ဈေးကွက်လှုပ်ခတ်သွားခြင်းနှင့် နှစ်သောင်းတန် ဂယက်

ဂျူဂျူး 

မြန်မာနိုင်ငံ၌ ဇူလိုင် ၂၃ ရက်ကထွက်ပေါ်ခဲ့သည့် နှစ်သောင်းတန်ငွေစက္ကူအသစ် ထွက်ရှိမည်ဆိုသည့် သတင်းကြောင့် ငွေ ကြေးဖောင်းပွမှုဖြစ်စဉ်အပေါ် ဝေဖန်မှုများရှိခဲ့ရာမှ ငွေ ဈေးမှအစ အခြေခံစားသောက်ကုန်ဈေးနှုန်းများပါ ရုတ်တရက်မြင့် တက်လာခဲ့သည်ကို တွေ့ရသည်။

နှစ်သောင်းတန်ငွေ စက္ကူအသစ်ထွက်ရှိမည်ဆိုသည့် သတင်းမထွက်ပေါ်စဉ်ကတည်းက အဘက်ဘက်မှဈေးနှုန်းများ မြင့် တက်နေခဲ့ပြီး နိုင်ငံခြားငွေကြေးလဲလှယ်နှုန်းများ၊ ရွှေဈေး များ၊ စက်သုံးဆီဈေးများ၊ ဆန်ဈေးများမှာ အတက်ဘက်၌ရှိနေ ခြင်းဖြစ်သည်။ 

“အစထဲက တက်နေတဲ့ဈေးကို နှစ်သောင်းတန်သတင်းက မီးလောင်ရာလေပင့်ဖြစ်တာပေါ့၊ နှစ်သောင်းတန်ထွက်မယ်ပဲ ရှိသေးတယ်၊ နှစ်သောင်းတန်ထွက်မှာမို့ဈေးတွေတက်ကုန်ပြီ၊ ငွေကြေးဖောင်းပွပြီဆိုတဲ့ အကြောင်းပြချက်ကဈေးတက်လို့ ကောင်းတဲ့ အကြောင်းအရာတစ်ခုလိုဖြစ်နေတယ်” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ 

ယမန်နေ့ကနေ့ချင်းညချင်းပင် ပြင်ပနိုင်ငံခြားငွေကြေးလဲလှယ်မှုနှုန်းများနှင့် အခေါက်ရွှေဈေးများမှာ မြင့်တက်လာခဲ့ပြီး အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၃၅၀၀ ကျပ် ဝန်းကျင်၊ အခေါက်ရွှေဈေးမှာ ၃၄ သိန်းအထက်တွင် ကြိုက် ရောင်းကြိုက်ဝယ်စနစ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သော်လည်း ဆိုရှယ်မီဒီယာပေါ်၌ ၃၆ သိန်းဝန်းကျင်အထိဈေးဆွဲတင် နေကြသူများလည်းရှိနေသည်ကို တွေ့ရသည်။ 

“ရွှေအရောင်းဖွင့်တဲ့ဈေးက စနေနေ့ထိပဲ ရွှေဆိုင်တွေက ဈေးထွက်ထားတယ်၊ စနေနေ့ ညနေပိုင်းအထိ ၃၂ သိန်း ငါးသောင်း ကျော်နဲ့ ဈေးကွက်ပိတ်ခဲ့တာ၊ ဒီနေ့ (ဇူလိုင် ၂၄ ရက်) နေ့ လည်ပိုင်းမှာ ရန်ကုန်ဈေးက ၃၄ သိန်း ၇သောင်းလောက်နဲ့ အရောင်းအဝယ် နည်းနည်းရှိနေတယ်” ဟု ရန်ကုန်မြို့တွင်း ရွှေဆိုင်တစ်ဆိုင်၏ တာဝန်ရှိသူထံမှ သိရသည်။ 

အလားတူ အမေရိကန်ဒေါ်လာလဲလှယ်နှုန်းများမှာလည်း မြင့်တက်လာခဲ့ပြီး ဒေါ်လာရောင်းချသည့်ဈေးများသာ မြင့်တက်နေပြီး ပြန်လည်ဝယ်ယူခြင်းမရှိသည့်အပြင် ဈေးကွက် အ တွင်း အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၃၆၀၀ ကျပ်ထိ ဈေးတင်နေမှုများရှိနေပြီး အခြားသော ဘတ်ဈေး၊ ယွမ်ဈေးများမှာလည်း မြင့်တက်လာခဲ့သည်ကို တွေ့ရသည်။ 

“ရောင်းဈေးတွေသာမြင့်နေပြီး ပြန်ဝယ်ဈေးတွေက ရောင်းဈေးတွေလောက် မလိုက်တော့ပဲ ငြိမ်သွားတာကိုကြည့်မယ်ဆို ရင် သတိထားသင့်တယ်လို့ အကြံပေးချင်ပါတယ်၊ ရောင်း ဈေးနဲ့ဝယ်ဈေးကို မတရားခွာထားတာဟာ ဈေးကိုပိုခေါ်ထားတဲ့ သဘောပါ” ဟု ငွေလဲကောင်တာတစ်ခု၏ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ရေးသားဖော်ပြထားချက်အရ သိရ သည်။

“ရောင်းဈေးတွေသာမြင့်နေပြီး ပြန်ဝယ်ဈေးတွေက ရောင်းဈေးတွေလောက် မလိုက်တော့ပဲ ငြိမ်သွားတာကိုကြည့်မယ်ဆို ရင် သတိထားသင့်တယ်လို့ အကြံပေးချင်ပါတယ်၊ ရောင်းဈေးနဲ့ဝယ်ဈေးကို မတရားခွာထားတာဟာ ဈေးကိုပိုခေါ်ထားတဲ့ သဘောပါ” ဟု ငွေလဲကောင်တာတစ်ခု၏ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ရေးသားဖော်ပြထားချက်အရ သိရသည်။

ထို့အပြင် ထိုင်းဘတ်ဈေးနှင့်ပတ်သက်ပြီး ၎င်းက “ဒီနေ့မှာ နိုင်ငံခြားငွေ အရောင်းအဝယ်သမားတွေရဲ့ ဈေးနှုန်းတွေကိုကြည့်မယ်ဆိုရင် ထိုင်းဘတ်အဝယ် 92.5 အရောင်း 98/99 လောက်အထိ ခွာပြီးရောင်းလာကြတာတွေ့ရပါတယ်။ ပုံမှန်အချိန်တွေ မှာဆိုရင် 1.5/2 ကျပ်လောက်သာ ခွာရောင်းကြပေမယ့် အခုအချိန်မှာတော့ အရောင်းနဲ့အဝယ်ကို ဈေးတော် တော်ခွာထားကြတာကို တွေ့ရပါတယ်။ ဒီသဘောတရားကို သေချာကြည့်မယ်ဆိုရင် 1 ဘတ်ကို 99 ကျပ်လောက်နဲ့ ရောင်းနေတယ်ဆိုရင် ရောင်းတဲ့သူကိုမေးကြည့် 97 ကျပ်ပဲပေး ဝယ်မလားလို့။ မေးလိုက်ရင် သူတို့ကမဝယ်ပါဘူး။ ဒါကိုကြည့်ချင်းအားဖြင့် ဝယ်လိုအားများနေတာကြောင့် သူတို့က အမြတ်ကိုအများကြီးတင်ထားကြတာဖြစ်ပါတယ်။  ကြောက် လန့်ပြီး ဝယ်လိုအားများ လာတာကြောင့် 92.595 ကျပ်လောက်ပဲရှိသင့်နေတဲ့ ငွေဈေးဟာ 92.5 – 98/99 ကျပ်လောက်ထိကို  ဆွဲတင်ရောင်းချနေတာ ပါ” ဟု ဆက်လက်ရေးသား ဖော်ပြထားသည်။ 

ထိုကဲ့သို့ ငွေဈေးများ မြင့်တက်လာခြင်းက မြင့်တက်နေပြီးသားဖြစ်သည့် ကုန်ဈေးနှုန်းများကို ပိုမိုမြင့်မားလာစေပြီးဝယ်ယူစားသုံးနေရသည့် ပြည်သူတွေအပေါ် အခက်အခဲများ ပိုမိုဖြစ်လာစေကြောင်း သိရသည်။ 

ပြည်သူများ၏ မဖြစ်မနေဝယ်ယူစားသုံးနေရသည့် ဆန်ဈေးမှာ ၂၄ ပြည်ပါတစ်အိတ်ကို တစ်ရက်အတွင်း သောင်းချီမြင့် တက်ခဲ့ရာ ဇူလိုင် ၂၂ ရက်က ရွှေဘိုဆန်တစ်အိတ်လျှင် တစ် သိန်း တစ်သောင်းဝန်းကျင်ရှိခဲ့ရာမှ ဇူလိုင် ၂၃ ရက်နေ့တွင်  တစ်သိန်းသုံးသောင်းကျော်အထိ မြင့်တက်လာခဲ့ကြောင်း တစ်နိုင်တစ်ပိုင် ထမင်းဆိုင်ဖွင့်လှစ်ရောင်းချနေသူများက ပြော သည်။ 

“ ဟိုနေ့က ရွှေဘိုပေါ်ဆန်းတစ်အိတ်ကို တစ်သိန်းတစ်သောင်းဝန်းကျင်ကနေ ဒီမနက်ဝယ်တော့ တစ်သိန်း သုံးသောင်းအထိဖြစ်သွားတာ။ ချက်ချင်းကို နှစ်သောင်းလောက် စျေးတက် သွားတာ။ ကျန်တဲ့ ဧရာဝတီတိုင်းကဝင်တဲ့ ဆန်အိတ်တွေလည်း ဒီမနက် ငါးထောင်၊ တစ်သောင်းလောက် တက်လာတယ်။ ကုလားပဲဆိုလည်း  အရင်က နှစ်ထောင်လောက်ကနေ  အခု ခုနှစ်ထောင်လောက်အထိဖြစ်သွားတယ်။ ကြက်သွန်ဖြူစျေးကလည်း အဆမတန်တက်နေတာ” ဟု ဗိုလ်တထောင် မြို့နယ်၌ ထမင်းဆိုင်ဖွင့်လှစ်ထားသူတစ်ဦးက ဆိုသည်။

ယနေ့ ဇူလိုင် ၂၄ ရက်တွင် မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များအသင်း၏ ဆန်ဈေးနှုန်းထုတ်ပြန်မှု၌ပင် ရွှေဘိုဆန်တစ်အိတ်လျှင် ကျပ် ၃၀၀၀ ခန့် မြင့်တက်လာခဲ့ပြီး ရွှေဘိုပေါ်ဆန်းမွှေး ၂၄ ပြည်တစ်အိတ်လျှင် ၁၁၅,၀၀၀ ကျပ်အထိ ရည်ညွှန်းဈေး မြင့်တက်လာခဲ့သည်ကိုတွေ့ရသည်။ 

အလားတူ ဆန်အပါအဝင်အခြားသော အခြေခံစားသောက်ကုန်များဖြစ်သည့် ဆီ၊ ကြက်သွန်နီ၊ အာလူး၊ အချိုမှုန့်၊ ပဲမျိုးစုံ၊ ဂျုံ၊ ငံပြာရည်အစရှိသည့် စားသောက်ကုန်များမှာ မြင့် တက်နေသည့်ဈေးထက် ပိုမိုမြင့်တက်လာကြောင်း အိမ်ရှင်မများထံမှ သိရသည်။ 

“နှစ်သောင်းတန်ထွက်တာနဲ့ ကုန်ဈေးနှုန်းကတက်တော့တာ၊ တစ်ချို့ကငွေရှိတော့ ကြိုဝယ်ကြတယ်၊ အဝယ်လိုက်ပြီဆိုကုန် ရှားလာတာနဲ့ လက်ကျန်နည်းလာတာနဲ့ ဈေးကတက် တော့မှာပဲလေ၊ အခုက တစ်နေ့စာတစ်နေ့တောင် မနည်းရှင်းနေရတဲ့ လူတွေကများတယ်လေ၊ လူနည်စုဂယက်က လူများစုငတ်ဖို့အရေးဖြစ်နေပြီ” ဟုတောင်ဥက္ကလာပမြို့နယ်မှ အိမ်ရှင်မတစ်ဦးက ပြောသည်။ 

အခြေခံစားသောက်ကုန်သာမက လူသုံးကုန်များပါ ဈေးနှုန်းများမြင့်တက်လာခဲ့ပြီး ပြည်ပနိုင်ငံများမှ တင်သွင်းနေရသည့် ကုန်ပစ္စည်းများ၏ ဈေးနှုန်းများမှာလည်း မြင့်တက်သည် ထက် မြင့်တက်လာခဲ့ရာ လုပ်ငန်းများဆက်လက်ရပ်တည်နိုင်ရန်ပင် အခက်အခဲရှိလာနိုင်ကြောင်း သိရသည်။

“စျေးမသွားရသေးဘူး ဆိုင်ဖက်ကတော့ စျေးတက်မယ်ဆိုပြီး ဒီမနက်ပဲဖုန်းဆက်တယ်။တောင်ပြုန်းရာသီဆိုတော့ အော်ဒါ တွေအရမ်းတက်တယ်။ ဒါပေမယ့် ကုန်ကြမ်းတွေဝယ်ရ တာ စျေးကြီးတာရယ် သုံးချင်တဲ့ကုန်ကြမ်းက လိုသလောက်မရတာရယ်ကြောင့် အခက်အခဲတွေဖြစ်တယ်။ တိုးတောင်းတော့လည်း ရန်တွေ့ခံရတာပေါ၊ အဲ့လောက်တန်လို့ လား ဘာညာနဲ့။ အချို့ကျတော့လည်း တက်တော့လည်း တက်စျေးလေးနဲ့ပေါ့ဆိုပြီး ချုပ်ကြတယ်။ အချို့ ကြလုံးဝမတတ်နိုင်လို့ မချုပ်ကြ ဘူးလေ” ဟု ရွှေချည်ငွေချည်ထိုးလုပ်ငန်း ရှင်တစ်ဦးက ပြောသည်။ 

ထို့အပြင် ကန်ဒေါ်လာဈေးပေါ်မူတည်ကာ ကားဈေးနှုန်းများ၊အိမ်ခြံမြေဈေးနှုန်းများမှာလည်း အမြင့်ဈေး၌ပင် ထပ်မံမြင့်လာရန် ဦးတည်နေကြောင်း ကားလောကသားများထံမှသိရ သည်။ဈေးနှုန်းများမှာ မြင့်တက်ရန် ဆွဲတင်ခြင်းခံနေရပြီး အတိုင်း အဆညီရန် ထိန်းညှိကြဖို့လည်း အကြံပြုမှုများ ရှိလာခဲ့သည်။ 

“လက်ရှိ ရှိရင်းစွဲအခြေနေ ဈေးနှုန်းတွေကနေထပ်ပြီး ထွေထွေထူးထူး ဘာမှထပ်မပြောင်းလဲသွားဖို့ အားလုံးမှာတာဝန်ရှိနေ ပါတယ်။ ကားဈေးတက်လို့ဆိုပြီး ကားရှိသူတွေက ပျော် နေဖို့မှမလိုတာ တစ်ဖက်မှာစားသောက်ကုန်ဈေးတွေ မပြောင်းဖို့ကပဲ အရေးကြီးတာပါ။အခြေခံကုန်ပစ္စည်းတွေ ဈေးတည်ငြိမ်ပါမှ အလုပ်ဆက်လုပ်လို့ရတာမို့ ဝါးလုံးခေါင်းထဲလ မသာချင်ကြ ပါနဲ့တော့။ တစ်ခုခုကိုပျော်ကြမယ်လို့တွေးတိုင်း မပြေလည်တဲ့ဘဝတွေကိုပြေးမြင်လိုက်ကြပါဗျာ။သူတို့တွေ အရမ်းခက်ခဲနေကြတယ်။ သူတို့တွေ ထွက်ပေါက်မရှိ တော့ရင် အခုအဆင်ပြေနေသူတွေ ပျော်ကြဖို့ မမျှော်လင့်နဲ့တော့ပဲ အရမ်းကြီးတော့ မဖောင်းပွအောင်နေကြဖို့ အရေးကြီးနေပါပြီ” ဟု လုပ်ငန်းရှင်တစ်ဦးက ၎င်း၏လူမှုကွန်ရက်စာ မျက်နှာပေါ် တွင် ရေးသား ဖော်ပြထားသည်။ 

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်းမှစတင်ကာ ကုန်ဈေးနှုန်းများမှာ အဆပေါင်းများစွာ မြင့်တက်လာခဲ့ရာမှ ယခုအချိန် တွင် ဈေးနှုန်းအမြင့်များနှင့် ရင်ဆိုင်နေ ရပြီး ယမန်နေ့က ထုတ်ပြန်လာသည့် နှစ်သောင်းကျပ်တန်ငွေ စက္ကူပြဿနာကြောင့် ကုန်ဈေးနှုန်းများ ထပ်မံမြင့်တက်လာသည်ကို စိုးရိမ်မှုများရှိလာခဲ့သည်။ 

“ အရင်အသုံးပြုငွေတဲ့ ငွေစက္ကူပမာဏနဲ့ အခုထုတ်တဲ့ နှစ်သောင်းတန်အပေါ်  တွက်ချက်ကြည့်ရင်ငွေကြေးဖောင်းပွမှု သုံး ဆလောက်ဖြစ်လာနိုင်တယ်လို့ သုံးသပ်လို့ရတယ်။ ဒါပေ မယ့် အစားထိုးလဲလှယ်တာနဲ့ အကန့်အသတ်နဲ့ ထုတ်မယ်ဆိုတဲ့အ ပေါ်မှာ ဘယ်လောက်ထိ ဖြစ်လာနိုင်မလဲက စောင့်ကြည့်ရမှာပါ။ ဒီကာလမှာ ဈေးနှုန်းတည်ငြိမ်ဖို့က အဓိကကျနေ တယ်” ဟု ဘဏ်လုပ်ငန်းဆိုင်ရာ လေ့လာနေသူတစ်ဦးက ပြောသည်။ 

ယခုထွက်ရှိမည့် နှစ်သောင်းတန်ငွေစက္ကူသည် အထိမ်းအမှတ်အနေဖြင့် ထုတ်ဝေခြင်းဖြစ်သောကြောင့် ဟောင်းနွမ်းငွေ စက္ကူများကို အစားထိုးလဲလှယ်ပေးခြင်းဖြစ်၍ ငွေကြေး ဖောင်းပွမှု မဖြစ်နိုင်ကြောင်း ယနေ့ ဇူလိုင် ၂၄ ရက်တွင် ဗဟိုဘဏ်က ထုတ်ပြန်ကြေညာခဲ့သည်။

လဲလှယ်ရာတွင် ဟောင်းနွမ်းငွေစက္ကူများအနက် လူတစ်ဦးလျှင် ၃ ရွက်ခန့်သာ လဲလှယ်နိုင်မည်ဖြစ်ကာ လဲလှယ်ထားသည့် ဟောင်းနွမ်းငွေစက္ကူများကို ဖျက်စီးမည့်စာရင်းနှင့် ငွေ စက္ကူလက်ကျန်အတွင်း ထည့်သွင်းဖျက်စီးသွားမည်ဖြစ်၍ ငွေကြေးပမာဏတိုးတက်ရန် လုံးဝအခြေအနေမရှိဟုလည်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

ထို့အတူ ငွေရေးကြေးရေးကဏ္ဍတည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဘဏ်နှင့် ဘဏ်မဟုတ်သည့် ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့်လည်း နီးကပ်စွာကြီးကြပ်စစ်ဆေး ခြင်း၊ ထိန်းကြောင်းပြုပြင်ခြင်းနှင့် လိုအပ်မှုများ ပံ့ပိုးကူညီခြင်းတို့ကို ဆောင်ရွက်နေကြောင်း သိရသည်။ 

ဂျူဂျူး

#ယနေ့ခတ်

ဈေးကွက်လှုပ်ခတ်သွားခြင်းနှင့် နှစ်သောင်းတန် ဂယက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.