ကပ်ကြီးအမျိုးမျိုးနှင့် ရင်ဆိုင်နေရသည့် မြန်မာပြည်သူများ

ရန်ကုန်၊ ဧပြီ ၂၀

မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်နေသည့် စစ်ဘေး၊ ရေဘေးနှင့်၊ လက်ရှိဖြစ်ပေါ်နေသည့် ငလျင်ဘေးကိုပါရင်ဆိုင်နေရသည့် ပြည်သူများ၏ဘဝမှာ ပြန်လည်တည်ထောင်ရေးအတွက် အ ခက်အခဲများကြုံတွေ့နေရသည်။

အဆိုပါကပ်ဘေးများအတွင်း အချို့သောပြည်သူများမှာ စစ်ဘေးကြောင့် နေရပ်မပြန်နိုင်ဖြစ်နေရာမှ ရေဘေးကိုထပ်မံခံစားရခြင်း၊ ရေဘေးခံစားနေရချိန်မှာပင် ငလျင်ဒဏ်ကိုပါ ထပ်ဆင့်ဆင့်ခံစားနေရခြင်း၊ အချို့မှာ စစ်ဘေး၊ ရေဘေးနှင့် ငလျင်ဘေးဒဏ်များကို အဆင့်ဆင်ခံစားနေကြရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့မှစ၍ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်းတို့တွင် တိုက်ပွဲများဖြစ်ပေါ်ခဲ့ခြင်းကြောင့် နေအိမ်အဆောက်အ ဦးပျက်စီးခဲ့ပြီး၊ အသက်ဘေးမှလွတ်ကင်းရန် စစ်ဘေးရှောင်နေရသူများတွင် ယနေ့အချိန်ထိ နေရပ်မပြန်နိုင်သေးသူများလည်းရှိနေကြောင်း သိရသည်။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက်နေက မိုးသည်းထန်စွာရွာသွန်းကာ နေအိမ်များရေနစ်မြုပ်ခဲ့သူများနှင့် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့က ၇.၇ မဂ္ဂနီကျုရှိ အင်အားပြင်းငလျင်ဒဏ်ခံခဲ့ကြရသူများသည် ပြန်လည်ထူထောင်ရေးအတွက် မျှော်လင့်ချက်ရေးရေးကို ကောက်ရိုးတစ်ပင်လို ဆုပ်ကိုင်နေကြရကြောင်း သိရသည်။

“ရေဘေးတုန်းကလည်း ရေဘေးမို့လို့ နေအိမ်ခေါင်မိုးထိ နစ်သွားတာ။ ကလေးတွေနဲ့ဆိုတော့ ဘယ်ပြေးလို့ပြေးရမယ်မသိ။ အခုလည်း ငလျင်ဒဏ်ကိုပါ ဆက်ခံရတယ်။ နေအိမ်က မပြိုပေမဲ့ ကြောက်ကြောက်နဲ့ ပြင်ဆင်ပြီးနေရတယ်။ ညဘက်ဆို စိတ်ချလက်ချမအိပ်ရဲဘူး။ မနေ့ကလည် မန္တလေးမှာထပ်လှုပ်တော့ ကိုယ်တွေပါကြောက်နေရတယ်။ ပျက်စီးမှုတွေကလည်းအများကြီးနဲ့ ဘယ်အချိန်ကျမှ အထိုင်ကျမလည်းမသိသေးဘူး။” ဟု နေပြည်တော်မှ ရေဘေးနှင့် ငလျင်ကပ်ဘေးကြုံတွေ့ခဲ့ရသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

အဆိုပါငလျင်ဒဏ်ကြောင့် မန္တလေးမြို့ရှိ နေအိမ်တိုက်အချို့သည် အက်ကွဲကြောင်းများရှိနေပြီး နေအိမ်အတွင်းမနေရဲသည့် မိသားစုအချို့လည်း ယနေ့အချိန်ထိ ငလျင်ဘေးမှရှောင်တိမ်းနေရသည်။

“ပထမတော့ လှုပ်တဲ့နေ့လောက်ပဲ ရှောင်နေကြတာ။ သူငယ်ချင်းတွေအိမ်မှာ သွားနေကြတာ။ မနက်ပိုင်းဆို ကိုယ့်အိမ်ကိုယ်ပြန်လာတယ်။ ညပိုင်းဆိုမနေရဲဘူး။ အိမ်ကြီးက အပြင်ကကြည့်လို့သာ ဘာမှမဖြစ်တာ။ အထဲမှာအက်ကွဲနေတဲ့နေရာ အများကြီးပဲဆိုတော့ မနေရဲတော့ဘူး။ လောလောဆယ်တော့ အိမ်ကိုထာခဲ့ပြီး ငလျင်နဲ့လွတ်တဲ့နေရာ သွားနေရာမှာပါ။” ဟု မန္တလေးမြို့တွင်နေထိုင်သည့် လူငယ်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်နေ့က ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် တကျော့ပြန်တိုက်ပွဲဖြစ်ပေါ်ပြီးနောက် မန္တလေးမြို့သို့ သုံးလကြော်အကြာ စစ်ရှောင်လာသည့် စစ်ဘေးရှောင်တစ်ဦး ယနေ့အချိန်ထိ နေရပ်မပြန်နိုင်သေး၍ ငလျင်ဒဏ်ကိုပါ ကြုံတွေ့ခံစားနေရကြောင်း သိရသည်။

“အခုဆို ဗန်းမော်ကနေ မန္တလေးကို စစ်ရှောင်လာတာ သုံးလကျော်ပြီပေါ့။ မန္တလေးမှာတော့ ငလျင်ဘေးကို နည်း နည်းပါးပါးတော့ခံရတယ်။ အိမ်က မျက်နှာကြက်တွေ အုတ်တ တိုင်းတွေတော့ ပြိုကျကုန်တယ်။ မျက်နာကြက်တွေလည်းကွာကျကုန်တယ်။ ဗန်းမော်မှာတိုက်ပွဲဖြစ်တုန်းကတော့ နေအိမ်ကိုထားခဲ့ရတာပေါ့။ ခံစာချက်က ဘယ်လိုပြောလို့ပြောရမှန်းတောင် မသိတော့ဘူး။ ဗန်းမော်ကအိမ်အကြောင်း ဟိုရက်ကပြန်ကြားတာတော့  အထဲကပစ္စည်းတွေတော့ သူခိုးခိုးလို့ကုန်ပြီတဲ့ဗျာ။ အိမ်အလုံးပဲကျန်တယ်လို့ ပြောကြတယ်။” ဟု စစ်ဘေးရှောင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

၂၀၂၄ ခုနှစ်၊ ဧပြီလကုန်ပိုင်းကလည်း ကချင်ပြည်နယ်၊ မိုးမောက်၊ မန်စီ၊ ဆွမ်းပရာဘွန်မြို့နယ်တို့တွင် နစကတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်၊ PDF ပူပေါင်းတပ်ဖွဲ့များအ ကြား တိုက်ပွဲများဖြစ်ပေါ်ခဲ့ပြီး ဒေသခံလူဦးရေ ၁၀,၀၀၀ အိုးအိမ်များစွန်ခွာ ထွက်ပြေးတိမ်ရှောင်ခဲ့ရကြောင်း သိရသည်။

 ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက်နေ့က နိုင်ငံတစ်ဝန်း သဘာဝဘေးအန္တရာယ်များထဲမှတစ်ခုဖြစ်သည့် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ရှမ်းပြည်နယ်တောင်းပိုင်း၊ နေပြည်တော်၊ မန္တလေးနှင့် မြန်မာနိုင်ငံအလယ်ပိုင်းတို့တွင် ရေကြီးရေလျှံ မှုများဖြစ်ပေါ်ခဲ့သည်။ အဆိုပါရေကြီးမှုကြောင့် ရေဘေးသင့်သူလူဦးရေ တစ်သန်းခန့်ရှိခဲ့ပြီး၊ မြေပြိုကျမှုများဖြစ်ပေါ်ကာ သေဆုံးခဲ့သူ ၃၀၀ ကျော်ရှိခဲ့ကာ ၁၀၀ ကျော်ပျောက်ဆုံးနေကြောင်း သိရသည်။

“ရေဘေးတုန်းကတော့ နေအိမ်ထဲမနေရဲဘူး။ ပြိုကျတာတွေရှိခဲ့တာပေါ့။ ဘုန်းကြီးကျော်တွေလည်ရေနစ်၊ အလုပ်တွေလည်း အဆင်မပြေကြ။ ဒီကြားထဲကုန်တွေက ဝယ်မရ။ ဝယ်ရပြန်တော့လည်း ဈေးတွေကကြီးနဲ့ မနည်းထူထောင်ခဲ့ရတယ်။ အခုလည်း ငလျင်ကြောင့် အလုပ်အကိုင်တွေပါထိတယ်။ ပြိုတာတွေလည်းရှိတာပေါ့နော်။ ရေဘေးတုန်းကလောက် မဆိုးဘူးလို့ပြောရမယ်။” ဟု အင်းလေးဒေသမှ ရေဘေးရော၊ ငလျင်ဘေးပါ ကြုံတွေ့ရသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတစ်ဝှမ်း လတ်လောဖြစ်ပေါ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် မြို့နယ် ၃၃၀ ရှိသည့်အနက် မြို့နယ် ၆၀ နီးပါးနှင့် ငလျင်ဒဏ်သင့်သူလူဦးရေ ၁၇ သန်းခန့်အထိရှိခဲ့ကြောင်း UNOCHA Myanmar က ဧပြီ ၅ ရက်နေတွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ၇.၇ မဂ္ဂနီကျုရှိအင်အားပြင်း ငလျင်လှုပ်ခေတ်မှုကြောင့် ငလျင်ဘေးလွတ်ရာသို့ တိမ်းရှောင်နေချိန်တွင် အချိန်အခါမဟုတ်သည့် မိုးရွာသွန်းမှုနှင့် လေပြင်းများတိုက်ခိုက်မှုပါကြုံတွေ့၍ အကာအရံမဲ့စွာနေထိုင်ရသူများလည်းရှိနေကြောင်း သိရသည်။ လူပေါင်းများစွာအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများလည်းလိုအပ်နေပြီး၊ လတ်တလာတွင် လျှပ်စစ်မီးနှင့် သောက်သုံးရေများ အရေးတကြီးအပ်နေကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်းလေး၊ ညောင်ရွှေ၊ ပျဉ်းမနား၊ ပျော်ဘွယ်၊ မိတ္ထီလာနှင့် ရမည်းသင်း စသည့်နေများတွင်လည်း ငလျင် လှုပ်ခတ်ခဲ့မှုကြောင့် တိုက်တာအိုးအိမ်များစွာ ပျက်စီးဆုံးရှုံးခဲ့ရပြီး၊ သေဆုံးသူမှာ ၃၇၀၀ ကျော်၊ ဒဏ်ရာရရှိသူ ၅၀,၀၀၀ ကျော်နှင့် ပျောက်ဆုံးနေသူ ၁၃၀ အထိရှိခဲ့ကြောင်း သိရ သည်။

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ဒဏ်ကြောင့် မန္တလေးမြို့ရှိ Sky Villa တွင် သေဆုံးသူအများဆုံးရှိခဲ့ပြီး ယနေ့အချိန်ထိ ကယ်ဆယ်ရေးလုပ်ငန်းများလုပ် ဆောင်နေပြီး၊ ပြိုကျပျက်စီးခဲ့သည့်နေအိမ်များ ပြန်လည်ထူထောင်ရေးများ အရေးပေါ်လိုအပ်နေကြောင်း မန္တလေးမြို့ရှိ ပရဟိတအသင်းတစ်ခုထံမှ သိရသည်။

“ကျွန်တော်တို့ လက်ရှိတော့ မန္တလေးက မီးသတ်တပ်ဖွဲ့နဲ့ပူပေါင်းပြီးတော့ ကူညီကယ်ဆယ်ရေးတွေ အဓိကထားလုပ်နေတယ်။ အသေအပျောက်များတဲ့ Sky Villa ကိုတော့ ရှာဖွေရေးတွေ ဆက်လုပ်နေပါတယ်။ လတ်တလောကတော့ ကျွန်တော်အတွက်က အရေးမကြီးပါဘူး။ ငလျင်ကြောင့်ပျက်စီးသွားတဲ့ နေအိမ်တွေက ပြန်လည်ထူထောင်ဖို့လိုအပ်နေတာပါ။” ဟု မန္တလေးမြို့ရှိ ပရဟိတအသင်းတစ်ခုနှ အသင်ဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ထို့အပြင် စစ်ကိုင်းတိုင်းတွင် ၇.၇.ရှိသည့် အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင့် သံယံဇာတများထွက်ရှိသည့် ရွှေတွင်းများပါပြိုကျပျက်စီးမှုဖြစ်ပေါ်ခဲ့ပြီး၊ အဆိုပါလုပ်ငန်းများနှင့်ပက်သက်သည့် စီးပွားရေးလုပ်ငန်းရှင်အချို့ အခက်အခဲများရှိနေကြောင်း ရွှေလုပ်ငန်းရှင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

“စီးပွားရေးတွေက ဘက်ပေါင်းစုံကနေထိခိုက်တာဆိုတော့ ဘယ်လိုပြောရမှန်းတောင် မသိဘူး။ ထိခိုက်တဲ့ဒဏ်ရာတွေကတော့များတော့ အတော်ဆိုးတယ်ပြောရမှာပေါ့။ အကိုတို့ရွှေလုပ်ငန်းရှင်တွေအနေနဲ့ပြောရမယ်ဆိုရင် စစ်ကိုင်းတိုင်းက ရွှေထွက်တဲ့တွင်းတွေဆို ပြိုတာတွေလည်းရှိတယ်။ ကျန်တဲ့စီးပွားတွေပါ ပတ်လည်ရိုက်ပြီးထိတာဆိုတော့ အကုန်လုံးက အနည်းနဲ့အများရိုက်ခတ်ပြီးထိကြတယ်။” ဟု ရွှေလုပ်ငန်းရှင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မြန်မာနိုင်ငံအတွင်းလှုပ်ခတ်ခဲ့သည့် အင်အားပြင်ငလျင်ဒဏ်ကြောင့် အိမ်ခြေ ၄၂,၀၀၀ ကျော် ပြိုကျပျက်စီးခဲ့ပြီး၊ စာသင်ကျောင်းပေါင်း ၂၀၀၀ ကျော်ပျက်စီးခဲ့ကာ ငလျင်ဘေးသင့်သူလူဦးရေ ၄ ဒသမ ၃ သန်းကျော်သည် သန့်ရှင်းရေးနှင့် ပြန်လည်ထူထောင်ရေးအပြင် ကူညီကယ်ဆယ်ရေးများ အရေးပေါ်လိုအပ်နေကြောင်း UNOCHA Myanmar ၏ထုတ်ပြန်ထားချက်အရ သိရသည်။

ကပ်ကြီးအမျိုးမျိုးထဲက ရင်ဆိုင်နေရသည့် တိုက်ပွဲများအကြားက အိုးအိမ်များစွန့်ခွာ၍ စစ်ဘေးရှောင်နေရသည့် စစ်ဘေးရှောင်လူဦးရေ ၃ ဒသမ ၅ သန်းကျော်သည် စာနပ်ရိက္ခာများနှင့် ကျန်းမာရေးစောင့်ရှောင့်မှုများပါလိုအပ်နေကြောင်း သိရသည်။

#ချစ်ချစ်ခိုင်

ဓာတ်ပုံ- ယနေ့ခေတ်/CJ

#ယနေ့ခေတ်

ကပ်ကြီးအမျိုးမျိုးနှင့် ရင်ဆိုင်နေရသည့် မြန်မာပြည်သူများ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.