ဂရေ့စ်ကျော်
လျှပ်စစ်မီးတွေ ၂၄ နာရီအပြည့်မရတော့တာ တစ်နှစ်ကျော်ပါပြီ။ မိုးကာလမရောက်ခင်ကတော့ လျှပ်စစ်မီးပြတ်တောက်မှုများမှာ လူဦးရေထူထပ်လှသော မြို့ကြီးများတွင် ဆိုး ဆိုးဝါးဝါးဖြစ်ပေါ်ခဲ့ပြီးနောက် ရေအားလုံလောက်စွာရတဲ့ မိုးကာလမှာတော့ တစ်နေ့ ၄ နာရီ ပုံမှန်ဖြတ်တောက်လျက်ရှိနေပါတယ်။
မနက် ၉ နာရီကနေ နေ့လည် ၁ နာရီထိတစ်ဖြတ်၊ နေ့လည် ၁ နာရီကနေ ညနေ ၅ နာရီထိတဖြတ်အဖြစ် နေ့စဥ် ၄ နာရီ အလှည့်ကျ ဖြတ်တောက်နေတာ ဖြစ်တယ်လို့ ရန်ကုန်မြိူ့ခံ တွေက ဆိုပါတယ်။ ဒီလိုဖြတ်တောက်ထားတာဟာ လူဦးရေထူထပ်ပြီး စက်ရုံအလုပ်ရုံတွေများတဲ့ ရန်ကုန်လိုမြို့ကြီးအတွက်တော့ အထူးဆန်းမဟုတ်သလို ဖြစ်နေပါပြီလို့ သူတို့ ကဆိုပါတယ်။
“နွေကာလတုန်းကဆိုရင် တစ်နေ့ကို ၄ နာရီတောင်မရတဲ့ ရက်တွေရှိခဲ့တယ်။ ဒီရက်တွေနဲ့ယှဥ်ရင် ခုလို ဘယ်ချိန်လာ၊ ဘယ်ချိန်ပြတ်မယ်ဆိုတာ သိသေးတော့ လုပ်စရာရှိတာတွေ ကြိုလုပ်လို့ရသေးတာပေါ့” လို့ ရန်ကုန်မြို့၊ တောင်ဒဂုံမြို့ခံတစ်ဦးက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ အစိုးရနှစ်ဆက်တာကာလ အစောပိုင်းအတွင်းမှာ မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်လာတဲ့ ကမ္ဘာ့ဘဏ်က လျှပ်စစ်မီးတွေ လုံလုံလောက်လောက်ရရှိဖို့ ၂၀၃၀ ခုနှစ်မှာ လူတိုင်းလျှပ်စစ်မီးရရှိရမယ်ဆိုတဲ့ ခေါင်းစဥ်နဲ့ လျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းတွေဆောင်ရွက်ဖို့ ချေးငွေတွေချပေးခဲ့ပါတယ်။
ခုချိန်မှာတော့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးမငြိမ်မသက်မှုများဟာ မြန်မာ့လျှပ်စစ်ကဏ္ဍကို ပြင်းထန်စွာ ထိခိုက်ခဲ့တယ်လို့ ကမ္ဘာ့ဘဏ်က စက်တင်ဘာလ နောက်ဆုံးထုတ် စစ် တမ်းမှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ နိုင်ငံတစ်ဝန်း လျှပ်စစ်မီးပြတ်တောက်မှုနှင့်အတူ ၂၀၂၁ ခုနှစ်မှစတင်ကာ ဓာတ်အားကဏ္ဍသည် ကျဆင်းလာခဲ့တာကြောင့် ဓာတ်အား ထောက်ပံ့မှု-ဝယ်လိုအား ကွာဟချက် ကျယ်ပြန့်လာခဲ့ပါတယ်။
ပဋိပက္ခများကြောင့် ပျက်စီးနေတဲ့ ဓာတ်အားအခြေခံအဆောက်အအုံများရဲ့ ဂယက်ရိုက်ခတ်မှုဟာ သွယ်တန်းမှု စနစ်တစ်ခုလုံးရဲ့ တည်ငြိမ်မှုကို ထိခိုက်စေတယ်လို့ စစ်တမ်းကဆိုပါ တယ်။ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်အပါအဝင် မြို့ကြီးတွေမှာ ဓာတ်အားပြတ်တောက်မှု ကြုံတွေ့နေရပြီး နိုင်ငံတစ်ဝှမ်းက စက်မှုဇုန်တွေမှာ ဓာတ်အားပြတ်တောက်မှု ကြောင့် အစားထိုးသုံးစွဲရတဲ့ စက်သုံးဆီစျေးတွေကလည်း မြင့်တက်တာကြောင့် ထုတ်လုပ်ရေး အခက်ခဲတွေရှိနေခဲ့ပါတယ်။
ကမ္ဘာ့ဘဏ်က အစီရင်ခံစာအရဆိုရင် မြန်မာနိုင်ငံမှာ ၂၀၁၉ ခုနှစ်ခန့်မှစပြီး တစ်နေ့ကို ၃၀၀ မဂ္ဂါဝပ် (MW) ခန့်အထိ ဓာတ်အားပြတ်တောက်မှု ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ ဓာတ်အားထောက်ပံ့မှု-ဝယ်လိုအားကွာဟချက်ကတော့ ၂၀၂၁ ခုနှစ်ကတည်းက ကျယ်ပြန့်လာခဲ့ပါတယ်။ သဘာဝဓာတ်ငွေ့ (LNG) မှ လျှပ်စစ်ဓာတ်အားလည်ပတ်မှု ရပ်ဆိုင်းထား ရတဲ့ အကြောင်းအရင်းများစွာအပြင် ရန်ကုန်မြို့ရှိ စက်ရုံများ၊ ရေအားလျှပ်စစ်လှောင်ကန်များမှာ မိုးရွာသွန်းမှု နည်းပါးပြီး ရေနည်းပါးမှုနှင့်ကြုံတွေ့ခဲ့ရတဲ့ နွေရာသီမှာ လျှပ်စစ်မီး ပိုမိုပြတ်တောက်မှုတို့ ဖြစ်ပွားခဲ့ပါတယ်။
“ နောက်ထပ် အခက်အခဲတစ်ခုကတော့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများပါဝင်တဲ့ သဘာဝဓာတ်ငွေ့အခြေခံ ဓာတ်အားပေးစက်ရုံ ၂ GW ကိုလည်း ခေတ္တရပ်ဆိုင်းထားတာလည်း ပါဝင်နေပါတယ်”
နောက်ထပ် အခက်အခဲတစ်ခုကတော့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများပါဝင်တဲ့ သဘာဝဓာတ်ငွေ့အခြေခံ ဓာတ်အားပေးစက်ရုံ ၂ GW ကိုလည်း ခေတ္တရပ်ဆိုင်းထားတာလည်း ပါဝင်နေပါတယ်။ ရေအားလျှပ်စစ်အသစ်နဲ့ နေရောင်ခြည်စွမ်းအင်သုံး photovoltaic (PV) လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေပေမယ့် တိုးတက်မှု နှေးကွေးနေတာတွေ လည်း ပါဝင်ပါတယ်။
ပြည်တွင်းက ထုတ်လုပ်နေတဲ့ သဘာဝဓာတ်ငွေ့တွင်းများက ဓာတ်ငွေ့ရရှိမှုတွေဟာလည်း လာမယ့်နှစ်များအတွင်း ထုတ်လုပ်မှုကျဆင်းမှုနဲ့ လျော့နည်းလာမယ်လို့ ခန့်မှန်းထားပြီး ကမ်းလွန်ဓာတ်ငွေ့တွင်းသစ်များ ဖော်ဆောင်နေတဲ့ နိုင်ငံစုံကုမ္ပဏီကြီးများ နိုင်ငံမှထွက်ခွာတဲ့အချိန်တွေကလည်း အချိန်ကိုက်တွေ ဖြစ်ပေါ်နေတာလည်း ပါဝင်ပါတယ်။
ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခများအတွင်းမှာ လျှပ်စစ်ဓာတ်အားလိုင်းကွန်ရက်တွေလည်း တိုက်ခိုက်ခံရပြီး ပျက်စီးခဲ့မှုတွေလည်း ပါဝင်နေပါတယ်လို့ အစီရင်ခံစာကဆိုပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီမှ ၂၀၂၃ ခုနှစ်၊ ဧပြီလအတွင်း ဓာတ်အားလိုင်း ၂၂၉ ကြိမ် တိုက်ခိုက်ခံခဲ့ရကြောင်း လက်ရှိအစိုးရ အာဏာပိုင်များက ပြောကြားထားပါတယ်။
လက်ရှိ ဓာတ်အားပေးစက်ရုံတွေရဲ့ ၇၇ ရာခိုင်နှုန်းခန့်ဟာ ပဋိပက္ခတွေနဲ့ ဆက်နွှယ်တဲ့ နေရာများရဲ့ ၁၀ ကီလိုမီတာအတွင်းမှာ ရှိနေတာကလည်း နိုင်ငံအနှံ့ လျှပ်စစ်မီး ခက်ခဲနေမှုတွေ ရဲ့ ပြဿနာတွေဖြစ်ပေါ်နေတာဖြစ်ပါတယ်။
ဒီလိုပြဿနာတွေကြောင့် မူလကလျာထားခဲ့တဲ့ ၂၀၃၀ ပြည့်နှစ်မှာ လူတိုင်းလျှပ်စစ်မီးရရှိရေး အလားအလာများ မှိန်ဖျော့သွားခဲ့တာဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်အစီရင်ခံစာက သုံးသပ် ထားတာဖြစ်ပါတယ်။
အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းများအဖြစ် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနဲ့ ကျေးလက်ဒေသဖွံဖြိုးတိုးတက်မှုဦးစီးဌာနတို့က ၂၀၁၅-၂၀၁၆ ကနေ ၂၀၂၁ ခုနှစ်ကုန် ပိုင်းအထိ မဟာဓာတ်အားလိုင်းနဲ့ရော မဟာဓာတ်အားလိုင်း ပြင်ပစီမံကိန်းတွေအဖြစ်နဲ့ပါ လျှပ်စစ်ရရှိအောင် စီစဥ်ခဲ့ပါတယ်။
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်း အိမ်ထောင်စုအဆင့်တွင် လျှပ်စစ်ဓာတ်အားရရှိမှုနှုန်း ဟာ ၅၇.၉ ရာခိုင်နှုန်းမှ ၆၁.၆ ရာခိုင်နှုန်းအထိ တိုးလာပြီး တစ်နှစ် ထက်တစ်နှစ် ၃.၇ ရာခိုင်နှုန်းသာတိုးလာကာ အိမ်ထောင်စုအဆင့်တွင် ၂၀၁၇-၂၀၂၀ ကြား တစ်နှစ်လျှင် ပျမ်းမျှတိုးခဲ့သော ၆ ရာ ခိုင်နှုန်းနှင့် နှိုင်းယှဉ်ရင်တော့ နည်းပါးခဲ့ပါတယ်။
လျှပ်စစ်မီးရရှိဖို့အတွက် လုပ်ဆောင်ခဲ့တဲ့ နည်းလမ်းတွေထဲက မဟာဓာတ်အားလိုင်း မရောက်နိုင်တဲ့ ဝေးလံခေါင်သီတဲ့ ဒေသတွေအတွက် နေရောင်ခြည်စွမ်းအင်နဲ့ ထုတ်လုပ်ခဲ့တဲ့ ဆိုလာမီးတွေဟာ ကျေးလက်တွေအတွက်တော့ အတော်အဆင်ပြေခဲ့ပါတယ်။
မဟာဓာတ်အားလိုင်းနဲ့ အနည်းဆုံး ၁၀ မိုင်ဝေးကွာတဲ့ ကျေးလက်က ရွာတွေအတွက် တစ်အိမ်သုံး ဆိုလာစနစ်အပြင် အသေးစားနေရောင်ခြည်စွမ်းအင်သုံး စက်ရုံများတည် ဆောက်ပြီး လျှပ်စစ်ရရှိအောင် လုပ်ဆောင်ခဲ့တဲ့ စီမံကိန်းတွေဟာ အထူးအကျိုးရှိခဲ့တာကို တွေ့ခဲ့ရဖူးပါတယ်။
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်အတွင်း၊ ပုလောမြို့နယ်ထဲ အကြုံးဝင်တဲ့ ပင်လယ်ထဲက ကျွန်းစုတွေအပေါ်မှာရှိတဲ့ ကျေးရွာလေးတွေဆိုရင် တစ်အိမ်သုံး ဆိုလာစနစ်အပြင် အသေးစား solar mini-grid တွေကြောင့် လျှပ်စစ်မဟာဓာတ်အားလိုင်းမရှိလည်း မီးထိန်ထိန်လင်းခဲ့ပါတယ်။ ဟိုဘက်ကမ်းက မီးထိန်ထိန်လင်းနေတာကြောင့် ဒီဘက်ကမ်းကလည်း မီးထိန် ထိန်လင်းချင်တဲ့ ကျေးရွာတွေအတွက် ကမ္ဘာ့ဘဏ်ကချေးငွေနဲ့ လုပ်ဆောင်ခဲ့တဲ့ ဒီစီမံကိန်းတွေဟာ အကျိုးများစွာရှိခဲ့ပါတယ်။ တောင်ပေါ်ဒေသ၊ ပင်လယ်ကမ်းခြေဒေသများနဲ့ သွား လာရခက်ခဲတဲ့ ဒေသတွေအတွက်တော့ ခုချိန်မှာ လျှပ်စစ်မီးပြဿနာတွေဟာ အတော်ဆိုးရွားနေခဲ့ပါတယ်။
မြန်မာ့လျှပ်စစ်ကဏ္ဍဟာ လက်ရှိအနေအထားအရဆိုရင် သိသာထင်ရှားတဲ့ စိန်ခေါ်မှုတွေကို ဆက်လက်ကြုံတွေ့ရဖွယ်ရှိနေတယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းနေပါတယ်။ လက်ရှိ ဓာတ်အားရရှိမှုအဆင့်ကို ထိန်းထားနိုင်ရန် ၂၀၃၀ ခုနှစ်အထိ တစ်နှစ်လျှင် ၃၀၀-၅၀၀ MW ကြား ထပ်တိုးထုတ်လုပ်ဖို့ လိုအပ်မှာဖြစ်နေပါတယ်။
မဟာဓာတ်အားလိုင်းကိုပဲ အားကိုးမနေပဲ ခုလို အသေးစားလျှပ်စစ်ထုတ်လုပ်ရေး လုပ်ငန်းလေးတွေကို ဆက်လက်လုပ်ဆောင်နိုင်ရင် တစ်နည်းတစ်ဖုံအားဖြင့် မြို့ပြရော ကျေး လက်မှာပါ လျှပ်စစ်ပြဿနာလေးတွေကို ဖြေရှင်းနိုင်မှာပါ။
ဂရေ့စ်ကျော်
မမှေးမှိန်ချင်တဲ့ မီးထိန်ထိန် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်