ကုန်ဈေးနှုန်းတက်… မီးကပျက်

သွေး (စစ်ကိုင်း)

မြန်မာနိုင်ငံရဲ့ပြည်သူတွေ ရင်ဆိုင်နေရတာက ကုန်ဈေးနှုန်းတက်မှု၊ လျှပ်စစ်မီးပြတ်တောက်ချိန်ကြာမြင့်မှုနဲ့ လုံခြုံမှုမရှိခြင်းတို့ဖြစ်ပါတယ်။ ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်မှုက ဝင်ငွေနဲ့ ထွက်ငွေ မညီမျှမှုကိုဖြစ်ပေါ်စေပြီး နေထိုင်ရပ်တည်ရေးအတွက် ခက်ခက်ခဲခဲရုန်းကန်နေရတဲ့ အနေအထားကို တွန်းပို့နေတာဖြစ်ပါတယ်။ တစ်ဦးချင်းဝင်ငွေနည်းပါးတဲ့ မြန်မာနိုင်ငံမှာ သဘာဝဘေးအန္တရာယ်တွေနဲ့ ဆက်တိုက်ဆိုသလို ကြုံတွေ့ရတဲ့အခါ ထိခိုက်ဆုံးရှုံးမှုတွေ ပိုပြီးတွေ့ကြုံနေရတဲ့ အနေအထားပါပဲ။

ရေကြီးရေလျှံမှုတွေနဲ့ အခြားသောမတည်ငြိမ်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် သယ်ယူပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး၊ အခြေခံအဆောက်အအုံတွေ ပျက်စီးသွားရတာကြောင့်လည်း သယ်ယူစရိတ်မြင့်တက်သွားပြီး ဟင်းသီးဟင်းရွက်ဈေးနှုန်းတွေဟာ မကြုံစဖူးမြင့်တက်သွားရတာဖြစ်ပါတယ်။ ဟင်းချက်ရာမှာ အဓိကထည့်သွင်းအသုံးပြုရတဲ့ ခရမ်းချဉ်သီးနဲ့ ကြက်သွန်ဈေး အများကြီးတက်သွားတဲ့အတွက် အိမ်ရှင်မတို့ မိသားစုစားသောက်ရေးမှာ ပိုအခက်တွေ့လာရပါတယ်။

ရန်ကုန်၊ မန္တလေးမှာ ခရမ်းချဉ်သီးတစ်ပိဿာ ၈,၀၀၀ ကျပ်ထိရှိနေပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲနေတဲ့မြို့တွေမှာ တစ်ပိဿာ ၂၀,၀၀၀ ကျပ်ကျော်ထိရှိနေပါတယ်။ ကြက်သွန်တစ်ပိဿာရဲ့ ဈေးနှုန်းကလည်း တစ်ပိဿာ ၅,၀၀၀ ကျပ်အထိ ရောက်ရှိသွားပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲနေတဲ့ဒေသတွေမှာ ၁၅,၀၀၀ ကျပ်အထိရှိနေပါတယ်။ အာလူးတစ်ပိဿာဈေးနှုန်းကလည်း ၈,၀၀၀ ကျပ်/ ၉,၀၀၀ ကျပ်အထိ ဖြစ်သွားတာကြောင့် ဟင်းတစ်ခွက်ချက်ဖို့ ကုန်ကျစရိတ်က အဆမတန်မြင့်တက်သွားတဲ့အခြေအနေပါ။ ဘရိုကိုလီ ခေါ် ပန်းမုန်လာစိမ်း၊ ဂေါ်ဖီထုပ်၊ ငရုတ်သီးစိမ်း၊ နံနံပင်တို့ကအစ ဈေးမြင့်ခုန်တက်သွားတဲ့အတွက် ဟင်းသီးဟင်းရွက်နဲ့ အဆင်ပြေသလို ထမင်းစားဖို့တောင် မလွယ်တော့တဲ့အခြေအ နေပါ။

“အခုကလေ… ပိုက်ဆံက အသုံးကိုမခံတာ၊ ဈေးသွားရင်လည်း ၃ သောင်းလောက်ကုန်ရင်တောင်မှ ဘာမှဟုတ်တိပတ်တိ ပါမလာဘူး။ အသားကလည်း ဈေးကြီးတယ်။ ဒီထက်လျှော့သုံးရင်လည်း မစားမသောက်ဘဲနေရမလိုဖြစ်နေပြီ။” လို့ သင်္ကန်းကျွန်းမြို့နယ်မှာနေထိုင်တဲ့ သားသမီးနှစ်ယောက်ရဲ့မိခင် မထက်ထက်ခိုင်က ပြောပြပါတယ်။

ကုန်ဈေးနှုန်းတက်နေတယ်ဆိုတဲ့နေရာမှာ အရင်က ၁,၀၀၀ ကျပ်တန်ပစ္စည်းတစ်ခုကို ၁,၂၀၀ ကျပ်ဖြစ်တယ်ဆိုရင် ခံသာပေမဲ့ လက်ရှိအချိန်မှာ ၂,၀၀၀ ထိတက်သွားတာက (နှစ်ဆ) တက်သွားတာ ဖြစ်ပါတယ်။ ခရမ်းချဉ်သီးတစ်ပိဿာ ၁,၀၀၀ ကျပ်ဝန်းကျင်ကနေ ၈,၀၀၀ ကျပ်ဝန်းကျင်အထိ တက်သွားတာက (ရှစ်ဆ)အထိ တက်သွားတာဖြစ်လို့ အလွန်မြင့်မားတဲ့ နှုန်းဖြစ်နေတာပါ။ ၂၀၂၀ ခုနှစ်ဝန်းကျင်က ကုန်ဈေးနှုန်းနဲ့ နှိုင်းယှဉ်ကြည့်ရင် ကြက်ဥ၊ ဆန် စတဲ့အခြေခံစားကုန်တွေဟာ (လေးဆ) ကနေ (ငါးဆ)အထိ တက်သွားပါတယ်။

စက်သုံးဆီဈေး ကြီးမြင့်မှုဟာလည်း ကုန်ဈေးနှုန်းတက်ရတဲ့ အကြောင်းရင်းတွေထဲမှာ ပါဝင်နေပါတယ်။ ဓာတ်ဆီတစ်လီတာဈေးဟာ မြို့ကြီးတွေမှာ ၃,၀၀၀ ကျပ်ကျော်နေပြီး၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲနေတဲ့ဒေသက မြို့ရွာတွေမှာဆိုရင် ၁၀,၀၀၀ ကျပ်ကျော်အထိ ရှိနေပါတယ်။ ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ဖို့အတွက် အသုံးပြုနေရတဲ့ စက်သုံးဆီဈေး မြင့်တက်မှုကြောင့် ကုန်ဈေးနှုန်းတက်နေတာဖြစ်ပေမဲ့ စိုက်ပျိုးတဲ့တောင်သူတွေဘက်မှာတော့ အကျိုးအမြတ်မခံစားရပါဘူး။ ထွန်ယက်ဖို့ စက်သုံးဆီ၊ စိုက်ပျိုးဖို့ မျိုးစပါး၊ မျိုးစေ့၊ မြေဩဇာအပါအဝင် ကုန်ကျစရိတ်တွေက သိသိသာသာမြင့်တက်နေတာပါ။ ဆန်စက်တွေလည်ပတ်ဖို့အတွက် လျှပ်စစ်မီးမှန်မှန်မရသလို မီးစက်နဲ့လည်ပတ်ရတာကလည်း ဆန်ဈေးနှုန်းကြီးမြင့်မှုကို ဖြစ်စေပါတယ်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၅ ရက်နေ့ကစပြီး ရန်ကုန်တိုင်းအတွင်းမှာ ဓာတ်အားပြတ်တောက်ချိန် ၈ နာရီရှိမယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဆိုပါတယ်။ ရန်ကုန်တိုင်းက မြို့နယ်/ခရိုင်အားလုံးမှာ တစ်ရက်မှာ အနည်းဆုံး ဓာတ်အားနှစ်ကြိမ်ပြတ်တောက်ပြီး တစ်ကြိမ်မှာပြတ်တောက်ချိန် ၄ နာရီကြာမြင့်ပါတယ်။ ဆိုလိုတာက နံနက် ၉ နာရီမှာ ဓာတ်အားပြတ်တောက်တယ်ဆိုရင် နေ့ခင်း ၁ နာရီမှာ ဓာတ်အားပြန်ရရှိရမှာဖြစ်ပြီး၊ ညနေ ၅ နာရီမှာ နောက်တစ်ကြိမ်ထပ်မံပြတ်တောက်ရမှာပါ။ ဒါပေမဲ့ လက်တွေ့အခြေအနေမှာတော့ ၂၄ နာရီမှာ ၁၆ နာရီအထိ လျှပ်စစ်မီးမရရှိရုံသာမက လာရမယ့်အချိန်တွေမှာတောင် မီးပျက်တာတွေရှိနေတယ်လို့ ရန်ကုန်မြို့နေ ပြည်သူတွေဆီက ကြားသိနေရပါတယ်။

“ကျွန်တော်တို့က မီးမပျက်နဲ့မပြောပါဘူး၊ ဒါပေမဲ့ လာရမယ့်အချိန် ပျက်တာကတော့ တော်တော်ဆိုးတယ်ဗျ၊ မနက်ပိုင်း ၉ နာရီမှာလာရမယ့် အလှည့်ဆိုရင်လည်း ၁၁ နာရီထိုးကာနီးမှလာတယ်၊ နေ့လယ်ဘက် ၁ နာရီလာရမယ့် အလှည့်ဆိုရင် နေ့ ခင်း ၃ နာရီထိုးကာနီးလောက်မှ လာတယ်ဗျာ၊ ညပိုင်း ၉ နာရီမှာ မီးပြန်လာပြီဆိုပြီး ဝမ်းသာမယ် ကြံရုံရှိသေးတယ် နာရီ ဝက်လောက်လာပြီး ပြန်ပျက်သွားရောဗျာ။ ဘယ်အချိန်မှာ မီးလာမယ်၊ ပျက်မယ်ဆိုတာ မှန်းရခက်နေတာဗျ။ မနက်ပိုင်းမှာ ဓာတ်အားပြတ်တောက်နေတော့ ရုံးသွားမယ့် အ လုပ်သွားမယ့်သူတွေလည်း အချိန်မီချက်ပြုတ်ရေး အခက်အခဲဖြစ်နေရတာပါပဲ။” လို့ သာကေတမြို့နယ်မှာနေထိုင်တဲ့ ကိုညီညီဇော်က ပြောပါတယ်။

အဲသလို အချိန်မီ ထမင်းဟင်းမချက်ပြုတ်နိုင်လို့ ဆိုင်ကနေဝယ်စားမယ်ဆိုရင်လည်း တစ်နပ်စာကိုတောင် အနည်းဆုံး ၃,၀၀၀ ကျပ်ကနေ ၆,၀၀၀ ကျပ်အထိ ပေးနေရတာမို့ အပြင်မှာဝယ်စားဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တဲ့ အခြေအနေပါလို့လည်း သူကဆက်ပြောပါတယ်။

စက်မှုဇုန်တွေမှာလည်း မီးစက်နဲ့လည်ပတ်ရတာ များနေတဲ့အတွက် ကုန်ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်မားလာနေပါတယ်။ အဲဒီအတွက် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို စားသုံးသူပြည်သူတွေကပဲ ခါးစည်းခံနေရတာပါ။ တစ်နိုင်ငံလုံးအတွက် ဓာတ်အားလိုအပ်ချက်က တစ်နေ့ကို မဂ္ဂါဝပ် ၅,၄၀၀ ကျော်ရှိပေမဲ့ လက်ရှိအချိန်မှာတော့ မဂ္ဂါဝပ် ၂,၈၀၀ ပဲ ထုတ်လုပ်နိုင်တယ်လို့ သိရပါတယ်။ ဒီလို လျော့ကျတဲ့အကြောင်းက ရေကြီးရေလျှံမှုတွေရဲ့ နောက်ဆက်တွဲအနေနဲ့ ရေဝင်နေတဲ့ တချို့စက်ရုံတွေကို ပြန်လည်ပြုပြင်ထိန်းသိမ်းရတာရယ်၊ သ ဘာဝဓာတ်ငွေ့ရရှိမှု လျော့နည်းတာရယ်ကြောင့်လို့ ဆိုပါတယ်။

မီးပျက်လို့ မီးသွေးနဲ့ချက်ရတာ၊ ဂက်စ်နဲ့ချက်ရတာတွေကလည်း မိသားစုတွေအတွက် ထပ်ဆင့်အပိုဆောင်း ကုန်ကျမှုဖြစ်လာစေပါတယ်။ မီတာခတွေကို တိုးမြှင့်ကောက်ခံလာတဲ့အတွက် လျှပ်စစ်မီးမှန်မှန်လာဖို့ ပြည်သူတွေကလိုလားနေကြတာပါ။ ဒါ့အပြင် မီးပျက်တာကို အခွင့်ကောင်းယူပြီး ခိုးမှု၊ လုယက်မှုကျူးလွန်တာတွေလည်း ပိုများလာနေပါတယ်။ ရန်ကုန်လို အထပ်မြင့်တိုက်တာတွေများပြားတဲ့မြို့မှာ မီးပျက်နေရင် တိုက်လှေခါးတွေ အတက်/အဆင်းလုပ်ဖို့တောင် အလင်းရောင်ကောင်းကောင်းမရတာတွေ ရှိ‌နေပါတယ်။ တိုက်လှေခါးတွေမှာ အတက်/အဆင်းလုပ်နေရင် ဆွဲကြိုးဖြတ်အလုခံရတာ၊ ပိုက်ဆံအိတ်အလုခံရတာတွေလည်း ရှိနေပါတယ်။

တစ်နေ့ထက် တစ်နေ့ များပြားလာနေတဲ့ ခိုးမှု၊ လုယက်မှု၊ ခါးပိုက်နှိုက်မှု၊ ဓားပြတိုက်မှု ဖြစ်စဉ်တွေကလည်း ပြည်သူတွေရဲ့ လုံခြုံမှုကို ခြိမ်းခြောက်နေတာပါ။ အများပြည်သူ အားထားစီးနင်းနေရတဲ့ YBS ယာဉ်လိုင်းတွေပေါ်မှာ ဖုန်းနဲ့ ပိုက်ဆံအိတ်ခါးပိုက်နှိုက်တွေ ခပ်စိပ်စိပ်ဖြစ်ပွားနေပါတယ်။ မန္တလေးလို ဆိုင်ကယ်ကို အားထားစီးနင်းနေရတဲ့ မြို့တွေမှာဆိုရင်လည်း ဓားနဲ့ထိုးပြီး ဆိုင်ကယ်လုယက်မှုတွေလည်းဖြစ်ပေါ်နေပြီး ကျူးလွန်သူကို ဖမ်းဆီးမိတာရှိသလို အများအားဖြင့် ဖမ်းမမိတာတွေလည်း ရှိပါတယ်။ ရန်ကုန်မှာ အငှားယာဉ်ငှားစီးသူက ယာဉ်မောင်းကို လုယက်တာလည်းရှိသလို ယာဉ်မောင်းက ခရီးသည်ကိုလုယက်တာတွေလည်းရှိပါတယ်။ အရင်တုန်းက လုယက်မှုဖြစ်စဉ်တွေမှာ ပစ္စည်းယူဖို့ပဲ အဓိကလုပ်ဆောင်တာဖြစ်ပေမဲ့ တရားဥပဒေစိုးမိုးမှုမရှိတဲ့ အခုလိုကာလမှာတော့ အသက်သေဆုံးတဲ့အထိ လက်ရဲဇက်ရဲ လုယက်တဲ့ဖြစ်စဉ်တွေ များပြားလာနေပါတယ်။ ရွှေဆိုင်တွေကို အနုကြမ်းစီးမှု၊ အိမ်ထဲဝင်ပြီး ဓားပြတိုက်မှုဖြစ်စဉ်တွေလည်း ဖြစ်ပေါ်နေတာပါ။

ဝင်ငွေက (သုံးဆ)မတက်ဘဲ ကုန်ဈေးနှုန်းက (သုံးဆ)မက တက်နေတာ၊ လျှပ်စစ်မီးမှန်မှန်မလာတာ၊ အိမ်ပြန်ချိန်တွေမှာ လုံခြုံမှုမရှိတာဆိုတဲ့ အချက် ၃ ချက်ဟာ ပြည်သူတွေရဲ့ဘဝတွေကို ဝန်ထုပ်ဝန်ပိုး ပိုဖြစ်စေပါတယ်။ နယ်မြေမငြိမ်သက်မှုနဲ့ ပဋိပက္ခဖြစ်စဉ်တွေကြောင့် နေရပ်စွန့်ခွာလာရသူတွေ အိမ်ငှားရမ်းတဲ့အခါမှာလည်း ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီး တွေမှာ အိမ်ငှားခကို အဆမတန်တောင်းခံနေတာနဲ့ တွေ့ကြုံနေရပါတယ်။ တစ်နေ့တာပင်ပန်းသမျှ အနားယူ အိပ်စက်ရ မယ့်ညအချိန်မှာတောင် မီးမလာလို့ ယပ်ခတ်နေရတာ၊ ညဉ့်နက်သန်းခေါင်ကျမှ ရေထတင်ရတာတွေနဲ့ အိပ်ရေးပျက်ကြ ရပါတယ်။

တစ်ယောက်နဲ့ တစ်ယောက်တွေ့ဆုံကြ၊ ဖုန်းဆက်ပြောကြတဲ့အခါ မာကြောင်း၊ သာကြောင်းတွေ မမေးအားဘဲ ‘မီးပျက်တဲ့အကြောင်း၊ ကုန်ဈေးနှုန်းအဆမတန်တက်တဲ့အကြောင်း’ စတဲ့နေ့စဉ်ဘဝရဲ့အဆင်မပြေမှုတွေပဲ ပြောနေရတယ်လို့ မထက်ထက်ခိုင်က ပြောပါတယ်။

“ဒေါ်လာဈေးကျတယ်ဆိုတော့လည်း ကုန်ဈေးနှုန်းက မကျဘူး၊ ဒီကြားထဲ မီတာခတိုးမြှင့်ကောက်ခံတယ်ဆိုတော့လည်း မီးကပျက်ပျက်နေတော့ ပိုဆိုးတာပေါ့။ ကုန်ဈေးနှုန်းကျအောင် ဘယ်သူမှ လုပ်မပေးနိုင်တော့ဘူးထင်ပါရဲ့။” လို့ သူမကဆက်ပြောပါတယ်။

တစ်ဦးချင်းဝင်ငွေ မမြင့်မားသရွေ့၊ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးနေသရွေ့၊ လိုအပ်ချက်ရှိသလောက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မပေးနိုင်သေးသရွေ့၊ တရားဥပဒေစိုးမိုးမှု အားနည်းနေသေးသရွေ့ ပြည်သူတွေဟာ ကုန်ဈေးနှုန်းတက်၊  မီးကပျက်အခြေအနေအောက်မှာ ခက်ခဲပင်ပန်းစွာ ရှင်သန်နေရဦးမှာက ခါးသီးတဲ့အမှန်တရားတစ်ခုပါပဲ။

သွေး(စစ်ကိုင်း)

ဓာတ်ပုံ – ယနေ့ခေတ်

ယနေ့ခေတ်

ကုန်ဈေးနှုန်းတက်… မီးကပျက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.