရပေ။ မည့်သည့်အချက်များအရ သင့်လျော်မှုရှိသည်ဟူသောအဖြေကို မရရှိခဲ့ပေ။
“ ကျွန်တော်တို့သမဂ္ဂက အလုပ်သမားထုတစ်ရပ်လုံး ပြေလည်ရေးကိုပဲ ဦးတည်တိုက်ပွဲဝင်သွားမယ်။ အခုလည်း ၅,၆၀၀ တောင်းတယ်ဆိုတာက ထိုက်သင့်တယ်ထင်လို့ ဆွေးနွေး တိုင်ပင်တာတွေလုပ်ပြီး တောင်းဆိုခဲ့တာဖြစ်ပါတယ်။ ဒီတောင်းဆိုမှုကို အကောင်အထည်ဖော်နိုင်တဲ့အထိ မရပ်မနားတောင်းဆိုသွားမှာပါ” ဟု သမဂ္ဂတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အခြေခံအလုပ်သမားများ၏ အခက်အခဲများသည် လစာတိုးမြှင့်ရုံဖြင့် ပြေလည်သွားနိုင်သည့် အခြေအနေတွင်ရှိမနေဘဲ ကုန်ဈေးနှုန်းထိန်းချုပ်ရန်ပါ လိုအပ်သည့် အခြေအနေဖြစ် လာသည်။ ယခုအတိုင်းဆက်သွားလျှင် အလုပ်သမားအများစု ဒုက္ခနွံ့ထဲမှ ရုန်းထွက်နိုင်ရန် မလွယ်ကူသည့် အခြေအနေရောက်သွားနိုင်သည်။ ၅,၆၀၀ ကျပ်ရရှိခဲ့လျှင်ပင် တစ်နေ့တ ခြားမြင့်တက်လျှက်ရှိသည့် ကုန်ဈေးနှုန်းကြောင့် အလုပ်သမားများအတွက် အသက်ရှုချောင်နိုင်သည့် ပမာဏတစ်ရပ်ဖြစ်နိုင်ဖွယ်မရှိကြောင်း တွေ့ရသည်။
လင်းခေါင်
ပုံစာ- လှိုင်သာယာစက်မှုဇုံမှ အလုပ်သမားများ
သင့်လျော်သည့် လုပ်ခလစာနှုန်းထားတစ်ရပ်ရရှိရန် မျှော်လင့်နေကြသည့် အလုပ်သမားများ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်