မြဝတီအာရှလမ်းရဲ့အနာဂတ် ရင်လေးဖွယ်ရာဖြစ်လာ

ကရင်ပြည်နယ်၊ မြဝတီမြို့နှင့် ကော့ကရိတ်မြို့တို့အား ဆက်သွယ်ဖောက်လုပ်ထားသည့် ထိုင်း-မြန်မာ အဓိကကုန်စည်ကူးသန်းသွားလာနေသည့် အာရှလမ်းမကြီးသည် ထိုမြို့များ အတွင်း မကြာခဏဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ပိတ်ထားရလေ့ရှိပြီး ယခုအခါ လမ်းပိုင်းအချို့ ပျက်စီးမှုပါဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် နှစ်နှစ်ကျော်အတွင်းက ကရင်ပြည်နယ်တွင်း မြို့နယ်အချို့၌ တိုက်ပွဲ များဖြစ်ပွားခဲ့ပြီး ၂၀၂၂ ခုနှစ်၊ နှစ်အစပိုင်းမှစတင်ကာ ယနေ့ချိန်အထိ အာရှလမ်းမကြီးအသုံးပြုခွင့် အား ၅ ကြိမ်ထက်မနည်း ရက်ရှည်ပိတ်ထားခဲ့ရပြီး၊ ပိတ်ထားခဲ့ရသည့် အကြောင်းအရင်းများတွင် ရာသီဥတုကြောင့် လမ်းပျက်စီးခဲ့သဖြင့် ပိတ်ထားရခြင်းလည်းရှိခဲ့သည်။

ယခုအခါ နိုဝင်ဘာ ၃၀ ရက်မှစ၍ ကော့ကရိတ်မြို့နယ်အတွင်း နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယနေ့အချိန်အထိ မြဝတီ-အာရှလမ်းတလျှောက် သွားလာခွင့် ပိတ်ထားခဲ့ကြောင်း သိရသည်။ “ အာရှလမ်းနဲ့ သူ့အားကိုးပြီးသွားနေရတဲ့ ကုန်တင်ကားမောင်းသူတွေက မြေစာပင်ပဲ။ ထစ်ခနဲဆို လမ်းကိုပိတ်၊ ဖြတ်သွားဖြတ်လာတွေပစ်ခတ်၊ အခုလည်း လမ်းပိတ် ထားတယ်။ ကုန်ကားတွေပိတ်နေတာ အများကြီးပဲ။ ကားသမားတွေက မနေရဲတော့ ဖြစ်သလိုဆင်းပြေးလာတော့ ကုန်အပြည့်နဲ့ ကားတွေက ထားခဲ့လိုက်ရတာလေ။ အုံနာလည်း ဆုံးရှုံး၊ ပစ္စည်းတင်လိုက်တဲ့ ကုန်သည်လည်း ဆုံးရှုံးပဲ။” ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် အာရှလမ်းပိတ်ထားသည်မှာ ၂၆ ရက်ကြာပြီဖြစ်ပြီး ယခုချိန်အထိလည်း နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်ရာ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၆ ရက် ညပိုင်းက အာရှလမ်းပေါ် ကော့ကရိတ်မြို့နယ်အတွင်းရှိ ကော့နွဲ့တံတားမှာ နှစ်ဖက်တိုက်ပွဲအတွင်း ကျိုးကျပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ တံတားမှာ မြဝတီမြို့နှင့် ကော့ကရိတ်မြို့တို့ကို ဆက်သွယ်ထားပြီး အာရှလမ်းပေါ်တွင် တည်ဆောက်ထားသည့် ကော့နွဲ့တံတားဖြစ်ရာ ထိုတံတားပြန် လည်အသုံးပြုနိုင်ရန် ကြာမြင့်နိုင်ကြောင်း ဒေသတွင်း ကုန်တင်ယာဥ်မောင်းများက ဆိုသည်။

“ ကော့နွဲ့ကျေးရွာနားက စစ်စခန်းမှာ တိုက်ပွဲဖြစ်ရင်း တံတားကျိုးသွားတာလို့ သိရတယ်။ လောလောဆယ်တော့ ဆက်သွယ်ရေးပြတ်တောက်နေတယ်။” ဟု ဒေသခံတစ်ဦးက ပြော သည်။

ထိုအခြေအနေများကြောင့် အာရှလမ်းအသုံးပြုရန်ခက်ခဲသဖြင့် ကုန်စည်စီးဆင်းမှု မပြတ်တောက်စေဖို့ လူစီးယာဥ်များနှင့် ပစ္စည်းသယ်ယာဥ်ငယ်အချို့က မြဝတီ-ကော့ကရိတ်သွား ဒေါနတောင်လမ်းဟောင်း၊ ထို့ကော်ကိုးလမ်းကို အစားထိုးအသုံးပြုနေကြောင်း သိရသည်။

အဆိုပါ ဒေါနတောင်လမ်းဟောင်းမှာ ကျဥ်းမြောင်းပြီး ယာဥ်ငယ်များသာ သွားလာနိုင်သည့်အပြင် ယာဥ်ကြောကြပ်မှုနှင့် အန္တရာယ်မဖြစ်ပေါ်စေရေးအတွက် ဒီဇင်ဘာ ၁၈ ရက်မှ စတင်ကာ တစ်ရက်ဆင်း၊ တစ်ရက်တက်စနစ်အသုံးပြုကာ သွားလာနေကြောင်း သိရသည်။ “ ထို့ကော်ကိုးလမ်းက ၁၈ ရက်နေ့မှာ အတက်နေ့၊ ၁၉ ရက်နေ့မှာ အဆင်းနေ့ဖြစ်သွားပြီ။ အခုက အဲ့လိုမလုပ်ရင် ကားတွေကသွားမရဘူး။ လမ်းကကျဥ်းတော့ ယာဥ်ကြောပိတ်တယ်၊ အဲ့ဒါကြောင့် အတက်အဆင်းတစ်ရက်စီသတ်မှတ်တာ။ အာရှလမ်းက သွားလို့မရသေး ဘူး။” ဟု ဒေသခံယာဥ်မောင်းတစ်ဦးက ပြောသည်။

အဆိုပါလမ်းဟောင်း၌ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ယာဥ်မတော်တဆမှုဖြစ် ကာလမ်းဘေးချောက်ထဲ ထိုးကျသွားသည့် ဖြစ်စဥ်များရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ “ လောဘ၊ ဒေါသ၊ မောဟကြီးလို့မရတဲ့လမ်း၊ လူပါးဝလို့ မရသည့်လမ်း (သို့) ထို့ကော်ကိုး-မြဝတီ တောင်တက်ကားလမ်းပါ။ ကားတွေက ဖြေးဖြေးချင်းပဲသွားလာရတယ်။ ကျော် တက်လို့မရဘူး။ တဖက်မှာတောင်နံရံ၊ တစ်ဖက်မှာချောက်၊ မတော်တဆဖြစ်ရင် ချောက်ထဲကျမှာ။ အဲ့လမ်းကို အန္တရာယ်များလို့ အာရှလမ်းဖောက်ပြီးထဲက ပိတ်ထားတာ။ အခု အာရှလမ်းသုံးမရလို့ ဒီလမ်းကိုပြန် သုံးလာကြတာ။” ဟု ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၃ ရက်တွင် ထို့ကော်ကိုး-မြဝတီ တောင်တက်လမ်း၌ မြဝတီမှဆင်းလာသည့် ခရီးသည်တင်ကားများ မတော်တဆဖြစ်ကာ လမ်းဘေးချောက်ထဲကျသွားပြီး ထိခိုက်မှုများရှိခဲ့ကြောင်း သိရသည်။

“ တစ်ခုခုဖြစ်ရင် သွားကူဖို့ကယ်ဖို့ဆိုတာ မလွယ်ဘူး၊ အရင်ဆို ပရဟိတအသင်းတွေရှိတယ်။ နီးစပ်ရာသွားကြတာ အခုက အကုန်စစ်ဘေးရှောင်နေရတာ ဘယ်လိုမှမကယ်နိုင်ကြ ဘူး။” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထိုသို့ အစားထိုးအသုံးပြုနေရသည့် လမ်းမှာလည်း အန္တရာယ်များရှိနေခြင်းကြောင့် ရန်ကုန်-မြဝတီ ကုန်စည်စီးဆင်းရာမှာ အလွန်အခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။

ထိုင်း-မြန်မာ အဓိကကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် အာရှလမ်းမှာ ယခုလိုတိုက်ပွဲများ မကြာခဏဖြစ်ပွားနေခြင်းကြောင့် သွားလာရေးခက်ခဲနေသဖြင့် ပြည်တွင်းထိုင်းကုန် စည်ဈေးကွက်၌ ဈေးနှုန်းများမြင့်တက်လာကာ ပစ္စည်းပြတ်လပ်မှုများပင် ရှိလာသည်။

“ ထိုင်းကုန်စည်လမ်းကြောင်း ပြတ်လုလုဖြစ်နေချိန်မှာ လက်ဟောင်းတွေကို ဈေးမတက်ပဲ ရောင်းပေးနေပေမယ့် ပစ္စည်းပြတ်ရင်တော့ ပြန်ရဖို့မလွယ်တော့ဘူး။ အခုက ထပ်ဝင်မယ့် ပစ္စည်းတွေကိုက သယ်ယူစရိတ်နဲ့ အဆပေါင်းများစွာ မြင့်တက်နေတယ်။” ဟု အိမ်အသုံးအဆောင်ပစ္စည်းရောင်းဝယ်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဈေးကွက်အတွင်းရှိ အိမ်အသုံးအဆောင်ပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ နှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများမှာ ထိုင်းနိုင်ငံမှ အဓိကတင်သွင်းသည့် ပစ္စည်းများဖြစ်ကာ လက်ရှိဖြစ်ပေါ်နေသည့် လမ်းကြောင်းအခြေအနေများကြောင့် ကုန်ပစ္စည်းများဝင်ရောက်မှု ကြန့်ကြာနေပြီး၊ အထက်မြန်မာပြည်၌လည်း ဈေးကွက်ရိုက်ခတ်မှုများရှိလာကြောင်း သိ ရသည်။

“ အခုလမ်းကြောင်းက ဆင်းလာတဲ့ကားတောင် မရှိဘူးလေ။ ဒီရက်ပိုင်းမှာ ကုန်တင်ကားတွေရဲ့ဈေးကလည်း နှစ်ဆ၊ သုံးဆတောင်တက်သွားတယ်၊ အာရှလမ်းကလည်း ဒီတစ်နှစ် လုံးကို သွားမရသလိုဖြစ်နေတာလေ။ ဒီလမ်းကမှ မသွားရတော့ အဆင်မပြေတော့ဘူး။” ဟု ထိုင်းကုန်ပစ္စည်းများ တင်သွင်းရောင်းချနေသည့် လက်ကားဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုလအစပိုင်းမှစ၍ ကော့ကရိတ်မြို့နယ်ရှိ တပ်စခန်များအား KNU , PDF ပူး ပေါင်းအဖွဲ့များက စတင်တိုက်ခိုက်ရာမှ ယနေ့အထိ နစကတပ်များနှင့် အပြန်အလှန်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေကြောင်း ဒေသတွင်း သတင်းဖော်ပြချက်များအရ သိရသည်။

တိုက်ပွဲစတင်ဖြစ်ပွားချိန်မှ ယနေ့အထိ ကော့ကရိတ်ဒေသခံ သုံးသောင်းထက်မနည်းမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ ကော့ကရိတ်မြို့နယ်အနီး တဝိုက်၌ တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် မြန်မာ-ထိုင်း နယ်စပ်၏အဓိကလမ်းကြောင်းဖြစ်သည့် မြဝတီကုန်သွယ်ရေးဇုန်မှာ ကုန်သွယ်ရေးလုပ်ငန်းများ ရပ်ဆိုင်းထားရကြောင်း သိရသည်။

မြန်မာ-ထိုင်း ကုန်သွယ်ရေးလမ်းကြောင်း ၆ ခုရှိသည့်အနက် မြဝတီ-မဲဆောက် ကုန်သွယ်ရေးမှာ ကုန်သွယ်မှုအများဆုံးပြုလုပ်နေသည့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတစ်ခု ဖြစ်သည်။ ထိုကုန်သွယ်ရေးလမ်းကြောင်းမှ တစ်ရက်လျှင် ကန်ဒေါ်လာ သုံးသန်းကျော်ကုန်သွယ်လျက်ရှိပြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းအရ ဧပြီလ မှ နိုဝင်ဘာ၂၄ ရက် ကာလအတွင်း မြန်မာ-ထိုင်းနယ်စပ်၏ ကုန်သွယ်မှုတန်ဖိုးမှာ ၃ ဒသမ ၂၅၇ ဘီလီယံ ကုန်သွယ် မှုရှိခဲ့ရာ မြဝတီ-မဲဆောက်လမ်းကြောင်းမှ တစ်ဘီလီယံသာ ကုန် သွယ်ထားနိုင် ကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ်တွင် မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်မှုမှာ လျော့ကျနေပြီး ယခင်နှစ်နှင့် နှိုင်းယှဥ်ပါက ကန်ဒေါ်လာသန်း၂၁၀ ကျော်ကုန်သွယ်မှု ကျဆင်းနေကြောင်း သိရသည်။ မြန်မာ-ထိုင်းနှစ်နိုင်ငံကုန်သွယ်မှု၏ အဓိကလမ်းကြောင်းဖြစ်သည့် အာရှလမ်းပိုင်းသည် ၂၀၂၂ ခုနှစ် နှစ်အစပိုင်းကတည်းက ထိုအာရှလမ်းပိုင်းနှင့် အနီးတစ်ဝိုက်ရှိဒေသများ၌ နှစ်ဖက်တိုက် ပွဲများ ဖြစ်ပွားနေခြင်းကြောင့် လမ်းအားမကြာခဏပိတ်ထားရပြီး၊ ရာသီဥတုဆိုးရွားခဲ့ချိန်ကလည်း ကုန်သွယ်မှုရပ်တန့်ခဲ့ရာကာ ယခုအခါမှာလည်း တိုက်ပွဲများကြောင့် တစ်လနီး ပါးကြာသည်အထိ ထိုအာရှလမ်းမှာ ပိတ်ထားဆဲဖြစ်သည်။

ထို့ကြောင့် ထိုင်း-မြန်မာကုန်သွယ်ရေး၏ အနာဂတ်မှာ စိုးရိမ်စရာကောင်းလာ ပြီး အာရှလမ်း၏ အနာဂတ်မှာလည်း ရင်လေးဖွယ်ရာ ဖြစ်လာသကဲ့သို့ ထိုင်း-မြန်မာနယ်စပ်မှ ကုန် သည်များ၊ လုပ်ငန်းရှင်များမှာလည်း ဆုံးရှုံးနစ်နာမှု များပြားလျက်ရှိသည်ဟု ဆိုကြသည်။

#ဂျူဂျူး

ရန်ကုန်၊ ဒီဇင်ဘာ ၂၇

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

မြဝတီအာရှလမ်းရဲ့အနာဂတ် ရင်လေးဖွယ်ရာဖြစ်လာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.