ပွဲတော်

ဇေယျာဦး

ပွဲလမ်းသဘင် အပျော်ပါးများလှသည့် မြန်မာလူမျိုးများအတွက် ပွဲ‌တော်ဆိုသည့်အမည်သညာသည် လူငယ်၊ လူလတ်၊ လူကြီးတိုင်းရင်းနှီးပြီးသားဖြစ်သည်။ မြန်မာတို့သည် ဆယ့် နှစ်လရာသီတိုင်း ပွဲတော်ရှိသကဲ့သို့ ဂေးဇတ်ရနာမည်ကြီး ဘုရားပွဲတော်ကြီးများသာမက ဘုန်းကြီးပျံကိုပင် ပွဲတော်အခမ်းနားလုပ်တတ်သူများဖြစ်သည်။ ကျန်သည့် လွတ်လပ်ရေး အောင်ပွဲနေ့အခမ်းနား၊ ပြည်ထောင်စုနေ့အခမ်းနားပွဲတော်များသာမက နိုင်ငံရပ်ခြားကပွဲကိုပင် အငှားခံစား ပျော်ပါးတတ်သူများဖြစ်သည်။

မိမိနှင့် ပွဲတော်ဆိုသည့်စကားကို ရေရေရာရာသိရှိသည်မှာ အသက် ၈ နှစ်သားခန့်အရွယ် ပြည်ထောင်စုအလံတော် (ပင်လုံစာချုပ်ပါအလံ) တောင်ငူတွင် ညအိပ်ရပ်နားခဲ့သည့်ပွဲမှာ ဖြစ်သည်။ တောင်ငူမြို့၏ မိုင်ဒါအားကစားကွင်းအတွင်း ပြည်ထောင်စုနေ့အခမ်းနား ပွဲတော်နှင့်အတူ ပြည်ထောင်စုအလံတော်ကြီးရပ်နားသည့် ပွဲတော်တွင် ပြပွဲ၊ ပြိုင်ပွဲများ၊ အားက စားပွဲများ၊ ဇာတ်ပွဲ၊ အငြိမ့်ပွဲများဖြင့် ဝှဲချီးကျင်းပစဥ်ဖြစ်သည်။

အလံ‌တော်ကြိုဆိုသည့်အခမ်းနား အလံတင်အခမ်းနားကျင်းပသည့်နေ့များမှာ ကြိတ်ကြိတ်တိုးစည်ကားခဲ့သည်တော့ အမှတ်ရနေသည်။ ပြည်ထောင်စုနေ့တွင် ည‌ပိုင်းမိခင်၊ ဖခင်နှင့် အတူ ပွဲတော်သွားခွင်ရခဲ့ပြီး တောင်ငူ GTI ကျောင်းပြခန်းက ခမ်းနားသကဲ့သို့ ၈ နှစ်သားလူငယ်တစ်ယောက်အဖို့ ထူးဆန်းမင်သက်စရာ၊ စိတ်ဝင်စားစရာ တွေများလှသည်။

ရဟတ်ယာဉ်ပုံသဏ္ဍန် ဝန်ချီစက်၊ ကော်ဖီဖျော်စက်၊ အဆောက်အအုံပုံသဏ္ဍန်‌ငယ်လေးများ၊ မှိတ်တုပ်တုပ် မီးတန်းလေးများကို ထူးထူးခြားခြားသတိရနေမိသည်။ ပြခန်း၏ဆွဲ‌‌ ဆောင်မှုများကြောင့် ပြခန်းမှပြန်လည်ထွက်ခွာဖို့ မေ့နေသဖြင့် ဖခင်နှင့်မိခင်က လက်ဆွဲခေါ်‌ငင်ခံခဲ့ရသော်လည်း ကိုယ်ကအင်ဂျင်နီယာတစ်ယောက်လည်း ဖြစ်မလာသကဲ့သို့ ဝါသ နာလည်း မပါခဲ့ချေ။

ပွဲတော်တွင် ကြောင်နက် ခေါက်ဆွဲကြော်ဆိုင်မှ ခေါက်ဆွဲကြော်စား၍ ကောင်းလွန်းသဖြင့် မိသားစုအားလုံး ခေါက်ဆွဲတစ်ပွဲကို ထမင်းနှင့်စားခဲ့ရသည့်အခါ သိပ်မဝခဲ့သည့်အ တွက် ဒေါပွခဲ့ဖူးသည်။ ကိုယ်ကြီးလာ၍ ပိုက်ဆံရှာနိုင်ပါက အဝဝယ်စားမည်ဟု ကလေးအတွေး တွေးဖူးခဲ့သည်က ဆိုရှယ်လစ်ခေတ် ရှားပါးချိန် မွေးဖွားကြီးပြင်းခဲ့သည့် ကလေး ငယ်တိုင်း ဖြစ်ပေလိမ့်မည်။

နောက်တစ်နှစ်လောက်မှာ ကြုံတွေ့ခဲ့ရသည်ပွဲတော်က အသက် ၈ နှစ်ကျော် ၉ နှစ်သားတစ်ယောက်အတွက် အတော်ရင်ခုန်စိတ်လှုပ်ရှားဖွယ်ဖြစ်သည်။ ကိုယ်နေသည့်မြို့နှင့် ၉ မိုင်ခန့်ဝေးကွာသည့် သမိုင်းဝင် မြတ်စောညီနောင်စေတီ‌ တပေါင်းပွဲတော်ကို ဖခင်မပါဘဲ အမေနှင့်ရပ်ကွက်ထဲကအပျိုတစ်သိုက် သွားကြမည်ဖြစ်သည်။ သာမန်ဆိုပါက အဆိုပါပွဲ တော်ကို စစ်တောင်းတံတားထိပ် ကားဂိတ်ကနေ ကားစီးပြီးသွားကြရမည်ဖြစ်သည်။ သို့သော် ခေတ်ကာလအရ စက်ဘီးနှင့်တစ်မျိုး၊ ခြေလျင်တစ်သွယ်၊ နွားလှည်းနှင့်တစ်နည်း ဘုရားသွားကြသူများလည်း အများအပြားရှိနေသေးသည်။

မိခင်ကြီးနှင့်ရပ်ကွက်လေးထဲကအပျိုတစ်သိုက် ရွေးသည့်နည်းလမ်းက လှည်းနှစ်စီးငှားသွားကြရန်ဖြစ်သည်။ ငယ်ကတည်းက လှည်းစီးဖူးသော်လည်း ဖခင်ကြီးရွာသို့အပြန် ပုံမှန် သာဖြစ်ပြီး ပွဲတော်ကို တပျော်တပါး နွားလှည်းမစီးဘူးသေးသည်မို့ ရင်ခုန်စိတ်လှုပ်ရှားမိသည်။

မြတ်စောညီနောင် တပေါင်းပွဲတော်၏ ဆွမ်းလောင်းပွဲနှင့် အစည်ကားဆုံးနေ့က တပေါင်းလပြည့်နေ့ဖြစ်ပြီး အဖိတ်နေ့၊ ည ၈ နာရီခန့်က ကြိုတင်ထွက်ခွာကြမည်ဖြစ်သည်။ မိခင်နှင့် အဖော် မိန်းမပျိုတစ်သိုက်က သွားမည့်နေ့၊ ည မတိုင်မီ မနက်ကတည်းက ချက်ပြုတ်ကြော်လှော် ထည့်သို‌နေကြပြီ။ မိမိနှင့်ရွယ်တူ က‌လေးတစ်ယောက်မှမပါဝင်သော်လည်း မိမိ လည်း သူတို့နှင့်ရောယောင် ပျော်ရွှင်နေသည်ကို မှတ်မှတ်ထင်ထင်ရှိနေသည်။

သွားမည့်အချိန်ရောက်သည့်အခါ ကြိုတင်ငှားရမ်းထားသည့် နွားလှည်းနှစ်စင်း(လှည်းယာဉ်မဟုတ်)ရောက်လာသည်။ ကောက်ရိုးထူထူခင်းထားသည့် လှည်းကြမ်းပေါ် ဖျာချောခင်း ပြီး ဝန်စည်စလွယ်များကို နေရာချထားပြီး မိခင်ကြီးနှင့် မိမိအပါအဝင် မိန်းမပျိုစုစုပေါင်း ၁၀ ယောက်ခန့် လှည်းနှစ်စီးမှာ မျှထိုင်လိုက်ကြသည်။ မိမိကတော့ ‌လှည်းနောက်ကို ဝါး လုံးတန်းပြီး ကာ‌ထားသည့်နေရာတွင် အမတစ်ယောက်နှင့်အတူ ခြေတွဲလွဲချထိုင်ရင်း လိုက်ပါလာသည်။

နေထိုင်ရာ ဆင်ခြေဖုံးရပ်ကွက်လေးမှ စစ်တောင်းတံတားကိုဖြတ်ကူးပြီး ကသည်းစုရွာထဲ‌ကွေ့ပြီး တစ်ဖာလုံခန့် မောင်းလိုက်သည့်အခါ လှည်းတန်းကြီး ပိတ်မိနေပြီဖြစ်သည်။ နောက်မှသိရသည်မှာ ခေတ်ကာလအနေထားအရ အဆိုပါခေတ်က တောင်ငူမြို့လေးသည် အရောင်သွေးစုံလင်သည့်အတွက် လုံခြုံရေးအရ လှည်းများတစ်ခါထွက် အစီး‌ရေသုံး လေးဆယ် စုသွားကြရန် စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။ ယင်းကဲ့သို့စောင့်ဆိုင်းနေစဉ် ခြေလျင်သွားကြသူများကလည်း အစုလိုက်၊ အစုလိုက်သွားနေကြသည်ကို မြင်‌ရပြီဖြစ်သည်။ ခြေလျင်သမားအချို့က ထမင်းအိုးတောင်း၊ ဟင်းအိုးတောင်းသာမက စတီဒီယိုကတ်ဆက်ကြီးများထမ်းကာ သီချင်းများဖွင့်ပြီး ပျော်ရွှင်စွာ အော်ဟစ်သီဆိုသွားကြသည်။ အချို့က လှည်းပေါ်ကအပျိုချောများကို ငေးမောစနောက်ရင်း ခပ်ထွေထွေ။ တချို့ကာလသားများက ကျွန်တော့ကို ယောက်ဖဟူသည့် အာလုပ်စကားပြုသွားကြသည်။

လှည်းတန်းရပ်လျှက် တစ်နာရီခန့်ကြာသည့်အခါ လော်စပီကာ(အသံချဲ့စက်)ဖွင့်သံကြားရပြီးနောက် လှည်းတန်းကြီး မောင်းနင်ထွက်ခွာလာကြပြီး လပြည့်မတိုင်မီ အဖိတ်နေ့မှာပင် လမင်းကြီးထိန်ထိန်သာနေသည်

လှည်းတန်းရပ်လျှက် တစ်နာရီခန့်ကြာသည့်အခါ လော်စပီကာ(အသံချဲ့စက်)ဖွင့်သံကြားရပြီးနောက် လှည်းတန်းကြီး မောင်းနင်ထွက်ခွာလာကြပြီး လပြည့်မတိုင်မီ အဖိတ်နေ့မှာပင် လမင်းကြီးထိန်ထိန်သာနေသည်။

တစ်ခုမှတ်မိနေသေးသည်မှာ ရာသီဥတုအခြေအနေ။ ယနေ့ခေတ်နှင့်ကွာဟချက်ဖြစ်သည်။ တပါင်းလသည် နွေ ဆုံးခါနီးဖြစ်သော်လည်း လှည်းပေါ်မှာရော ဘုရားရောက်သည့်အခါ မှာပင် လှည်းဝိုင်းနေရာမှာပါ အအေးဓါတ်ခံစားနေရခြင်းဖြစ်သည်။ လှည်းတန်းကြီးသွားရာလမ်းတွင် တချို့နေရာများ၌ ခေတ္တရပ်နားလေ့ရှိပြီး လိုက်ပါလာသည့် လူကြီးသူမအချို့က လှည်းလမ်းဘေးအခင်းများမှ သီးနှံများကိုမဆွတ်ရန် မခူးရန်မှာကြားနေသည်ကို မကြာခဏကြားနေရသည်။ သို့သော် လူငယ်အများစုမို့ မိမိဘေးမှအတူထိုင်လိုက်လာသည့်အမပင် ဘယ်အချိန်ဆင်းခူးလိုက်မှန်းမသိ ရှမ်းဝါးတီးရွာနီးသို့အ‌ရောက် သခွားသီးကြီးတစ်လုံးကို တစ်ဂျွတ်ဂျွတ်နှင့်ဝါးနေပြီဖြစ်သည်။ သောက်စားတတ်သည့် လူပျိုကာလသာများ အများ အပြားပါသော်လည်း နှုတ်နည်းနည်းပိုရဲသည်မှအပ တဆင့်တက်မလာရဲသည်ကို မြင်ရသည်။ တဆင့်တက်လျင်လည်း အတူပါလာသည့်ကာလသာခေါင်း၏ အတီးခံရမည်ဖြစ်သကဲ့ သို့ တစ်ဖက်ကာလသမီးခေါင်း၏ ဇတ်ဇတ်ကျဲရန်ထောင်ပြောဆိုမှု ခံရမည်ဖြစ်သည်။

ည ၈ နာရီခန့်ကထွက်လာသည့် လှည်းနှစ်စီးသည် ဘုရားခြေရင်း နောင်တော်စေတီအနီး လှည်းဝိုင်းရောက်တော့ မနက်၂ နာရီထိုးခါနီးပြီဖြစ်သည်။ လှည်းဝိုင်းနေရာချပြီးနောက် အပျိုဖော်တစ်သိုက်နှင့် ကျွန်‌တော်လူကြီးလူကောင်းက ပွဲတော်ဈေးတန်းအနီး ဗလာဇာတ်ပွဲသွားကြည့်ကြသည်။ လှည်းဝိုင်းစောင့်ရန် လူကြီးသူမအချို့ကျန်နေရစ်သည်။  လူမရှိ သော်လည်း ပစ္စည်းအပျောက်အရှ မကြားဖူးကြောင်း အရွယ်ရောက်သည့်အခါ သတင်းစာသမားဘဝနှင့်‌ ဆောင်းပါးရေးရန် တစ်ကြိမ်ပြန်ရောက်သည့်အခါ ရှေ့မီနောက်မီအချို့က ဆိုသည်။

မနက်လေးနာရီထိုးခါနီးသည့်အခါ အပျိုတစ်သိုက်နှင့်အတူပြန်လာပြီးနောက် မိမိက တရေးပြန်အိပ်မည်ဖြစ်သော်လည်း အပျိုတစ်သိုက်နှင့်မိခင်ကြီးက ပါလာသည့်ရေပုံးနှင့် အနီး ကရေတွင်းမှာရေခပ်ပြီး ကိုယ်လက်သန့်စင်အလှပြင်ကြပြီဖြစ်သည်။ မနက်အရုဏ်ဆွမ်းလောင်းရန် ဆွမ်းတစ်အိုးကိုလည်း အနီးမှာပင် ကျောက်တုံးဖို‌ခ‌နောက်ဆိုင် ထင်းမီးမွှေးပြီး တည်နေပြီဖြစ်သည်။ အနားတစ်ဝိုက် ရာနှင့်ချီသည့်လှည်းဝိုင်းများမှာလည်း မီးရောင်တစ်လက်လက်နှင့် လှုပ်ရှားသက်ဝင်နေပြီဖြစ်သည်။

ကလေးငယ်ပီပီ စပ်စုချင်စိတ်က ‌ဦးဆောင်လာသည့်အခါ ပြန်အိပ်ရန် စိတ်ကူးမပေါ်တော့သည့်အတွက် မိမိလည်း မျက်နှာသစ်၊ သွားတိုက်ပြီး အဝတ်စားလဲကာ သနပ်ခါးခဲသွေး ထည့်လာသည့်ဘူးကိုယူ၍ သနပ်ခါးလူးသည်။ အဆိုပါခေတ်က ကျွန်တော်တို့အရွယ်ရောက်လျှင် တစ်ကိုယ်ရေသန့်ရှင်းရေး သနပ်ခါးလူး ကျောင်းသွားရန်ပြင်သည်အထိ လုပ်နိုင်ပြီ ဖြစ်သည်။

များမကြာမီ ရောင်နီလာပြီဖြစ်ပြီး မိခင်နှင့်အတူ ဘုရားအရုဏ်ဆွမ်းကပ်နှင့် ရိုးရာဖြစ်သည့် ကြက်သောင်းတောင်မောင်နှမ ပူဇော်ပသရာနတ်နန်းသို့ လိုက်ပါသွားသည်။ ထို့နောက် ပွဲတော်ရက်တွင်ရောင်းချသည့် နတ်နန်းအနီး ကျေးရွာမှ တောမုန့်ဟင်းခါးကို သားအမိနှစ်ယောက်စားကြသည်မှာ တစ်ဦးလျှင် နှစ်ပွဲကုန်သည်အထိပင်ဖြစ်သည်။ ထို့နောက် လှည်း ဝိုင်းသို့ခဏပြန်ရောက်ချိန် မိမိတစ်ဦးတည်း လည်ပတ်ခွင့်‌ပေးလိုက်သည့်အတွက် နောင်တော်စေတီနှင့် ညီတော်စေတီကို ဆက်သွယ်ထားသည့် စောင်းတန်းအလွန်က ပွဲတော်ဈေး တန်းပတ်သည်။ သို့သော် သိပ်မကြာခင် ပျင်းလာသည့်အတွက် လှည်းဝိုင်းသို့ပြန်သွားသည့်အခါ အတူလာသည့် မိန်းမပျိုလေးများနှင့် မိခင်ကြီးတို့က ထမင်းချိုင့်များနှင့် သောက်ရေ ခပ်ချောင်းအနီး ရှောက်ခြံသို့သွားရန် ပြင်နေကြပြီဖြစ်သည်။ နောက်ကျပါက လှည်းဝိုင်းစောင့်အဖြစ် ကျန်ရစ်မည်ဖြစ်သည်။

ရှောက်ခြံသို့ရောက်သည့်အခါ ပွဲတော်လာပရိတ်သက်က ပျော်ပွဲစားထွက်လာသည်လား၊ ဘုရားပွဲလာသည်လား မကွဲပြား ကျိတ်ကျိတ်တိုး စည်းကားနေပြီဖြစ်သည်။ ချောင်းထဲရေ ဆင်းကူးနေသူက များလှသော်လည်း ချောင်းရေကကြည်လင်ပြီး ရေတိမ်သည်မို့ ဘေးသိပ်မများ။ ယခုခေတ်တော့ အထက်မှာဆည်ဆောက်လိုက်သည့်အတွက် ရေမရှိလျှင်လည်း မရှိ။ ရှိလျှင်လည်း လူကြီးလက်တစ်ဖောင်မကဟုဆိုသည်။

ဘုရားသို့လာစဉ် လူပျိုကာလသားများ စနောက်သည်မှာ သိပ်မကြမ်းသော်လည်း ရှောက်ခြံရောက်သည့်အခါ အများစုကမူးနေကြပြီဖြစ်သည်အတွက် အနည်းငယ်ကြမ်းတမ်းလာ ပြီဖြစ်သည်။ ကိုယ်ထိလက်ရောက် မဟုတ်သော်လည်း ရေပတ်ခြင်း၊ သားပြောမယားပြော ပြောခြင်းများ ခပ်စိတ်စိတ်မြင်လာရသည်။ သို့သော် အပျိုခေါင်း သို့မ ဟုတ် ဦးဆောင်သူ က မျက်နှာထားတင်းတင်းနှင့် အော်ဟစ်လိုက်ပါက တန့်သွားတတ်ကြသည်။ ခေတ်ကာလအနေအထားအရလည်းဖြစ်မည်ယူဆသည်။

ရှောက်ခြံအရောက် ပါလာသည့် ဝါတာဖလူးစဖြန့်ခင်းပြီး ထမင်းချိုင့်များဖွင့်ကာ ထမင်းစားကြသည်။ မိမိကရေဆင်းချိုးလိုက် ထမင်းပြန်လာစားလိုက်သာဖြစ်သည်။ ဟင်း‌ကလည်း ထွေထွေထူးထူးမဟုတ်။ ဘဲဥသုပ်၊ လက်ဖက်သုပ်၊ ငါးကြော်နှင့် ချဉ်ပေါင်ကြော်သာဖြစ်၏။ သို့သော် စား၍ မြိန်သည်မှာ ပြောဖွယ်ရာမရှိ။ အဆိုပါ ထမင်းဝိုင်းအရသာမျိုး ယခုအ သက် ၄၅ နှစ်ကျော်သည်အထိ ပြန်မရတော့သည်ကို လွမ်းမိပါသေးသည်။

ညနေ ၃ နာရီကျော်ခန့်မှာ လှည်းဝိုင်းသို့ပြန်လာကြရပြီး ပါလာသည့်ပစ္စည်းများသိမ်းကာ ပြန်ရင်ပြင်ကြပြီ။ လှည်းဝိုင်းက ပျားအုံတုတ်နှင့်ထိုးလိုက်သကဲ့သို့ ပျာပမ်းခတ်လှုပ်ရှားနေ သည်။ လူပျောက်အော်ခေါ်သံ လူစုသံ နွားခလောက်သံများသာမက ပါလာသည့်ခွေးဟောင်သံက ဆူညံပွတ်လောရိုက်နေသော်လည်း အများစုက ပွဲသွားကျော့ကျော့ ပွဲပြန်မော့မော့ စကားပုံနှင့်အညီ တက်ကြွသည့်ပုံသဏ္ဍန် သိပ်ပြီးမမြင်ကြရ‌ချေ။

မိမိတို့လှည်းနှစ်စင်း ဘုရားဦးတိုက်ပြီးအပြန် လှည်းလမ်းတစ်လျှောက် လှည်းတပ်ကြီးရှိနေသေးသော်လည်း ဓါတ်စက်ဖွင့်သံပင် မကြားရ‌။ ခြေလျင်ပြန်နေကြသူများကို ကျော်တက် ရင်း လက်ကလေးပြ နှုတ်ဆက်နိုင်သော်လည်း တစ်ချက်တစ်ချက် ငိုက်မိသည့်အခါ လှည်းနောက်ဘောင်ခတ်တန်းထားသည့် ဝါးလုံးနှင့်ရိုက်မိပြီး အီဆောင့်သွားတတ်သေးသည်။

နေအိမ်သို့ပြန်ရောက်သည့်အခါ မိုးစုန်းစုန်းချုပ်နေပြီဖြစ်သည်။ မိခင်က လှည်းသမားများကို လှည်းဖိုးငှားရမ်းခငွေ ပေးချေနေသည်ကို မစောင့်နိုင်အားဘဲ အိမ်ပေါ်ပြေးတတ်ပြီး ထ မင်းပင်မစားဘဲ အိပ်ယာဝင်ခဲ့သည်မှာ နောက်တစ်နေ့မနက်ထိပင်ဖြစ်သည်။

လူပျိုပေါက်အရွယ် အပျော်ရွှင်ဆုံးနှင့်သဘောအကျဆုံး ပွဲ‌တော်ဆိုပါက မဟာသင်္ကြန်ပွဲတော်ကို လက်ညိုးထိုးရမည်ဖြစ်သည်။ အသက် ၁၆ နှစ်ကျော် ၁၇ နှစ်သားအရွယ် လူငယ် တစ်ယောက် ဖြတ်သန်းဘူးသည့် မြန်မာ့ရိုးရာသင်္ကြန်ပွဲသည် နဝတအစိုးရလက်ထက်ဖြစ်သည်။ သို့သော် ထူးခြားသည်မှာ အကအလှပြိုင်ပွဲများသာမက မြန်မာ့ရိုးရာသံချပ်ကို တ ကယ့်ကို ပီပီပြင်ပြင်ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။ ခေတ်အခြေနေအရ ဆင်ဆာဆိုသည့် ကြိုတင်ဖြတ်တောက်သည့် စနစ်ထားရှိသော်လည်း တည်ဆဲအစိုးရကို နင့်နင့်သီးသီး ကလော် တုပ်သည့်အနေထား စာသားများမှအပ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် အစိုးရအဖွဲ့ကို ဝေဖန်သရော်သည့် စာသားများ မသိမသာလှစ်လှူ ရှုပေးခဲ့သည်။ မိမိကိုယ်တိုင် မြို့၏နာ မည်ကြီး လူငယ်သံချပ်အဖွဲ့နှင့် သင်္ကြန်မတိုင်မီနှစ်ပတ်ခန့်ကတည်းက ဒိုးသံတညံညံနှင့် သံချပ်တိုက်ခဲ့၊ သံချပ်ထိုးခဲ့ရသည်။ သံချပ်အဖွဲ့ကားများက အလှပြယာဉ်များဖြင့် အဖွဲ့လိုက် ပြင်ကြ၊ ဆင်ကြ၊ ‌ဆေးသုတ်ကြ၊ မီးအလှဆင်ခဲ့ကြရပြီး သင်္ကြန်ပြီးပါက အသားများမွဲခြောက်ကာ အသံမထွက်တော့ဘဲ ဖြစ်နေတတ်သည်။ ယင်းခေတ်ကလည်း ခြောက်နှစ်၊ ခုနှ နှစ်ခန့်သာကြာပြီး ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ခွင့်ပြုတစ်ချက်၊ ခွင့်မပြုတစ်ချက်ဖြစ်ခဲ့သည်ကို သတိရမိသေးသည်။

သင်္ကြန်အကြို၊ ညဦးဖွင့်ပွဲတက် နတ်ပြပြီးကတည်းက ပြိုင်ပွဲဝင်စင်များ ဖိတ်ခေါ်သည့်အိမ်များသွားကာ မြိုင် မြိုင်ဆိုင်ဆိုင် သံချပ်ထိုးကြသည်။ ယင်းခေတ် သံချပ်အဖွဲ့များ၏ ပစ် မှတ်သည် လျှပ်စစ်ဌာန၊ စည်ပင်၊ ပြည်သူ့ဆေးရုံနှင့် အခွန်ရုံးတို့ဖြစ်ပြီး သမဝါယမစနစ်ချုပ်ငြိမ်းစဖြစ်၍ ဆိုရှယ်လစ်ခေတ် ဇာက်လိုက်ကျော်မပါတော့သည်ကလည်း ထူးခြားသည်။ အကြို၊ အကျ၊ အကြပ်၊ အတက် တစ်ခါတစ်ရံ။ သင်္ကြန်ငါးရက်နှင့်ကြုံပါက ပွဲတော်ပြီးချိန် ဆေးခန်းပါ ပြရသေးသည်။ ညဘက်၊ ညနေဘက် ပြိုင်ပွဲဝင်လိုက် မနက်ခင်းဆယ်နာရီခန့် အထိ ကားပေါ်ဖြစ်သလို စုရုန်းအိပ်သူအချို့က အိပ်သလို ပြန်အိပ်သူများလည်းရှိသော်လည်း အများစုကလူငယ်များမို့ တိုးဝှေ့အိပ်ကြသည်သာများသည်။

မနက်ခင်း ၁၀ နာရီခန့် လူစုံနိုးလျှင် သံချပ်အဖွဲ့ခေါင်းဆောင်မိသားစုက ကျွေးမွေးသည့် မနက်စာမုန့်ဟင်းခါး၊ နန်းကြီးသုတ်ကဲ့သို့သော အစားစာများစားကာ ရေပတ်ခံထွက်မရသည့် ကားဖြစ်သော်လည်း လူစည်းကားရာနေရာများကို ကားနှင့်လူလုံးထွက်ပြကြသည်။ ကားပေါ်ထိုင်လိုက်သူများကတစ်ဖုံ အောက်ဆင်းလမ်းလျှောက် ရေပတ်ခံထွက်သူကတစ်နည်း၊ မည်သို့ပင်ဆိုစေကာမူ လူငယ်ဘဝ အလွတ်လပ်ဆုံး၊ အပျော်ပါးဆုံးက သင်္ကြန်သာဖြစ်သည်။

ကိုယ်စိတ်ဝင်စားသည့်ကောင်မလေး ရေပတ်သည့်နေရာနားရောက်ပါက ကားပေါ်ထိုင်လိုက်လာသူပင်ဖြစ်စေ အောက်အတင်းခုန်ချပြီး အနီးက အသင်းဖော်၏ရေခွက်လုယူကာ ရေလောင်းပြီး မေတ္တာသင်္ကေတအရိပ်အမြွတ်ပြခဲ့ကြသည်ကလည်း ခုပြန်တွေးသည့်တိုင် ရင်ခုန်နေရသေးသည်။

ရေပတ်ခံထွက်ရင် အရွယ်ရောက်ပြီး အကိုတစ်သိုက် ရှပ်‌ဆိုင်(အရက်ဆိုင်)ခွက်ပုန်းဝင်တီးသည့်အခါ တစ်ခွက်တစ်ဖလား ဇွတ်အတင်းဂျီကျသောက်ပြီး အရမ်းမူးယောင်ဆောင်ခဲ့ သည်ကလည်း လွမ်းဖွယ်ဖြစ်သည်။

သင်္ကြန်အတက်နေ့မနက် ပြိုင်ပွဲဝင်မဏ္ဍပ်များကို လူခွဲသွားကာ ဆုစာရင်းကြေညာသည့်ဆိုင်းဘုတ် ပြေးကြည့်ရသည်မှာလည်း စိတ်လှုပ်ရှားရသည်။ ရမည်ထင်သည့်မဏ္ဍပ် မရ သည်မျိုး၊ မရဖူးဟုထင်သည့် မ‌ဏ္ဍပ်မှာ ဆုချိတ်နေသည်မျိုးများမှာ ဟေးခနဲ အော်ဟစ်ခုန်ပေါက်ပျော်ရွှင်လိုက် တောက်တစ်ခေါက်ခေါက်လုပ်လိုက်နှင့်ပင် သင်္ကြန်ရက်ပြီးခဲ့သည်က လည်း သံချပ်အဖွဲ့နှင့်လိုက်ပါခဲ့စဉ် ခံစားချက်မျိုးဖြစ်သည်။

ပြန်ကြားရေးဝန်ကြီးတာဝန်ယူခဲ့သည့် ဗိုလ်ချုပ်တစ်ဦးလက်ထက် တိုင်းစစ်ဌာနချုပ် ဆုပေးမဏ္ဍပ်မှာ ကလော်လွန်း သရော်လွန်း၊ တီးလွန်းသဖြင့် လူကြီးအချို့က နည်းနည်းလျော့ ပေးဖို့ တောင်းဆိုခံရသည့် မိမိတို့သံချပ်အဖွဲ့ ပထမဆုကြီးချိတ်ခဲ့သည်ကလည်း မှတ်မှတ်ရရရှိလှသည်။

အဆိုပါခေတ် နာမည်ကြီးသံချပ်အဖွဲ့များကလည်း ‌နယ်မြို့လေးမှာပေါလှသည်။ သို့သော် ပွဲတော်ရက်များတွင်လည်း ညီရင်းအကိုလို ပျော်ပျော်ပါးပါးဖြတ်သန်းပြီး သူဆုရပါက ကိုယ်ကလက်ခုပ်တီးပေးပြီး၊ ကိုယ်ရပါက သူတို့လက်ခုပ်တီးပေးမြဲသာဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ယ‌ခု‌တော့ ပွဲတော်အချို့လည်း ပွဲတော်မမည် မပီတော့သကဲ့သို့ ယနေ့ခေတ်လူငယ်အချို့၏ ပွဲတော်ခံစားချက်အချို့က မိမိတို့ခေတ်နှင့် အဟပ်မညီတော့ချေ။ စာသင်ခန်း၊ ကွန်ပျုတာ၊ လက်ပ်တော့၊ လက်ကိုင်ဖုန်းများနှင့် ကျင်လည်နေရသည့် လူငယ်များကို ၁၉၉၀ ခေတ်များဆီသို့ ပြန်လည်ခေါ်ဆောင်သွားချင်သော်လည်း ပွဲတော်ရက်များ ကိုသာ သီးခြားခံစားစေချင်မိသည်က မိမိ၏အတ္တပင် ဖြစ်ပေလိမ့်မည်။

#ယနေ့ခေတ်

ပွဲတော် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.