လက်ဖက်ရည်ဆိုင် လွမ်းချင်း

သွေး(စစ်ကိုင်း)

ကျွန်မလို လက်ဖက်ရည်ကြိုက်တဲ့သူတွေ ကမ္ဘာမှာ တော်တော်များများရှိကြမှာပါပဲ။ လက်ဖက်ရည်တစ်ခွက်ကို အရသာရှိရှိသောက်ရတာကလည်း ဘဝရဲ့ ကျေနပ်ခြင်းတစ်မျိုး လည်း ပါဝင်နေပါတယ်။ အိမ်မှာဖျော်သောက်ရတဲ့ လက်ဖက်ရည်ကို နှစ်သက်ကြတဲ့သူတွေရှိသလို ဆိုင်ကလက်ဖက်ရည်ကိုမှ နှစ်သက်သူတွေရှိတာလည်း သဘာဝကျပါတယ်။ ကျွန်မကတော့ လက်ဖက်ရည်ဆိုင်က လက်ဖက်ရည်ကို နှစ်သက်သူထဲမှာ ပါဝင်နေတာ အသေအချာပါပဲ။

ငယ်ဘဝဖြတ်သန်းခဲ့တဲ့ အညာဒေသက မြို့ကလေးမှာ လက်ဖက်ရည်က ဈေးချိုသလို သောက်လို့ကောင်းလွန်းတယ်။ ခွက်သေးသေးလေးနဲ့မဟုတ်ဘဲ ခွက်ကလည်းကြီးသလို မ လိုင်တွေပါထည့်ထားတော့ အတိုင်းထက်အလွန်ပေါ့။ ကြွပ်ကြွပ်အိတ်တွေ ခေတ်မစားခင်တုန်းက လက်ဖက်ရည်ဆိုင်သွားပြီး လက်ဖက်ရည်ဝယ်မယ်ဆိုရင် အိမ်ကနေ ဒန်ချိုင့် လေးဆွဲသွားရတာ မှတ်မိနေတယ်။ ရပ်ကွက်ထဲက အန်တီကြီးတစ်ယောက်ရဲ့ဆိုင်က လက်ဖက်ရည် ကောင်းရုံသာမက အားလူပူတီတို့၊ ထပ်တစ်ရာတို့လည်း အရသာကောင်း တာကိုး။ လက်ဖက်ရည်တစ်ခွက်မှ ပြား ၆၀ (တစ်ကျပ်မှာ ပြား ၁၀၀ ရှိပါတယ်)ဆိုတော့ သောက်ပျော်တာပေါ့လေ။

ကျွန်မရဲ့အဒေါ်တွေထဲမှာ လက်ဖက်ရည်ကို အိမ်မှာကျကျနနဖျော်တတ်သူတွေ လည်းရှိတယ်။ သူတို့က ဈေးထဲမှာ အထည်ရောင်းသူတွေဆိုတော့ မနက်စောစောထ လက်ဖက်ရည် အချိုခြောက်ကို သေချာနပ်ပြီး လက်ဖက်ရည်ဖျော်တော့တာပဲ။ ပြီးမှ ဖျော်ပြီးသားလက်ဖက်ရည်ကို ဓာတ်ဗူးနဲ့ထည့်ပြီး ဆိုင်ယူသွားတာပေါ့။ အဒေါ်တွေဖျော်တဲ့ လက်ဖက်ရည်ကို နယ်ပြန်ရောက်တိုင်း သောက်ဖြစ်နေတုန်းပါပဲ။ အံ့ဪစရာကောင်းတာက နှစ်တွေဘယ်လောက်ပဲကြာကြာ လက်ဖက်ရည်အရသာက မပြောင်းမလဲ ကောင်းမွန်နေတာပါ။

ကျွန်မနေခဲ့တဲ့ ရပ်ကွက်မှာ လက်ဖက်ရည်ဆိုင်တစ်ဆိုင်က ခြံထဲမှာဖွင့်ထားပြီး တခြားအစားအသောက်တွေလည်း ရပါတယ်။ နှစ် ၃၀ ကျော်တဲ့အထိ ရပ်တည်နေနိုင်တဲ့ အဲဒီလက် ဖက်ရည်ဆိုင်ကိုလည်း နယ်မြို့လေးဆီရောက်တိုင်း သွားသောက်ဖြစ်ပါတယ်။ ရန်ကုန်မှာ လက်ဖက်ရည်တစ်ခွက် ၅၀၀ လောက်ဖြစ်နေချိန်မှာ နယ်မှာတစ်ခွက် ၃၀၀ ကျော်လောက် ပဲဆိုတော့ ဈေးသင့်တယ်ဆိုရမှာပါ။ မန္တလေးတက္ကသိုလ်တက်စဉ်တုန်းက အမြဲမပြတ်ထိုင်ခဲ့တဲ့ လက်ဖက်ရည်ဆိုင်တွေကိုလည်း မှတ်မိနေပါသေးတယ်။

“Unison” လက်ဖက်ရည်ဆိုင်က မန္တလေးတက္ကသိုလ်အနီး ၇၃ လမ်းမကြီးပေါ် မှာတည်ရှိပါတယ်။ ကျွန်မတို့လို တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေက “၇၃ အိပ်မက်လမ်းမ” လို့ တင်စားခေါ်ဝေါ်တဲ့ လမ်းမကြီးပေါ့လေ။ Unison မှာထိုင်ရင်း သူငယ်ချင်းတွေနဲ့ စာအကြောင်းပေအကြောင်းပြောကြ၊ ရယ်မောစရာတွေပြောကြတာ အမှတ်ရမိပါရဲ့။ လက်ဖက် ရည်ခွက်တွေရဲ့ ဈေးနှုန်းကလည်း ၂၅ ကျပ်ဝန်းကျင်ပဲရှိပါတယ်။ ကျွန်မတတိယနှစ် ရူပဗေဒတက်နေတဲ့ ၁၉၉၅ ခုနှစ်အထိ လက်ဖက်ရည်တစ်ခွက်က ၁၀ ကျပ်ပဲရှိပါသေးတယ်။ နောက်တော့မှ လက်ဖက်ရည်ဈေးက တဖြည်းဖြည်းတက်သွားတာဖြစ်ပြီး ကျွန်မစာသင်ပေးရာကရတဲ့ ပိုက်ဆံဟာ လက်ဖက်ရည်ဖိုး ကောင်းကောင်းကာမိခဲ့ပါတယ်။

နောက်ထပ်မေ့မရနိုင်မယ့် မန္တလေးတက္ကသိုလ်ထဲက လက်ဖက်ရည်ဆိုင် တစ်ဆိုင်ကတော့ “မန်းရတနာ” လက်ဖက်ရည်ဆိုင်ပါပဲ။ ပထမနှစ်ကနေ ကျောင်းပြီးတဲ့အထိ မန္တလေး နိုင် ငံခြားဘာသာတက္ကသိုလ် ဆက်တက်တဲ့အထိ ထိုင်ခဲ့တဲ့ဆိုင်မို့ သံယောဇဉ်ဖြစ်ရတဲ့ဆိုင်လို့ ပြောနိုင်ပါတယ်။ “မန်းရတနာ” လက်ဖက်ရည်ဆိုင်ကနေ ပင်မအဆောက်အအုံကို လှမ်း မြင်နိုင်သလို ကျောင်းတက်ခဲ့စဉ် တစ်လျှောက်လုံးမှာ အမှတ်တရတွေ အများကြီးပေးစွမ်းနိုင်ခဲ့တဲ့ဆိုင်ပါ။

တကယ်တော့ ကျွန်မတို့လို တက္ကသိုလ်တက်ရောက်ခဲ့ကြသူတွေအတွက် ဒီလိုဆိုင်တွေက တက္ကသိုလ်ရဲ့ အငွေ့အသက်ကို ဖန်တီးနိုင်ခဲ့တယ်ဆိုရင်လည်း မမှားပါဘူး။ တက်ရောက် ကြတဲ့ ဘာသာရပ်တွေ မတူကြပေမဲ့၊ အတန်းတွေ မတူကြပေမဲ့၊ လက်ဖက်ရည်ဆိုင်မှာတော့ တစ်ယောက်နဲ့တစ်ယောက် နွေးနွေးထွေးထွေး ရင်းနီးသွားကြတာပါပဲ။ ကျွန်မက ရူပဗေဒဘာသာရပ်အထူးပြု တက်ရောက်သူဆိုပေမဲ့ ဓါတုဗေဒ၊ သင်္ချာ၊ သတ္တဗေဒ၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ စိတ်ပညာ ဘာသာရပ်အထူးပြု တက်ရောက်သူတွေနဲ့ ခင်မင်ရင်းနှီးခွင့် ရခဲ့ပါတယ်။ အတန်းပြီးချိန်တွေမှာ လက်ဖက်ရည်ဆိုင်ထိုင်ရတာက ကျွန်မတို့အတွက် တကယ့်ကို ဆုလာဒ်တစ်ခုလို ကြည်နူးပျော်ရွှင်ခဲ့ရပါတယ်။

တခြားအစားအစာတွေ ဖွယ်ဖွယ်ရာရာ မစားနိုင်ရင်တောင် ဆိုင်ထိုင်ရင်း သူငယ်ချင်းတွေအချင်းချင်း ထမင်းဗူးထဲက ဟင်းတွေ၊ ထမင်းတွေကို မျှဝေစားခဲ့ကြတာပါပဲ။ တစ်ယောက် ယောက်မှာ လက်ဖက်ရည်ဖိုးမပါရင်၊ မပြည့်ရင်လည်း တခြားသူငယ်ချင်းတစ်ယောက်က လက်ဖက်ရည်ဖိုး ရှင်းပေးသွားတာပါပဲ။ ရူပဗေဒနဲ့ကျောင်းပြီးလို့ နိုင်ငံခြားဘာသာ တက္ကသိုလ် ဆက်တက်တဲ့အခါမှာလည်း မန္တလေးတက္ကသိုလ်နဲ့ တဆက်တစပ်တည်းရှိနေတဲ့အတွက် “မန်းရတနာ” မှာပဲ ဆက်ထိုင်ဖြစ်ခဲ့ပါတယ်။ ကျွန်မက ပြင်သစ်ဘာသာ ဒီပလို မာအတန်း တက်ရောက်သူဖြစ်ပြီး ခင်မင်စရာကောင်းတဲ့ သူငယ်ချင်းတွေ ထပ်ထိုးလာခဲ့ပါတယ်။

ရန်ကုန်ကို ပြောင်းရွှေ့နေထိုင်ခဲ့တဲ့ နောက်ပိုင်းမှာလည်း လက်ဖက်ရည်ဆိုင်တွေက အရေးပါတဲ့နေရာကနေ ဆက်ပါဝင်လာခဲ့ပါတယ်။ ၃၃ လမ်းက “လေထန်ကုန်း” လက်ဖက်ရည် ဆိုင်လေးဟာ စာပေသမား၊ အနုပညာသမားတွေရဲ့ ဆုံဆည်းရာနေရာတစ်ခု ဖြစ်ခဲ့တာပါပဲ။ လက်ဖက်ရည်တစ်ခွက်ပဲမှာပြီး ရေနွေးကြမ်းထိုင်သောက်နေကြရင်လည်း ဆိုင်ရှင်က မညည်းမညူ ကြည်ဖြူမှုကို ပြသခဲ့ပါတယ်

ရန်ကုန်ကို ပြောင်းရွှေ့နေထိုင်ခဲ့တဲ့ နောက်ပိုင်းမှာလည်း လက်ဖက်ရည်ဆိုင်တွေက အရေးပါတဲ့နေရာကနေ ဆက်ပါဝင်လာခဲ့ပါတယ်။ ၃၃ လမ်းက “လေထန်ကုန်း” လက်ဖက်ရည် ဆိုင်လေးဟာ စာပေသမား၊ အနုပညာသမားတွေရဲ့ ဆုံဆည်းရာနေရာတစ်ခု ဖြစ်ခဲ့တာပါပဲ။ လက်ဖက်ရည်တစ်ခွက်ပဲမှာပြီး ရေနွေးကြမ်းထိုင်သောက်နေကြရင်လည်း ဆိုင်ရှင်က မညည်းမညူ ကြည်ဖြူမှုကို ပြသခဲ့ပါတယ်။ အဲဒီအချိန်တုန်းက မဂ္ဂဇင်း၊ ဂျာနယ်တွေ အများကြီးရှိတဲ့အတွက် စာမူခသွားထုတ်ရတာကိုက ပျော်စရာပါ။ မဂ္ဂဇင်း ဒါမှမဟုတ် ဂျာ နယ်မှာ စာမူပါရင် ကျွန်မက စာမူခသွားထုတ်ပြီး “လေထန်ကုန်း” ကို တန်းသွားလေ့ရှိပါတယ်။

စာပေသမားတွေဆိုတာ “စာမူခ”ရရင် လက်ဖက်ရည်တိုက်ချင်သူတွေကိုး။ အဲဒီတော့ ရလာတဲ့စာမူခနဲ့ လက်ဖက်ရည်တိုက်တာက ချစ်စရာကောင်းတဲ့ အလေ့အထတစ်ခုလို့ ဆိုနိုင် ပါတယ်။ လက်ကိုင်ဖုန်းတွေ လူတိုင်းမကိုင်နိုင်သေးတဲ့ကာလမှာ “ဖုန်းဆက်ချင်ရင်” “လေထန်ကုန်း”ရဲ့ တယ်လီဖုန်းကနေ တစ်ယောက်ယောက်ကို လှမ်းဆက်ရတာပေါ့လေ။ တစ် ယောက်ယောက်ကနေ ဖုန်းလှမ်းဆက်ရင်လည်း ဆိုင်ကနေခေါ်ပေးပါတယ်။ စာမူပေးစရာရှိရင်၊ အယ်ဒီတာတွေနဲ့ တွေ့စရာရှိရင်၊ စာမူယူစရာရှိရင်၊ စာရေးဆရာ၊ ကဗျာဆရာ၊ ဒီဇိုင် နာတစ်ယောက်ယောက်နဲ့ တွေ့စရာရှိရင်လည်း အချိန်းအချက်ပြုရာဟာ “လေထန်ကုန်း” ပါပဲ။

ထည်ဝါတဲ့ လက်ဖက်ရည်ဆိုင်တွေထက် ခွေးခြေခုံပုလေးတွေနဲ့ထိုင်ရတဲ့ လမ်းဘေးလက်ဖက်ရည်ဆိုင်လေးတွေကို ကျွန်မပိုနှစ်သက်ပါတယ်။ လက်ဖက်ရည်တစ်ခွက်ရဲ့ ဈေးနှုန်းက တစတစမြင့်တက်လာခဲ့တာ ၂၀၀ ကျပ်၊ ၃၀၀ ကျပ် ဝန်းကျင်အထိ ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ လက်ဖက်ရည်မှ လက်ဖက်ရည်ဆိုသူတွေအတွက်တော့ မသောက်ရရင် ချဉ်ခြင်းပြေ မှာမဟုတ်ပါဘူး။ ရန်ကုန်မြိုလယ်ခေါင် “ကျောက်တံတား” ကနေ ရန်ကုန်ဆင်ခြေဖုံးမြို့နယ်တွေက လမ်းဘေးလက်ဖက်ရည်ဆိုင်တွေအထိ ကျွန်မထိုင်ခဲ့ဖူးပါတယ်။ ဆင်ခြေဖုံးမြို့ နယ်တွေက ဆိုင်လေးတွေက ဈေးပိုသက်သာသလို လွတ်လပ်ပေါ့ပါးမှုကိုပါ ခံစားရပါတယ်။

“၃၄” လမ်းနဲ့ “ဗိုလ်ချုပ်လမ်း” ထိပ်က “လပြည့်ဝန်း” လက်ဖက်ရည်ဆိုင်လေးကလည်း ကဗျာဆရာ၊ စာရေးဆရာတွေ နှစ်နှစ်သက်သက်ထိုင်ခဲ့ကြတဲ့ ဆိုင်ဖြစ်ပါရဲ့။ အခုတော့ လေ ထန်ကုန်းရော၊ လပြည့်ဝန်းပါ ပိတ်သွားခဲ့ပြီဖြစ်သလို မဂ္ဂဇင်း၊ ဂျာနယ် တော်တော်များများလည်း ရပ်နားသွားကြပြီလေ။ အရင်ကာလတွေကလို စာမူခထုတ်စရာ မဂ္ဂဇင်းတွေမရှိ တော့လို့ စာပေသမားတွေလည်း ဆုံရပ်မရှိသလိုဖြစ်နေတာပါ။ တစ်ယောက်နဲ့တစ်ယောက်တွေ့ ချင်လွန်းတဲ့အခါမှသာ ဖုန်းဆက်ချိန်းဆိုကြရုံပဲ ရှိပါတော့တယ်။

လက်ဖက်ရည်ဈေးနှုန်းတွေကလည်း လက်ဖက်ခြောက်၊ မီးသွေး၊ နို့ဆီဈေးမြင့် တက်လာမှုနဲ့အတူတူ တရိပ်ရိပ်မြင့် တက်လာခဲ့တာပါ။ ၂၀၂၀ ဝန်းကျင်က ရပ်ကွက်တွေထဲက ဆိုင် တွေမှာ လက်ဖက်ရည်တစ်ခွက် ၃၀၀၊ ၄၀၀ ကျပ် ဝန်းကျင်နဲ့ရခဲ့ပေမယ့် အခုတော့ အိပ်မက်လိုပါပဲ။ ကိုဗစ် ၁၉ ရောဂါဖြစ်ပွားနေချိန် လက်ဖက်ရည်ဆိုင်တွေ ခေတ္တပိတ်ခဲ့ရစဉ်မှာ ကျွန်မအတမ်းတရဆုံးက လမ်းဘေးလက်ဖက်ရည်ဆိုင်က လက်ဖက်ရည်တစ်ခွက်ပဲဖြစ်ပါတယ်။ ကိုဗစ်၁၉ ကပ်ရောဂါကြောင့် လက်ဖက်ရည်ဆိုင်ထိုင်ဖော်ထိုင်ဖက်တချို့လည်း ကွယ်လွန်သွားကြတဲ့အခါ မမြဲခြင်းကို ပိုဆင်ခြင်မိပါတယ်။

လက်ရှိအချိန်မှာ လက်ဖက်ရည်တစ်ခွက် ကျပ် ၁၀၀၀ ကနေ ၁၅၀၀ ကျပ်အထိ ဖြစ်သွားပြီမို့ ကျွန်မလည်း လက်ဖက်ရည်ဆိုင် နေ့စဉ်မထိုင်နိုင်တော့ပါဘူး။ အခြေခံလူတန်းစားတွေ အတွက် လက်ဖက်ရည်ဟာ ဇိမ်ခံပစ္စည်းဖြစ်သွားပြီလား တွေးမိတော့ စိတ်မသက်မသာခံစားရပါတယ်။ ည ၉ နာရီ/ ၁၀ နာရီထိ လက်ဖက်ရည်ဆိုင်ထိုင်နိုင်ခဲ့တဲ့ နေ့ရက်တွေက လည်း တဖြည်းဖြည်းဝေးကွာသွားခဲ့ပါပြီ။ အပြင်ထွက်ဖြစ်ရင်တောင် ညနေ ၅ နာရီမတိုင်ခင် အိမ်ပြန်ရမယ်ဆိုတဲ့ အသိနဲ့အတူ လုံခြုံနွေးထွေးခဲ့တဲ့ လက်ဖက်ရည်ဆိုင်ညနေတွေကို လှိုက်လှိုက်လှဲလှဲ လွမ်းနေမိပါတော့တယ်။

သွေး(စစ်ကိုင်း)

#ယနေ့ခေတ်

လက်ဖက်ရည်ဆိုင် လွမ်းချင်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.