ချစ်သော ဇာတိမြို့ကလေးမှ အပြန်

သွေး (စစ်ကိုင်း)

လူတိုင်းလူတိုင်း ကိုယ်မွေးဖွားကြီးပြင်းရာဇာတိမြေကို လွမ်းတမ်းတတတ်ကြတာ သဘာဝပါ။ ကျွန်မအတွက်တော့ ဧရာဝတီမြစ် အနောက်ဘက်ကမ်းမှာတည်ရှိတဲ့ စစ်ကိုင်းမြို့လေးကို ဘယ်နေရာရောက်ရောက် သတိမရဘဲ မနေနိုင်ပါဘူး။ ရန်ကုန်မှာအခြေချနေထိုင်ခဲ့တာ နှစ် ၂၀ ကျော်ခဲ့ပေမဲ့ ဇာတိမြို့လေးကို နှစ်စဉ်သွားရောက်ဖို့ ကြိုးစားခဲ့ပါတယ်။

စာရေးဆရာတစ်ယောက်ရဲ့သမီးအဖြစ် မွေးဖွားလာခဲ့သူမို့ စာရေးခြင်းနဲ့ ဘဝကိုကြိုးစားရပ်တည်ဖို့ ဆုံးဖြတ်ခဲ့တာ မဆန်းဘူးလို့ဆိုရမှာပါ။ ကျွန်မတို့ရဲ့ငယ်ဘဝဟာ မချမ်းသာပေမဲ့ လူတန်းစေ့နေထိုင်နိုင်အောင် ပြည့်စုံခဲ့ပါတယ်။ အဖေ၊ အမေနဲ့ မိသားစုတစ်တွေ စုံစုံလင်လင်ရှိခဲ့တဲ့ နေ့ရက်တွေဟာ ကျွန်မအတွက် ပျော်ရွှင်စရာတွေပြည့်နေတဲ့ ရက်စွဲတွေပါ။ ကျောင်းတက်ဖို့ လုံးဝမပျင်းသူဖြစ်ရုံသာမက အဖေ့ရဲ့သွန်သင်အားပေးမှုတွေကြောင့် အတန်းတိုင်းမှာ ဆုတွေရခဲ့တာကိုပါ မှတ်မိနေပါတယ်။

ကျွန်မအဖေဟာ စာရေးခြင်းတစ်ခုတည်းနဲ့ မိသားစုကို လူတန်းစေ့ထားနိုင်ခဲ့တာကိုလည်း ချီးကျူးလေးစားမိပါတယ်။ ထင်မှတ်မထားဘဲ ဖေဖေကွယ်လွန်သွားတဲ့နောက် ကျွန်မတို့ရဲ့မိသားစုအိမ်လေးဟာ ရုတ်ချည်းအထီးကျန်သွားခဲ့ရတာပါပဲ။ မောင်နှမအချင်းချင်းကြား အေးချမ်းညီညွတ်မှုလည်း ပျောက်ဆုံးပါတော့တယ်။ ပညာရေးဆုံးခန်းတိုင်ဖို့ အခက်အခဲတွေကြား ကြိုးစားစားခဲ့ရတဲ့ကျွန်မဟာ နောက်ဆုံးမှာတော့ ဇာတိမြို့လေးကိုစွန့်ခွာပြီး တနယ်တကျေးမှာ ရှင်သန်ခဲ့ရတာ ယနေ့ထိတိုင်ပါပဲ။

ကျွန်မရဲ့အမေ အသက်ရှင်သန်စဉ်ကာလမှာ အမေနဲ့မိသားစုအတွက် တတ်နိုင်သရွေ့ ကူညီထောက်ပံ့ပေးနိုင်ခဲ့လို့ ပီတိဖြစ်ရပါတယ်။ ၂၀၂၁ ခုနှစ်၊ ကိုဗစ် ၁၉ ရောဂါ ပြင်းပြင်းထန် ထန်ကူးစက်နေချိန်မှာ အမေဟာ ကိုဗစ်ကြောင့်မဟုတ်ဘဲ တခြားရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ အမေမကွယ်လွန်မီ နှစ်လအလိုမှာ အခက်အခဲတွေကြားထဲကနေ မဖြစ်ဖြစ် အောင် စစ်ကိုင်းကိုပြန်လာပြီး အမေနဲ့တွေ့ခဲ့ရတာ နောက်ဆုံးနှုတ်ဆက်လိုက်ရခြင်းပါပဲလေ။ ကိုဗစ်ကူးစက်မှု အနည်းငယ်လျော့ကျသွားချိန် ၂၀၂၂ ခုနှစ်မှာမှ ဇာတိမြို့စစ်ကိုင်းကို ပြန်ရတဲ့အခါ အမေ့အိမ်လေးဟာ တိတ်ဆိတ်စွာနဲ့ ကြိုလင့်နေပါတယ်။

အမေ့ရဲ့ ဗီရိုလေးကို သော့နဲ့ဂရုတစိုက်ဖွင့်လိုက်တဲ့အခါ ရင်မှာလစ်ဟာနေတဲ့ခံစားမှုက တစ်ကိုယ်လုံး လွှမ်းခြုံအေးစက် သွားပါတော့တယ်။ ပိုင်ရှင်မဲ့နေတဲ့ အဝတ်အစားတွေက အ မေမြတ်မြတ်နိုးနိုးဝတ်ဆင်ခဲ့တာတွေပါ။ အဆင် ၃ ဆင့်ပါတဲ့ ကျွန်းဗီရိုငယ်လေးထဲမှာ ကျွန်မအဖေက အမေ့ဆီကို စာတိုက်ကနေပို့ခဲ့တဲ့စာတွေကို သေသေချာချာသိမ်းထားသလို မိ သားစုဓာတ်ပုံလေးပါ တွေ့လိုက်ရတော့… လှိုက်ခတ်ဆို့နင့်လာပါတယ်။ အမေက သန့်သန့်ရှင်းရှင်းနဲ့ အလှအပကြိုက် သူတစ်ယောက်မို့ အမြဲတမ်း သနားခါးလူး ပန်းပန်လေ့ရှိတာပါ။ အမေသုံးစွဲခဲ့တဲ့ မှန်တင်ခုံသေးသေးလေးနဲ့ ကျောက်ပျဉ်လေးကိုကြည့်ရင်း သတိရခြင်းတွေ ငွေ့ရည်ဖွဲ့လာပါတော့တယ်။

အမေက နေ့စဉ်အသုံးစရိတ်ကိုပါ စနစ်တကျရေးမှတ်တတ်သူ တစ်ယောက်မို့ စာရင်းမှတ်တဲ့ စာအုပ်လေးတွေကိုပါ တွေ့ရပါရဲ့။ ဗီရိုထဲကနေ ဖေဖေရေးသားခဲ့တဲ့ စာအုပ်တွေနဲ့ ဒိုင်ယာရီစာအုပ်တွေရယ်၊ အမေ့ရဲ့ စာရင်းစာအုပ်တွေရယ်ကို ကျွန်မဆီမှာသိမ်းဆည်းထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အခန်းတံခါးမှာ ချိတ်ဆွဲထားတဲ့ ဖေဖေ့ဓာတ်ပုံရှေ့မှာ ငေးမောရင်း ပြန်မရနိုင်တော့တဲ့ မိသားစုရက်စွဲတွေကို ပြန်တွေးမိတဲ့အခါ မျက်ရည်မကျအောင်ထိန်းထားလည်း မရပါဘူး။ သနပ်ခါးပန်းတွေ ဝေဝေဆာဆာပွင့်နေတာမြင်ရတော့ သနပ်ခါးပန်းကို နှစ်နှစ်သက်သက်ပန်ဆင်လေ့ရှိတဲ့အမေ့ကို တလှိုက်လှိုက် သတိရမိပါတယ်။

ကျွန်မရဲ့ငယ်ဘဝမှာ ဧရာဝတီမြစ်မှာ ရေဆင်းချိုးရတာ၊ ဆောင်းရာသီမှာ နံနက်စောစောထပြီး ကမ်းနားလမ်းမှာ လမ်းလျှောက်ခဲ့ရတာ၊ နွေရာသီလက်ပံပွင့်ချိန်ဆိုရင် ကမ်းနားလမ်း တလျှောက် လက်ပံပွင့်တွေကောက်ခဲ့ကြတာကိုပါ ပြန်မြင်ယောင်နေမိပါတယ်။ နှစ်စဉ် နိုဝင်ဘာမှာအိမ်ပြန်လာလေ့ရှိတဲ့ကျွန်မကို အမေက အိမ်ရှေ့သစ်သားခုံလေးမှာ မျှောနေ တတ်တာကို သတိရမိတော့… အခု… အမေ ဘယ်ကနေများ မျှော်နေမလား၊ စောင့်ကြည့်နေမလား… တွေးရင်း ပူနွေးတဲ့မျက်ရည်တွေကျလာရပါတယ်။

အချိန်တွေ ဘယ်လောက်ပဲ ကြာမြင့်ပါစေ… ကျွန်မရဲ့ ဇာတိမြို့လေးကတော့ လှမြဲလှနေဆဲပါပဲ။ စစ်ကိုင်းတောင်ပေါ် ရောက်သွားရင်လည်း တရုတ်စကားပန်းတွေရဲ့ သင်းမြမြရနံ့ကို ရှူရှိုက်ကြည်လင်ခံစားရဆဲပါ။ နံနက်နေထွက်ချိန်မှာဖြစ်ဖြစ်၊ ညနေဆည်းဆာချိန်မှာပဲဖြစ်ဖြစ် စစ်ကိုင်းတံတားကြီးရဲ့ ခန့်ထည်မှုကို တွေ့မြင်နိုင်ပါရဲ့။

မကြာသေးခင်ကပဲ ဇာတိမြို့လေးကို လွမ်းတမ်းတမှုနဲ့အတူ မရောက်ရောက်အောင်သွားမယ်လို့ စိတ်ကူးမိပါရော။ မန္တလေးဘူတာကြီးကို ကျွန်မစီးလာတဲ့ ရထားဆိုက်ရောက်တဲ့အ ခါ ဇာတိမြို့လေးနဲ့ အိမ်ဦးနဲ့ကြမ်းပြင်ဆိုသလို တရင်းတနှီးသွားလာနေထိုင်ခဲ့တဲ့ အရပ်ဒေသမို့ ရင်မှာလှိုက်ကနဲ ဝမ်းသာသွားပါတယ်။ မန္တလေးတက္ကသိုလ်မှာ ကျောင်းတက်ခဲ့တဲ့ ကျောင်းသူတစ်ယောက်အနေနဲ့ မန္တလေးမြို့ကို အသွေးအသားထဲကနေ ချစ်မြတ်နိုးရတာပါ။ ဒါပေမဲ့ အရင်တုန်းက မန္တလေးမဟုတ်တော့ဘဲ နွေးထွေးမှုပါးလျားသွားသလို လုံခြုံမှုလည်းနည်းပါးသွားတာကို ခရီးသည်အချင်းချင်းပြောစကားအရ သိလိုက်ရပါတယ်။

အမရပူရက ခင်မင်ရတဲ့မိတ်ဆွေတွေ ချိတ်ဆက်ပေးတဲ့ ဆိုင်ကယ်ကယ်ရီသမားလေး လာကြိုပေးလို့သာ အဆင်ပြေခဲ့ရတာပါ။ မန္တလေးကနေ အမရပူကိုသွားတဲ့ လမ်းတလျှောက်မှာလည်း တန်းစီရပ်နေတဲ့ မည်းမှောင်မှောင် လမ်းမီးတိုင်တွေအောက် ဆိုင်ကယ်မီးမှိတ်တုတ်နဲ့ တရွေ့ရွေ့ဖြတ်သန်းခဲ့ရပါတယ်။

နံနက်မိုးစင်စင်လင်းမှ စစ်ကိုင်းကိုခရီးဆက်ပြီး ရတနာပုံတံတားပေါ်က ဖြတ်သန်းတဲ့အခါ စစ်ဆေးရေးဂိတ်တွေ တစ်ခုပြီးတစ်ခုတွေ့ရတော့တာပါပဲ။ နိုင်ငံရေးအခြေအနေတွေ အ ပြောင်းအလဲဖြစ်နေပါလားလို့ တွေးပူမိပြီး စစ်ကိုင်းမြို့အဝင်က နွယ်သာကီပန်းလေးတွေ အလှကြီးလှနေတာကိုတောင် ကြာကြာမငေးမောနိုင်ခဲ့ပါဘူး။ မီနီအိုးဝေမောင်းသူက အိမ် ရှေ့အရောက် ပို့ဆောင်ပေးတာကိုပဲ ကျေးဇူးတင်ရပါတယ်။

ညဘက်ရောက်တော့လည်း မြို့လေးမှာ လျှပ်စစ်မီးက မှန်မှန်မလာသလို ည ၇ နာရီကျော်တာနဲ့ တစ်မြို့လုံး ခြောက်ကပ်တိတ်ဆိတ်သွားတော့တာပါပဲ။ တရုတ်ဆီးသီးပင်က အကိုင်း အခက်တွေနဲ့ အိမ်သွပ်မိုးထိတဲ့အသံတွေက ညမှောင်မှောင်ထဲမှာ ပိုကျယ်လောင်နေသလို တစ်ခုခုကိုစိုးကြောက်စေပါတယ်။ မြို့လေးကလူတွေဟာ ဘာဖြစ်လို့ ဘာဖြစ်လာမှန်းမသိနိုင်တဲ့ အခြေအနေအောက်မှာ စိုးရိမ်နေကြတာ သဘာဝကျတယ်လို့ ဆိုရမလိုပါပဲ။ ငြိမ်းချမ်းပြီး သူတော်စင်တွေ တရားရှာကြတဲ့မြို့၊ ဘေးအပေါင်းတို့မှကင်းလွတ်အောင် ခိုလှုံခဲ့တဲ့မြို့လို့ နာမည်ကြီးတဲ့မြို့လေးကိုယ်တိုင်ကလည်း အစဉ်အမြဲ ငြိမ်းချမ်းချင်နေမှာပါပဲလေ။ မိတ်ဆွေတွေက မြို့ကလေးဆီ ခဏပြန်တဲ့ကျွန်မကို ဝေးဝေးလံလံနေ ရာတွေမသွားဖို့ သတိပေးကြပါတယ်။

ဘယ်လိုပဲ ဖြစ်နေဖြစ်နေ… တခြားမြို့တွေနဲ့စာရင် ကျွန်မတို့ မြို့လေးမှာ လက်ဖက်ရည်တစ်ခွက် ၇၀၀ ကျပ်နဲ့ သောက်လို့ရနေပါသေးတယ်။ ရန်ကုန်မှာဆို လမ်းဘေးလက်ဖက်ရည် တစ်ခွက် ၁,၀၀၀ ကျပ်ကနေ ၁,၂၀၀ ကျပ်ထိဖြစ်နေတာကိုး။ ထပ်တရာတစ်ပွဲ ၅၀၀ ကျပ်ဆိုတာလည်း ပဲသတ်သတ်၊ ထပ်တရာသတ်သတ်နဲ့ အရသာရှိလှပါတယ်။ ကောက်ညှင်းငချိတ်ပေါင်းတစ်ပွဲ ၅၀၀ ကျပ်ကလည်း တကယ်ကိုစားပျော်ပါရဲ့။ မနက်ခင်းတွေမှာ မြို့လေးရဲ့ဈေးတန်းလေးဆီ အရောက်သွားခဲ့ပါသေးတယ်။ ရာသီစာ အစားအသောက်တွေ၊ အ သီးအရွက်တွေ၊ ပန်းတွေရောင်းချနေတဲ့ ဈေးတန်းလေးက ဝယ်ချင့်စရာပါ။

အရင်ကဆိုရင် စစ်ကိုင်းနဲ့ မန္တလေးကို ခေါက်တုံ့ခေါက်ပြန်ပြေးဆွဲခဲ့တဲ့ယာဉ်လိုင်းတွေ အများအပြားရှိပေမဲ့ အခုတော့ “ရွှေကိုင်းမန်း” ယာဉ်လိုင်းတစ်ခုပဲ ရှိပါတော့တယ်။ ဒါပေမဲ့ ယာဉ်စီးခ ၁,၀၀၀ ကျပ်ဆိုတာသက်သာလို့ တစ်ရက်မှာ မန္တလေးကို ရွှေကိုင်းမန်းစီးပြီး သွားရောက်ခဲ့ပါတယ်။ မန္တလေးက စာပေမိတ်ဆွေတွေနဲ့လည်း နွေးထွေးစွာတွေ့ဆုံခဲ့တာ အမှတ်တရပါပဲ။

ဇာတိမြို့လေးမှာ ၅ ရက်တာ အလွမ်းပြေနေထိုင်ခဲ့တဲ့အတောအတွင်း ဆွေမျိုးဉာတိတွေက တစ်အိမ်ပြီးတစ်အိမ် ထမင်းဖိတ်ကျွေးတာမို့ စိတ်ရင်တနှီးရှိလှပါတယ်။ ဇာတိမြို့လေးက အပြန်မှာတော့ နောက်တစ်ခေါက် ဘယ်တော့ပြန်ရောက်နိုင်ဦးမလဲဆိုတဲ့မေးခွန်းက ကျွန်မအတွက် အဖြေမဲ့နေပြီး မွန်းကျပ်လေးလံစေပါတော့တယ်။ ကျွန်မရဲ့ မြို့လေးက မြို့သူမြို့သားတွေကလည်း ဖြစ်ပျက်လာသမျှလောကဓံကို ကြံ့ကြံ့ခံပြီး ရင်ဆိုင်ရှင်သန်နေဦးမှာဖြစ်သလို မြို့လေးရဲ့ အလှတရားတွေ၊ ငြိမ်းအေးခြင်းတွေ၊ သာယာချမ်းမြေ့မှုတွေ ပြန်ရဖို့ စောင့်လင့်နေမှာ အသေအချာပါပဲ။

ကျွန်မအနေနဲ့ အေဝမ်းဆရာညှာရဲ့ “ပြည်တော်ဝင်သီချင်း”ကို ဇာတိမြို့လေးသာမက နိုင်ငံတဝှမ်းသံပြိုင်လွှမ်းကာ စုစည်းစွာနဲ့ ညီညာဖြဖြ ပေါင်းရုံးကြရင်… ဆိုတဲ့ အတွေးစိတ်နဲ့ အပြန်လမ်းအတွက် မတွေးဆနိုင်ဘဲ အနာဂတ်လမ်းအပေါ် မှန်းမျှော်နေမိပါတော့တယ်။

သွေး (စစ်ကိုင်း)

Photo; Wikipedia

ချစ်သော ဇာတိမြို့ကလေးမှ အပြန် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.