ရန်ကုန်၊ ဇန်နဝါရီ ၁၃
၂၀၂၃ ခုနှစ်သည် လူချမ်းသာ၊ လူဆင်းရဲမခွဲခြား၊ ကားနဲ့လူ ဆိုင်ကယ်နဲ့လူ လမ်းလျှောက်သူ မခွဲခြားပဲ စားသောက်ကုန်ကအစ လူသုံးကုန်၊ မရှိမဖြစ်ပစ္စည်းများကို တန်းစီကာဝယ်ယူခဲ့ ရသည့် နှစ်တစ်နှစ်ဖြစ်ခဲ့သည်။
၂၀၂၂ ခုနှစ်၏ နှစ်လည်လောက်မှစတင်ကာ စားသုံးဆီဈေးနှုန်းများ မြင့်တက်နေပြီး၊ စားသုံးဆီပြတ်နေခြင်းကြောင့် ရပ်ကွက်များ၊ ဈေးများအတွင်း တန်းစီဝယ်ယူရသည့်စနစ်တစ်ခု ဖြစ်လာခဲ့သည်။ ထိုကာလတူ အချိန်၌ပင် CNG ဂက်စ်ပိုက်လိုင်းပြဿနာကြောင့် CNG ဂက်စ်အသုံးပြုသည့် ခရီးသည်တင်ယာဥ်များနှင့် အငှားယာဥ်များမှာ ညအိပ်စောင့်ဆိုင်းကာ တန်းစီဝယ်ယူရသည့် ပြဿနာစတင်လာခဲ့သည်။ ထို့နောက် ၂၀၂၂ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ဂက်စ်မရသည့်ပြဿနာမှာ လျှပ်စစ်မီးမမှန်သည့်ပြဿနာနှင့် ရောထွေးကာ အခြေအနေပိုမို ဆိုးရွားလာခဲ့သည်။
“ ဂက်စ်ပိုက်လိုင်းပြတ်တဲ့ချိန်နဲ့ လျှပ်စစ်မီးတွေ မမှန်တော့တဲ့အချိန်။ နောက်ပြီး ဂက်စ်တွေကလည်း ပေါင်မပြည့်တာတွေ၊ မသန့်တာတွေ ဆက်တိုက်ဖြစ်လာတဲ့အခါကြတော့ တစ်နေ့ ကို နှစ်ခါ၊ သုံးခါတန်းစီရတာတွေ ဖြစ်လာတာ။ အခု နှစ်ကုန်အထိကို တန်းစီနေရတုန်းပဲ။” ဟု CNG ဂက်စ်သုံး အငှားယာဥ်မောင်းတစ်ဦးက ပြောသည်။
ရန်ကုန်တိုင်းအတွင်းပြေးဆွဲနေသည့် YBS ယာဥ်များသည် CNG ဂက်စ်ဖြည့်ရန် စောင့်ဆိုင်းရချိန် ပိုမိုကြာမြင့်လာပြီး၊ ညအိပ်စောင့်ဆိုင်းလာရခြင်းကြောင့် YBS ယာဥ်လိုင်းအများစု မှာ ကားတစ်ရက်ထွက်၊ တစ်ရက်နားစနစ်ဖြင့် ဂက်စ်ဆိုင်များတွင် တန်းစီနေရကြောင်း YBS ယာဥ်မောင်းများထံမှ သိရသည်။
“ ဂက်စ်ပြဿနာရှိနေတော့ ကားဆွဲရတဲ့ရက်လည်း အဆင်မပြေဘူးလေ။ နောက်ပြီး အချိန်နဲ့မထွက်နိုင်တော့ ခရီးသည်တွေလည်း ဒုက္ခရောက်တာပေါ့။ ကားတွေ မရှိတာတွေဖြစ် တယ်၊ ကျွန်တော်တို့ကလည်း တစ်နေ့မထွက်ရင် တစ်နေ့စာလျှော့တယ်။ တစ်နေ့ဝင်ငွေကို နှစ်ရက်သုံးရတော့ မကိုက်ဘူး။” ဟု YBS ယာဥ်မောင်းတစ်ဦးက ပြောသည်။
YBS ယာဥ်မောင်းများသာမက CNG ဂက်စ်သုံး အငှားယာဥ်မောင်းများမှာလည်း နေ့စဥ်ဂက်စ်ရရှိရန် တစ်နေ့နှစ်ကြိမ်ခန့် တန်းစီနေရပြီး တစ်ကြိမ်ရရှိရန်ပင် ၃ နာရီကျော်စောင့်ဆိုင်း နေရပြီး ပေါင်မပြည့်သည့် ပြဿနာများလည်းရှိနေကြောင်း ယာဥ်မောင်းများထံမှ သိရသည်။
“ ကားတွေရဲ့ အနောက်မှာပါတဲ့အိုးက ၇၀ လီတာအိုးတွေလေ။ အဲ့အိုးတွေမှာ ပေါင်သုံးထောင်လောက်အထိ ဆန့်တယ်။ သုံးထောင်အပြည့်ပါရင် ၄ နာရီလောက် ကောင်းကောင်း မောင်းလို့ရတယ်။ အခုက ပေါင် ၁၅၀၀ ပဲရတယ်။ အဲ့ကြားထဲ သန့်လဲမသန့်ဘူးလေ။ အင်ဂျင်တွေထိကုန်ရော။ ပုံမှန်တောင် ပေါင် ၂၀၀၀၊ ၂၅၀၀ အများဆုံးပဲရနေတာ အခုပြဿနာ ဖြစ်တော့ ပိုဆိုးတယ်။” ဟု အငှားယာဥ်မောင်းတစ်ဦးက ပြောသည်။
ထိုအချိန်မှာပင် တန်းစီမှ ဝယ်ယူလို့ရသည့် စားအုန်းဆီပြဿနာမှာလည်း အခြေအနေဆိုးလာခဲ့သည်။ စားအုန်းဆီတစ်ပိဿာ တစ်သောင်းနှစ်ထောင်ကျပ်အထိဖြစ်လာခဲ့ကာ ခွဲတန်း မရသဖြင့် လိုသလောက် မရောင်းချနိုင်ကြောင်း စားသုံးဆီအရောင်းဒိုင်များမှ ပြောလာကြသည်။
“ စားအုန်းဆီတွေက ဈေးတွေအဆမတန်တက်လာတာလေ၊ စားဆီကို အသင်းတွေကနေဦးဆောင်ပြီး ရပ်ကွက်တွေထဲ ကားတွေနဲ့လိုက်ရောင်းပေးတယ်။ အရင်က တန်းစီဝယ်တဲ့သူ နည်းပါတယ်။ ဈေးကအများကြီးကွာလာတယ်လေ၊ အပြင်ဈေးနဲ့ လိုက်ရောင်းတဲ့ဈေး။ အဲ့တော့ အလုအယက်ကို တန်းစီဝယ်လာကြတာ။” ဟု စားသုံးဆီ လက်လီရောင်းချသူတစ် ဦးက ဆိုသည်။
ထို့နောက် စားအုန်းဆီများမှာ ဈေးနှုန်းမြင့်လာရုံတင်မကပဲ လက်လီဈေးကွက်တွင် ဝယ်ယူရန်ရှားပါးလာခဲ့သည်။ စားအုန်းဆီဝယ်ယူရန် ခွဲတန်းရရှိသည့်ဆိုင်များ၌ တုံကင်ယူကာ တန်းစီဝယ်ယူရသည့်စနစ်ဖြင့် ရောင်းချလာကြသည်။
“ တုံကင်ယူဖို့ တစ်ရက်ကို တန်းစီရတာ။ ဒါတောင် ၅၀ သားပဲရခဲ့တာတွေရှိတယ်။ ကြားဖြတ်တွေ၊ အဖွဲ့လိုက်ပြန်ရောင်းစားမယ့်သူတွေရဲ့ ပြဿနာတွေကရှိခဲ့သေးတယ်။” ဟု တောင် ဥက္ကလာပမြို့နယ်၌ နေထိုင်သူတစ်ဦးက ပြောသည်။
ထိုသို့ စားအုန်းဆီဝယ်ယူရန် ခက်ခဲခြင်းသည် အကြော်ရောင်းချသူများ၊ ထမင်းဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် လက်လုပ်လက်စား အခြေခံလုပ်သားများအတွက် အလွန်ပင် ကြပ်တည်းခဲ့ရသည့် အခြေအနေတစ်ခုဖြစ်ခဲ့သည်။ ထိုပြဿနာမှာ ယခု ၂၀၂၄ ခုနှစ်သို့ ရောက်ရှိလာချိန်အထိပင် ပြေလည်မှုမရှိသေးပေ။
အလားတူ တန်းစီစောင့်ဆိုင်းဝယ်ယူခဲ့ရသည့် အရေးကြီးဆေးဝါးများသည်လည်း အချိန်အနည်းငယ်မျှ ခက်ခဲခဲ့ရသည်။ ဒေါ်လာဈေးမြင့်တက်လာခြင်းနှင့် ကုန်စည်သယ်ယူပို့ဆောင် ရေး အခက်အခဲများကြောင့် ဆေးဝါးပြတ်လပ်မှုအချို့ရှိခဲ့ပြီး၊ ရန်ကုန်မြို့လည်ခေါင်ရှိ နာမည်ကြီးဆေးဆိုင်များ၌ပင် တန်းစီကာဝယ်ယူခဲ့ရသည့် အချိန်ကာလတစ်ခုရှိခဲ့သည်။
“ မိုးတွင်းကာလမှာလေ ဖျားနာ၊ နှာဆေး၊ ချောင်းဆိုးဖြစ်ကြချိန်ပေါ့၊ အဲ့ချိန်မှာ ရက်ပိုင်းလောက် အဲ့ဆေးတွေပြတ်သွားတယ်။ တစ်ချို့က ထုတ်မရောင်းပဲ သိမ်းထားတာတွေလည်း ရှိတာပေါ့။ တစ်ရက်၊ နှစ်ရက်လောက်တော့ တန်းစီဝယ်ခဲ့ရတာလေ။ ပါရာဆီတစ်မော့ကအစ တစ်ကတ်နှုန်းပဲ ရောင်းပေးတာတို့တောင်ရှိခဲ့တာ။” ဟု ရပ်ကွက်အတွင်း တနိုင်တပိုင် ဆေးရောင်းချသူတစ်ဦးက ဆိုသည်။
ထို့နောက် သက်ရှိလူတိုင်း မရှိမဖြစ်လိုအပ်သည့် ဆန်ဈေးနှုန်းများမှာလည်း မြင့်တက်လာခဲ့ပြီး၊ ဆန်ကြမ်းတစ်ပြည်လျှင် ငွေကျပ်သုံးထောင်ကျော် လေးထောင်ကျပ်အထိ ဝယ်ယူ စားသုံးလာခဲ့ရသည်။ ဆန်ဈေးနှုန်းများ အဆမတန်မြင့်တက်လာခြင်းကြောင့် ဆန်စပါးအသင်းချုပ်မှ ဈေးနှုန်းသက်သာစွာဖြင့် ဆန်အချို့ထုတ်ရောင်းပေးခဲ့ပြီး တန်းစီကာဝယ်ယူ သည့်စနစ်ကိုပင် အသုံးပြုခဲ့ကြသည်။
အလားတူ ဆန်ဈေးနှုန်းများ၊ စားသောက်ကုန်များမှာ ပြိုင်တူဈေးမြင့်တက်လာခဲ့ပြီး လက်လုပ်လက်စား အခြေခံလုပ်သားများအတွက် အလွန်ပင်ခက်ခဲခဲ့ကြသည်။ ယင်းအချိန်တွင် ငွေရှိသူအချို့မှ ငွေ ၁၀၀ ကျပ်ဖြင့် ဆန်တစ်ပြည်၊ ကြက်ဥတစ်ကတ်ရောင်းချပေးသည့် ပရဟိတဈေးရောင်းချမှုများလည်းရှိလာခဲ့သည်။ ဆန်တစ်ပြည် သုံးထောင်ကျော် ဝယ်ယူ စားသုံးနေရချိန်တွင် ၁၀၀ ကျပ်ဖြင့်ရရှိမည်ဆိုသည့်အတွက် မြို့နယ်အသီးသီးမှ လူထောင်ချီကာ တန်းစီဝယ်ယူခဲ့ကြရသည်။
“ ကုန်ဈေးနှုန်းတွေ မြင့်လာလို့ တစ်နေ့စားဖို့ မနည်းရှာနေရတဲ့ အချိန်ဖြစ်လာတော့ ကလေးတွေတောင် ကျောင်းမထားနိုင်တော့ဘူး။ ဆန်တစ်ပြည် ၃၀၀၀ ဆိုတာက အရင်က မိသား စု တစ်နေ့ဈေးဖိုးလောက်ရှိတယ်။ အခုက ဈေးဖိုးတစ်နေ့ ၅၀၀၀ တောင် ဘာမှမစားရဘူး”
“ ကုန်ဈေးနှုန်းတွေ မြင့်လာလို့ တစ်နေ့စားဖို့ မနည်းရှာနေရတဲ့ အချိန်ဖြစ်လာတော့ ကလေးတွေတောင် ကျောင်းမထားနိုင်တော့ဘူး။ ဆန်တစ်ပြည် ၃၀၀၀ ဆိုတာက အရင်က မိသား စု တစ်နေ့ဈေးဖိုးလောက်ရှိတယ်။ အခုက ဈေးဖိုးတစ်နေ့ ၅၀၀၀ တောင် ဘာမှမစားရဘူး။” ဟု ကြည့်မြင်တိုင်တဖက်ကမ်းတွင်နေထိုင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။
ကုန်ဆုံးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း ဆန်တစ်အိတ်လျှင် အနိမ့်ဆုံး ခြောက်သောင်းကျပ်မှ အမြင့်ဆုံး တစ်သိန်းခြောက်သောင်းကျော်ထိ ဈေးနှုန်းများမြင့်တက်လာခဲ့ပြီး စားအုန်းဆီ တစ်ပိဿာလျှင်လည်း တစ်သောင်းနှစ်ထောင်ကျပ်ထိ ဖြစ်လာခဲ့သည်။ ထိုကဲ့သို့ ဆန်ဈေးနှုန်းမြင့်တက်မှုသည် မြန်မာတစ်နိုင်ငံလုံးမှ ပြည်သူလူထု၏ လူတန်းစားအလွှာအသီးသီးကို သက်ရောက်ခဲ့ပြီး ငွေကြေးချမ်းသာသူမှအစ နေ့စားလုပ်သားများအထိ ငြီးငြူသံများရှိခဲ့သည်။
ဆန်ဈေးနှုန်းစတင်မြင့်တက်ချိန်၌ပင် အသံမျိုးစုံထွက်ပေါ်ခဲ့သော်လည်း ယခုအချိန်တွင် အသံများငြိမ်သွားခြင်းမှာ ဈေးနှုန်းကျဆင်းသွားခြင်းကြောင့်မဟုတ်ပဲ မြင့်တင်နေသည့်ဈေး နှုန်း၌ပင် စားသုံးနိုင်ဖို့ ရုန်းကန်နေကြရခြင်းကြောင့်ဖြစ်သည်။
“ ဆန်ဈေးကမကျပါဘူး။ ကျတယ်ဆိုတာ တစ်ထောင်၊ နှစ်ထောင်ပါ။ သူတို့ထိုးတက်တုန်းက သောင်းချီဆတိုးပြီး တက်တာလေ။ အရင်က ဆန်အကောင်းစားတစ်အိတ်မှ ၆ သောင်း ပေါ့အမြင့်ဆုံး။ အခုက ၆ သောင်းနဲ့ ဆန်ကြမ်းပဲရတယ်။ လူတွေမပြောကြတော့ဘူးဆိုတာ မပြောနိုင်တော့တာ။ ပြောလည်း ကျလာမှာမှမဟုတ်တာ။” ဟု အိမ်ရှင်မတစ်ဦးက ပြော သည်။
ထို့အပြင် ငွေချမ်းသာသူတွေပါတန်းစီရသည့် အခြေအနေတစ်ခု ဖြစ်ပေါ်ခဲ့သည်။ ထိုအရာမှာ စက်သုံးဆီ ပြတ်လပ်ခြင်းကြောင့်ဖြစ်သည်။ ဒေါ်လာဈေးအခက်အခဲနှင့် နိုင်ငံ၏ ပို့ကုန်သွင်းကုန် မူဝါဒများပြောင်းလဲခြင်း စသည့်အကြောင်းအရာများကြောင့် စက်သုံးဆီ အောက်တိန်း ၉၂ နှင့် ၉၅ ဝယ်ယူရန် ခက်ခဲမှုများရှိလာခဲ့သည်။
“ ရန်ကုန်မြို့ထဲမှာကို ဆိုင်တိုင်းမှာ ဆီမရတော့တာ၊ နေ့မအိပ်ညမအိပ် ကားဆီဖြည့်ဖို့တန်းစီခဲ့ရတာပေါ့။ ရခါနီးမှ ဆီကုန်တာတို့၊ မပေးတော့တာတို့ဖြစ်တော့လည်း တခြားဆိုင်မှာ လိုက်ရှာဝယ်ရတာတွေတောင်ရှိတာ။ ကျွန်တော်ဆို အလုံလမ်းဘက်မှာတန်းစီနေရင်း ဆီပြတ်သွားတာ။ ကားကိုတွန်းပြီး ဆီဖြည့်ခဲ့ရတာ။” ဟု ရန်ကင်းမြို့နယ်၌ နေထိုင်သူတစ်ဦးက ပြောသည်။
စက်သုံးဆီပြတ်လပ်မှုမှာ ရန်ကုန်မြို့တစ်ခုတည်းသာမက တိုင်းနှင့်ပြည်နယ်အသီးသီး၌ ဖြစ်ပေါ်ခဲ့ပြီး ဆိုင်ကယ်အများဆုံးအသုံးပြုကြသည့် မြို့နယ်များ၌ ပိုမိုခက်ခဲခဲ့ကြသည်။ နယ် မြေမအေးချမ်းသည့် မြို့နယ်များ၌ စက်သုံးဆီပြတ်လပ်နေခြင်းမှာ သယ်ယူပို့ဆောင်ရာ၌ တားမြစ်ထားခြင်းကြောင့်ဖြစ်ပြီး။ တစ်ချို့မြို့နယ်များမှာလည်း ဖြတ်သန်းသွားလာခွင့် ကန့် သတ်ချက်များကြောင့် စက်သုံးဆီရောက်ရှိနိုင်ခြင်းမရှိသလို၊ ဈေးနှုန်းများလည်း မြင့်တက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“ ဂွလမ်းပိတ်တော့ ငပလီကို ကုန်ကားတွေ၊ ဆီဘောက်ဆာတွေ မရောက်တော့ဘူး။ အဲ့မှာ ဆိုင်ကယ်တွေတောင် ခြံထဲထည့်ထားရတာလေ။ သူတို့က ပညာရေးဝန်ထမ်းဦးစားပေးတို့၊ ကျန်းမာရေးဝန်ထမ်းဦးစားပေးတို့ ဆိုတော့။ နောက်ပြီး ရပ်ကွက်အုပ်ချုပ်ရေးရုံးက ထောက်ခံစာနဲ့မှ ထုတ်ပေးတာ။” ဟု ငပလီမှ ဒေသခံတစ်ဦးက ဆိုသည်။
အောက်တိန်း ၉၂၊ ၉၅ ပြတ်လပ်နေခြင်းမှာ အိမ်စီးယာဥ်များသာမက အငှားယာဥ်မောင်းများ၊ ကုမ္ပဏီယာဥ်များ၊ Delivery ယာဥ်များ၊ ခရီးသွားယာဥ်များနှင့် ပရဟိတ လူနာတင်ယာဥ် များမှာ အခက်အခဲများစွာဖြစ်ခဲ့ကြောင်း သိရသည်။
“ ဆီဈေးကမြင့်ပြီး ဝယ်မရဖြစ်နေတာ။ မနက်မိုးလင်းတာနဲ့ ဆီတန်းစီဖို့ ဘယ်ဆိုင်ရနိုင်မလဲ အရင်စဥ်းစားရတယ်၊ ကားထွက်ဖို့မပြောနဲ့ အိမ်ပြန်ရင် နီးစပ်ရာမှာတန်းစီထည့်ပြီး ပြန်ရ တာ။ အဲ့ရက်တွေက အဆိုးဆုံးပေါ့။ အခုရက်ပိုင်းတွေလည်း အဆင်ပြေသွားတာတော့ မဟုတ်ပေမယ့် မရှိဘူးဆို ရှိတဲ့ဆိုင်ရှာထည့်နေရတာပဲ။” ဟု အငှားယာဥ်မောင်းတစ်ဦးက ဆို သည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၃ ခုနှစ်တစ်နှစ်လုံး စားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆေး လူသုံးကုန်ဖြစ်သည့် သွားလာရေးတွင် မရှိမဖြစ်လိုအပ်သည့် CNG နှင့် စက်သုံး ဆီတို့ ပြတ်လပ်မှု၊ ဈေးနှုန်းမြင့်တက်မှုများသည် လမ်းကြောင်းများပိတ်ဆို့သည်အထိ တန်းစီဝယ်ယူခဲ့ကြရသည်။
ထိုပြဿနာများသည် ပြီးဆုံးသွားခြင်းမရှိသေးပဲ ယခု ၂၀၂၄ ခုနှစ်အထိ ပါဝင်လာခဲ့သည်မှာ စက်သုံးဆီနှင့် CNG လိုအပ်ချက်ကြောင့် တန်းစီဝယ်ယူနေရဆဲဖြစ်ပြီး၊ အခြားစား သောက်ကုန်များသည်လည်း ဈေးနှုန်းများ အဆမတန်မြင့်တက်နေဆဲဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ တိုင်းနှင့်ပြည်နယ်အချို့မှာ တိုက်ပွဲများဖြစ်ပွားနေပြီး၊ ကုန်သွယ်ရေးဆိုင်ရာ အဓိကလမ်းမကြီးများမှာ ပိတ်ထားရကာ၊ ကုန်သွယ်မှုပြုလုပ်ရန်ခက်ခဲနေသည့် အခြေအ နေဖြစ်သည်။ အထူးသဖြင့် တရုတ်နိုင်ငံထုတ်ပစ္စည်းများနှင့် ထိုင်းနိုင်ငံထုတ်ပစ္စည်းများမှာ ဈေးနှုန်းမြင့်တက်ခြင်းနှင့် ပစ္စည်းပြတ်လပ်ခြင်းများရှိနေသည်ကို တွေ့နေရဆဲဖြစ်သည်။
#ဂျူဂျူး
ဓာတ်ပုံ – စီဂျေ
#ယနေ့ခေတ်
ကုန်ဆုံးခဲ့သည့် ၂၀၂၃ ခုနှစ် (သို့မဟုတ်) တန်းစီခုနှစ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်