၂၀၂၃ ခုနှစ် တစ်နှစ်တာအတွင်း နိုင်ငံတကာသတင်း အနှစ်ချုပ်

၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာတဝန်း လွှမ်းမိုးနိုင်ခဲ့တဲ့ နိုင်ငံတကာစစ်ရေးပဋိပက္ခကတော့ အစ္စရေး-ဟားမာ့စ်စစ်ပွဲဖြစ်ပြီး အထူးသဖြင့် ဒီအရှေ့အလယ်ပိုင်းစစ်ရေး ပဋိပက္ခမီးတောက်ဟာ ၂၀၂၂ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ်၊ နှစ်ဝက်ကျော်ကာလအထိ လွှမ်းမိုးထားနိုင်ခဲ့တဲ့ ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခသတင်းတွေကို ဖုံးလွှမ်းသွားနိုင်တဲ့အထိ နိုင်ငံတကာရဲ့ အာရုံစူးစိုက်မှု ခံခဲ့ရပါ တယ်။

နောက်ထပ် နိုင်ငံတကာ နိုင်ငံရေး၊ ပထဝီနိုင်ငံရေးနဲ့ သံခင်းတမန်ခင်းရေးရာတွေမှာ ကမ္ဘာတဝန်း အာရုံစူးစိုက်ခံရတာကတော့ လက်ရှိ ကမ္ဘာ့စူပါပါဝါ အမေရိကန်နိုင်ငံနဲ့ စူပါပါဝါ ဖြစ် လာဖို့ တက်လှမ်းနိုင်ရေး အားသွန်ခွန်စိုက်ကြိုးပမ်းနေတဲ့ တရုတ်နိုင်ငံတို့ရဲ့ ဆက်ဆံရေး၊ အဆိုပါနှစ်နိုင်ငံ နှစ်ဖက်ထိပ်တိုက်တင်းမာမှုတွေနဲ့ အင်အားကြီးနှစ်နိုင်ငံကြား ဆံဆက်ရေး ပျက်ယွင်းမှုတွေကို ထိန်းချုပ်ရေး (Damage Control) ဆိုင်ရာ သံခင်းတမန်ခင်းကိစ္စရပ်တွေပဲ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ စတင်ပြန့်နှံ့စဉ်ကတည်းကပင် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒ (Zero-Covid Policy) အရ တားမြစ်ပိတ်ပင်ထားခဲ့တဲ့ ခရီးသွားလာမှုဆိုင်ရာ ကန့်သတ် ချက်တွေကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း တရုတ်အစိုးရက ဖယ်ရှားပေးခဲ့ပါတယ်။ ကန့်သတ်ချက်တွေကို ဖယ်ရှားမှုတွေထဲ တရုတ်ပြည်တွင်း ခရီးသွားလာမှုတွေအတွက် သီး သန့်ခွဲခြားနေထိုင်ရခြင်း (ကွာရန်တင်း) အစီအစဉ်တွေကို ပယ်ဖျက်ပေးခဲ့တာလည်း ပါဝင်ပါတယ်။ တရုတ်ရဲ့ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒဟာ တရုတ်ပြည်သူတွေရဲ့ နေ့စဉ်နေထိုင် မှုဘဝတွေကို လွန်လွန်ကျူးကျူးပိတ်ပင်ကန့်သတ်မှုဖြစ်ကြောင်းနဲ့ ဒီမူဝါဒကြောင့် တရုတ်စီးပွားရေး များစွာကျဆင်းခဲ့တယ်လို့လည်း ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမရက်သတ္တပတ်အတွင်း အမေရိကန်ဝေဟင်ပေါ် ပျံသန်းနေတဲ့ တရုတ်သူလျှိုမိုးပျံပူဖောင်းကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ အမိန့်ပေးမှုဖြင့် F-22 တိုက်လေယာဉ်က တောင်ကယ်ရိုလိုင်းနားကမ်းရိုးတန်းအပေါ် ကောင်းကင်ယံမှာ ဒုံးကျည်ဖြင့်ပစ်ချခဲ့ပါတယ်။ အမေရိကန် ဗဟိုစစ်ဌာနချုပ် ပင်တဂွန်က အဆိုပါတရုတ်မိုးပျံပူ ဖောင်းကို ထောက်လှမ်းရေးဆိုင်ရာ မိုးပျံပူဖောင်းအဖြစ် သတ်မှတ်ပြီး၊ အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးကို အပြင်းအထန်ကန့်ကွက်ပြောကြားခဲ့သော်လည်း တရုတ်ဘက်က တော့ အရပ်ဘက် မိုးလေဝသဆိုင်ရာ တိုင်းတာရေး မိုးပျံပူဖောင်းဖြစ်ကြောင်းနဲ့ အမေရိကန်ဝေဟင်ထဲကို မတော်တဆရောက်ရှိသွားတာသာဖြစ်တယ်လို့ ငြင်းဆန်တုံ့ ပြန်ခဲ့ပါတယ်။ ဒီမိုးပျံပူဖောင်းဖြစ်စဉ်ကြောင့် ကုန်သွယ်ရေးစစ်ပွဲအပါအဝင် တခြားပထဝီနိုင်ငံရေးဆိုင်ရာ တင်းမာမှုတွေရှိနေတဲ့ အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံအကြားဆက်ဆံရေး ပိုမိုဆိုးရွားသွား ခဲ့ပါတယ်။

တူရကီနိုင်ငံအရှေ့တောင်ပိုင်းနဲ့ ယင်းနဲ့ နယ်နမိတ်ချင်းဆက်စပ်နေတဲ့ ဆီးရီးယားနိုင်ငံမြောက်ပိုင်းဒေသတွေမှာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇.၈ မက်ဂနီကျု မြေငလျင်ကြီးကြောင့် လူပေါင်း ၆ သောင်းခန့် သေဆုံးခဲ့ကာ၊ ပျက်စီးဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၆၃ ဘီလီလံထိ ရှိခဲ့ပါတယ်။

သမ္မတသက်တမ်း ၅ နှစ် နှစ်ကြိမ်အထိ ထမ်းဆောင်ရန်သာ ကန့်သတ်ထားသည့် တရုတ်ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်ကို ပယ်ဖျက်ခဲ့တဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့မှာ ကျင်းပခဲ့တဲ့ တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်မှာ တတိယအကြိမ်မြောက် သမ္မတသက်တမ်းအတွက် ငါးနှစ် ဆက်လက်တာဝန်ယူရန် တခဲနက် မဲ ပေးရွေးချယ်ခံခဲ့ရပါတယ်။ သမ္မတသက်တမ်းနှစ်ကြိမ်သာ တာဝန်ထမ်းဆောင်ရမယ့် အခြေခံဥပဒေပါ ပြဌာန်းချက်ကို ပယ်ဖျက်နိုင်ခဲ့မှုကြောင့် ရှီကျင့်ဖျင်အနေနဲ့ ၎င်းဘဝ တလျှောက်လုံး သမ္မတတာဝန်ထမ်းဆောင်နိုင်ဖို့ လမ်းပွင့်သွားခဲ့ကာ တရုတ်ခေါင်းဆောင်ကြီး မော်စီတုန်းပြီးနောက် ခေတ်သစ်တရုတ်ပြည်ရဲ့ ဒုတိယအာဏာအရှိဆုံး ခေါင်းဆောင် အဖြစ်ပါ သမိုင်းဝင်ခဲ့ပြီ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်ကတည်းက နှစ်နိုင်ငံအကြား တရားဝင်ဆက်ဆံရေး ရပ်ဆိုင်းထားခဲ့ပြီး ရန်လိုမှုတွေနဲ့ နှစ်ဘက်ထိပ်တိုက်တွေ့နေခဲ့တဲ့ အရှေ့အလယ်ပိုင်း ရေနံအင်အားကြီးနိုင်ငံတွေလည်း ဖြစ်၊ ဒေသတွင်းပြိုင်ဘက်နိုင်ငံတွေလည်းဖြစ်တဲ့ ဆော်ဒီအာရေးဗီးယားနဲ့ အီရန်နိုင်ငံတို့ တရုတ်နိုင်ငံရဲ့ ကြားဝင်စီစဉ်ညှိနှိုင်းပေးမှုနဲ့အတူ ယင်းတို့နှစ်နိုင်ငံအကြား ပုံမှန်သံတမန်ဆက် ဆံရေး ပြန်လည်ထိန်းသိမ်းထားရှိသွားဖို့ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့မှာ နှစ်ဘက်သဘောတူညီမှု ရခဲ့ပါတယ်။ ဆော်ဒီနဲ့ အီရန်နိုင်ငံတို့အနေနဲ့ နှစ်နိုင်ငံအကြား တိုက်ရိုက်စစ်ပွဲမျိုး မဖြစ်ပွားပေမယ့် ယီမင်နဲ့ ဆီးရီးယားနိုင်ငံတို့ရဲ့ ပြည်တွင်းနိုင်ငံရေးပဋိပက္ခတွေကို အသုံးချပြီး တဆင့်ကြားခံစစ်ပွဲ (Proxy War) အသွင်မျိုးနဲ့ နှစ်နိုင်ငံဆက်ဆံရေး တင်းမာနေခဲ့ကြ တာဖြစ်ပါတယ်။ တဖက်မှာ တရုတ်နိုင်ငံအနေနဲ့ အဆိုပါအရှေ့ အလယ်ပိုင်းအင်အားကြီးနှစ်နိုင်ငံအကြား ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှု တစ်စုံတစ်ရာအောင်မြင်မှုရှိခဲ့တာက ယုံကြည် ရတဲ့ ကမ္ဘာ့အင်အားကြီး ငြိမ်းချမ်းရေးအကျိုးဆောင်နိုင်ငံအဖြစ် ပုံရိပ်မြင့်တက်လာရုံသာမကပဲ ကမ္ဘာ့ရေးရာကိစ္စတွေမှာ အစဉ်အလာ ကမ္ဘာ့ပုလိပ်ကြီးဖြစ်တဲ့ အမေရိကန်နိုင်ငံလိုမျိုး နိုင်ငံတကာနိုင်ငံရေးအပေါ် လွှမ်းမိုးသက်ရောက်နိုင်မှုရှိကြောင်း ပြသရာလည်း ရောက်ခဲ့ပါတယ်။

ဥ‌ရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဖင်လန်နိုင်ငံဟာ ယင်းရဲ့ နှစ်ပေါင်း ၇၀ ကြာ စစ်ရေးဆိုင်ရာ ဘက်မလိုက်မူဝါဒကို အဆုံးသတ်ပြီး၊ ၂၀၂၃ ခုနှစ်၊ ဧပြီ ၄ ရက်နေ့မှာ မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့(NATO)ထဲကို တရားဝင် ဝင်ရောက်ခဲ့ပါတယ်။ ဖင်လန်နိုင်ငံ NATO ထဲဝင်ရောက်မှုကြောင့် ရုရှားနိုင်ငံနဲ့ နယ်နမိတ်ချင်းထိစပ်နေတဲ့ နေတိုးအဖွဲ့ ဝင်နိုင်ငံတွေရဲ့ နယ်နိမိတ် စုစုပေါင်းအတိုင်းအတာဟာ ကီလိုမီတာ ၁၃၀၀ (၈၃၀ မိုင်) အထိ ပိုမိုရှည်လျားသွားခဲ့ပြီဖြစ်ကာ၊ ယင်းအချက်ဟာ ရုရှားအတွက် ကာကွယ်ရေးဆိုင်ရာ နောက်ထပ်ခြိမ်းခြောက်မှုတစ်ရပ်လည်း ဖြစ်ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေးထိုးနှံမှု တိုးမြင့်လာမှုနဲ့ ကိုဗစ်-၁၉ ကူးစက်ခံရတာတွေကနေ ပြန်လည်နာလန်ထမှုတွေကတဆင့် သဘာဝအလျောက် ပေါ် ပေါက်လာသည့် ခုခံအား စနစ် မြင့်တက်လာမှုတွေနဲ့အတူ ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်ကပ်ရောဂါကူးစက်မှု ကျဆင်းလာတာ၊ ကိုဗစ်ကြောင့် လူအသေအပျောက် များစွာလျော့ကျလာတာနဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ ကျန်းမာရေးစနစ်တွေအ‌ပေါ် ကိုဗစ်ကပ်ရောဂါရဲ့ ဖိအားသက်ရောက်မှု ကျဆင်းလာတာတွေကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က ၂၀၂၃ ခုနှစ်၊ မေလ ပထမရက်သတ္တပတ် အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါအား ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ်မှ ရုပ်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။ WHO ရဲ့ ညွှန်ကြားရေးမှူးချုပ်ကတော့ ဒီလို ကိုဗစ်-၁၉ ကပ်ရောဂါကို ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဆင့်မှ ရုပ်သိမ်းလိုက်သော်လည်း ဒီကပ်ရောဂါဟာ ကမ္ဘာကြီးကနေ လုံးဝကွယ်ပျောက်သွားပြီလို့ သတ်မှတ်လို့ မရသေးကြောင်းနဲ့ ဒီကပ်ရောဂါဖြစ်ပွားစေတဲ့ ဗိုင်းရပ်စ်ပိုးဟာ မျိုးခွဲတွေအနေနဲ့ အမြဲပြောင်းလဲနေနိုင်ပြီး မျိုးခွဲအသစ်တွေကြောင့်ဖြစ်လာမယ့် ကိုဗစ်ကပ်ရောဂါကြောင့် နောက်ထပ် လူအသေအပျောက် ဖြစ်စေမှုတွေလည်း ရှိလာနိုင်ကြောင်းလည်း သတိပေးပြောကြားခဲ့ပါတယ်။

အမေရိကန်နိုင်ငံအခြေစိုက် ပင်လယ်ရေအောက် သုတေသနလေ့လာရေးခရီးစဉ် ဝန်ဆောင်မှုကုမ္ပဏီဖြစ်တဲ့ အိုးရှင်းဂိတ်ရဲ့ တိုက်တန်အမည်ရတဲ့ တိုက်တန်းနစ်သင်္ဘောပျက် လေ့ လာရေးခရီးအတွက် ပို့ဆောင်ပေးတဲ့ ရေငုပ်သင်္ဘောငယ်ဟာ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့မှာ ကနေဒါကမ်းလွန် မြောက်အတ္တလန္တိတ် သမုဒ္ဒရာအောက်ကို ဆင်းသက်ငုပ်လျှိုးပြီး ၁ နာရီနဲ့ ၄၅ မိနစ်အကြာမှာ ယင်းရဲ့ ပင်မထောက်ပံ့ရေးရေယာဉ် ပိုလာပရင့်စ်နဲ့ အဆက်အသွယ်ပြတ်တောက်သွားခဲ့ပါတယ်။ ယင်းကဲ့သို့ အဆက်အသွယ်ပြတ်တောက်ပြီး ၅ ရက် မြောက်နေ့မှာတော့ တိုက်တန်းနစ်သင်္ဘောနစ်မြုပ်ရာ နေရာအနီးမှာ တိုက်တန်ရေငုပ်သင်္ဘောအပိုင်းအစတွေကို တွေ့ရှိကြောင်းနဲ့ တိုက်တန်ပေါ် ပါသွားတဲ့ လူ ၅ ဦးလုံး သေဆုံးခဲ့ပြီ ဖြစ်ကြောင်း နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေက အတည်ပြုပြောကြားခဲ့ပါတယ်။ အဆိုပါ အတွင်းပိုင်းပေါက်ကွဲပျက်စီးသွားခဲ့တဲ့ ရေငုပ်သင်္ဘောငယ်နဲ့အတူလိုက်ပါပြီး သေဆုံး သွားခဲ့သူတွေထဲမှာ အိုးရှင်းဂိတ်အမှုဆောင် အရာရှိချုပ်အပါအဝင် ဗြိတိန်နဲ့ ပါကစ္စတန် စီးပွားရေးလုပ်ငန်းရှင်တွေလည်း ပါဝင်ခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန် လူမြင်ကွင်းကနေ ပျောက်ကွယ်နေပြီး တစ်လအကြာမှာတော့ တရုတ်အစိုးရအနေနဲ့ ၎င်းအား ရာထူးမှဖယ်ရှားပြီး ယခင် နိုင်ငံခြားရေးဝန်ကြီး ဟောင်းဖြစ်သူ ဝမ်ယီကို တရုတ်နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ကြောင်း ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၅ ရက်နေ့မှာ နိုင်ငံပိုင်မီဒီယာတွေက သတင်းဖော်ပြခဲ့ပါတယ်။ ချင်ဂန် ရာထူးဖယ် ရှားခံရတာနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူဘက်က ရှင်းလင်းပြောကြားသွားတာမျိုးတော့ မရှိခဲ့ပါဘူး။ နိုင်ငံတကာသတင်းဌာနတွေရဲ့ သတင်း ဖော်ပြချက်တွေအရ ချင်ဂန်အနေနဲ့ အိမ်ထောင်ရေးဖောက်ပြန်မှုရှိခဲ့တာရဲ့ နောက်ဆက်တွဲ အရှုပ်တော်ပုံတွေကြောင့် ရာထူးမှဖယ်ရှားခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံနဲ့ တရုတ်နိုင်ငံအကြား တင်းမာမှုပိုမိုမြင့်မားလာတဲ့ အချိန်ကာလအတောအတွင်း အမေရိကန်နိုင်ငံခြား‌ရေးဝန်ကြီးဟောင်းနဲ့ သံတမန်ဂုရုကြီး ကစ်ဆင်ဂျာ တရုတ် နိုင်ငံကို လာရောက်ခဲ့ကာ ဇူလိုင်လ ၂၀ ရက်နေ့မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ရှီကျင့်ဖျင်က ကစ်ဆင်ဂျာကို ကော်ဇော်နီနဲ့ ခရီးဦးပြုကြိုဆိုခဲ့သလို ကစ်ဆင်ဂျာဟာ တရုတ်နိုင်ငံအတွက် ဘယ်တော့မှမေ့လို့မရမယ့် မိတ်ဆွေတစ်ဦးလို့လည်း ဂုဏ်ပြုပြောကြားခဲ့ပါတယ်။ ကစ်ဆင်ဂျာဟာ တရုတ်နိုင်ငံရဲ့ ထိပ်တန်းခေါင်းဆောင်တွေနဲ့လည်း တွေ့ ဆုံ ခဲ့ပါတယ်။ နိုင်ငံတကာ နိုင်ငံ‌ရေးကျွမ်းကျင်ပညာရှင်တချို့ကတော့ ကစ်ဆင်ဂျာရဲ့ တရုတ်ခရီးစဉ်ဟာ အမေရိကန်နဲ့ တရုတ်အကြား ဆက်ဆံရေးပျက်ယွင်းနေမှုကို ပြန်လည်ကုစားဖို့ ရှေ့ပြေးသံတမန် (Point Man) အနေနဲ့ အမေရိကန်အစိုးရကစီစဉ်တာ ဖြစ်နိုင်ကြောင်းလည်း ခန့်မှန်းပြောဆိုကြပါတယ်။

၂၀၂၃ ခုနှစ်၊ မေလကကျင်းပခဲ့တဲ့ ထိုင်းရွေးကောက်ပွဲမှာ အောက်လွှတ်တော်နေရာ ဒုတိယအများဆုံး အနိုင်ရရှိခဲ့တဲ့ ဖြူထိုင်းပါတီဟာ ယင်းရဲ့ မဟာမိတ်ပါတီတွေအပါအဝင် အ တိုက်အခံပါတီတွေကိုပါ ပါဝင်စေတဲ့ ထိုင်းညွန့်ပေါင်းအစိုးရကို ဩဂုတ်လမှာ ဖွဲ့စည်းခဲ့ပါတယ်။ ဒီလို ညွန့်ပေါင်းအစိုးရဖွဲ့စည်းနိုင်ခဲ့တာက လအနည်းငယ်အကြာ ထွက်ပေါက်ပိတ်နေ ခဲ့တဲ့ ထိုင်းနိုင်ငံရေးအခြေအနေကို ပုံမှန်လမ်းကြောင်းပေါ်ကို ရောက်ရှိစေခဲ့ပါတယ်။

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့မှာ အိန္ဒိယအာကာသသုတေသနအဖွဲ့ကြီး ((Indian Space Research Organisation- ISRO) ဟာ ယင်းတို့ရဲ့ ချန္ဒရေယန် -၃ လစူးစမ်းလေ့လာရေး ယာဉ်ကို လကမ္ဘာတောင်ဝင်ရိုးစွန်း မျက်နှာပြင်ပေါ် အောင်မြင်စွာ ပို့လွှတ်နိုင်ခဲ့ပါတယ်။ ဒီအောင်မြင်မှုကြောင့် အိန္ဒိယဟာ အမေရိကန်၊ ရုရှား (ယခင် ဆိုဗီယက်ပြည်ထောင်စု)နဲ့ တ ရုတ်နိုင်ငံတို့ပြီးရင် လစူးစမ်းလေ့လာ‌ရေးယာဉ် လကမ္ဘာပေါ် ဆင်းသက်နိုင်ခဲ့တဲ့ ကမ္ဘာ့စတုတ္ထမြောက်နိုင်ငံ ဖြစ်လာပါတော့တယ်။ ထူးခြားတာက ဒီလေးနိုင်ငံအနက် အိန္ဒိယတစ်နိုင်ငံ တည်းသာ လကမ္ဘာရဲ့ တောင်ဘက်ဝင်ရိုးစွန်းပိုင်း မျက်နှာပြင်ပေါ်ကို စူးစမ်းလေ့လာရေးယာဉ် ဆင်းသက်နိုင်အောင် ပထမဆုံးစွမ်းဆောင်ပြနိုင်ခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ အထူးရထားခရီးစဉ်ဖြင့် ရုရှားနိုင်ငံကို သွားရောက်ပြီး ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက်နေ့မှာ ရုရှားသမ္မတ ပူတင်နဲ့ နှစ်နိုင်ငံခေါင်း ဆောင်ချင်း တွေ့ဆုံခဲ့ပါတယ်။ ယင်းနှစ်နိုင်ငံ ထိပ်သီးအစည်းအဝေးအတွင်း ပူတင်က မြောက်ကိုရီးယားရဲ့ ဂြိုဟ်တုတည်ဆောက်‌ရေးအစီအစဉ်များအား ကူညီရန် ကတိကဝတ်ပြုခဲ့ ကာ၊ နှစ်နိုင်ငံစစ်ရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့ သဘောတူညီခဲ့ကြပါတယ်။ ကင်ဂျုံအန်က ရုရှားနဲ့ ထိပ်သီးဆွေးနွေးပွဲက နှစ်နိုင်ငံဆက်ဆံရေးရဲ့ မဟာဗျူဟာမြောက် အရေး ကြီးမှုကို ထင်ဟပ်ပြသတာလို့ ဆိုခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသအများအပြားကို ထိန်းချုပ်ထားတဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ဟာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့မှာ ဂါဇာကမ်းမြောင်နဲ့ ကပ်ရပ်တည်ရှိနေတဲ့ အစ္စရေးနိုင်ငံတောင်ပိုင်းကို အင်အားအလုံးအရင်းနဲ့ ရုတ်ချဉ်းအလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ကာ အစ္စရေးပြည်သူ ၁၂၀၀ ခန့်ကို သတ်ဖြတ်ခဲ့ပြီး၊ ဓားစာခံ ၂၀၀ ခန့် ‌ခေါ်ဆောင် သွားခဲ့ပါတယ်။ အဆိုပါဖြစ်ရပ်အတွက် ချက်ချင်းဆိုသလို အစ္စရေးက ဂါဇာကမ်း‌မြောင်ကို တိုက်လေယာဉ်တွေနဲ့ ကျယ်ကျယ်ပြန့်ပြန့်ဗုံးကြဲခဲ့ပြီး မြေပြင်ထိုးစစ်ဆင်နွှဲကာ ဟားမာ့စ် လက်နက်ကိုင်အဖွဲ့ကို ပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့ပါတယ်။ အစ္စရေးရဲ့ တုံ့ပြန်တိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြောင်က ပြည်သူနှစ်သောင်းကျော် သေဆုံးခဲ့တယ်လို့ နိုင်ငံတကာသတင်း တွေက ဖော်ပြခဲ့ကြပါတယ်။

Buildings destroyed by Israeli airstrikes are seen in Gaza City Oct. 10, 2023. Israel launched the airstrikes in retaliation for the assault on the country by Hamas. The war so far has claimed more than 2,000 lives. (OSV News photo/Mohammed Salem, Reuters)

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမှာကျင်းပတဲ့ အာရှ-ပစိဖိတ် စီးပွားရေးပူး‌ပေါင်းဆောင်ရွက်ရေး ကွန်ဖရန့်စ် (အေ ပက်) အစည်းအဝေးကြီးကို တက်ရောက်လာရင်းနဲ့ ဘေးပြင်ပအစည်းအဝေးပြုလုပ်ကာ နှစ်နိုင်ငံထိပ်သီးခေါင်းဆောင်ချင်း တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အဆိုပါ လေးနာရီကြာ ထိပ်သီးအစည်းအဝေးမှာ နှစ်နိုင်ငံဆက်ဆံရေးအပေါ် ကြီးကြီးမားမားသက်ရောက်မှုရှိနေတဲ့ အဓိကအချက်တွေကို ဆွေးနွေးခဲ့ကြကာ နှစ်နိုင်ငံသမ္မတချင်း ဆက်သွယ်ရေးအတွက် အရေးပေါ်ဖုန်းလိုင်းထားရှိဖို့၊ နှစ်နိုင်ငံစစ်ဘက်အချင်းချင်းဆက်ဆံရေး ပြန်လည်စတင်ဖို့နဲ့ တားမြစ်ဆေးဝါးတွေကို ကန့်သတ်ထိန်းချုပ်ရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ခေါင်း ဆောင်နှစ်ဦးအကြား သဘောတူညီမှု ရယူခဲ့ပါတယ်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်နေ့က တရုတ်နိုင်ငံ အနောက်မြောက်ဒေသ၊ ဂန်ဇူပြည်နယ်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ ၉ နှစ်အတွင်း တရုတ်နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ အပြင်းထန်ဆုံး ငလျင်ဖြစ်ခဲ့ပါတယ်။ ပြင်းအား ၆.၂ မက်ဂနီကျုရှိတဲ့ အဆိုပါငလျင်ကြောင့် ယင်းဒေသတွင်း နေထိုင်သူ ၁၅၀ ခန့်သေဆုံးခဲ့ကာ လူပေါင်း တစ်သိန်းခွဲခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပါတယ်။

Photos: AP, AFP

#ယနေ့ခေတ်

၂၀၂၃ ခုနှစ် တစ်နှစ်တာအတွင်း နိုင်ငံတကာသတင်း အနှစ်ချုပ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.