တာရာဇင်
နှစ်တစ်နှစ်ရဲ့ ဖေဖော်ဝါရီကို ရောက်လာပြန်ပြီ။ ဖေဖော်ဝါရီဟာ ကိုယ့်မွေးလမို့ အမြဲအမှတ်တရတွေနဲ့ ရှိနေခဲ့ရတဲ့လပေါ့။ အမှတ်တရဆိုတာ ပျော်ရွှင်စရာတွေရော၊ ဝမ်းနည်းစရာတွေရော၊ နာကျည်းစရာတွေရော၊ ဒေါသထွက်စရာတွေရော၊ ခါးခါးသီးသီးမုန်းတီးစရာတွေရော၊ ချစ်ခင်မှုတွေရော၊ နာနာကျည်းကျည်း လက်တုန့်ပြန်ချင်စိတ်တွေပါ ဖြစ်လာတဲ့အထိ ကြေကွဲရတာတွေရော အမျိုးစုံပါ။
တစ်နှစ်တစ်နှစ်လည်း ဘာမှမကြာလိုက်သလိုပဲ။ အချိန်တွေကုန်တာ မြန်လွန်းသလို ထင်ရတယ်။ ရှေ့ဆက်အသက်ရှင်နေရမဲ့ကာလဟာ ဘယ်လောက်များကျန်ဦးမလဲ။ ဘာပဲပြောပြော မဆုံးနိုင်တဲ့ ခရီးရှည်ထွက်ရတော့မဲ့ကာလဟာ နီးလာနေတာတော့ အမှန်ပဲ။ ဘာပဲဖြစ်ဖြစ်ပေါ့လေ အသက်ရှင်သန်ဖို့ အရင်ထက်ပိုနည်းနေပြီဖြစ်တဲ့အတွက် ကိုယ်ချစ်ရခင်ရတဲ့ ချစ်သူခင်သူတွေနဲ့ ကိုယ့်မိသားစုဟုတ်ဟုတ် မဟုတ်ဟုတ်ပေါ့။ ချစ်ရသူတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေသွားရဘို့ပဲ မျှော်လင့်မိပါတယ်။ နေရရင်ကို ကျေနပ်ပါတယ်။
မနေ့က သူငယ်ချင်းနဲ့တွေ့တော့ စာမရေးတော့ဘူးလားမေးလို့ ရီရသေးတယ်။ ကိုယ်က စာရေးဆရာမမှ မဟုတ်တာ။ ကိုယ်ရေးတာက ကိုယ့်ပတ်ဝန်းကျင်မှာဖြစ်နေတဲ့၊ ကိုယ်တွေ့နေရတဲ့၊ ကိုယ်ခံစားရတဲ့ အဖြစ်အပျက်တွေကို မနေနိုင်လို့ ရေးမိတာ။ စာရေးတတ်လို့လဲမဟုတ်သလို စာရေးဆရာတွေလိုလည်း အစီအစဥ်တကျ မရေးတတ်ပါဘူး။ ကိုယ်တွေ့မြင်နေရတာကိုပဲ အက်ဆေးသဘောမျိုးရေးတတ်တာပါ။
ခုနောက်ပိုင်းနှစ်တွေမှာ တစ်ယောက်ထဲနေရတော့ စာဖတ်ခြင်းဟာ ကိုယ့်အဖော်ကောင်းပါ။ စာတွေ၊ ကဗျာတွေဖတ်နေရတာ စိတ်အပန်းပြေတယ်။ စိတ်ချမ်းသာရတယ်။ မျက်မှန်တတ်လာရလို့ စိတ်ညစ်မိတာကတော့ ချွင်းချက်ပေါ့။
ဘယ်စာမဆိုဖတ်တယ်။ စာရေးတတ်တဲ့ စာရေးဆရာတိုင်းကို လေးစားပါတယ်။ အခုတော့ သူငယ်ချင်းကလည်းပြောတာနဲ့ စာရေးချင်စိတ်လေးလည်း ပေါ်လာတာနဲ့ ဖေဖော်ဝါရီအကြောင်းလေး ရေးမိတယ်။
တကယ်တော့ ဖေဖော်ဝါရီဟာ ကိုယ့်ကိုပျော်ရွှင်မှုတွေလဲ ပေးခဲ့သလို သောကဗျာပါဒတွေလဲပေးတဲ့ ဖေဖော်ဝါရီပါ။ ဖေဖော်ဝါရီလဟာ ပျော်စရာကောင်းတာက နည်းနည်း၊ ဝမ်းနည်းနာကျင်ရတာက များပါတယ်။ ဖေဖော်ဝါရီလဟာ ကိုယ့်ကိုလူ့လောကကို ပို့ပေးခဲ့တဲ့လ ကိုယ့်မွေးလပါ။ မဟက်ပီးရတဲ့ ဘတ်ဒေးများနဲ့ ဖေဖော်ဝါရီပါ။ အထက်တန်းကျောင်းသားအ ရွယ် ဖေဖော်ဝါရီတွေဟာ စိုးရိမ်ထိတ်လန့်ရတဲ့အထိ သောကဖြစ်စေခဲ့တဲ့ ကြောက်လန့်နေရတဲ့ ဖေဖော်ဝါရီပေါ့။ နောက်လဆို စာမေးပွဲဖြေရတော့မယ်။ စာတွေကလဲ ကျက်မေ့တွေဖြစ်။ စာမေးပွဲခန်းကို အချိန်မီ မရောက်လို့ မဖြေရတော့လို့ ငိုနေရတဲ့ အိပ်မက်တွေလဲ ခဏခဏမက်။ စာတွေကလဲ ရသလိုလို၊ မရသလိုနဲ့ မမဆောင်းဖြစ်နေရော။ မစားနိုင်၊ မအိပ်နိုင် စာမှစာဖြစ်နေရတဲ့အထိ ဂယောင်ချောက်ချားနဲ့ လောင်နေရတာ။ စာမေးပွဲပြီးတော့လဲ မပျော်နိုင်။ နှစ်ချင်းပေါက်အောင်ခဲ့လို့သာ။ နောက်တစ်နှစ်သာဆက်ဖြေရရင် တံတားလေးရောက်ပြီ။ ၉ တန်းစာရော၊ ၁၀ တန်းစာပါကျက်ရတဲ့ခေတ်လေ။ အဲ့ကြားထဲကမှ ဆရာဝန်၊ အင်ဂျင်နီယာဖြစ်သွားတဲ့ သူငယ်ချင်းတွေကို တကယ့်ကို လေးစားဂုဏ်ယူမိပါတယ်။
ကိုယ်က အာရုံများတတ်တဲ့လူမို့ နေ့ခင်းစာသိပ်မကျက်တတ်ဘူး။ နေ့ခင်းဆို ကက်ဆက်နဲ့ သန်းနိုင်တို့ အယ်လ်ခွန်းရီတို့ စိန်လွင်တို့ ခိုင်ထူးတို့နဲ့ သောတအာရုံလေးနဲ့ခံစားပြီး သင်္ချာတွက်တယ်။ ညရောက် လူအိပ်ချိန်မှ စာကျက်တယ်။ ကိုကိုနဲ့ မောင်နှမနှစ်ယောက် စာကျက်ကြတယ်။ ကိုကိုက စာကျက်ရင်းအိပ်ချင်လာရင် အုန်းသီးခေါင်းအုံးပြီး အိပ်တာတဲ့။ ခေါင်းလှုပ်ရင် အုန်းသီးပေါ်ကပြုတ်ကျမှ နိုးမှာတဲ့။ သူနှိုးခိုင်းတဲ့အချိန်နှိုးလည်း မရပါဘူး။ အုန်းသီးခေါင်းအုန်းပြီး တခွီးခွီးနဲ့အိပ်တာ မနက်ကိုလင်းရော။ ရီရတယ်။
တက္ကသိုလ်ကျောင်းသားအရွယ် ဖေဖော်ဝါရီကတော့ ဘာမှအမှတ်တရမရှိလှပါဘူး။ ခုခေတ်လိုမျိုး ချစ်သူများနေ့ ဘာညာလဲ မရှိခဲ့ဘူးဆိုတော့လေ။ ကျိုက္ကဆံကွင်းမှာ ပြည်ထောင်စုနေ့ပွဲတွေ အကြီးအကျယ်လုပ်နေကြပေမယ့် စိတ်မဝင်စားလို့ ခြေဦးတောင်မလှည့်ဖြစ်ခဲ့ဘူး။ တစ်ပတ်မှာငါးရက်က အဆောင်နေ၊ နှစ်ရက်အိမ်ပြန်နဲ့ ကုန်ဆုံးခဲ့ရတဲ့ ဖေဖော်ဝါရီတွေပေါ့။
“ ကိုယ်စာပြန်သင်ရတဲ့ ဆရာမဘဝ၊ ဖေဖော်ဝါရီကိုတော့ အလွမ်းဆုံးပါပဲ။ လုံးဝကိုမမေ့တဲ့ အမှတ်ရစရာတွေများခဲ့တဲ့ ဖေဖော်ဝါရီပါ။ ကိုယ်စာသင်ရတဲ့ ကလေးတွေမှာ အလယ်တန်းတွေက ဖေဖော်ဝါရီဆို အိုခေ။ စာမေးပွဲတွင်းတော့ အိမ်မှာအုန်းအုန်းထ၊ ကြွက်ကြွက်ညံ။ သူတို့ပြန်သွားရင် ကိုယ်လည်းမောပြီးကျန်ခဲ့တယ်။ နားတွေလည်း အေးလို့ပေါ့။“
ကိုယ်စာပြန်သင်ရတဲ့ ဆရာမဘဝ၊ ဖေဖော်ဝါရီကိုတော့ အလွမ်းဆုံးပါပဲ။ လုံးဝကိုမမေ့တဲ့ အမှတ်ရစရာတွေများခဲ့တဲ့ ဖေဖော်ဝါရီပါ။ ကိုယ်စာသင်ရတဲ့ ကလေးတွေမှာ အလယ်တန်းတွေက ဖေဖော်ဝါရီဆို အိုခေ။ စာမေးပွဲတွင်းတော့ အိမ်မှာအုန်းအုန်းထ၊ ကြွက်ကြွက်ညံ။ သူတို့ပြန်သွားရင် ကိုယ်လည်းမောပြီးကျန်ခဲ့တယ်။ နားတွေလည်း အေးလို့ပေါ့။
အထက်တန်းကလေးတွေကတော့ ဖေဖော်ဝါရီဆို ပြူးပြာနေပြီ။ ကိုယ်လဲ သူတို့နဲ့အတူစီးမျောပြီး မအိပ်နိုင် မစားနိုင်ပဲ။ သူတို့တွေ တစ်အိမ်ထဲမှာ စာစုသင်၊ စာစုကျက်ကြ။ သူတို့စာကျက်တာစောင့် သူတို့စာဖြေတာစစ်ပေး သူတို့အိပ်မှအိပ်။ သူတို့နဲ့တသားတည်းစီးမျောခဲ့ရတယ်။ ညဆို သူတို့ကိုစာသင်၊ သင်ပြီးသားစာ ပြန်ရေးခိုင်း၊ ပြန်စစ်ပေး။ ကိုယ်သင်တဲ့ bio က လက်ကချရေးမှ မှတ်မိတာဆိုတော့ ချရေးခိုင်း၊ ပြန်စစ်၊ အချိန်ယူရတယ်။ မနက်လင်းလို့ သူတို့တွေ တခြားဘာသာသွားသင်ချိန် အိမ်ပြန်။ ည သူတို့နဲ့ပြန်တွေ့နဲ့ ဖြတ်သန်းခဲ့ရတဲ့ဘဝကို အမှတ်တရအရှိဆုံးပါပဲ။
ကလေးတွေက ကိုယ့်ကို ဆရာမလို့မခေါ်ကြဘူး။ မမဆွေလို့ပဲ ခေါ်ကြတယ်။ သူတို့ကလဲ ကိုယ့်ကိုချစ်သလို၊ ကိုယ်ကလဲ တပည့်သားသမီးတွေကို အရမ်းချစ်ခဲ့ရတယ်။ ပြောမပြတတ်အောင်ကို လွမ်းခဲ့ရတဲ့ ဖေဖော်ဝါရီပေါ့။ လူရော၊ စိတ်ပါ ပင်ပန်းခဲ့ပေမဲ့ ရလဒ်မှာ သူတို့တွေအားလုံးနီးပါး စာမေးပွဲအောင်ခဲ့ကြလို့ စိတ်ချမ်းသာခဲ့ရတယ်။ ဆယ်တန်းဆိုတာ ကလေးရော၊ ဆရာရော၊ မိဘရော အရင်းအနှီးကြီးကြတယ်။
ခုနောက်ပိုင်းနှစ်တွေရဲ့ ဖေဖော်ဝါရီကတော့ လွမ်းလောက်စရာမရှိလှပါဘူး။ မလွမ်းလောက်တာထက် ပျော်မနေရတာ။ ဒီ့အပြင် စိတ်သောကပါ ပေးနေသေးတော့တာ။ သောကဗျာပါဒများနဲ့ ဖေဖော်ဝါရီပါပဲ။
၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီလမှာ အိမ်ဦးနတ်အဖမ်းခံရတယ်။ နာကျည်းစရာကောင်းလှတဲ့ ဖေဖော်ဝါရီပေါ့။ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ အဖမ်းခံရတယ်။ ဂျာနယ်တိုက်မှာ စာအုပ်မျိုးစုံနဲ့ အထောက်အထားမှတ်တမ်းတွေ ထားတာရှိနေတာကို ထူးဆန်းနေပုံရပါတယ်။ သခင်ခင်ညွန့် အထုပ်ပတ္တိစာအုပ်နဲ့ လူ့အခွင့်ရေးမှတ်တမ်းတွေ တွေ့လို့ဆိုပဲ။ အဖမ်းခံရတဲ့အပြစ်က ကြီးပါတယ်။ သူအဖမ်းခံရတော့ အိမ်မှာအသက် ၉၀ ကျော်အဖွားရယ်၊ သမီးကြီး ၈ တန်း၊ သားငယ် ၄ တန်း။
မနက်စောစောထ အဖွားနဲ့ ကလေးနှစ်ယောက်ကိစ္စတွေလုပ်။ ပြီးတာနဲ့ ရဲစခန်းမှာပဲ အချုပ်ကျနေသေးတဲ့ သူတို့အဖေဆီသွား။ နေ့လည် ဂျာနယ်တိုက်မှာ ခဏပြန်နား။ ညနေ သူတို့အဖေကို ထမင်းပို့၊ ညမိုးချုပ်မှ အိမ်ပြန်ရောက်။ ဖေဖော်ဝါရီ ၁၅ ရက်ကနေ ၂၅ ရက်နေ့ထိ။ အဲ့လို ဖြတ်သန်းခဲ့ရတယ်။ ဖေဖော်ဝါရီ ၂၅ မှာ အင်းစိန်ထောင်ပြောင်းရတယ်။ အင်းစိန် ထောင်ရဲ့ ၃ တိုက်ရှေ့ရောက်တဲ့အထိ သူတို့အဖေကိုလိုက်ပို့ရင်း ၈၈ တုန်းက ကိုယ့်ခြေရာတွေ ပြန်တွေးမိပေါ့။ ကြာပေမဲ့လဲ တသက်မမေ့နိုင်တဲ့ ပုံရိပ်ဟောင်းတွေပါပဲ။
အဲ့နောက်ပိုင်း အင်းစိန်ထောင်ကို ကလေးနှစ်ယောက်ကို တယောက်တလှည့် လက်ဆွဲပြီး တစ်ပတ်တစ်ရက် သွားခဲ့ရတယ်။ စိတ်ရောလူပါ ပင်ပန်းခဲ့ရတဲ့ ကလေးနှစ်ယောက်ကိုရော ကိုယ့်ကိုပါ စိတ်ဒဏ်ရာပေးခဲ့တဲ့ ဖေဖော်ဝါရီပါ။
၁၁ လပိုင်း၊ ၂၈ ရက်နေ့မှ တရားရုံးကအမိန့်ချတာ ထောင်ဒဏ် ၇ နှစ်တဲ့။ သိသိကြီးနဲ့ခံရတဲ့ မတရားမှုမို့ ထူးပြီးမခံစားရတော့ပါဘူး။ ဒါပေမဲ့ အဲဒီကာလတွေကို ငါဘယ်လိုများဖြတ်သန်းခဲ့ပါလိမ့်လို့တွေးမိတိုင်း မောရတယ်။ ကိုယ်စိတ်နှစ်ပါးကို သောကဗျာပါဒပေးခဲ့တဲ့ ဖေဖော်ဝါရီ။ မတရားခံရတာလို့တွေးပြီး နာကျည်းခဲ့ရ၊ ဝမ်းနည်းခဲ့ရတဲ့ ဖေဖော်ဝါရီပါ။
ခုနောက်ပိုင်း ဖေဖော်ဝါရီက ပိုလို့စိတ်ပင်ပန်းရတယ်။ ခါးသီးနေရောပဲ။ တကယ်ဆို ကိုယ့်မွေးနေ့လေးရှိတဲ့၊ မွေးလလေးမှာ စိတ်အေးအေးချမ်းချမ်းနဲ့ ပျော်နေရမဲ့ဟာလေ။ ခုတော့ မိသားစုတွေ တစ်ယောက်တစ်နေရာ။ သတိရလို့မှ ပြေးမတွေ့နိုင်တဲ့ဘဝ။ လွမ်းနေရတဲ့ဘဝ။ ဘယ်တော့များမှ မိသားစုတွေ ပြန်ဆုံကြရပါ့မလဲတွေးပြီး ၀မ်းနည်းနေရတဲ့ဘဝ။ မ သေချာ မရေရာတဲ့ဘဝ။ မုန်းစရာ၊ ရွံစရာ၊ နာကျည်းစရာ ပြန်မတွေးချင်စရာ ဖေဖော်ဝါရီဖြစ်နေရပြီ။
“ကြယ်တွေစုံတဲ့ည” သီချင်းလေးကို အထပ်ထပ်အခါခါနားထောင်ရင်း မျက်ရည်တွေနဲ့ အိပ်မပျော်တဲ့ညတွေနဲ့ ဖေဖော်ဝါရီပါ။ ချစ်သူခင်သူတွေနဲ့ ခွဲခွာနေရတာဟာ အတော့ကိုခံစားရခက်ပါတယ်။ ကိုယ်တယောက်ထဲလားဆိုတော့လဲ ကိုယ့်ထက်ဆိုးတဲ့လူတွေက အများသား။ ဘယ်သူမဆို ကိုယ့်မိသားစုနဲ့ ဥမကွဲသိုက်မပျက် နေချင်ကြသူတွေပါပဲ။ အခုတော့ ဥကွဲပြီး အသိုက်ပျက်ရုံမက ဘဝပါမရှိတော့တဲ့အထိ။
အဲ့လိုမျိုးခံစားမှုတွေပေးခဲတဲ့ ဖေဖော်ဝါရီကို မုန်းမိပြီ။ ငယ်ငယ်က ကံတရား ပန်းကန်ပြားလို့ပြောခဲ့ဘူးတာ မှတ်မိနေမိသေးတယ်။ ပန်းကန်ပြားဆိုမှတော့ ဇောက်မနက်ရဘူးမဟုတ်လား။ ဒီကံတရား ပန်းကန်ပြားကတော့ ဇောက်နက်လှပါလား။ သဗ္ဗေသတ္တာ ကမ္မသကာ လို့ပြောရတဲ့အထိလဲ တရားမရသေးတော့ ပျော်ခြင်းနဲ့ ဝမ်းနည်းခြင်းဟာ အလှည့်ကျလာနေတာပါပဲ။ ပျော်သလိုလိုနဲ့ ကြေကွဲနေရတဲ့၊ ပူလောင်နေရတဲ့ ဖေဖော်ဝါရီပါပဲ။
တကယ်တော့ ဖေဖော်ဝါရီဆိုတဲ့လဟာ ဆောင်းအကုန်နွေအကူးမို့ အေးစိမ့်စိမ့်လေးနဲ့ နေလို့ကောင်းနေရမဲ့ လ။ ချစ်စရာကောင်းတဲ့လလေး ဖြစ်နေရမှာလေ။ ခုတော့ ရာသီဥတုကတောင် ကိုယ့်ဘက်မှာမရှိတာ ဝမ်းနည်းစရာပါပဲ။
တာရာဇင်
ဖေဖော်ဝါရီတဲ့ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်