ကုန်ဈေးနှုန်းတစ္ဆေ ခြောက်လှန့်ခံနေရသူတွေ…

သွေး(စစ်ကိုင်း)

အခြေခံလူတန်းစားတွေအတွက်ရော၊ အိမ်ရှင်မတွေအတွက်ပါ ကုန်ဈေးနှုန်းကြီးမြင့်လာမှုက နေ့စဉ်ရင်ဆိုင်နေရတဲ့ အခြေအနေတစ်ခု ဖြစ်လာနေပါတယ်။ ကုန်ဈေးနှုန်းတွေ အဆမ တန်တက်လာပေမဲ့ ဝင်ငွေက သိသိသာသာတိုးမလာတဲ့အခါ အခက်အခဲတွေပိုတွေ့နေရတာပါ။ အာဟာရပြည့်အောင် စားသောက်နိုင်ဖို့တောင် မလွယ်ကူတဲ့အနေအထားမှာ ပြည်သူအများစုဟာ အသက်ရှင်သန်ရေးအတွက် အလွန်အမင်းရုန်းကန်နေရပါတယ်။

သာကေတမြို့နယ်မှာနေထိုင်တဲ့ မရွှေစင်အိဟာ ကလေးနှစ်ယောက်မိခင်ဖြစ်ပြီး၊ အရင်က ခင်ပွန်းဖြစ်သူရဲ့ဝင်ငွေနဲ့ အဆင်ပြေပြေနေထိုင်စားသောက်နိုင်ခဲ့ပေမဲ့ အခုအချိန်မှာ မလွယ်ကူဘူးလို့ ပြောပြပါတယ်။

“ဈေးသွားရမယ့်နေ့ဆိုရင် တော်တော်လေးစိတ်ဖိစီးတယ် အစ်မရေ။ ဘာလေးဝယ်ဝယ် ဈေးကတက်နေတာကိုး။ ကလေးနှစ်ယောက်ရဲ့မုန့်ဖိုးပါထည့်ပေါင်းရင် တစ်လတစ်လ မနည်းဘူး။ အသားတွေကဈေးတက်လို့ အသီးအရွက်က သက်သာမလားဆိုတော့လည်း မသက်သာဘူး။ အမျိုးသားရဲ့ဝင်ငွေနဲ့ မလောက်ချင်တော့လို့ ညီမအလုပ်လုပ်ရမလား စဉ်း စားနေရပြီ” လို့ မရွှေစင်အိက ပြောပါတယ်။

စား၊ ဝတ်၊ နေ အရေးသုံးပါးဆိုတဲ့အတိုင်း နေ့စဉ်စားသောက်ဖို့ ကုန်ကျစရိတ်အပြင် ရန်ကုန်၊ မန္တလေးမြို့ကြီးတွေမှာ နေထိုင်ရေးစရိတ်ကလည်း မြင့်မားလှပါတယ်။ ရန်ကုန်မြို့မှာ အိမ်ခန်းငှားနေထိုင်ရသူတွေ များလာတာနဲ့အမျှ အိမ်လခတွေကလည်း အလွန်သိသိသာသာတက်လာနေပါတယ်။ တိုက်ခန်းငှားခတွေဟာ မြို့နယ်အလိုက် အနည်းဆုံး နှစ်သိန်းကျပ်ကနေ ၁၀ သိန်း၊ ၁၅ သိန်းဝန်းကျင်ထိ ရှိလာနေပါတယ်။ ရန်ကုန်မြို့လယ်ကောင်မဆိုထားနဲ့ ဆင်ခြေဖုံးမြို့ နယ်တွေမှာပါ အိမ်လခတွေ ဈေးတက်လာနေတာပါ။ ဒါကြောင့် အရင်က တိုက်ခန်းနဲ့ လုံးချင်းအိမ် ငှားရမ်းမနေနိုင်သူတွေဟာ အဆောင်တွေမှာပဲ ငှားရမ်းနေထိုင်ကြရပါတယ်။

လူဦးရေထူထပ်တဲ့ ရန်ကုန်မြို့မှာ အဆောင်လခတွေကလည်း သိပ်မသက်သာလှပါဘူး။ ကမာရွတ်မြို့နယ်က လှည်းတန်းလိုနေရာမျိုးမှာ တစ်ယောက်ခန်းပဲ ငှားမယ်ဆိုရင်တောင် အနည်းဆုံး တစ်လကို တစ်သိန်းကျပ်ပေးရတာပါ။ နှစ်ယောက်ခန်း၊ သုံးယောက်ခန်းတွေ ငှားရမ်းမယ်ဆိုရင်တောင် တစ်လကို တစ်ဦး ၇ သောင်းကျပ်လောက်ပေးရပါတယ်။ တချို့အဆောင်တွေက ချက်ပြုတ်စားသောက်ခွင့်ပေးပေမဲ့ တချို့အဆောင်တွေက မပေးပါဘူး။

မကွေးတိုင်းဒေသကြီးကနေ ရန်ကုန်မှာအလုပ်လာလုပ်နေတဲ့သူတွေထဲ မောင်ဖြိုးဝေလင်းတစ်ယောက်ပါပါတယ်။ ဖုန်းဆိုင်တစ်ခုမှာ အရောင်းဝန်ထမ်းအနေနဲ့ လုပ်ကိုင်ရပြီး တစ်လကို လစာ နှစ်သိန်း ငါးသောင်းကျပ်ရပေမဲ့ ဝင်ငွေနဲ့ထွက်ငွေ ဘာမှမကာမိသလို ဖြစ်နေတယ်လို့ ပြောပြပါတယ်။

“၃ ယောက်ခန်းမှာငှားနေတာဆိုတော့ တစ်လကို ၇ သောင်းကျပ်ကျတယ်။ ကံကောင်းတာက ကျွန်တော်တို့အဆောင်က ချက်ပြုတ်စားလို့ရတာပါ။ မီတာခအနေနဲ့ တစ်လ ၅ ထောင်ကျပ်ပေးရတယ်။ ထမင်းတစ်အိုးချက်ပြီး ဖြစ်သလိုစားရတာပေါ့ အစ်မရယ်။ ရတာနဲ့ကုန်တာက ဘဲစားဘဲချေပါပဲ” လို့ ဆိုပါတယ်။

တကယ်လို့ ထမင်းဟင်းမချက်ဘဲ အပြင်မှာဝယ်စားမယ်ဆိုရင် ထမင်းတစ်ခါစား အနည်းဆုံး ၅ ထောင်ကျပ်ဝန်းကျင်ရှိနေတာမို့ ဝင်ငွေနည်းပါးသူတွေအတွက် အဆင်မပြေနိုင်ပါဘူး။ မိသားစုသုံးယောက်ရှိတဲ့ အိမ်ထောင်စုတစ်စုအနေနဲ့ မနက်စာကို လက်ဖက်ရည်ဆိုင်မှာစားရင် အနည်းဆုံး ကျပ်တစ်သောင်းဝန်းကျင်ထိ ကုန်ကျနိုင်ပါတယ်။ လက်ဖက်ရည်တစ်ခွက် ၁,၅၀၀ ကျပ်ဖြစ်နေတော့ ၃ ခွက်အတွက် ၄,၅၀၀ ကျပ်ကျသင့်မှာပါ။ ပဲနံပြားတစ်ပွဲကို ၁,၅၀၀ ကျပ်ဖြစ်လို့ ၃ ပွဲကို ၄,၅၀၀ ကျပ်ကျသင့်မှာဖြစ်ပြီး၊ အနည်းဆုံး ၉,၀၀၀ ကျပ် ကုန်မှာဖြစ်ပါတယ်။ ရှမ်းခေါက်ဆွဲ၊ နန်းကြီးသုတ်လို အစားအစာတွေမှာရင်တော့ တစ်ပွဲကို အနည်းဆုံး ၃,၀၀၀ ကျပ်ပေးရမှာပါ။

လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ်က ကြက်ဥတစ်လုံးကို ၁၀၀ ကျပ်ပဲပေးရတာမို့ ကြက်ဥကို ဝဝလင်လင်စားသုံးနိုင်တဲ့ အနေအထားရှိခဲ့တယ်လို့ ဆိုရမှာပါ။ ဒါပေမဲ့ ၂၀၂၂ ခုနှစ်ရောက်တော့ ကြက်ဥတစ်လုံး ၂၀၀ ကျပ်ဖြစ်သွားတဲ့အတွက် ဈေးနှုန်းနှစ်ဆတက်သွားပါတယ်။ လက်ရှိအချိန်မှာတော့ ကြက်ဥတစ်လုံးကို ၄၀၀ ကျပ်ကနေ လက်လီဈေးနှုန်း ၅၀၀ ကျပ်ထိ ပေးနေရတဲ့အတွက် ၂၀၂၀ ခုနှစ်ကဈေးနှုန်းနဲ့နှိုင်းယှဉ်ရင် ဈေးနှုန်း ၄ ဆကနေ ၅ ဆအထိ တက်နေတဲ့အခြေအနေပါ။

ဒီလို ကုန်ဈေးနှုန်းတွေတက်နေပေမဲ့ အလုပ်လုပ်လို့ရတဲ့ဝင်ငွေကရော တက်လာပါသလားဆိုတော့ မတက်တဲ့အပြင် အထွေထွေအကျပ်အတည်းအောက်မှာ လုပ်ငန်းရပ်နားသွားတာတွေ၊ ဆက်လက်မလည်ပတ်နိုင်တာတွေရှိလာနေပြီး အလုပ်လက်မဲ့ဖြစ်ရသူတွေလည်း အများအပြားရှိလာနေတာကြောင့် ရှိတဲ့အလုပ်ကလေးမပြုတ်အောင် ရတဲ့လစာလေးနဲ့ ဖြစ်သလိုနေထိုင်ကြရတော့တာပါပဲ။ ဝင်ငွေနဲ့ထွက်ငွေမမျှတမှုကြောင့် အစားအသောက် ဝဝလင်လင်မစားနိုင်တဲ့ မိသားစုတွေလည်း ပိုများလာနေပါတယ်။ ဆန်တစ်ပြည်ဈေးနှုန်းက ဆန်ကြမ်းဆိုရင်တောင် ၅,၀၀၀ ကျပ် အနည်းဆုံးပေးဝယ်နေရတာမို့ လူဦးရေများတဲ့ အိမ်ထောင်စုတွေဟာ ထမင်းနပ်မှန်ဖို့ မလွယ်ကူပါဘူး။ တစ်နေ့ကို ဆန်တစ်ပြည်ကုန်တဲ့ မိသား စုတွေအတွက် အသား၊ ငါးနဲ့ ထမင်းစားဖို့ဆိုတာ တော်တော်မလွယ်ကူတဲ့ အခြေအနေပါပဲ။

ကန်စွန်းရွက်ကြော်နဲ့ ထမင်းစားမယ်ဆိုရင်တောင်မှ ကန်စွန်းရွက်တစ်စည်း ကျပ် ၇၀၀ ဝန်းကျင်ဖြစ်နေတာမို့ ကန်စွန်းရွက်သုံးစည်းကြော်မယ်ဆို ကျပ် ၂,၀၀၀ ကျော်သွားပါပြီ။ မြန် မာနိုင်ငံမှာ လူဦးရေသန်းချီပြီး စားနပ်ရိက္ခာမဖူလုံမှုနဲ့ ရင်ဆိုင်နေရတယ်လို့ လေ့လာတွေ့ရှိချက်တွေအရ သိရပါတယ်။ အာဟာရပြည့်ပြည့်ဝဝစားသုံးရမှသာ ကလေးငယ်တို့အတွက် ရုပ်ပိုင်း၊ စိတ်ပိုင်း ဖွံ့ဖြိုးမှုရှိလာမှာဖြစ်ပေမဲ့ ဝဝလင်လင်မစားသောက်ရတဲ့ကလေးငယ်တွေ များပြားလာနေတာက ဝမ်းနည်းစရာပါ။

လျှပ်စစ်မီးပုံမှန်မရတဲ့အတွက် ချက်ပြုတ်တဲ့အခါမှာ ထင်း၊ မီးသွေး၊ ဂက်စ် စတာတွေအသုံးပြုနေရတာကလည်း အပိုထပ်မံကုန်ကျစေပါတယ်။ ထင်းမီးသွေးသုံးပြီး ချက်ပြုတ်တယ်ဆိုရင်လည်း လေဝင်လေထွက်ကောင်းတဲ့အိမ်ခန်း၊ တိုက်ခန်းတွေမှာ အဆင်ပြေနိုင်ပေမဲ့ နေရာကျဉ်းပြီး လေဝင်လေထွက်မကောင်းတဲ့ အိမ်ခန်း၊ တိုက်ခန်းတွေမှာ လေထုညစ်ညမ်းမှုဖြစ်ပေါ်စေပြီး မိသားစုကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပြန်ပါတယ်။

ဝန်ထမ်းတစ်ဦးဖြစ်တဲ့ မမိုးမိုးဝေက လျှပ်စစ်မီးပုံမှန်မလာတဲ့အတွက်ကြောင့် ထမင်းချိုင့်ယူဖို့ အခက်အခဲဖြစ်ရတဲ့အကြောင်း ပြောပြပါတယ်။

“အခုကလေ… မနက် ၅ နာရီကနေ ၉ နာရီအထိလာတဲ့အလှည့်နေ့ဆို ချက်ပြုတ်ချိန်ရသေးတယ်၊ မနက် ၅ နာရီပျက်သွားတဲ့နေ့ဆို ထမင်းချက်ဖို့တောင် မလွယ်ဘူး။ အစောကြီးချက်ထားရင်လည်း နေ့လယ်ကျ ထမင်းကကောင်းချင်မှ ကောင်းတာ။ အကြော်အလှော်လေးတွေထည့်သွားပြီး ထမင်းဝယ်စားရတာလည်းရှိတယ်” လို့ ဆိုပါတယ်။

အခြေခံလူတန်းစားတွေ အားပြုစားသုံးနေရတဲ့ စားအုန်းဆီက ကျန်းမာရေးအတွက် မသင့်တော်ပေမဲ့ နှမ်းဆီ၊ ပဲဆီတွေက ဈေးကြီးလွန်းတဲ့အတွက် မစားနိုင်ကြပါဘူး။ ဈေးကွက်မှာ စားအုန်းဆီတစ်ပိဿာကို ၁၂,၀၀၀ နီးပါး ပေးဝယ်နေရတာပါ။ ဒါကြောင့် ဆန်ဖိုး၊ ဆီဖိုး၊ ဟင်းချက်စရာဖိုးပေါင်းလိုက်ရင် အိမ်ထောင်စုတစ်စုဟာ တစ်နေ့ ကျပ်နှစ်သောင်းလောက်ထိ ကုန်ကျတဲ့သဘောဖြစ်နေပါတယ်။

အခြေခံစားကုန်တွေလို့ဆိုရမယ့် ကြက်သွန်၊ အာလူးဈေးတွေ နည်းနည်းပြန်ကျပေမဲ့ အသီးအရွက်ဈေးက သိသိသာသာကျဆင်းတာ မရှိပါဘူး။ မရွှေစင်အိက အသား၊ ငါးဈေးတွေတက်လွန်းလို့ ဈေးသွားတိုင်း ဘာဝယ်ရမလဲစဉ်းစားရတာ မလွယ်ဘူးလို့ ရင်ဖွင့်ပါတယ်။

“ဝက်သားကလည်း တစ်ပိဿာ ၃ သောင်းကျော်သွားပြီ။ ကြက်သားဘက်လှည့်တော့လည်း တစ်ပိဿာ ၂ သောင်းနီးပါးဆိုတော့ ကြက်သားဝယ်ပြီး အာလူး၊ ဘူးသီးလေးနဲ့ပဲ ရော နှောစားရတာပေါ့။ ဒါတောင် အာလူးဈေးကကျနေလို့စားနိုင်တာ အစ်မရေ။ တစ်ခါတလေများ ဈေးသာရောက်သွားတာ ဘာဝယ်လို့ဝယ်ရမှန်း မသိတော့ဘူး” လို့ ဆိုပါတယ်။

အမဲသား တစ်ပိဿာ ၃ သောင်းကျပ်၊ ဆိတ်သား တစ်ပိဿာ ၄ သောင်းကျပ်ထိ ဖြစ်နေတဲ့အတွက် အသားဈေးက အရင်ကထက် နှစ်ဆကျော်မြင့်တက်နေတာပါ။ ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားလာနေလို့ ကုန်ဈေးနှုန်းပိုတက်နေတာဖြစ်ပြီး ကုန်ဈေးနှုန်းဒဏ်ကို အခြေခံလူတန်းစားတွေက ပိုခါးစည်းခံနေရတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။

လှည်းတန်းကအဆောင်မှာ ဖြတ်သန်းရင် ကြိုးစားရုန်းကန်နေရတဲ့ မောင်ဖြိုးဝေလင်းက “ဈေးကြီးတဲ့ဆိုင်တွေသွားပြီး စားနိုင်သောက်နိုင်ကြတာက တကယ့်ကို လူနည်းစုလေးပါ။ ကျွန်တော်တို့မှာ ကြက်ဥဈေးတက်သွားမှာကိုတောင် ရင်တထိတ်ထိတ်ပါပဲဗျာ။ တစ်နေကုန် အလုပ်လုပ်နေတဲ့သူတွေတောင် မသေထမင်း မသေဟင်းစားနေရတဲ့ဘဝ ရောက်နေပါပြီဗျာ” လို့ ဆိုပါတယ်။

သွေး (စစ်ကိုင်း)

ဓာတ်ပုံ- #ယနေ့ခေတ် #ဆောင်းဦးကုန်စုံဆိုင်

#ယနေ့ခေတ်

ကုန်ဈေးနှုန်းတစ္ဆေ ခြောက်လှန့်ခံနေရသူတွေ… အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.