ဇေယျာဦး
ဇွန်၊ ဇူလိုင် မိုးရေစက်တွေမြင်တိုင်း ကျောင်းစတက်ခဲ့တဲ့ မူလတန်းကျောင်းသားဘဝကို သတိရသည်။ ၁၉၈၄ ခုနှစ်ပတ်လည်က မူလတန်းကျောင်းသားတစ်ဦးကို မိဘကကျောင်း အပ်ပြီးတာနှင့် သူ့အလုပ်က ပြီးပြီ။ ကျောင်းစတက်တဲ့နေ့ဆို အဖြူ၊ အစိမ်းအင်္ကျီသစ်၊ ဘောင်းဘီသစ်လေးဝတ်ပေးပြီး သနပ်ခါးကို ဖုံနေအောင်လိမ်းပေးကာ လွယ်အိတ်လေးပြင် ပေးလိုက်ရင် ပထမအဆင့်ပြီးပြီ။ မီတယ်ဆို ထမင်းချိုင့်ဒန်ပြားလေးထဲ ထမင်းဟင်းထည့် လက်သုပ်ပဝါလေးနဲ့ထုပ်ပေးလိုက်ရုံသာ။
ကျောင်းသွားဖို့ အနီးအဝေးလိုက် မနက် ၇ နာရီခွဲကနေ ၈ နာရီလောက်တွင် အရပ်ထဲက အတန်းကြီးတဲ့ ကျောင်းသားတစ်ဦး ဦးဆောင်မှုဖြင့် မီးရထားတွဲကြီးလို တန်းစီပြီးသွားကြ တာဖြစ်သည်။
ရပ်ရွာကလည်း စောင့်ရှောက်သည်။ ကုန်ကုန်ပြောရရင် ခေတ်ကာလအလိုက် အလုပ်ကိုင်မရှိ တစ်နေကုန်တစ်နေခမ်း အရက်ပတ်သောက်နေသည့်လူကပင် ကျောင်းသားများကို လမ်းတွင်အမြင်မတော်ပါက ဆူပူကြိမ်းမောင်း ဆိုဆုံးမကြသည်။
ငယ်သူတွေမို့ ကစားခုန်စားရင်း တန်းစီသွားကြတာဖြစ်ပြီး ကျောင်းပေါက်ဝတွင် ကျောင်းအုပ်ကြီး သို့မဟုတ် ကျောင်းတာဝန်ခံ ဆရာ၊ ဆရာမက ကြိမ်တုတ်တစ်ချောင်းဖြင့် မျက် နှာထားတင်းတင်းနှင့် စောင့်ကြည့်ကြပ်မတ်သည်။
စာသင်ကျောင်းက သာမန်မူလတန်းကျောင်းဖြစ်သော်လည်း စစ်ကြိုခေတ်လက်ကျန် အုတ်တိုက်ပင်မကျောင်းကြီး၊ ခန့်ခန့်ထည်ထည်ရှိသည်။ ဘေးတွင် ထရံကာ၊ ဇလီသတ် မြေ စိုက်စာသင်ဆောင် သုံးဆောင်ခန့်ရှိပြီး အနောက်ဘက်၌ ဌာနဆိုင်ရာ လယ်ကွက်ကြီးများရှိသည်။ ဆင်ခြေဖုံးရပ်ကွက်မို့ နွမ်းပါးသူများနှင့် ဝန်ထမ်းမိသားစုဝင် ကျောင်းသားများ သာရှိပြီး ကျောင်းသားအတန်းစုံ ရာဂဏန်းခန့်ရှိမည်ထင်သည်။ အခုတော့ ဂျပန်အထောက်အပံ့ဖြင့် စာသင်ဆောင်ကြီးများ ခန့်ခန့်ထည်ထည်ဖြစ်နေပြီး စာအသင်ပြကောင်းသည့် မူလွန်ကျောင်းအဆင့်ဖြစ်နေသည်ဟု ကြားသည်။
တစ်ခါတစ်ရံ ဖြတ်သွားဖြတ်လာ မြင်ပါက ငယ်ဘဝအချို့ မှတ်မှတ်ရရ ပေါ်လာလေ့ရှိသည်။ ငယ်ဘဝက ကျောင်းမတက်မီ မုန့်ဖိုးရသူက ပါလာသည့်တစ်မတ်၊ ငါးမူးနှင့် အသုပ်၊ ကတ်စီးနှဲ၊ သရက်ကင်စသည့်ဖြင့် ရာသီစာလေးတွေ ဝယ်စားကြသည်။ ဆင်းရဲသားရပ်ကွက်ကျောင်းမို့ ငယ်ဘဝက မုန့်ဖိုးပါလာသူ သူငယ်ချင်းရှားပါးသည်။ ကိုယ်တိုင်က လူ လတ်တန်းစား အောက်ခြေမိသားစုကမို့ မုန့်ဖိုးရသော်လည်း တစ်မတ်ခန့်သာရသည်။ ကျောင်းမတက်မီ ယောက်ျားလေးအများစုက လက်သီးထိုးတန်း၊ မိန်းကလေးအချို့က ဖန်ခုန် တန်း၊ တုတ်ဆီးထိုးတန်းသာဖြစ်သည်။
ကျောင်းတက်ခေါင်းလောင်းကြီးကို တာဝန်ကျကျောင်းသားက ထိုးလိုက်သောအခါ မိမိတို့အတန်းအသီးသီးကိုဝင်ထိုင်ပြီး ဘုရားရှိခိုးပြီးသည့်အခါ ကျောင်းသီချင်းဆိုရသည်။ ယနေ့ ခေတ်လို့ ကွင်းပြင်တွင် တန်းစီးရပ်တန့်၍ သစ္စာဓိဌာန်လေးချက်၊ ကျောင်းသီချင်း သီဆိုရတာမျိုးမရှိ။ အတန်းတွေက ယနေ့လို အခန်းတွေနှင့်မဟုတ်၍ အတန်းအလိုက် လိုက်ကာ ပုံစံ ထရံချပ်ကြီး သို့မဟုတ် ကျောက်သင်ပုန်းတွေသာဖြစ်သည့်အတွက် အတန်းကြီးဘက်ကဆူလျှင် အတန်းငယ်ဘက် စာကောင်းကောင်းသင်မရ။ မိုးလေကင်းလွတ်ပါက တတိ ယတန်း၊ စတုတ္ထတန်းကျောင်းသားများက ကျောင်းဝန်းထဲက အရိပ်ကောင်းသည့် အပင်ကြီးအောက်တွင်သာဖြစ်သည်။
“ ညနေကျောင်းဆင်းချိန် မိုးရွာပါက လွယ်အိတ်ကို နောက်ပြန်ကျောပိုးအိတ်သဏ္ဍန်လုပ်ပြီး ခမောက်ပါသူက ခမောက်ဆောင်း၍ ဝါတာဖလူးခေါ် မိုးကာစကို ခေါင်းဆောင်းပြေးကြသည်သာဖြစ်သည်“
မုန့်စားဆင်းချိန်က မနက်ကတည်းကကုန်ပြီမို့ အများစုအတွက် ကစားချိန်သာဖြစ်သည်။ ပျော်ပျော်ပါးပါး စာသင်ရင်း ထမင်းစားဆင်းချိန် နီးစပ်ရာ စုပေါင်းစပ်ပေါင်းစားကြသည်။ နွမ်းပါးသူများသည့် ကျောင်းဖြစ်သော်လည်း ဟင်းခွက်လေးငါးခွက် စုလိုက်သည့်အခါ ကလေးပီပီစားမြိန်ခဲ့သည်သာဖြစ်သည်။ ညနေကျောင်းဆင်းချိန် မိုးရွာပါက လွယ်အိတ်ကို နောက်ပြန်ကျောပိုးအိတ်သဏ္ဍန်လုပ်ပြီး ခမောက်ပါသူက ခမောက်ဆောင်း၍ ဝါတာဖလူးခေါ် မိုးကာစကို ခေါင်းဆောင်းပြေးကြသည်သာဖြစ်သည်။
ခေတ်ကာလက ဆိုရှယ်လစ်ခေတ်၊ သမဝါယမစနစ်မို့ အများစုကရှားပါးသည်။ မိုးကာဆိုသည့်အရာ၊ ထီးဆိုသည့် ဆောင်းစရာသည် ရေပေါ်ဆီအလွှာနှင့် ပါတီကောင်စီအဖွဲ့ဝင် သားသမီးများအတွက်သာဖြစ်သည်။ စာရေးသူငယ်ဘဝက အဆိုပါလူတန်းစားနှင့် မကြုံဖူး။ ရှားရှားပါးပါး အခုဘုန်းကြီးဝတ်နေသည့် ရွှေဆိုင်ပိုင်ရှင်သား တစ်ဦးသာရှိသည်။ သူက ဘောစိဆိုသည့်အတွက် လက်သီးထိုးတန်းကစားလျှင် သူ့ကိုနာအောင်ထိုးကြိတ်ရဲသူ ရှားသည်။ လွယ်အိတ်လွယ်ပေးသူ၊ မုန့်ပြေးဝယ်ပေးသူ မရှိ။ သူနှင့်လည်း မူလတန်းကနေ အထက်တန်းထိ အတူတူတက်လာကြသော်လည်း သူက လမ်းတစ်ဝက်မှာ ပညာရေးနိတ္တိတံသွားသည်။ အထက်တန်းရောက်ချိန် သူ၏မိဘများ စီးပွားကျသွားပြီး သိပ်မကြာခင် အရက်နွံထဲ ငိုက်ဆင်းခဲ့ရသော်လည်း ကာလတစ်ခုမှာ အသိတရားရပြီး သာသနာ့ဘောင်ဝင်သွားသည်မှာ ဆယ်စုနှစ်တစ်ခုမကတော့ပေ။
ယခုခေတ် ကျောင်းဖွင့်ချိန်က မူလတန်းကလေးတစ်ယောက် ကျောင်းရောက်ဖို့ မိခင်၊ ဖခင်က တပျော်တပါး ပျော်ပွဲစားထွက်သလို လိုက်ပို့ ။ ကလေးကို ကျောင်းရှေ့ကနေ နေကုန် နေခမ်းစောင့်ဆိုင်း။ ဒါကို မိခင်၊ ဖခင်မေတ္တာဟု စကားလုံးလှလှလေးတပ် လူမှုကွန်ရက်ပေါ် တက်ကြွားကြသည့် ခေတ်။
တတ်နိုင်သူက အင်တာနေရှင်နယ်ကျောင်း၊ လူလတ်တန်းစားက ပုဂ္ဂလိကကျောင်းနဲ့ နာမည်ကြီးကျောင်း။ ထုံးစံအတိုင်း ကျောမွဲလူတန်းစားက ရပ်ကွက်ထဲကကျောင်း တက်ကြ သည်။ ခေတ်ပြောင်းလာသည်လားမသိ ရပ်ကွက်ထဲက ကျောင်းရှေ့မှာပင် ကျောင်းစဖွင့်ရက်တွေမှာ လူကုံထံမိဘတွေကဲ့သို့ ခြင်းကြီးခြင်းငယ်အသွယ်သွယ်နဲ့ မိခင်တစ်ချို့တွေ့လာ ရသည်ကို အံ့ဩမင်သက်မိသည်။ ပညာရေးကို အလေးပေးလာသည်လို့ ပြောရမည်လား မသိ။
သို့သော် ယခုနှစ်ကျောင်းဖွင့်ချိန် အချို့နေရာတွေ ကျောင်းခေါင်းလောင်းသံ တိတ်နေသလို ယမ်းငွေ့တွေကြား ကျောင်းအလံလွှင့်ဖို့ ခက်နေသည်ကို ဝမ်းနည်းစွာမြင်တွေ့နေရသည်။ ဒေသအချို့မှာ စာအံသံတွေ မကြားရသလို အချို့ အဆောက်အဦးပင် မရှိတော့သည့်မြင်ကွင်းက ဝမ်းနည်းဖွယ်ပင်။
ကလေးတွေ၏ အနာဂတ်သည် ပညာသင်ကြားခြင်းဖြင့် ထူထောင်ရခြင်းသာဖြစ်သည်။ စာသင်ကြားခြင်းသည် ခေတ်နှင့်မဆိုင်ဟု ယုံကြည်သည်။ စာသင်ခန်းပိတ်သည်မှာ ထောင် တံခါးဖွင့်လှစ်ခြင်းဖြစ်ပြီး စာသင်ခန်းတစ်ခုပေါ်လာတိုင်း ထောင်တံခါးတစ်ချပ် ပိတ်မည်သာဖြစ်၏။
ယနေ့ မြို့ပေါ်ကစာသင်ကျောင်းတွေ၊ ပုဂ္ဂလိကစာသင်ကျောင်းတွေ လှုပ်လှုပ်ရှားရှား ပြန်ဖြစ်လာသည်။ ကောင်းသောလက္ခဏာမို့ ကြိုဆိုရမည်ဖြစ်သည်။ သို့သော် စနစ်ကောင်းတစ် ရပ် ထူထောင်ထားတာမျိုးမဟုတ်ဘဲ ငါးပွက်ရာ ငါးစာလိုက်ချထားခြင်းမျိုးကတော့ ရေတိုသာ အောင်ပန်းဆင်နိုင်မည်ဖြစ်သည်။
ဝန်ဆောင်မှု အပြိုင်အဆိုင်ပေး ငွေကြေးအဆမတန် ကောက်ယူပြီး စာသင်ကြားခြင်းက မုန့်လုံးစက္ကူကပ် ကြိမ်တစ်ဖက်ဖက်နှင့်တော့ မြန်မာ့ပညာရေး သရောကြီးခိုင်းနေဦးမည်သာ ဖြစ်သည်။
ပြီးခဲ့တဲ့ရက်က ဆယ်တန်းအောင်စာရင်းတွေထွက်သည်။ ဖြေဆိုသူ တစ်သိန်းခြောက်သောင်းကျော်မှာ တစ်သိန်း တစ်သောင်းနီးပါး အောင်မြင်ကြသည်။ စနစ်ဟောင်း နောက်ဆုံး နှစ်ဖြစ်သလို မူဝါဒရေးရာကြောင့် တစ်သိန်းကျော် အောင်မြင်သည်မှာ မထူးဆန်းဟုဆိုရမည်။ တိုင်းနှင့် ပြည်နယ် ၁၄ ခုမှာ ဒီကောလိပ်နှင့် တက္ကသိုလ်က နှစ်ရာနီးပါး ရှိနေသည်။ ဒီတော့ ကျောင်းသားအချိုး ကျောင်းအချိုး အံကိုက်ပင်ဖြစ်သည်။
မဖြေသူ၊ သေသူသာ ကျသည်ဆိုသည့် စကားကတော့ ဟာသပင်ဖြစ်ပါလိမ့်မည်။ နီးစပ်သည့် အမှတ်ရလျှင် ခေတ်ဟောင်းကလည်း ကျောင်းအချိုး၊ ကျောင်းသားအချိုးအရ အ အောင်ပေးရလေ့ရှိသည်။ အောင်ချက်ကောင်းလာသည်ဟုဆိုလျှင် ကိန်းဂဏန်းသာဖြစ်ပြီး တည်ကိန်းကိုနားမလည်၍သာဖြစ်မည်ဟု ထင်သည်။ ပညာရေးပေါ်လစီသည် တစ်ခေတ် ပြောင်း၊ တစ်ခါလိုက်ပြောင်းသည်ဆိုသည့် စကားရပ်နှင့် ခြွင်းချက်ပင်ဖြစ်ပြီး ကင်းလွတ်ခွင့်ရှိသင့်သည်ဟု ယူဆသည်။
သို့သော် ကျောင်းသားများ၏ ပညာသင်ကြားရေးသည် အိန္ဒိယဇာတ်ကား သရီးအိုင်ဒေါထဲက ရန်ချိုကျောင်းလို မဖြစ်တောင် လွတ်လပ်ပြီး အမီခိုကင်းစေချင်သည်။ ကြက်တူရွေး ကလေးတွေ ထုတ်လုပ်မည်ဆိုပါက ကြားကာလ ပညာရေးနှင့် ရင်းနှီးပတ်သက်ဖူးသည့် ကလေးငယ်က စာသင်ကျောင်းကို ကြောက်သွားမည်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ပညာသင်ကြားခွင့်ဆိုသည်မှာ နေရာဒေသ မရွေး၊ ကာလအပိုင်းခြား မရွေး၊ ဘာသာ လူမျိုး မရွေး၊ အသက်ရွယ် မရွေး၊ ကျားမ မရွေး ရရမည်သာဖြစ်သည်။
ထို့ကြောင့် ကျောင်းတံခါးများကို မည်သည့်သော့နှင့်မဆို ဖွင့်လှစ်ခွင့်ပေးရမည်သာဖြစ်သည်။ သို့မှသာ မြန်မာ့လူဘောင်သည် အမှန်တကယ် တိုးတက်ပွင့်လင်းပြီး ခေတ်မီတိုးတက် သည့်နိုင်ငံဖြစ်လာမည်ဟု ယုံကြည်သည်။
ကျောင်းတွေ ဖွင့်ရင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်