ဒေသခံတို့စီးပွားရေး၊ ဒေသလုံခြုံရေးနှင့် အားပြန်ယူနေသည့် မြန်မာ့ခရီးသွားလုပ်ငန်း

ဂရေ့စ်ကျော်

ပွင့်လင်းရာသီကို မကြာခင်ရောက်တော့မည်။ လုံခြုံရေးကိစ္စရပ်များ ရှိနေလင့်ကစား ပြည်တွင်းခရီးသွားလုပ်ငန်းများလည်း လုပ်ငန်းများပြန်လည်စတင်နိုင်ရန် ပြင်ဆင်နေကြပေပြီ။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနကလည်း လက်ရှိ မြန်မာနိုင်ငံထဲမှာ လုံခြုံရေးအဆင်ပြေချောမွေ့ပြီး သွားလာလည်ပတ်နိုင်တဲ့ ဒေသတွေကိုလည်း မကြာသေးမီက ထုတ် ပြန်လိုက်ပါတယ်။

ရာသီဥတုကောင်းမွန်ချိန်နှင့် တောတောင်ရေမြေ သဘာဝအလှအပတွေကို လေ့လာကြည့်ရှုခံစားလိုသူ ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များအတွက် လာမည့်ပွင့်လင်းရာသီ ကာလအတွင်း ဦးစားပေးသွားလာလည်ပတ်သင့်သော ခရီးစဉ်ဒေသ (၁၄) ခုကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ခရီးသွားအကြံပြုချက် (၈/၂၀၂၃) ဖြင့် စက်တင်ဘာ ၂၁ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

ပေါ့ပေါ့ပါးပါး စိတ်ဖြောင့်ဖြောင့်သွားနိုင်ကြမယ့် ခရီးစဉ်ဒေသ (၁၄) ခုမှာတော့ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်၊ ပုဂံ၊ အင်းလေး၊ ကလော၊ တောင် ကြီး၊ ကော့သောင်း၊ ကျောက်ဖြူ၊ မာန်အောင်၊ ပူတာအို၊ ငွေဆောင်၊ ချောင်းသာနဲ့ ငပလီကမ်းခြေတို့ ပါဝင်ပါတယ်။ အဲဒီဒေသတွေကတော့ လက်ရှိမှာလည်း ပြည်တွင်းခရီးသွားတွေ အများဆုံးသွားလာ နေကြတဲ့ နေရာတွေလည်းဖြစ်ပါတယ်။ မိုးကာလအတွင်းမှာတောင် ပြည်တွင်းခရီးသွားတွေဟာ ပုဂံနဲ့ ရှမ်းပြည်နယ်အတွင်း လည်ပတ်သွားလာကြတာတွေရှိပါတယ်။

ဒီလိုသွားလာလည်ပတ်လို့ အဆင်ပြေနေတဲ့ ဒေသတွေမှာတော့ ကိုဗစ်ကာလ ၂၀၂၀-၂၀၂၁ နှစ်တွေမှာ စီးပွားရေးအခက်အခဲတွေဖြစ်ခဲ့ကြတဲ့ ဒေသခံတွေအတွက် ဝမ်းစာပြန်လည်ရှာ ဖွေလို့ရတာကြောင့် အခက်အခဲတွေက ပြန်လည်အဆင်ပြေစပြုလာတယ်လို့ ဆိုပါတယ်။

“ပြီးခဲ့တဲ့ ၂ နှစ်ကျော် ၃ နှစ်ကာလ ထိုင်နေရတဲ့အချိန်တွေမှာ တော်တော်ကြပ်တည်းတယ်။ အခုဆိုပြန်လာလည်ပတ်တဲ့ ခရီးသွားတွေ ပြန်များလာတော့ ဝင်ငွေလေးပြန်ရလာတယ်။ အခုက ကုန်စျေးနှုန်းတွေက တက်နေတော့ မိသားစုဝမ်းရေးကတော့ မပူရတော့ဘူး။ အခုလာကြတာကလည်း ပြည်တွင်းခရီးသွားတွေပဲ များတာပေါ့။ အရင်လို နိုင်ငံခြားသားဧည့် တွေလည်း ပြန်လာစေချင်ပါပြီ” လို့ အင်းလေးဒေသခံ၊ စက်လှေမောင်းသူ ကိုစိုင်းလှကဆိုပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိလုံခြုံရေးပြသာနာများကြောင့် ခရီးသွားခွင့် အကန့်အသတ်များရှိထားတဲ့ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ် စတဲ့ဒေသတွေဟာ အရင်တုန်းက ပြည်တွင်းပြည်ပခရီးသွားများနဲ့ စည်ကားခဲ့တဲ့ နေရာတွေလည်းဖြစ်ပါတယ်။ အခုတော့ ကန့်သတ်ချက်များနဲ့ လုံခြုံရေးစိတ်မချရမှုများကြောင့် ပြည်တွင်းခရီးသွား တွေဟာ ခရီးသွားလာလို့ရတဲ့ နေရာအကန့်အသတ်နဲ့သာ သွားလာလို့ရတော့တာဖြစ်ပါတယ်။

“အရင်ကဆို ပွင့်လင်းရာသီရောက်တာနဲ့ ချင်းပြည်နယ်က ကန်ပက်လက်မှာရှိတဲ့ နတ်မတောင်တက်မလား၊ ကယားပြည်နယ်ဘက်သွားလည်မလား၊ အထက်အညာဘက် လျှောက် လည်မလား နေရာတွေကိုစုံနေတာ။ ပုဂံတို့ အင်းလေးတို့ဆိုတာက ခဏခဏရောက်ဖြစ်တာပေါ့။ မရောက်သေးတဲ့ဒေသတွေ သွားချင်ပေမယ့် အခုက လုံခြုံရေးကိစ္စတွေကြောင့် ခရီးသွားဖို့ ရောင်းရတဲ့ခရီးစဥ်တွေကလည်း အကန့်အသတ်တွေဖြစ်ကုန်တာ။ ပြီးတော့ ကုန်ကျစရိတ်တွေများလာတာလည်း ပါတယ်” လို့ ရန်ကုန်မြို့ခံ ပြည်တွင်းခရီးသွားလုပ်ငန်း ပိုင်ရှင်တစ်ဦးက ဆိုပါတယ်။

ကိုဗစ်မတိုင်ခင်နှစ်များက ပြည်တွင်းခရီးစဥ်တွေအတွက် ကုန်ကျစရိတ်တွေဟာ လက်ရှိအနေအထားထက် ထက်ဝက်ကျော်သက်သာတယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေက ပြော ပါတယ်။

“ရှမ်းပြည်သွားချင်တယ်ဆိုရင် အရင်ကဆို ၃-၄ ညအိပ်ကို တစ်ဦး ၂ သိန်းကျပ် စွန်းစွန်းရပေမယ့်၊ အခုဆိုအနည်းဆုံး ၄ သိန်းကျော်မှမဟုတ်ရင် မရတော့ဘူး။ ကမ်းခြေတွေဆိုရင် လည်း အခုငွေဆောင်၊ ချောင်းသာသွားတဲ့ စရိတ်တွေက အရင်တုန်းကဆို ငပလီတောင်သွားလည်လို့ရတဲ့ နှုန်းတွေဖြစ်နေတာ” လို့ အဆိုပါ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူက ဆိုပါ တယ်။

ပြည်တွင်းခရီးသွားလုပ်ငန်းအပြင် ပြည်ပခရီးသွားတွေ အလာများခဲ့တဲ့ ၂၀၁၁ ခုနှစ် နောက်ပိုင်းနှစ်တွေမှာလည်း ‌ အထက်အညာ၊ ရှမ်းပြည်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ချင်း ပြည်နယ်တွေက ဒေသခံတွေဟာ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း အများကြီးရခဲ့ပါတယ်

ပြည်တွင်းခရီးသွားလုပ်ငန်းအပြင် ပြည်ပခရီးသွားတွေ အလာများခဲ့တဲ့ ၂၀၁၁ ခုနှစ် နောက်ပိုင်းနှစ်တွေမှာလည်း ‌အထက်အညာ၊ ရှမ်းပြည်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ချင်း ပြည်နယ်တွေက ဒေသခံတွေဟာ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း အများကြီးရခဲ့ပါတယ်။

“ကန်ပက်လက်မှာဆိုရင် ၂၀၁၉ မတိုင်ခင်မှာပဲ ဒေသခံတွေရဲ့ စီးပွားရေးအဆင်ပြေအောင်ရော ပြည်တွင်း/ပြည်ပခရီးသွားတွေလာတဲ့အခါ လည်ပတ်စရာနေရာတွေ ရှိအောင်ဆိုပြီး community based tourism (cbt) အဖြစ် အများကြီးဖန်တီးလုပ်ခဲ့တာ။ အဲ့အထဲက ဆော်လော်ရွာဆိုလည်း တကယ့်သဘာဝခရီးသွားလုပ်ငန်းလိုဖြစ်အောင် ကျေးရွာတွေသေချာ လုပ်ခဲ့တာ။ အခုက လမ်းပန်းဆက်သွယ်ရေးကအစ ခက်ခဲပြီး ဒေသခံတွေတောင် လုံခြုံရေးကြောင့် တနေရာနဲ့ တနေရာသွားဖို့တောင် ခက်နေပြီ” လို့ ကန်ပက်လက်မြို့ခံတစ်ဦးက ဆိုပါတယ်။

မြန်မာနိုင်ငံကို ဝင်ရောက်ခဲ့တဲ့ ပြည်ပခရီးသွားအရေအတွက်ကို ပြန်ကြည့်မယ်ဆိုရင် လွန်ခဲ့တဲ့နှစ် ၂၀၊ ၂၀၀၃ ခုနှစ်မှာ ၅၉၇,၀၀၀ ကျော် ဝင်ရောက်ခဲ့ပြီး တိုင်း ပြည်နိုင်ငံရေးအခြေ အနေများ ပြန်လည်ပွင့်လင်းလာတဲ့ ၂၀၁၀ ခုနှစ်မှာ ၇၉၀,၀၀၀ ကျော်ဝင်လာရာကနေ ဦးသိန်းစိန်အစိုးရခေတ် ကုန်ခါနီး ၂၀၁၅ ခုနှစ်မှာတော့ ခရီးသွားဦးရေ ၄.၇ သန်းအထိဝင်ရောက် လာခဲ့ပါတယ်။

ပွင့်လင်းလာတဲ့ နိုင်ငံအနေအထားကြောင့် အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံများမှ ခရီးသွားများက နယ်စပ်ဂိတ်တွေက အများဆုံးလာလည်ခဲ့ကြသလို ဥရောပနဲ့ အနောက်နိုင်ငံများက ခရီးသွားတွေကလည်း လေကြောင်း၊ ရေကြောင်းများကနေ ဝင်ရောက်လည်ပတ်ခဲ့ကြပါတယ်။ ကိုဗစ်မတိုင်ခင် ၂၀၁၉ ခုနှစ်အထိ ခရီးသွားဦးရေဟာ ၄.၄ သန်း အထိရောက်ရှိခဲ့ပြီး ကိုဗစ်ရောဂါတွေကြောင့် ခရီးသွားလုပ်ငန်းတွေ ရပ်ဆိုင်းလိုက်ရာက ၂၀၂၀ ခုနှစ်မှာတော့ ခရီးသည်အ‌ရေအတွက် ၂၃၀,၀၀၀ ကျော်သာရှိပါတော့တယ်။

နိုင်ငံရေးပြသာနာများကြောင့် ၂၀၂၁ နဲ့ ၂၀၂၂ ခုနှစ်များမှာလည်း ခရီးသည်ဦးရေဟာ ၂၃၀,၀၀၀ ကျော် ဝင်ရောက်ခဲ့ပါတယ်။ ဒီအရေအတွက်ဟာ လွန်ခဲ့တဲ့ နှစ် ၂၀ ကာလထက်တောင် ပိုနည်းပါးခဲ့တာလည်းဖြစ်ပါတယ်။

သို့ပေမယ့် အခု ၂၀၂၃ ခုနှစ် ၈ လတာတွင်းမှာတော့ ခရီးသွားအရေအတွက်ဟာ နှစ်ဆကျော် ပြန်လည်မြင့်တက်လာတယ်လို့ အချက်အလက်တွေအရ သိရပါတယ်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လကုန်အထိ နိုင်ငံတကာ ခရီးသွားဧည့်သည် စုစုပေါင်း ၇၅၁,၂၁၆ ဦးလာရောက်ခဲ့ရာ နယ်စပ်ဂိတ်များမှတဆင့် ၅၅၈,၁၉၉ ဦးဝင်ရောက်ခဲ့ပြီး လေကြောင်းမှ တစ်ဆင့် နိုင်ငံတကာခရီးသွားဧည့်သည် ၁၉၃,၀၁၇ ဦးလာရောက်ခဲ့ပါတယ်။

အဆိုပါ ပမာဏဟာ ယမန်နှစ် ၂၀၂၂ ခုနှစ် တစ်နှစ်ပတ်လုံးမှာ မြန်မာနိုင်ငံအတွင်း ရောက်လာတဲ့ နိုင်ငံတကာခရီးသွားဧည့်သည် ၂၃၃,၄၈၇ ဦးနဲ့ယှဥ်ပါက သုံးဆနီးပါး ပြန်လည်မြင့် တက်လာခြင်းလည်းဖြစ်ပြီး နှစ်ကုန်ပိုင်းမှာတော့ ပိုပြီးများပြားလာနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံကို အများဆုံးလာတဲ့အထဲက တရုတ်နဲ့ အိန္ဒိယနိုင်ငံသားတွေအတွက်လည်း အစိုးရက ဆိုက်ရောက်ဗီဇာကို ထုတ်ပေးနေပြီဖြစ်တာကြောင့် တဖြေးဖြေး ဖြေ လျော့မှုတွေရှိလာပြီဆိုရင် ခရီးသွားအရေအတွက် ပိုများလာနိုင်မလားလို့လည်း လက်ရှိ ဟိုတယ်ခရီးဝန်ကြီးသစ်က မျှော်လင့်နေတာပါ။

“ခရီးစဉ် စီစဉ်တဲ့ Tour ကုမ္ပဏီများ ခရီးစဉ်ရေးဆွဲရာမှာ အဆင်ပြေစေဖို့ ခရီးသွားဧည့်သည်များ ခရီးစဉ်ရွေးချယ်ရ အဆင်ပြေစေရန်ရည်ရွယ်၍ ခရီးသွားများ သွားလာလည်ပတ် သင့်သော ခရီးစဉ်ဒေသ ၁၄ ခုကို ထုတ်ပြန်ခဲ့တာပါ” လို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်သက်သက်ခိုင်က ဆင်ဟွာသတင်းဌာနကို ဖြေဆိုထား ခဲ့ပါတယ်။

ထိုသို့ ထုတ်ပြန်ကြေညာပေးခြင်းက မြန်မာနိုင်ငံကို လာလည်ချင်တဲ့ ခရီးသွားဧည့်သည်များ မည်သည့်နေရာများသို့ သွားလို့ရနိုင်မည်နည်းဆိုတာကို အစိုးရဝန်ကြီးဌာနက ထောက်ခံ ထားတာဖြစ်တဲ့အတွက် ခရီးသွားများ အဆင်ပြေစွာ ရွေးနိုင်မှာဖြစ်တယ်လို့ ဒေါ်သက်သက်ခိုင်က ပြောထားတာပါ။

မည်သို့ပင်ဆိုစေကာမူ ပြည်တွင်းခရီးသွားလုပ်ငန်းများ တဖြေးဖြေးပြန်လည် ခေါင်းထောင်လာနိုင်ရင် ဒေသခံတွေအတွက် ပြန်လည်အဆင်ပြေစေမှာဖြစ်တာကြောင့် လုံခြုံရေးအား နည်းနေသော နေရာတွေမှာလည်း ငြိမ်းချမ်းရေး အမြန်ဆုံးရရင်ဖြင့် ဒေသခံတွေအတွက်လည်း လူမှုစီးပွားရေးဘဝတွေ ပြန်လည်လည်ပတ်နိုင်မလားဆိုတာကတော့….။

ဂရေ့စ်ကျော်

Photo: ယနေ့ခေတ်

#ယနေ့ခေတ်

ဒေသခံတို့စီးပွားရေး၊ ဒေသလုံခြုံရေးနှင့် အားပြန်ယူနေသည့် မြန်မာ့ခရီးသွားလုပ်ငန်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.