မောင်ဇော်
ပြည်တွင်းမှ ပြည်ပသို့ နယ်စပ်မှတစ်ဆင့် ကုန်သွယ်မှုပြုရာတွင် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုနိုင်ငံတို့နှင့် ထိစပ်လျက်ရှိသည့် နယ်စပ် မြို့အချို့တွင် ကုန်သွယ်ရေးစခန်း ၁၆ ခုဖွင့် လှစ်ထားရှိပြီး နှစ်စဉ်ဒေါ်လာ ဘီလျံချီလျက် ကုန်သွယ်မှုပြုလုပ်နေသည်ကို တွေ့ရှိရသည်။ အဆိုပါအိမ်နီးချင်းနိုင်ငံများအနက် ထိုင်းနိုင်ငံ နှင့် နယ်စပ်ကုန်သွယ်မှု ပြုလုပ်လျက်ရှိသည့် ပမာဏမှာ အခြားနိုင်ငံများနှင့် ပြုလုပ်နေသည့် ပမာဏထက် နှစ်စဉ်ပိုမိုများပြားလေ့ရှိကြောင်း ကုန်သွယ်ရေးဆိုင်ရာ ထုတ်ပြန်ချက်များ အရ သိရသည်။
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်မှုတွင် မြဝတီ၊ တာချီလိတ်၊ ကော့သောင်း၊ မြိတ်၊ ထီးခီးနှင့် မောတောင်စသည့် ကုန် သွယ်မှုစခန်း ၆ ခုမှတစ်ဆင့် နှစ်စဉ် ဒေါ်လာဘီလီလျံနှင့်ချီကာ ကုန်သွယ်မှုပြုလုပ်လျက်ရှိနေသည်။ ယခုနှစ်တွင် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်မှုပမာဏမှာ ယခင်နှစ်ထက် မြင့်တက်နေသော်လည်း အဓိကပို့ဆောင်ရာ မြဝတီနယ်စပ်ကုန်သွယ် ရေးစခန်းတွင်မူ ကုန်သွယ်မှုပမာဏမှာ ယခင်နှစ်ထက် များစွာလျော့ကျလျက်ရှိကြောင်း တွေ့ရသည်။
“ အရင်နှစ်နဲ့ ကာလတူ ပမာဏချင်းနှိုင်းယှဉ်မယ်ဆိုရင် ပို့ကုန်ရော၊ သွင်းကုန်ပါ အနှုတ်လက္ခဏာပြနေတာ” ဟု နယ်စပ်ကုန်သည်တစ်ဦးက ပြောသည်။
ယခင်နှစ် ဧပြီလမှ ဩဂုတ် ၁၀ ရက်အထိ မြဝတီကုန်သွယ်ရေးစခန်းမှ ထိုင်းနိုင်ငံသို့ ပို့ကုန် ဒေါ်လာသန်း ၃၀၀ ကျော်နှင့် သွင်းကုန် ဒေါ်လာသန်း ၅၀၀ ကျော်ဖိုး စုစုပေါင်း သန်း ၈၀၀ ကျော် ကုန်သွယ်နိုင်ခဲ့သော်လည်း ယခုနှစ် ဧပြီလမှ ဩဂုတ် ၁၀ ရက်အထိ ပို့ကုန် ဒေါ်လာသန်း ၂၀၀ နီးပါးနှင့် သွင်းကုန် ဒေါ်လာသန်း ၄၀၀ ကျော် စုစုပေါင်း သန်း ၆၀၀ ကျော်သာ ကုန်သွယ်နိုင်ခဲ့ပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၂၀၀ နီးပါး ကုန်သွယ်မှုပမာဏ လျော့ကျလျက်ရှိနေကာ ကျန်ကုန်သွယ်ရေးစခန်း ၅ ခုမှ ကုန်သွယ်မှုပမာဏ မြင့်တက်နေ ခြင်းကြောင့်သာ ယခုနှစ်၏ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်မှုပမာဏ မြင့်တက်နေခြင်းဟု သိရသည်။
မြဝတီကုန်သွယ်ရေးစခန်းမှ ထိုင်းနိုင်ငံသို့ ပြောင်း၊ အဝတ်အထည်၊ သားငါးများနှင့် အသီးအနှံအချို့ တင်ပို့လေ့ရှိပြီး ထိုင်းနိုင်ငံမှ သံနှင့် သံမဏိ ဆောက်လုပ်ရေးပစ္စည်းများ၊ ပလပ် စတစ်ကုန်ကြမ်းများ၊ လျှပ်စစ်ပစ္စည်းများနှင့် မော်တော်ယာဉ်နှင့် ဆက်စပ်ပစ္စည်းများ အဓိကထားတင်သွင်းလေ့ရှိကြောင်း စီးပွား/ကူးသန်းဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်မှုတွင် အရေးပါသည့် မြဝတီကုန်သွယ်ရေးစခန်းရှိရာ ကရင်ပြည်နယ်၊ မြဝတီမြို့ နယ်၌ ယခုနှစ်အတွင်း နှစ်ဖက်လက်နက်ကိုင်တိုက်ပွဲများနှင့် ဆိုးရွား သည့် ရာသီဥတုဒဏ်ကို ရင်ဆိုင်နေရကြောင်း ဒေသခံများက ပြောသည်။ “ တိုက်ပွဲဆိုတာလည်း ဒီနားတစ်ဝိုက်မှာ မကြာခဏဖြစ်နေတာ။ ရာသီဥတုဒဏ်ဆိုလည်း မိုးရွာလို့ ရေကြီး ရေမြှုပ်ရုံတင်မကဘူး မြေပြိုတာတွေပါဖြစ်နေတာ” ဟု မြဝတီမြို့၌နေထိုင်သူတစ်ဦးက ပြောသည်။
ယခုလ အစပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုဖြစ်ကာ ရေကြီးရေလျှံမှုဖြစ်ပွားပြီး မြဝတီမြို့ရှိ လူနေရပ်ကွက်များသို့ ရေဝင်ရောက်ခဲ့သည့်အပြင် နယ်စပ်ကုန်စည်ပို့ဆောင်မှုတွင် အရေးပါသည့် အာရှလမ်းပေါ်တွင်ပါ ရေနစ်မြှုပ်ခဲ့၍ မော်တော်ယာဉ်များ ရေကျချိန်အား စောင့်ဆိုင်းသွားလာခဲ့ရသည်။ ဩဂုတ် ၇ ရက်က မြဝတီမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုတွင် ကော့ကရိတ်-မြဝတီ အာရှလမ်းပေါ်ရှိ တောနော်ရေတံခွန်အနီး၊ မိုင်တိုင်အမှတ် ၁၄၉ နှင့် ၁၅၀ ကြားတွင် အကျယ် ၃၃ ပေ၊ အရှည်ပေ ၁၅၀ ခန့်ရှိသည့် ကတ္တရာခင်း လမ်း၏ မြေသားပြိုကျမှု ဆိုးရွားစွာဖြစ်ပွားခဲ့ပြီး ကားများသွားလာ၍မရတော့ဘဲ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခဲ့သည်။ ထိုအခြေအနေများကြောင့် မြဝတီနယ်စပ်ကုန် သွယ်ရေးစခန်းတွင် ကုန်စည်စီးဆင်းမှု ပြတ်တောက်ခဲ့ကာ ကုန်သည်များ အခက်အခဲကြုံတွေ့ခဲ့ရကြောင်း သိရသည်။
“ ကုန်တွေပို့လိုက်ပြီး လမ်းမှာတင် သွားမရတော့ အချိန်ကုန်သလို ငွေကြေးတွေလည်း ဆုံးရှုံးသွားတယ်” ဟု ရန်ကုန်မြို့မှ မြဝတီသို့ ကုန်စည်ပို့ဆောင်နေသူ ကုန်သည်တစ်ဦးက ပြောသည်။
ထိုသို့ အခက်အခဲများစွာ ကြုံတွေခဲ့ရသည့် ကုန်သည်များအနက် ပြောင်းတင်ပို့သည့် ကုန်သည်များမှာ ယခုလတွင် ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့ရမည့် နောက်ဆုံးလ ဖြစ်သဖြင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုကြောင့် ဆုံးရှုံးမှုများရှိလာနိုင်ကြောင်း သိရသည်။
“ ကုန်သွယ်မှုအချိုးအရပြောရရင် နောက်ဆုံးတင်ပို့ခွင့်ကာလမှာ တင်ပို့ခွင့်မရတဲ့ အခြေအနေဖြစ်တဲ့အတွက် ဒါတွေက ပြည်တွင်းလက်ကျန်အဖြစ် ကျန်တယ်။ ပြည်တွင်းစျေးကွက် စျေးနှုန်းကကျသွားတယ်။ ဒီရာသီ အရှုံပေါ် ပါတယ်။” ဟု ထိုင်းနိုင်ငံသို့ မြဝတီကုန်သွယ်ရေးစခန်းမှတစ်ဆင့် ပြောင်းတင်ပို့နေသူ ကုန်သည်တစ်ဦးက ပြောသည်။
မြဝတီကုန်သွယ်ရေးစခန်းတွင် ကုန်သည်များ အခက်အခဲကြုံတွေ့ခဲ့ရသဖြင့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များ အခြားနယ်စပ်ဂိတ်များကို ပြောင်းလဲကုန်သွယ်နိုင်ကြောင်း ကုန်သွယ် ရေးဦးစီးဌာန (မြဝတီကုန်သွယ်ရေးဇုန်)က ဩဂုတ် ၈ ရက်တွင် အသိပေးစာထုတ်ပြန်ခဲ့သည်။ ထိုသို့ထုတ်ပြန်ထားသော်လည်း သက်ဆိုင်ရာဝန်ကြီးဌာနသို့ ပို့ကုန်ပစ္စည်းအရေအ တွက်နှင့် ပို့ကုန်အမည်ကို တင်သွင်းရပြီး ခွင့်ပြုချက်ရရှိရန် စောင့်ဆိုင်းရခြင်း၊ ခရီးကွာဝေးခြင်း၊ ရာသီဥတုနှင့် လုံခြုံရေးအခြေအနေများကြောင့် လက်ရှိအချိန်အထိ အဆင်မပြေ မှုများ ရှိနေကြောင်း သိရသည်။
“ ကုန်းလမ်းကျတော့လည်း သွားရလာရခက်တဲ့နေရာတွေ အများကြီးပဲ။ ကော့သောင်းဘက်ကနေ ရေကြောင်းက ပို့ဖို့ကျပြန်ကျတော့လည်း ခရီးဝေးတာနဲ့ ကုန်ကျစရိတ်က မကိုက် ဘူး” ဟု ထိုင်းနိုင်ငံသို့ ငါးတင်ပို့သည့် ကုန်သည်တစ်ဦးက ပြောသည်။
“ ကုန်းလမ်းကျတော့လည်း သွားရလာရခက်တဲ့နေရာတွေ အများကြီးပဲ။ ကော့သောင်းဘက်ကနေ ရေကြောင်းက ပို့ဖို့ကျပြန်ကျတော့လည်း ခရီးဝေးတာနဲ့ ကုန်ကျစရိတ်က မကိုက် ဘူး” ဟု ထိုင်းနိုင်ငံသို့ ငါးတင်ပို့သည့် ကုန်သည်တစ်ဦးက ပြောသည်။
လက်ရှိ၌ ပျက်စီးသွားသည့် အာရှလမ်းပိုင်း၌ ဘေလီတံတားတစ်စင်းအား တည်ဆောက်လျက်ရှိပြီး အိမ်စီးကားများမှာ ဒေါနတောင်လမ်းဟောင်းမှ တစ်ရက်ဆင်း၊ တစ်ရက်တက် စနစ်ဖြင့် သွားလာနေရပြီး လမ်းကျဉ်းမြောင်းသည့်အတွက် ကုန်စည်ပို့ဆောင်သည့်ယာဉ်များ သွားလာ၍မရသေးကြောင်း ဒေသခံများထံမှ သိရသည်။
ထိုသို့ ရာသီဥတုဒဏ်ကြောင့် လမ်းပိုင်းပျက်စီးကာ ကုန်စည်ပို့ဆောင်မှုများ ခက်ခဲနေသည့်အပြင် နှစ်ဖက်လက်နက်ကိုင်အဖွဲ့များ၏ တိုက်ပွဲများ၊ ပစ်ခတ်မှုများကြောင့် ကုန်စည်ပို့ ဆောင်ရာတွင် အသက်အန္တရာယ်လုံခြုံရေး စိုးရိမ်ရမှုများရှိကြောင်း ထိုလမ်းပိုင်းတွင် ကုန်တင်ယာဉ်မောင်းနှင်သူများက ပြောသည်။
“ လမ်းပြတ်တော့ သွားမရလို့ ကေည့ကရိတ်ရေဆိုင်နား ကားတွေရပ်ထားရတယ်၊ အဲ့မှာ တိုက်ပွဲကဖြစ်သေး၊ လာပစ်လို့လေ ထိတဲ့ကားလည်းထိ လူမထိအောင် မနည်းရှောင်ရသေး တယ်” ဟု ကုန်တင်ယာဥ်မောင်းတစ်ဦးက ပြောသည်။
ဩဂုတ် ၂၀ ရက်၊ နံနက်ပိုင်းက အာရှလမ်းပေါ် ကွမ်းခြံကုန်းအနီး၌ လမ်းပြုပြင်၍ပြန်လာသည့် ဘက်ဟိုးတင်လာသည့်ယာဉ်ကို လက်နက်ကိုင်အဖွဲ့ကပစ်ခတ်ခဲ့ရာ အနီးရှိ မြဝတီမှ ကော့ကရိတ်ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ်တစ်စီးအားထိမှန်ကာ ယာဉ်ပေါ်ပါ ခရီးသည်သုံးဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ယခုရက်ပိုင်း၌ မြေပြိုကျထားသည့် လမ်းပိုင်းပြုပြင်သည့်နေရာသို့ ဒေသတွင်းလက်နက်ကိုင်အဖွဲ့မှ လက်နက်ဖြင့်ပစ်ခတ်မှုများရှိခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။
ယခုနှစ်အတွင်း မြဝတီကုန်သွယ်ရေးစခန်းသို့ သွားလာရာ အဓိကလမ်းဖြစ်သည့် အာရှလမ်းပေါ်တွင် နစက စစ်ကြောင်းများနှင့် KNU, PDF ပူးပေါင်းအဖွဲ့တို့ ပြင်းထန်သည့်တိုက်ပွဲ ၁၀ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားစဉ်အတွင်း အဆိုပါလမ်းအား အသုံးမပြုရန် နှစ်ဖက်အဖွဲ့များက သတိပေးထုတ်ပြန်လေ့ရှိသည်။
တိုက်ပွဲဖြစ်ပွားစဉ်ရက်များတွင် အာရှလမ်းပေါ်၌ ကုန်တင်ယာဉ်များ သေနတ်ဖြင့်ပစ်ခတ်ခံရမှု၊ မိုင်းဆွဲတိုက်ခိုက်ခံရမှုနှင့် ယာဉ်မီးရှို့ခံရမှု ဖြစ်စဉ်များလည်း မကြာခဏဖြစ်ပွား ကြောင်း ကုန်တင်ယာဉ်မောင်းများထံမှ သိရသည်။
“ တိုက်ပွဲမဖြစ်တဲ့အချိန် သွားရင်တောင် ဘယ်နေရာရောက်ရင် အဖမ်းခံရမလား၊ အပစ်ခံရမလား စိုးရိမ်နေရတာ၊ လုံခြုံမှုမရှိဘူးလို့ ယာဉ်မောင်းတိုင်း ခံစားရတယ်။ သူတို့တောင်း တာမပေးလို့ အချိန်ဆွဲတာတွေလည်းရှိတယ်၊ အသာတကြည်ပေးရင်တော့ လူရောအချိန်ပါသက်သာတာပေါ့” ဟု ကုန်တင်ယာဉ်မောင်းတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် မတ်လ ၂၅ ရက်က မြဝတီကုန်သွယ်စခန်းအား ဒေသတွင်းလက်နက်ကိုင် ပူးပေါင်းအဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ပြင်းထန်သည့်တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။ ထိုတိုက် ခိုက်မှုတွင် ရဲ ၃ ဦး၊ အကောက်ခွန်ဝန်ထမ်း ၁ ဦးနှင့် ပြည်သူ ၁ ဦးတို့ သေဆုံးခဲ့ကာ X- ray စက်များနှင့် ကုန်သွယ်ရေးအဆောက်အဦးအတွင်းပိုင်း မီးရှို့ဖျက်ဆီးခံရပြီး ကုန်သွယ်ရေး စခန်းအတွင်း ရှိနေသူများလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။
ကုန်သွယ်ရေးစခန်းအား တိုက်ခိုက်မှုများကြောင့် ထိုင်းဘက်က ဒေသအာဏာပိုင်များက လုံခြုံရေးအတွက် ထိုင်း-မြန်မာ အမှတ် (၁) တံတားကို ခေတ္တပိတ်ထားခဲ့ရပြီး ထိုရက်ပိုင်း များအတွင်း မြဝတီကုန်သွယ်ရေးစခန်းမှ ထိုင်းဘက်သို့ ကုန်သွယ်မှုအားလုံး ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။
ထို့ပြင် မြဝတီကုန်သွယ်ရေးစခန်းသို့ ကုန်စည်သယ်ဆောင်ရာ လမ်းကြောင်းတစ်လျှောက်တွင် လက်နက်ကိုင်အဖွဲ့အသီးသီး၏ တရားမဝင်ငွေကောက်ခံသည့် ဂိတ်များရှိကာ ရန်ကုန် မြို့မှ မြဝတီမြို့သို့ ကုန်စည်သယ်ဆောင်ပါ ကျပ်သောင်းဂဏန်းမှ သိန်းဂဏန်းအထိ ငွေကြေးပေးဆောင်ရမှုများ ရှိနေကြောင်း သိရသည်။
“ အရင်က ကျပ်သောင်းဂဏန်းလောက်ပဲ ပေးရတာကနေ တဖြည်းဖြည်း ဂိတ်တွေများလာတာ။ ဒီနှစ်ထဲမှာဆို အဲ့ဒီလမ်းတစ်လျှောက်မှာ ငွေကောက်တဲ့ဂိတ်တွေ အရင်နှစ်တွေထက် ပိုများလာတော့ သူတို့ကိုပေးရတဲ့ ကုန်ကျစရိတ်တွေလည်း ပိုများလာတယ်” ဟု ကုန်သည်တစ်ဦးက ပြောသည်။
ထိုသို့ ငွေကြေးကောက်ခံမှုများနှင့် ပတ်သက်၍ ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက် ဂိတ်များတွင် မလိုလားအပ်သည့် ကုန်ကျစရိတ်များနှင့် အချိန်ကြန့်ကြာမှု မရှိစေရေး ဆောင် ရွက်ရန်လိုအပ်ကြောင်း ပြီးခဲ့သည့်လအတွင်းက နေပြည်တော်၌ပြုလုပ်သည့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အစည်းအဝေးတွင် နစက ဒုဥက္ကဌက ပြောကြားခဲ့ကြောင်း နိုင်ငံ ပိုင်မီဒီယာတွင် သတင်းဖော်ပြထားသည်။
ရာသီဥတုဒဏ်နှင့် တိုက်ပွဲများကြောင့် မြဝတီမြို့တွင် အခြေခံစားသောက်ကုန်စည်များ စျေးမြင့်တက်လျက်ရှိသည့်အပြင် ပြည်တွင်းကုန်စည်စျေးကွက်အတွင်း၌လည်း ဘတ်ငွေလဲ လှယ်နှုန်း မြင့်တက်မှုနှင့်အတူ ထိုင်းနိုင်ငံမှတင်သွင်းသည့် ကုန်ပစ္စည်းအားလုံး စျေးနှုန်းများမြင့်တက်လျက်ရှိကြောင်း သိရသည်။
“ မနေ့ကစျေးနှုန်းနဲ့ ဒီနေ့စျေးနှုန်း မတူသလို၊ ဒီနေ့စျေးနှုန်းနဲ့ မနက်ဖန်စျေးနှုန်းလည်း မတူဘူး။ နေ့တိုင်းက အတက်ဘက်ချည်းပဲ။ ဒီကြားထဲ လမ်းပျက်တာနဲ့ တိုက်ပွဲဖြစ်ပြီဆိုရင် ပစ္စည်းတွေမဝင်တော့ဘဲ စျေးက အဆမတန်တက်ရော။ အခြေအနေတွေ ပြန်ငြိမ်သွားရင်တောင် စျေးကပြန်ကျမလာတော့ဘူး။” ဟု လမ်းမတော်မြို့နယ်၌ အွန်လိုင်းရှော့ပင်းလုပ် ငန်းလုပ်ကိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။
ပြည်တွင်းထုတ်ကုန်ထက် ပြည်ပမှတင်သွင်းသည့် ကုန်ပစ္စည်းများကို အဓိကသုံးစွဲနေရသည့် စျေးကွက်အခြေအနေတွင် နယ်စပ်ကုန်သွယ်မှု၌ အရေးပါသည့် မြဝတီကုန်သွယ်ရေး စခန်း၏ ကုန်သွယ်မှုပမာဏတန်ဖိုးများ ကျဆင်းနေခြင်းကြောင့် ရေရှည်တွင် ကုန်စည်အချို့ စျေးနှုန်းဆက်လက် မြင့်တက်နိုင်ကြောင်း စီးပွားရေးလေ့လာသူများက သုံးသပ်ပြော ကြားသည်။
ပြည်တွင်းထုတ်ကုန်ထက် ပြည်ပမှတင်သွင်းသည့် ကုန်ပစ္စည်းများကို အဓိကသုံးစွဲနေရသည့် စျေးကွက်အခြေအနေတွင် နယ်စပ်ကုန်သွယ်မှု၌ အရေးပါသည့် မြဝတီကုန်သွယ်ရေး စခန်း၏ ကုန်သွယ်မှုပမာဏတန်ဖိုးများ ကျဆင်းနေခြင်းကြောင့် ရေရှည်တွင် ကုန်စည်အချို့ စျေးနှုန်းဆက်လက် မြင့်တက်နိုင်ကြောင်း စီးပွားရေးလေ့လာသူများက သုံးသပ်ပြော ကြားသည်။
“လမ်းပြန်ကောင်းသွားတယ် ဆိုရင်တောင်မှ ကုန်သွယ်မှုက ချက်ချင်းကြီး ပြန်ကောင်းမလာနိုင်သေးဘူး။ ကုန်သွယ်ရေးစခန်းကို ဆက်သွယ်ထားတဲ့ လမ်းပေါ်မှာ တိုက်ပွဲတွေဖြစ် နေတာရယ်၊ ဘတ်စျေးတက်နေတာတွေက ကုန်သည်တွေကို အထိနာစေသလို စျေးကွက်ထဲမှာ ပစ္စည်းရှားပါးတာတွေ၊ စျေးအဆမတန်တက်တာတွေဖြစ်လာတော့ ပြည်သူတွေ လည်း ပိုကျပ်တည်းလာတယ်” ဟု ပြည်တွင်းစီးပွားရေးအကြောင်း လေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နယ်စပ်ကုန်သွယ်မှုစခန်းများအားလုံးမှ ယခင်နှစ် ဧပြီလမှ ဩဂုတ် ၁၁ ရက်အထိ ကုန်သွယ်မှုတွင် စုစုပေါင်း ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံဖိုး ကုန် သွယ်နိုင်ခဲ့ပြီး ယခုနှစ် ဧပြီလမှ ဩဂုတ် ၁၁ ရက်အထိ ကုန်သွယ်မှုတွင် ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံဖိုး ကုန်သွယ်နိုင်ခဲ့၍ ကာလတူနှိုင်းယှဉ်ပါက ကုန်သွယ်မှုပမာဏ ဒေါ်လာသန်း ၈၀၀ ကျော်ဖိုး ကုန်သွယ်နိုင်ခဲ့ကာ ကုန်သွယ်မှုပမာဏ မြင့်တက်လာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှုအပြင် တရုတ်-မြန်မာနယ်စပ်၌ ယခင်နှစ် ဧပြီလမှ ဩဂုတ် ၁၁ ရက်အထိ ကုန် သွယ်မှုမှာ ဒေါ်လာသန်း ၉၀၀ ကျော်သာရှိပြီး ယခုနှစ် ကာလတူ နှိုင်းယှဉ်ချက်တွင် ၁ ဒသမ ၄ ဘီလီယံအထိရှိပြီး ကုန်သွယ်မှုပမာဏ ဒေါ်လာသန်း ၅၀၀ ကျော် မြင့်တက်လာကြောင်း သိရသည်။
ထိုသို့ ထိုင်းနှင့် တရုတ်နယ်စပ်တွင် ယခင်နှစ်ထက် ကုန်သွယ်မှုပမာဏ မြင့်တက်လျက်ရှိသောကြောင့် ကုန်သွယ်မှုအားလုံး၏ စုစုပေါင်းပမာဏ မြင့်တက်နေသော်လည်း အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် ထိစပ်နေသည့် ကုန်သွယ်ရေးစခန်းများမှ ကုန်သွယ်မှုမှာ ယခင်နှစ်ထက် ပမာဏလျော့ကျနေသည်ကို တွေ့ရသည်။
အိန္ဒိယနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှာ ယခင်နှစ် ဧပြီလမှ ဩဂုတ် ၁၁ ရက်အထိ ကုန်သွယ်မှုမှာ ဒေါ်လာ ၇ သန်းကျော်ရှိသော်လည်း ယခုနှစ် ကာလတူနှိုင်းယှဉ်ချက်တွင် ဒေါ် လာ ၂ သန်းကျော်သာရှိ၍ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၅ သန်းကျော်လျော့ကျလျက်ရှိသည်။ အလားတူ ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှလည်း ယခင်နှစ်က ဒေါ် လာ ၁၂ သန်းကျော် ကုန်သွယ်နိုင်ခဲ့သော်လည်း ယခုနှစ်တွင် ဒေါ်လာ ၅ သန်းကျော်သာကုန်သွယ်နိုင်၍ ကုန်သွယ်မှုပမာဏ ၆ သန်းကျော် လျော့ကျလျက်ရှိကာ လာအိုနယ်စပ်အနီးရှိ ကျိုင်းလပ်ကုန်သွယ်ရေးစခန်းမှာ ယခင်နှစ်နှင့် ယခုနှစ်၌ ကုန်သွယ်မှုမရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
ယမန်နှစ်နှင့် ယခုနှစ် ဘဏ္ဍာနှစ်နှစ်ခု၏ ကာလတူနှိုင်းယှဉ်ချက်တွင် ( ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်မှ ဩဂုတ် ၁၀ ရက် နှင့် ၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်မှ ဩဂုတ် ၁၀ ရက်အထိ) ကုန်သွယ်မှု ပမာဏ မြင့်တက်လျက်ရှိသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဝက်ဆိုက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။ ကာလတူနှိုင်းယှဉ်ချက်တွင် ယမန်နှစ်က ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံကျော်ဖိုး ကုန်သွယ်ခဲ့ပြီး ယခုနှစ်တွင် ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံကျော်ဖိုး ကုန်သွယ်နိုင်ခဲ့၍ ဒေါ်လာ သန်း ၄၀၀ နီးပါး ကုန်သွယ်မှုပမာဏ မြင့်တက်လာ သည်ဟု သိရသည်။
မောင်ဇော်
ရာသီဥတုဒဏ်နှင့်တိုက်ပွဲများက နယ်စပ်ကုန်သွယ်မှုကို အမှန်တကယ်ကျဆင်းစေသလား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်