တာရာဇင်
လူတစ်ယောက်စီတိုင်းမှာ အစွဲအလန်းတစ်ခုစီတော့ ရှိကြတယ်ထင်တာပါပဲ။ တစ်ခုထက်မကလဲ ရှိနေနိုင်ပါတယ်။ ကိုယ့်အစွဲအလန်းနဲ့ကိုယ်တော့ ကျေနပ်နေကြတာပါ။ အစွဲ အလန်းထားတာ မကောင်းမှန်းသိပေမဲ့လဲ လူဆိုတော့လဲ ပေါ့နော်။
ကျမမှာလည်း အများနည်းတူ အစွဲအလန်းတစ်ခုရှိနေတယ် မဟုတ်ဘူး။ တစ်ခုမက ရှိတယ်။ ဥပမာ ဘာမှမလိမ်းရရင်နေ နှုတ်ခမ်းနီလေးတော့ နေ့တိုင်းဆိုးလိုက်ရမှ (ကြားဘူးတာ တော့ အိမ်အိုတော့ ကြားကန်၊ လူအိုတော့ ပန်းပန်တဲ့ ခုကတော့ လူအိုတော့ နှုတ်ခမ်းနီဆိုးပေါ့)။ ဘာဟင်းမှမပါရင်နေ ဆန်လေးတော့ကောင်းမှ တို့။ ဘာမှမဝယ်ရလဲနေ ညစျေး တန်းလေးတော့ လျောက်နေရမှ တို့။ တို့၊ တို့တွေ အများကြီးထဲကမှ မနက်တိုင်း ကော်ဖီလေးတစ်ခွက်တော့ သောက်ရမှဆိုတာက တကယ့် မိန်း။
ကော်ဖီက ငယ်ငယ်ထဲက ကြိုက်ခဲ့၊ ချစ်ခဲ့ရတဲ့ အချစ်ဦးလေ။ ကျမက ၃ လသ မီးအရွယ်မှာကတည်းက အမေဆုံးသွားတော့ လက်တိုဂျင်နို့မှုန့်နဲ့ အသက်ဆက်ခဲ့ရတယ်။ အသက် လေးငါးနှစ်အရွယ်ရောက်တဲ့အထိ နို့မှုန့်သောက်နေတုန်း။ နောက်တော့ လက်တိုဂျင်နေရာမှာ ကော်ဖီပျော့ပျော့နဲ့ ဘီစကစ် ပြောင်းစားခဲ့ရတယ်။ အဲ့ဒါကလွဲပြီး တခြားလဲ အခု ခေတ်လို စားစရာမပေါဘူးလေ။ ကော်ဖီနဲ့ ဘီစကစ်က နေ့စဥ် မရိုးနိုင်၊ မမုန်းနိုင်တဲ့ ဖေးဖရိတ် အစားအစာကြီးကိုဖြစ်လို့ပေါ့။ နောက် တက္ကသိုလ်ရောက်တော့ သူငယ်ချင်းတွေနဲ့ လဘက်ရည်ဆိုင်ထိုင် ကြလဲ ကော်ဖီပဲသောက်ဖြစ်တယ်။ ကိုယ့်အတွက်တော့ ကော်ဖီဟာ essential (မရှိမဖြစ်) ပါ။
ကော်ဖီတင်ကြိုက်တာ မဟုတ်သေးဘူး။ ကော်ဖီပါတဲ့ သီချင်းကိုလည်း ကြိုက်သေးတာ။ ဂျေမောင်မောင်ရဲ့ အလွမ်းကဖေးတို့၊ ချစ်ကောင်းရဲ့ ကော်ဖီခါးခါးတို့၊ သီရိဂျေမောင် မောင်ရဲ့ ဘလက်ကော်ဖီတို့၊ ကော်ဖီကြိုက်တဲ့အချစ်ရယ် ခုတော့ မင်းဘယ်မလဲ တို့၊ အများကြီးပါ။ ကြိုက်ခဲ့ရတာတွေ။
“ ကော်ဖီတင်ကြိုက်တာ မဟုတ်သေးဘူး။ ကော်ဖီပါတဲ့ သီချင်းကိုလည်း ကြိုက်သေးတာ။ ဂျေမောင်မောင်ရဲ့ အလွမ်းကဖေးတို့၊ ချစ်ကောင်းရဲ့ ကော်ဖီခါးခါးတို့၊ သီရိဂျေမောင်မောင်ရဲ့ ဘလက်ကော်ဖီတို့၊ ကော်ဖီကြိုက်တဲ့အချစ်ရယ် ခုတော့ မင်းဘယ်မလဲ တို့၊ အများကြီးပါ။ ကြိုက်ခဲ့ရတာတွေ“
နောက်တော့ ကော်ဖီမစ်တွေပေါ်လာတယ်။ စစဦးဆုံးသောက်မိတဲ့ ကော်ဖီမစ်က စူပါ။ စသောက်တုန်းကဆို အရသာလေးကိုရှိနေရော။ နောက် မီကို။ နောက်တော့ Rich။ အမျိုး မျိုးပြောင်းသောက်လာတာ နောက်ဆုံး ပရီးမီးယားအထိ။ အချစ်ဦးတွေပေါ့လေ။ နောက် နက်စ်အမှုန့်တို့၊ Moccona အမှုန့်တို့၊ ဖျော်သောက်သေးတယ်။
ကော်ဖီဖြစ်ရင်ပြီးရော ဘာကော်ဖီမဆို ကြိုက်နေတော့တာ။ မနက်မိုးလင်းလို့မှ ကော်ဖီတစ်ခွက်လောက်မှ မသောက်ရသေးရင် တမျိုးကြီးကိုဖြစ်လို့။ စွဲလန်းချက်ကြီးပေါ့။ ချင်းမိုင် ကို အလည်ရောက်တော့ မောင်လေးနဲ့ ညီမလေးက ကျမကော်ဖီကြိုက်တာသိတော့ Starbuck ကော်ဖီမှုန့်နဲ့ ဖျော်တိုက်တယ်။ ကြိုက်လိုက်တာဆိုတာများ။ ပြန်တော့လဲ အထုတ် ကြီးတစ်ထုတ် ဝယ်ပေးလိုက်သေးတယ်။ အဲ့ဒီကော်ဖီမှုန်ုကုန်သွားတာတောင် အိတ်လေးကို မလွှတ်ပစ်ဘူး။ အကြာကြီးသိမ်းထားမိသေး။ အနံ့လေးမွှေးနေတာကို ကြိုက်လွန်းလို့။
ဘယ်နေရာရောက်ရောက် ကော်ဖီသောက်ချင်တာ။ တစ်ရက်တော့ စင်တာတစ်ခုမှာ ကော်ဖီနံ့လေးမွှေးနေတော့ ချက်ချင်းကို သောက်ချင်လာပါရော။ ကော်ဖီတစ်ခွက်မှာလိုက်ပြီး စောင့်နေရင်း ကြည့်နေမိတယ်။ သူက ကော်ဖီစေ့ကိုကြိတ်ပြီးတော့မှ စနစ်တကျဖျော်နေတာ။ အဲ့ထဲက ဒီအမှုတော့ ကြီးပြီထင်မိသား။ ဒါ မဲ့လဲ အနံ့နဲ့ကို မလှုပ်နိုင်အောင် ဆွဲ ဆောင်နေတော့ ဖြစ်ချင်ရာဖြစ်ပေါ့။ ခဏနေတော့ ကော်ဖီခွက်လေးယူပြီး ဘယ်လောက်လဲမေးတော့ 7000 တဲ့။ ရင်ထဲမှာ ဒိန်းကနဲတောင် မြည်သွားသလိုပဲ။ ဘုရားတောင် တမိ တဲ့အဖြစ်။ နှမြောလိုက်များလေ။ တသသ။ ၂ ရက်လောက် နေမကောင်းဖြစ်ရတယ်။ ကလေးတွေပြောသလို ၁၀ ရက်လောက် “ အံ့” ပြီး၊ ရက် ၂၀ လောက် “ဩ” ယူရတယ်။ အဲ့ဒါ လွန်ခဲ့တဲ့ ၂ နှစ်လောက်က။ ခုလောက်ဆိုရင်တော့ ၁ လလောက် “အံ့” ပြီး လေးဆယ့်ငါးရက်လောက် “ဩ” ရမယ်ထင်ပါရဲ့။ အဲ့ဒီထဲက နောက်ဆို ကော်ဖီဆို သေလောက်အောင် မွှေးနေသော်ငြား။ သေလောက်အောင် သောက်ချင်နေသော်ငြား စင်တာတွင် မသောက်ရလို့ ကိုယ့်ကိုကိုယ် သတိပေးရတယ်။
အခုတော့ အချစ်ဦးတွေပဲ အကောင်းဆုံးလို့ လက်ခံလိုက်ပါပြီ။ မူလလက်ဟောင်း ပရီးမီးယားသာ အကောင်းဆုံးပါပေါ့။ ပရီးမီးယား 2 in 1 is the best ပေါ့။ ပရီးမီးယားလည်း ပြောင်းလဲလာတဲ့ ကုန်ဈေးနှုန်းတွေကြောင့် စျေးတွေတစ်ရက်နဲ့တစ်ရက်တောင် မတူတော့ဘူး။ ဟိုးအရင်က ၁၀ ထုတ်ပါ တစ်ထုတ်ကို ၁၁၀၀ ကစခဲ့တဲ့ ပရီးမီးယားဟာ ခုရက်ပိုင်း မှာတင် ၁၀ ထုတ်ပါ တစ်ထုတ်ကို ၂၄၀၀၊ ၂၅၀၀၊ ၂၈၀၀၊ ဒီနေ့ ၃၀၀၀ တဲ့။
စျေးနှုန်းရေစီးကြောင်းကြီး အားကောင်းချက်က ကြောက်စရာ။ ရေစီးကြောင်းကြီး ဘယ်အချိန်ထိ အရှိန်ကောင်းနေမလဲ၊ ဘယ်အချိန်မှများ ရပ်တန့်မလဲ၊ အဲဒီအရှိန်ပြင်းပြင်းနဲ့ စီး နေတဲ့ စျေးနှုန်းရေစီးကြောင်းထဲမှာရော ကိုယ့်အစွဲအလန်းလေးက ဆက်ပြီးစွဲလန်းနိုင်ပါဦးမလားတော့ သိချင်တယ်။ အခုထိတော့ ကိုယ်လည်း ကော်ဖီစေ့ထွက်အောင် မစိုက်နိုင်။ ကိုယ့်အချစ်ဦးကော်ဖီကိုလဲ မစွန့်နိုင်ဆိုမှတော့ တတ်နိုင်တဲ့အချိန်တခုထိတော့ Go On ပေါ့။
တာရာဇင်
ကော်ဖီ ခရေဇီ (Coffee Crazy) အတွက် မှတ်ချက်များ 0 ခုရှိပါတယ်