လွတ်လပ်စွာပညာသင်ကြားခွင့်နှင့် နောက်ဆက်တွဲပြဿနာများ

ဂျူဂျူး

အခြေခံပညာကျောင်းများတွင် မေ ၂၃ ရက်မှစတင်ကာ ကျောင်းအပ်ရေးကာလအဖြစ် ကျောင်းအပ်လက်ခံနေပြီး ယခင်နှစ်များထက် ယခုနှစ်တွင် ကျောင်းအပ်နှံသူပိုများပြားလာခဲ့သည်ကို တွေ့ရှိရသည်။

အထူးသဖြင့် အစိုးရအခြေခံပညာကျောင်းများတွင် KG တန်းမှစ၍ ကျောင်းအပ်နှံသူဦးရေတိုးလာသည်ဟု ဆိုကြသည်။

“မနှစ်က KG ကိုလက်ခံတဲ့နှုန်းထက် ဒီနှစ်တိုးလိုက်ရတယ်။ ကျောင်းအပ်တဲ့ပထမနေ့မှာပဲ မနှစ်ကကျောင်းတက်တဲ့နှုန်းလောက်ရှိတယ်။” ဟု တောင်ဥက္ကလာပမြို့နယ် အထက်တန်းကျောင်းတစ်ခုမှ ဆရာမတစ်ဦးက ဆိုသည်။

ယမန်နှစ်ကထက် အစိုးရကျောင်းများကို ရွေးချယ်အပ်နှံလာရခြင်းမှာ မိသားစုစီးပွားရေးအခြေအနေများကြောင့်ဖြစ်ပြီး လစဉ်ဝင်ငွေအား ချင့်ချိန်သုံးစွဲလာချိန်တွင် လူလတ်တန်းစားမိသားစုဝင်အချို့မှာ ကလေးငယ်များ၏ ပညာရေးဘက်ဂျက်ပါ လျှော့ချလာကြရကြောင်း သိရသည်။

“မူကြိုကျောင်းတွေမှာ တစ်လရှစ်သောင်း၊ အပြင်မှာ ကျူရှင်ထပ်ထားရတယ်။ လေးသောင်းရှိတယ်။ ကလေးက ၅ နှစ်ကျော်ပြီ၊ ကျောင်းထားမယ်ဆိုတော့ ကိုယ်ပိုင်ကျောင်းတွေမှာ တစ်လတစ်သိန်းရှိတယ်။ ဖယ်ရီကြေးတွေမပါသေးဘူး။ ကလေးမုန့်ဖိုးမပါသေးဘူး။ မူလတန်းကလေးတစ်ယောက်စရိတ်က တစ်လနှစ်သိန်းဖြစ်နေတော့ ဝင်ငွေနဲ့ဆိုမကိုက်တော့ဘူးလေ။ အဲ့တော့ အစိုးရကျောင်းကိုပဲရွေးရတော့တယ်။” ဟု တောင်ဥက္ကလာပမြို့နယ်မှ မိဘတစ်ဦးက ဆိုသည်။

လွန်ခဲ့သည့်နှစ်နှစ်ခန့်က ကလေးငယ်များ၏ ပညာရေးနှင့်ပတ်သက်ပြီး ဝေဖန်ခံရမှုများစွာရှိခဲ့သော်လည်း ယခုနှစ်များတွင် အစိုးရများတွင်သာ ကျောင်းအပ်နှံလာသူများပြားလာသ ဖြင့် အဆိုပါဝေဖန်မှုများလျော့နည်းလာကြောင်း ကျောင်းသားမိဘအချို့က ဆိုကြသည်။

“ ကိုယ့်ကလေးကို ကျောင်းထားဖို့တောင် ဟိုဘက်ပါသလား၊ ဒီဘက်ပါသလားနဲ့ မေးငေါ့ခံခဲ့ရတာ။ အဲ့လိုငေါ့ခံရလို့ အကြီးလေးကိုကျောင်းပြောင်းပြီး ကိုယ်ပိုင်ကျောင်းထားတယ်။ ကျောင်းပညာရေးမပျက်ခြင်လို့လေ။ အခု ကျောင်းလခတွေတက်လာတော့ မထားနိုင်တော့ဘူး။ အစိုးရကျောင်းပြန်ပြောင်းတယ်။ ဒါပေမယ့် ပြောင်းလို့မရဘူးလေ။ လက်မခံဘူး။ ကိုယ့်နိုင်ငံမှာကိုယ် ပညာသင်တာတောင် ဘယ်နေရာဖြစ်ဖြစ် သင်ခွင့်မရှိတော့ဘူးလား။” ဟု ရန်ကင်းမြို့နယ်တွင်နေထိုင်သည့် ကျောင်းသားမိဘတစ်ဦးက ဆိုသည်။

ယခု ၂၀၂၄ – ၂၀၂၅ ပညာသင်နှစ်၏ ကျောင်းအပ်လက်ခံသည့်ကာလတွင် ကျောင်းပြောင်းလျှောက်ထားလိုသူ မိဘအများစုမှာ အဆိုပါဖြစ်စဥ်နှင့်ရင်ဆိုင်နေရကြောင်း ကျောင်းသားမိဘများထံမှ သိရသည်။

“ ကိုယ်ပိုင်ကျောင်းကနေ ထွက်စာယူခဲ့ပြီး အစိုးရကျောင်းအပ်ဖို့လုပ်နေတာ။ အခု ကျောင်းတွေကလက်မခံဘူး။ အရင်က မြောက်ဒဂုံမှာနေတော့ အဲ့နားက ကိုယ်ပိုင်ကျောင်းမှာထားတာ။ အခု ရန်ကင်းဘက်ပြန်ပြောင်းတော့ ကိုယ်ပိုင်ကျောင်းတွေ ဆက်မထားနိုင်တော့ဘူးလေ။ ဝေးတာရော၊ ကုန်ကြစရိတ်ရောက အဆင်မပြေဘူး။ အခု အစိုးရကျောင်းပြောင်းတာလဲ မရဖြစ်နေတယ်။ အထက ကျောင်းတွေက လက်မခံဘူး။” ဟု ကျောင်းသားမိဘတစ်ဦးက ဆိုသည်။

လက်ရှိတွင် ရန်ကုန်တိုင်းအတွင်း မြို့နယ်အများစုရှိ အထက ကျောင်းများ၌ ပုဂ္ဂလိက​ကျောင်းများမှ ရွှေ့ပြောင်းလာသည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းလက်မခံဘဲ ၉ တန်း၊ ၁၀ တန်း ကျောင်းသားများဖြစ်ပါက အပြင်ဖြေဖြင့် ဖြေဆိုရန်ပြောဆိုကြကြောင်း ကျောင်းသားမိဘများထံမှ သိရသည်။

ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများမှပြောင်းလာသည့် အလယ်တန်းကျောင်းသား၊ ကျောင်းသူများအား အလက ကျောင်းများက လက်ခံပေးကြောင်း သိရသည်။

“ သားက ၆ တန်းဆိုတော့ အလက ကျောင်းကတော့လက်ခံတယ်။ အထက်တန်းကျောင်းတွေက လက်မခံဘူး။” ဟု ကျောင်းသားမိဘတစ်ဦးက ဆိုသည်။

လက်ရှိ ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်းကျောင်း၊  အလယ်တန်းကျောင်းနှင့် မူလတန်းကျောင်းများ၌ မေ ၂၃ ရက်မှစပြီး  ကျောင်း သား၊ ကျောင်းသူများအား ကျောင်းအပ်လက်ခံခဲ့ကာ ဇွန် ၂ ရက်အထိ ကျောင်းအပ်နှံကာလအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

ထို့ကြောင့် ကျောင်းအပ်နှံရေးသီတင်းပတ်၏ ၅ ရက်မြောက်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှာ ကျောင်းအပ်နှံသူ ၅.၁ သန်းကျော်ရှိခဲ့ကြောင်း အခြေခံပညာရေးဝန်ကြီးဌာမှ သိရသည်။

“ ဒီနှစ် ကျောင်းတွေမှာ ပြန်ပြီးကျောင်းပြန်တက်လာကြတာကို ဝမ်းသာတယ်။ မနှစ်လောက်ထဲက တော်တော်များများ Kg လေးတွေရောပေါ့ လာအပ်ကြတယ်။ တစ်ခုရှိနေတာက ကျောင်းတွေမှာ ဆရာ၊ ဆရာမ မလောက်တာဘဲ။ အဲ့တော့ မနှစ်ကတက်တဲ့ကလေး၊ စတက်မယ့် KG ကလေး၊ အတန်းအောက်နေတဲ့ကလေးတွေကို ဦးစားပေးဖြစ်တော့ ကျောင်း ပြောင်းတွေကြတော့ ကိုယ့်ကျောင်း၊ ကိုယ့်ဆရာအင်အားနဲ့တွက်ချက်ပြီးမှ လက်ခံရသလိုဖြစ်တာပါ။ ဒီမှာက ကိုယ်ပိုင်းကျောင်းက ပြောင်းလာချင်တဲ့သူတွေများပါတယ်။” ဟု  အ ထက်တန်းပြဆရာမတစ်ဦးက ဆိုသည်။

အခြေခံပညာကျောင်းများ၌ ဆရာ၊ ဆရာမ မလောက်ငသည့်ပြဿနာမှာ တိုင်းနှင့် ပြည်နယ်အသီးသီးတွင် ကြုံတွေ့နေရပြီး မူလတန်းတစ်တန်းတွင် စာသင်ခန်း ၃ ခုလောက်အား ဆ ရာမတစ်ဦးကသာ သင်ကြားပေးနေရသည့်အခြေအနေနှင့် ရင်ဆိုင်နေ​ကြောင်း ဆရာ၊ ဆရာမများ၏ပြောပြချက်အရ သိရသည်။

“ ကျွန်တော်တို့​ကျောင်းမှာ KG ကစလို့ Grade 3 အထိကို ဒီနှစ်ဆိုရင် ကျောင်းသား ၅၀၀ ကျော်ရှိတယ်။ ဆရာမက ၅ ယောက်ရှိတယ်၊ အဲ့ထဲတစ်ယောက်က မီးဖွားခွင့်တင်ထားတော့ ၄ ယောက်ပဲရှိတော့တယ်။ အခု ကျောင်းသားဦးရေနဲ့ ဆရာဦးရေက မမျှတော့ ဆရာအတတ်သင်ကနေ တောင်းထားပေမယ့် မရနိုင်သေးဘူး။ အခု ကျွန်တော်တို့က ကလေးတွေအ တွက် အပြင်ကနေ ဆရာမခန့်ရမယ်။ အဲ့ဒါကို ကျောင်းသားမိဘတွေက ပါဝင်စေချင်ပါတယ်။” ဟု အထက်ကျောင်းတစ်ခု၏ ကျောင်းအုပ်ဆရာကြီးက မိဘဆရာအစည်းအဝေး၌ ပြောကြားသည်။

လွန်ခဲ့သည့် ၂၀၂၁ ခုနှစ်နောက်ပိုင်းမှစတင်ကာ မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ၌ ဆရာ၊ ဆရာမ မလုံလောက်သည့်ပြဿနာနှင့်ရင်ဆိုင်ခဲ့ရပြီး၊ ၂၀၂၃ ခုနှစ်မှစတင်ကာ လိုအပ်သည့် ဆရာ၊ ဆရာမ အရေအတွက်အချို့အား မိဘများထံမှကောက်ခံကာ ခန့်အပ်ခဲ့ရကြောင်း သိရသည်။

“ ကျောင်းသားတစ်ဦးအနေနဲ့ ဆရာမငှားရမ်းဖို့ တစ်ယောက်ကိုတစ်လ ၂၀၀၀ နှုန်းနဲ့ကောက်တယ် မူလတန်းမှာ ကလေးက ၅၀၀ ကျော်တော့ ဆရာမ ၅ ယောက်နဲ့မလောက်ဘူး။ အဲ့တော့ ၄ ယောက်လောက်ခန့်ရတယ်။ ကလေးက ၅၀၀ ကျော်ဆိုပေမယ့် တစ်လနှစ်ထောင်လဲ မပေးနိုင်တဲ့ကလေးတွေကရှိတော့ နှစ်ကုန်အထိကိုတောင် ဆရာမတွေ လစာအပြည့်မရတာရှိတယ်။ ဆရာမတောင်းထားလည်း နေရာတိုင်းကလိုနေတော့ တစ်​ကျောင်းမှာ ဆရာတစ်ယောက်ရဖို့တောင် ကြာတယ်။” ဟု အ​ထက်တန်းကျောင်းတစ်ခုမှ လက်ထောက်ကျောင်းအုပ်ဆရာကြီးက ပြောသည်။

အဆိုပါ အ​ခြေခံပညာကျောင်းများ၌ ဆရာ၊ ဆရာမ အားနည်းချက်များကြောင့် ကျောင်းသားလက်ခံမှုအပိုင်းမှာ အခက်အခဲများဖြစ်ပေါ်ခဲ့ပြီး အချို့သော အလယ်ကျောင်းများတွင် ပုဂ္ဂလိကကျောင်းများမှပြောင်းလာသည့် ကျောင်းသားများကို လက်ခံပေးခဲ့ကြောင်း သိရပါတယ်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်၏ ပထမဆုံးရက်ဖြစ်သည့် မေ ၂၃ ရက်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ ကျောင်းအပ်နှံသူ ၁,၃၄၃,၀၃၇ ဦးရှိခဲ့ကြောင်း သိရသည်။

ယခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်များအပါအဝင် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့်ကျောင်းများအားလုံး ဇွန် ၃ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။

ကျောင်းဖွင့်လှစ်သည့် ပထမဆုံးရက်တွင် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာ ရေးကျောင်းနှင့် ကိုယ်ပိုင်ကျောင်းများ၌ ကျောင်းတက်ရောက်သူ ကျောင်းသားကျောင်းသူစုစုပေါင်း ၆ ဒသမ ၅ သန်းကျော်ရှိကြောင်း သိရသည်။

ကျောင်းစတင်ဖွင့်လှစ်သည့်နေ့၌ပင် တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်ရှိ မူလတန်းကျောင်း၌ နေ့လည်ထမင်းစားဆင်းချိန်၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကလေးတစ်ဦးသေဆုံးကာ ၁၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

“ ဘာကြောင့်ပေါက်ကွဲတယ်ဆိုတာတော့ မသိရဘူး။ ကျွန်တော်တို့မျက်မြင်တော့ ကလေးတစ်ယောက်ဆုံးသွားတာမြင်တယ်။ တချို့ကလဲ သေဆုံးသူသုံးယောက်လို့တော့ပြောတယ်။ ဒဏ်ရာရတာတော့ အနည်းဆုံးကလေး ၁၇ ဦးလောက်ရှိမယ်။ အခုတော့ ကျောင်းပိတ်လိုက်ပြီး စစ်နေတယ်။” ဟု ထားဝယ်မြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောကြားသည်။

ပေါက်ကွဲမှုဖြစ်ရခြင်းမှာ ကျောင်းဝန်းအတွင်းမှ ၄၀ မမဗုံးသီးအား ကလေးငယ်များကတွေ့ရှိ၍ ဆရာမအားပြသရန် ယူဆောင်စဉ် ပြုတ်ကျကာ ပေါက်ကွဲခြင်းဟု ပြောဆိုမှုများရှိပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ထိုဖြစ်စဥ်ကြောင့် မိဘများမှာ စိုးရိမ်မှုများစွာရှိခဲ့ပြီး နှစ်ရက်၊ သုံးရက်ခန့် ကျောင်းမပို့ဘဲ စောင့်ကြည့်ခဲ့ကြကြောင်း သိရသည်။

“ ကလေးတွေကျောင်းမထားတော့လည်း မထားလို့၊ ထားပြန်တော့လဲ လုံခြုံအောင်လုပ်ပေးမှပေါ့။ အခုက ကလေးတွေကို ကျောင်းပဲထားရမလား၊ နားပဲနားရမလားဖြစ်နေပြီ။ မနှစ်ကဆိုလဲ ဗုံးတွေ့ပြန်ပြီ၊ စစ်တပ်က ကျောင်းကို လာစီးထားပြန်ပြီ၊ ကလေးတွေကို အမြန်သွားပြန်ခေါ်ကြပါတို့၊ အဲ့ဒီအသံတွေကလည်း စိတ်မအေးရဘူး။ ပညာရေးသင်တာတောင် ကျီးလန့်စာစားဖြစ်နေရတယ်။” ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။

ယခုနှစ်တွင် ရန်ကုန်အပါအဝင် အချို့မြို့များ၌ ကျောင်းတက်ရောက်သူ ကျောင်းသား၊ ကျောင်းသူ ဦးရေများပြားခဲ့သော်လည်း တိုက်ပွဲများဖြစ်ပွားနေသည့် ကရင်နီပြည်(ကယား)၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်ရှိ ကျောင်းများမှာမူ အပြည့်အဝဖွင့်လှစ်နိုင်ခြင်းမ ရှိတော့ကြောင်း သိရ သည်။

အချို့သော စစ်ဘေးရှောင်ဒေသများတွင် နယ်မြေပေါ်မူတည်ကာ ကိုယ်ထူကိုယ်ထစာသင်ကျောင်းများ ယာယီဆောက်လုပ်ကာ စစ်ဘေးရှောင်ကလေးများကို ပညာသင်ကြားပေးလျက်ရှိကြောင်း  စစ်ဘေးရှောင် ကူညီစောင့်ရှောက်သူများထံမှ သိရသည်။

“ ကျွန်တော်တို့ကတော့ နယ်မြေနည်းနည်းအေးတဲ့ စစ်ရှောင်နေရာတွေမှာ စာသင်နိုင်အောင် လုပ်ထားပါတယ်။ စာအုပ်ခဲတံလိုအပ်ချက်တွေက များပါတယ်။ အလှူရှင်တွေကလည်း မလှူနိုင်ကြတော့ဘူး။ တစ်နိုင်တစ်ပိုင်လုပ်ရတာပေါ့။ အဲ့ကြားထဲ လေယာဥ်နဲ့ ဗုံးကြဲတာတို့၊ လက်နက်ကြီးပစ်တာတို့ဆိုရင် ကျောင်းတွေပိတ်ထားရတာပေါ့။ မနှစ်ကဆို ခဏခဏပိတ်ရတာ၊ လေးကြိမ်လောက်ရှိတယ်။” ဟု ကရင်နီပြည် စစ်ဘေးရှောင်ကူညီစောင့်ရှောက်နေသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ၌ ပညာသင်ကြားနိုင်သည့် ကျောင်းသား၊ ကျောင်းသူဦးရေ၏ ထက်ဝက်ခန့်သာ ယခုပညာသင်နှစ်တွင် ကျောင်းတက်ရောက်နိုင်ပြီး၊ ကျန်ရှိသူများမှာ စစ်ဘေးရှောင်နေရ ခြင်း၊ နယ်မြေမအေးချမ်းမှုကြောင့် ကျောင်းများမဖွင့်လှစ်နိုင်ခြင်းနှင့် မိသားစုစားဝတ်နေရေးကြောင့် ကျောင်းဆက်မတက်နိုင်ဘဲ ကြုံရာကျပန်းလုပ်ကိုင်နေရကြရကြောင်း လေ့လာချက်များအရ သိရသည်။

မြန်မာနိုင်ငံသည် လူ့အခွင့်အရေးပါ အချက် ၃၀ ထဲက အပိုဒ် ၂၆ ဖြစ်သည့် လွတ်လပ်စွာပညာသင်ကြားခွင့် ရှိရမည်ဆိုသည့်အချက်ကို ချိုးဖောက်ခံနေရပြီး၊ အဆိုပါအချက်သည် ယခုနောက်ပိုင်း ပိုမိုသိသာထင်ရှားလာခဲ့သည်။ အထူးသဖြင့် ယခုပညာသင်နှစ်တွင် စာသင်ခန်းများအတွင်း ကျောင်းသားများထံမှ အလှူခံခြင်းပြဿနာမှာ အလွန်ဆိုးရွားလှသည့် အကြောင်းအရာတစ်ခုဖြစ်လာကြောင်း ကျောင်းသားမိဘများထံက သိရသည်။

ဂျူဂျူး

ရန်ကုန်၊ ဇွန် ၁၆

ဓာတ်ပုံ – စုစု

လွတ်လပ်စွာပညာသင်ကြားခွင့်နှင့် နောက်ဆက်တွဲပြဿနာများ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.