မောင်ဇော်
အောက်တိုဘာ ၂၇ ရက်၊ နံနက်အစောပိုင်းက ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကြူကုတ်၊ သိန္ဒီ၊ ကွတ်ခိုင်နှင့် လားရှိုးမြို့တို့အပါအဝင် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ဒေသအချို့ကို ကိုး ကန့်တပ် (MNDAA)၊ တအာန်းတပ်(TNLA)နှင့် ရခိုင့်တပ်တော် (AA) တို့ပါဝင်သည့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့၏ ပူးပေါင်းတပ်တို့က စတင်တိုက်ခိုက်ခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေးအား စတင်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။
ထိုဒေသများတွင် တိုက်ခိုက်မှုများအား စတင်ပြီးနောက် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က သတင်းထုတ်ပြန်ရာတွင် နစကတပ်များက လေကြောင်းနှင့် လက်နက်ကြီးများဖြင့် မိမိတို့ အဖွဲ့အစည်းများအပေါ် နေ့၊ ညတိုက်ခိုက်နေမှု၊ တရုတ်-မြန်မာနယ်စပ်ရှိ ကျားဖျန့်(ခေါ်) အွန်လိုင်းလောင်းကစားလုပ်ငန်းများ ကျယ်ပြန့်လာသည်များကြောင့် နှိမ်နင်းရန် တိုက်ခိုက် ခြင်းဟု ပြောကြားပြီး Operation 1027 (၁၀၂၇ စစ်ဆင်ရေး)ကို ဆောင်ရွက်ခြင်းဟု ၎င်းတို့၏ထုတ်ပြန်ချက်တွင် ပြောကြားသည်။
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး အဓိကစင်္ကြံလမ်းမကြီးတစ်ခုဖြစ်သည့် လားရှိုးမှ ချင်းရွှေဟော်နှင့် လားရှိုးမှ မူဆယ်အထိ ပြည်ထောင်စုလမ်းမကြီးရှိ လမ်းပိုင်းနှစ်ခုအား အောက်တိုဘာ ၂၇ ရက်၊ နံနက် ၆ နာရီမှစ၍ အရေးပေါ် ပိတ်လိုက်ပြီး မည်သည့်အကြောင်းပြချက်ဖြင့်မှ သွားလာခွင့်မပြုဟု ထိုအဖွဲ့က ထုတ်ပြန်ခဲ့သည်။
“ အစိုးရရဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ၊ လုံခြုံရေးအဖွဲ့အစည်းတွေ လက်လွှတ်ရတဲ့နေရာ သုံးနေရာရှိပါတယ်။ အဲ့ဒါက ချင်ရွှေဟော်ရယ်၊ ဖောင်းဆိုင်ရယ်၊ ကြူကုတ်ရယ်” ဟု နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်က တိုက်ပွဲအခြေအနေနှင့် ပတ်သတ်၍ ပြီးခဲ့သည့်ရက်ပိုင်းက ပြောကြားသည်။
ထိုမှ နေ့စဉ်ရက်ဆက် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး နိုဝင်ဘာ ၅ ရက်အထိ မြောက်ပိုင်းမဟာမိတ်အဖွဲ့က စစ်စခန်း ၉၀ ခန့်အထိ သိမ်းဆည်းထားကြောင်း ထုတ်ပြန်ခဲ့သည်။ နစကဘက်မှ လည်း တန်ပြန်ချေမှုန်းမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဟု ပြောကြားသည်။
အောက်တိုဘာ ၂၇ ရက်မှစ၍ ပြင်းထန်စွာဖြစ်ပွားသည့် နှစ်ဖက်တိုက်ပွဲများမှာ ၁၀ ရက်ဝန်းကျင်သို့ ရောက်ရှိလာပြီးနောက် ထိုဒေသတွင် နေရပ်စွန့်ခွာကာ စစ်ဘေးတိမ်းရှောင်နေရ သူ လူဦးရေမှာ နှစ်သောင်းကျော်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း စစ်ရှောင်ကူညီသူများက ပြောသည်။
“ စစ်ရှောင်စခန်းအသီးသီးမှာကိုပဲ လက်လှမ်းမှီသလောက်စာရင်းအရ နှစ်သောင်းခွဲလောက်ရှိနေပြီ။ ဒီအတိုင်းဆိုရင် လာမည့်ရက်ပိုင်းအတွင်း သုံးသောင်းအထက်ကို ရောက်လာနိုင် တယ်” ဟု လားရှိုးမြို့နယ်ရှိ စစ်ရှောင်ကူညီသူတစ်ဦးက ခန့်မှန်းပြောကြားသည်။
စစ်ဘေးရှောင်သူများမှာ လားရှိုးမြို့အပါအဝင် မြို့နယ်အများအပြားတွင် ယာယီဖွင့်လှစ်ထားသည့် စစ်ဘေးရှောင်စခန်းများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် နီးစပ်ရာနေရာများတွင် စုဝေးနေထိုင်လျက်ရှိကြကြောင်း သိရသည်။
“ ကျွန်မတို့ဘက်မှာက နေ့ရော၊ ညရော လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ။ လေကြောင်းနဲ့ ပစ်တာတွေလည်းပါတယ်။ တချို့အိမ်တွေ ထိခိုက်ကုန်တာလဲရှိတော့ မြို့ပေါ်မှာပဲ မိသား စုလိုက် လာရောက်စစ်ရှောင်ကြတာ။” ဟု လားရှိုးမြို့ ရှိ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတွင် လာရောက်ပြီး စစ်ဘေးတိမ်းရှောင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။
လားရှိုးမြို့ပေါ်၌ သီရိမင်္ဂလာမန်ဆူရှမ်း ဘုန်းတော်ကြီးကျောင်းအပြင် ဟိုနမ့်၊ ဟိုပိတ်၊ မိုင်းတင်၊ ကုန်းသာ၊ မန်အိုင်၊ တာပုံ၊ ကောင်းခန် စသည့်ဘုန်းတော်ကြီးကျောင်းများတွင် စစ် ရှောင်စခန်းများ ဖွင့်လှစ်ထားပြီး လာရောက်ပြီး စစ်ဘေးရှောင်သူလူဦးရေ တစ်သောင်းနီးပါးရှိနေကြောင်း သိရသည်။
ထို့ပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ အခြားဒေသများဖြစ်သော သိန္ဒီမြို့နယ်ရှိ စစ်ရှောင်စခန်း ခြောက်ခုခန့်တွင် ဒေသခံ ၈၀၀၀ နီးပါး၊ မူဆယ်မြို့နယ်၊ ပန်ဆိုင်း (ကြူကုတ်)ရှိ စစ် ရှောင်စခန်း သုံးခုခန့်တွင် ဒေသခံ ၂၀၀၀ နီးပါး၊ ကွတ်ခိုင်မြို့နယ်နှင့် မုန်စီးဒေသရှိ စစ်ရှောင်စခန်း သုံးခုတွင် ဒေသခံ ၁၀၀၀ နီးပါး၊ ကျောက်မဲမြို့နယ်ရှိ စစ်ရှောင်စခန်း နှစ်ခုတွင် ဒေ သခံ ၁၀၀၀ နီးပါး၊ မန်တုံမြို့နယ်ရှိ စစ်ရှောင်စခန်း တစ်ခုတွင် ဒေသခံ ၃၀၀ ကျော်နှင့် ရှမ်း(မြောက်)ဒေသနှင့် ထိစပ်နေသည့် မန္တလးတိုင်း၊ မိုးကုတ်မြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ခု တွင် ဒေသခံ ၃၀၀ နီး ပါး စစ်ဘေးတိမ်းရှောင်နေရကြောင်း ဒေသတွင်း စစ်ရှောင်ကူညီပေးနေသူများ၏ ပြောကြားချက်အရ သိရသည်။
“ ဦးဇင်းတို့ ကျောင်းမှာက စစ်ရှောင်သူဦးရေ အများဆုံးပဲ။ ဒီနေ့အထိဆို လေးထောင်နီပါးရှိတယ်။ လိုအပ်ချက်တွေက အဓိက အစားအသောက်လိုတာပါ။ လားရှိုးရဲ့ တခြားနေရာ တွေမှာလည်း စစ်ရှောင်သူတွေရှိတယ်။ နှစ်ရာ၊ သုံး ရာ၊ လေးငါးရာနဲ့ စုစုနေကြတဲ့နေရာ လေး၊ ငါးနေရာလည်းရှိတယ်။ လားရှိုးမြို့က နေ့ဘက်တော့ငြိမ်တယ်။ ညဘက်ဆိုရင်တော့ ပစ်ခတ်သံတွေ ကြားရတယ်။” ဟု စစ်ရှောင်များအား ကူညီပေးနေသည့် သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းမှ ဆရာတော်တစ်ပါးက မိန့်ကြားသည်။
တိုက်ပွဲများကြောင့် စစ်ဘေးတိမ်းရှောင်နေရသူ သောင်းချီ၍ရှိသကဲ့သို့ တိုက်ပွဲများအကြား ရှောင်တိမ်း၍မရပဲ ပိတ်မိနေသူများလည်း လက်ရှိအချိန်အထိရှိနေကြောင်း ဒေသတွင်း စစ်ရှောင်ကူညီသူများက ပြောသည်။
တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသည့် သိန္ဒီ၊ နမ့်ခမ်းနှင့် ကွမ်းလုံမြို့တို့တွင် တိုက်ပွဲများအကြား ပိတ်မိနေသူ ဒေသခံထောင်ချီ၍ရှိနေကာ ကူညီပေးနိုင်ရေး ဆောင်ရွက်လျက်ရှိနေ ကြောင်း သိရသည်။

“ သိန္ဒီမှာဆို လက်နက်ကိုင်အဖွဲ့တွေက မြို့ထဲရောက်နေတယ်။ တပ်ဘက်ကလည်း လက်နက်ကြီးတွေ၊ လေကြောင်းပစ်ကူတွေနဲ့ တိုက်နေတော့ အပြင်မထွက်ရဲပဲ အိမ်ထဲမှာတင် တိမ်းရှောင်နေရသူတွေ အများကြီးပဲရှိတယ်။ နမ့်ခမ်းမြို့ထဲမှာဆိုလည်း မြို့တွင်းတိုက်ပွဲဖြစ်တော့ အိမ်တွေထဲမှာ ပိတ်မိနေကြသေးတယ်။ အခုထက်ထိလည်း ထွက်ပြေးလို့မရသေး တဲ့သူတွေ အများကြီး ရှိနေသေးတယ်။” ဟု သိန္ဒီမြို့၌ ကူညီပေးနေသူတစ်ဦးက ပြောသည်။
တရုတ်-မြန်မာနယ်စပ်နှင့်နီးသော ကွမ်းလုံမြို့တွင် နိုဝင်ဘာ ၆ ရက်အထိ ဖုန်းဆက်သွယ်ရေးလိုင်းများ ပြတ်တောက်လျက်ရှိနေပြီး နှစ်ဖက်တိုက်ပွဲအကြား ပိတ်မိနေသူ ထောင်ချီ၍ရှိ ကြောင်း ဒေသခံများက ပြောသည်။
“ ပိတ်မိနေတဲ့သူတွေက ထောင်ဂဏန်းလောက်တော့ရှိမယ်။ ဖုန်းရော၊ အင်တာနက်လိုင်းတွေပါ ပြတ်တောက်နေတာ။ စစ်ရှောင်သူအချင်းချင်းတောင် တစ်နေရာနဲ့ တစ်နေရာကို ဖုန်းဆက်လို့မရလို့ ဘေးကင်း၊ မကင်း အခြေအနေတောင် မသိရဘူး။ ရပ်ဝေးကလူတွေလည်း တိုက်ပွဲတွေကြားထဲ ကွမ်းလုံကလူတွေဆီ ရက်ရှည် ဖုန်းဆက်သွယ်လို့မရကြတော့ စိတ်ပူနေကြတာပေ့ါ။” ဟု မြို့ခံများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ထို့ပြင် အချို့ဒေသများတွင် လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများ ပြင်းထန်နေ၍ အရေးပေါ် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသူများလည်းရှိသည်။ ပြီးခဲ့သည့်ရက်ပိုင်းက တိုက်ပွဲများကြောင့် ကွတ်ခိုင်မြို့ နယ်နှင့် နမ့်ခမ်းမြို့တို့တွင် လူနေအိမ်များပေါ်သို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲ၍ ကလေးငယ်များအပါဝင် ဆယ်ဦးထက်မနည်း သေဆုံးပြီး ၃၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
“ ကွတ်ခိုင်ရော၊ နမ့်ခမ်းမှာရော ရှိတဲ့ရွာတွေမှာ နေထိုင်သူအများစုက လက်နက်ကြီးရန်ကို ကြောက်ကြတယ်။ သူတို့ဘက်မှာက ဟိုဘက်တောင်ကုန်းနဲ့ ဒီဘက်တောင်ကုန်း အပြန် အလှန်ပစ်ခတ်ကြတော့ လူနေအိမ်တွေပေါ် လက်နက်ကြီးကျည် ခဏခဏကျတယ်။ ဟိုနေ့ကဆို ပြည်ထောင်စုလမ်းပေါ်ကိုကျတာ လမ်းလျှောက်လာသူတွေ သေဆုံးသွားတာ လည်းရှိတယ်။ အခုဆို လက်နက်ကြီးကြောက်လို့ ဘယ်သူမှ အိမ်မပြန်ကြတော့ဘူး။ နီးရာစစ်ရှောင်စခန်းတွေမှာပဲနေကြတယ်။” ဟု ကွတ်ခိုင်မြို့မှ လူမှုကူညီရေးအသင်းသားတစ် ဦးက ပြော သည်။
တရုတ်-မြန်မာနယ်စပ်၊ မူဆယ်မြို့နယ်၊ ပန်ဆိုင်း(ကြူကုတ်)မြို့တွင် နှစ်ဖက်တိုက်ပွဲများအပြင် လေကြောင်းပစ်ခတ်မှုများပါရှိကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည်ရက်ပိုင်းက အဆိုပါမြို့တွင် လေကြောင်းတိုက်ခိုက်ခံရ၍ ဒေသခံနှစ်ဦးသေဆုံးကာ ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် ဒေသခံတစ်ထောင်ကျော်မှာ ဝမ်တိန်ရေချောင်းတံတားအောက်နှင့် လောင်ကစားရုံအဟောင်းအနီး၌ ယာယီခိုလှုံနေရကြောင်း သိရသည်။
တရုတ်-မြန်မာနယ်စပ်၊ မူဆယ်မြို့နယ်၊ ပန်ဆိုင်း(ကြူကုတ်)မြို့တွင် နှစ်ဖက်တိုက်ပွဲများအပြင် လေကြောင်းပစ်ခတ်မှုများပါရှိကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည်ရက်ပိုင်း က အဆိုပါမြို့တွင် လေကြောင်းတိုက်ခိုက်ခံရ၍ ဒေသခံနှစ်ဦးသေဆုံးကာ ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် ဒေသခံတစ်ထောင်ကျော်မှာ ဝမ်တိန်ရေချောင်းတံတားအောက်နှင့် လောင်ကစားရုံအဟောင်းအနီး၌ ယာယီခိုလှုံနေရကြောင်း သိရသည်။
ထိုဒေသရှိ စစ်ရှောင်များတွင် ကိုယ်ဝန်ဆောင်များ၊ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများနှင့် ဖျားနာသူများလည်းပါဝင်ကာ ၎င်းတို့အတွက် အစားအသောက်၊ အဝတ်အစားနှင့် ဆေးဝါးလိုအပ်ချက်များရှိနေကြောင်း စစ်ရှောင်ကူညီပေးနေသူများက ပြောသည်။ တိုက်ပွဲများဖြစ်ပွားနေမှုနှင့်အတူ တံတားအချို့ပျက်စီးမှုနှင့် လမ်းပိတ်ဆို့ထား မှုများကြောင့် ရှမ်း(မြောက်) ဒေသရှိ မြို့နယ်အများအပြားတွင် အခြေခံစားသောက်ကုန်စည်များ စျေးမြင့်တက်လျက်ရှိကာ စက်သုံးဆီပြတ်လပ်မှုများ ရှိနေကြောင်း ဒေသတွင်းသ တင်းများအရ သိရသည်။ နိုဝင်ဘာ ၇ ရက်၊ နံနက်ပိုင်းက လောက်ကိုင်မြို့တွင် ဆန်တစ်အိတ်လျှင် ယွမ် ၂၀၀ နှုန်းဖြင့် ရောင်းချပေးရာ ဒေသခံများက အလုအယက်ဝယ်ယူခဲ့ရပြီး ရာနှင့်ချီသော လူအုပ်များထဲ လူပိမိ၍ ဒဏ်ရာရရှိသူများပင်ရှိကြောင်း ဒေသခံများက ပြောသည်။
ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် စားသောက်ကုန်စည်များအား စျေးတင်ရောင်းချခြင်းကို တင်းကြပ်စွာ တားမြစ်ကြောင်းနှင့် လုပ်ငန်းလည်ပတ်မှုစရိတ်များ မြင့်တက် လာသော်လည်း ကုန်ပစ္စည်းများ၏ လက်လီစျေးနှုန်းသည် ၂၀ ရာခိုင်နှုန်းထက် ပိုတက်ခွင့်မပြုကြောင်း အောက်တိုဘာ ၂၉ ရက်က ဒေသအာဏာပိုင်အဖွဲ့က ထုတ်ပြန်ထားသည်။ သို့ရာတွင် လောက်ကိုင်မြို့နယ် အပါအဝင် ဒေသအသီးသီးတွင် အခြေခံစားသောက်ကုန်စည်များ အဆမတန် စျေးနှုန်းမြင့်တက်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။
“ စျေးထဲမှာ ဆိုင်တွေလည်း ပိတ်ထားကြတယ်။ ကြက်ဥအလုံး ၃၀ ပါတစ်ကတ်ကို ၁၈၀၀၀ ကျပ်၊ ကြက်တစ်ကောင်ကို သုံးသောင်း၊ ကန်စွန်းရွက်တစ်စီးကို တစ်ထောင်အထိရှိ တယ်။ တိုက်ပွဲကြောင့် လမ်းတွေပိတ်ကုန်တော့ ကုန်ကားတွေလည်း သွားလို့မရဘူး။ နောက်ရက်တွေဆို ဒီထက် စျေးပိုတောင် တက်လာနိုင်တယ်။ ဝယ်လို့မရတော့မှာကိုတောင် စိုးရိမ်နေရတယ်။” ဟု မူဆယ်မြို့၌ နေထိုင်သူတစ်ဦးက ပြောသည်။
ကျောက်မဲမြို့၌လည်း မြို့ပေါ်ရှိ စက်သုံးဆီဆိုင်အများစု ပိတ်ထားကာ လမ်းဘေးဆိုင်များတွင်သာ အနည်းငယ် ဝယ်ယူ၍ရကြောင်း မြို့ခံများကပြောသည်။ ထိုဒေသတွင် စက်သုံး ဆီ တစ်လီတာလျှင် ၃၅၀၀ ကျပ်အထိ ရောက်ရှိနေကာ လိုသလောက် ဝယ်ယူ၍မရပဲ အကန့်အသတ်ဖြင့်သာ ဝယ်ယူရ၍ အခက်အခဲများ ကြုံတွေ့ရကြောင်း ကျောက်မဲမြို့၌နေထိုင် သူများက ပြောသည်။
“ ဆိုင်အများစုကတော့ တိုက်ပွဲစဖြစ်ထဲကပိတ်ထားကြတာ။ လမ်းဘေးဆိုင်တွေမှာပဲ ဝယ်သုံးနေရတယ်။ ဒါတောင် လိုသလောက် ဝယ်လို့မရဘူး။ ဖွင့်ထားတဲ့ ဆိုင်တစ်ချို့က ဆိုင် ကယ်ဆိုရင် နှစ်လီတာ၊ သုံးလီတာလောက်တော့ ရောင်းပြီး၊ ကားဆိုရင် နှစ်သောင်း၊ သုံးသောင်းဖိုးလောက်ပဲ ရောင်းပေးနေတယ်။ နေရာအများစုမှာတော့ တစ်လီတာကို ၃၅၀၀ ကျပ်လောက်ရှိတယ်။” ဟု ကျောက်မဲမြို့၌ နေထိုင်သူတစ်ဦးက ပြောသည်။
လာမည့် ရက်ပိုင်းအတွင်း ကျောက်မဲ၌ စက်သုံဆီ ဝယ်ယူ၍မရတော့ပဲ ပြတ်လပ်သွားမည်ကို ဒေသခံများအကြား စိုးရိမ်မှုမြင့်တက်လျက်ရှိကြောင်း သိရသည်။
နိုဝင်ဘာ ၇ ရက်အထိ စစ်စခန်းပေါင်း ၁၃၀ ကျော်ကို သိမ်းဆည်းထားကြောင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့ဘက်မှ သတင်းထုတ်ပြန်ထားပြီး နစကဘက်မှလည်း တန်ပြန်ချေမှုန်ရေး တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်မည်ဟု သတင်းထုတ်ပြန်ထားသည်။
လာမည့်ရက်ပိုင်းများအတွင်း တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ခြင်း၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဖုန်းလိုင်းများ ပြတ်တောက်နေခြင်း၊ ကုန်စည်စီးဆင်းမှု ရပ်ဆိုင်းနေခြင်းကြောင့် စားသောက်ကုန်စည်များ အဆမတန်စျေးမြင့်တက်လာခြင်း၊ စသည်တို့ကြောင့် စစ်ဘေးတိမ်းရှောင်သူ ဒေသခံများစွာတို့ အခက်အခဲ ဆက်လက်ကြုံတွေ့နိုင်ကြောင်း စစ်ရှောင်ကူ ညီသူများက သုံးသပ်ပြောကြားသည်။
“ တိုက်ပွဲတွေ ပိုပြင်းထန်လာလေ ဒေသခံတွေအတွက် အခက်အခဲတွေ ပိုကြုံတွေ့ရလေဖြစ်မှာပဲ။ ထွက်ပြေးတိမ်းရှောင်ဖို့ နေစရာနေရာတွေ လိုအပ်တာမျိုး၊ ကုန်ကားတွေ သွားမရ လို့ စားနပ်ရိက္ခာတွေ လိုအပ်တာမျိုး၊ အခုလက ဆောင်းဝင်တဲ့ကာလဖြစ်တော့ အနွေးထည်၊ အဝတ်အစားနဲ့ အမိုးအကာတွေ ပိုပြီးလိုအပ်လာနိုင်တာမျိုးတွေ ရှိလိမ့်မယ်။ စစ်ရှောင် တွေတင်မကဘူး စစ်ရှောင်တွေကို ကူညီပေးနေသူတွေလည်း ရေရှည်အတွက်ဆို ဘယ်လိုကူညီပေးရမလဲဆိုတဲ့ အခက်အခဲတွေ ကြုံနိုင်တာပေါ့။” ဟု သိန္ဒီမြို့မှ စစ်ဘေးရှောင်များ အား ကူညီပေးနေသူတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံ၌ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ၍ ထွက်ပြေးနေရသူ နှစ်သန်းနီးပါးရှိကြောင်း UNOCHA မှ ထုတ်ပြန်ထားပြီး ရှမ်း(မြောက်)ဒေသရှိ မြို့နယ် ၂၂ မြို့နယ်အနက် အနည်း ဆုံးမြို့နယ် ၉ မြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိနေကာ လတ်တလော စစ်ရှောင်အရေအတွက် ရုတ်တရတ်များပြားလာ၍ လူသားချင်းစာနာမှု လိုအပ်ချက်များ မြင့်တက်လာ ကြောင်း UNOCHA မှ ဆိုသည်။
မောင်ဇော်
ဓာတ်ပုံ- CJ
ရှမ်းမြောက်ရဲ့ တစ်ကျော့ပြန်တိုက်ပွဲတွေကြား အလူးအလဲခံလာရပြန်တဲ့ ဒေသခံပြည်သူများ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်