အစ္စရေးနဲ့ အမေရိကန်နိုင်ငံကြား ဘာကြောင့်သဘောထားကွဲလွဲမှုတွေ ဖြစ်လာခဲ့ရသလဲ

ကောင်းထက်ငွေ

အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့ ဂါဇာဒေသစစ်ပွဲဟာ ၆ လနီးပါးရှိလာချိန်မှာ မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ အစ္စရေးနဲ့ အမေရိကန်နိုင်ငံကြား သဘောထားကွဲလွဲမှုတွေ ပိုမိုပြင်းထန်လာနေပါတယ်။ အမေရိကန်နိုင်ငံဟာ ဂါဇာစစ်ပွဲစတင်ချိန်နောက်ပိုင်းတည်းက နိုင်ငံတကာမျက်နှာစာမှာ အစ္စရေးနိုင်ငံကိုကာကွယ်ပေးခဲ့ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အစ္စရေးနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တိုင်းကို ဗီတိုအာဏာသုံးကာ ပယ်ချပေးခဲ့ပါတယ်။

ဒါပေမယ့် အမေရိကန်ဟာ မတ်လ ၂၅ ရက်နေ့ကကျင်းပခဲ့တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဂါဇာစစ်ပွဲအမြန်ဆုံးအပစ်ခတ်ရပ်စဲရေးအချက်ပါတဲ့ ဆုံးဖြတ်ချက်မူကြမ်းကို ဗီတိုအာဏာသုံးငြင်းဆန်တာ မရှိခဲ့ပါဘူး။ အမေရိကန်အစိုးရဟာ လုံခြုံရေးကောင်စီအစည်းအဝေးစတင်ခင် ရက်ပိုင်းအလိုတည်းက ဂါဇာဒေသရှိ ရာဖယ်မြို့ကို တိုက်ခိုက်တာတွေမ လုပ်ဖို့ အစ္စရေးကိုတောင်းဆိုခဲ့ပါတယ်။ အစ္စရေးဟာ ရာဖယ်မြို့ကိုမတိုက်ခိုက်ဖို့ အမေရိကန်အစိုးရရဲ့ တောင်းဆိုချက်တွေကို ငြင်းဆန်ပယ်ချထားပြီး ရာဖယ်မြို့ကို ဆက်လက်တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အစ္စရေးရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး အမေရိကန်နဲ့ အစ္စရေးအစိုးရကြား သဘောထားကွဲလွဲမှုတွေဖြစ်လာခဲ့ပြီး အမေရိကန်က ကုလသမဂ္ဂ လုံ ခြုံရေးကောင်စီ ဆုံးဖြတ်ချက်မူကြမ်းကို ငြင်းဆန်ပယ်ချခဲ့တာဖြစ်ပါတယ်။

အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက “ ရာဖယ်မြို့ထဲကို အစ္စရေးတပ်ဖွဲ့တွေ ဝင်ရောက်မှုမရှိဘူးဆိုရင် ဟားမက်စ်အဖွဲ့တွေကို အနိုင်ရတော့မှာမဟုတ်ဘူး။ ဟားမက်စ်အဖွဲ့ရဲ့ လက်ကျန်အုပ်စုတွေဟာ ရာဖယ်မြို့မှာ ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အမေရိကန်နိုင်ငံရဲ့ ကူညီထောက်ပံ့ပေးမှုရဖို့ မျှော်လင့်ထားပါတယ်။ ဒါပေမယ့် အမေရိကန်နိုင်ငံရဲ့ကူညီထောက်ပံ့မှုတွေ မရဘူးဆိုရင်လည်း တစ်နိုင်ငံတည်းတိုက်ခိုက်သွားမယ်။” လို့ ပြောပါတယ်။

အစ္စရေးဝန်ကြီးချုပ်က အရပ်သားတွေကို စစ်ပွဲဇုန်ထဲက ဘေးလွတ်ရာကို အရင်ကယ်ထုတ်ပြီးမှ ရာဖယ်မြို့ကို ဝင်ရောက်ထိုးစစ်ဆင်မှာဖြစ်တယ်လို့လည်း ထပ်မံပြောဆိုထားပါတယ်။

အစ္စရေးဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မူကြမ်းကို ဗီတိုအာဏာအသုံးမပြုခဲ့ခြင်းနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံကို စိတ်ဆိုးဒေါသဖြစ်ခဲ့ပြီး ရာဖယ်မြို့စစ်ဆင်ရေးနဲ့ပတ်သက်ကာ တွေ့ဆုံဆွေးနွေးမယ့် အစ္စရေးကိုယ်စားလှယ်အဖွဲ့ကို အမေရိကန်နိုင်ငံထံ စေလွှတ်မယ့်အစီအစဉ်ကို ဖျက်သိမ်းခဲ့ကြောင်း အစ္စရေးဝန်ကြီးချုပ်က ပြောပါတယ်။

အစ္စရေးဝန်ကြီးချုပ်က “ ဂါဇာစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အမေရိကန်ရဲ့ရပ်တည်ချက်တွေဟာ အပြောင်းအလဲတွေ ဖြစ်လာခဲ့တယ်ဆိုတဲ့အချက်ဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မူကြမ်းကို မဲခွဲဆုံးဖြတ်မှုမှာ တွေ့မြင်ခဲ့ရတယ်။” လို့ ပြောပါတယ်။

ဟားမက်စ်လက်နက်ကိုင်အဖွဲ့ဟာ အောက်တိုဘာ ၇ ရက်နေ့မှာ အစ္စရေးနိုင်ငံကို ရုတ်တရက်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲစတင်ခဲ့ပါတယ်။ စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုဟာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကို အမြစ်ပြတ်ချေမှုန်းမယ်လို့ ကတိပြုထားပါတယ်။ အစ္စရေးဟာ အဲဒီကတိတွေကို အကောင်ထည်ဖော်နိုင်ဖို့အတွက် နိုင်ငံတကာဖိအားမျိုးစုံ ရင်ဆိုင်နေရပေမယ့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကို ထိုးစစ်ဆင်တိုက်ခိုက်ရေးကိုသာ အဓိကအာရုံစိုက် ကြိုးပမ်းနေဆဲဖြစ်ပါတယ်။

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံအချို့ဟာ အစ္စရေးကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးဖို့ ငြင်းဆန်ထားသလို အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ နိုင်ငံတွေကလည်း အစ္စရေးကို ဖိအားတွေပေးနေဆဲဖြစ်ပါတယ်။

အမေရိကန်ဟာ အစ္စရေးနိုင်ငံကို နှစ်ပေါင်းများစွာကြာ စစ်ရေးနဲ့ အခြားလိုအပ်တဲ့အကူညီတွေ ကူညီထောက်ပံ့ပေးခဲ့တဲ့နိုင်ငံဖြစ်ပြီး ဂါဇာစစ်ပွဲစတင်ချိန်မှာလည်း အစ္စရေးကို စစ်လက်နက်ပစ္စည်းတွေအပြင် အခြားလိုအပ်တဲ့အကူအညီတွေ ပံ့ပိုးပေးနေခဲ့ပါတယ်။ အမေရိကန်အစိုးရက အစ္စရေးနိုင်ငံအနေနဲ့ ဟားမက်စ်လက်နက်ကိုင်အုပ်စုတွေကို တိုက်ခိုက်ရာမှာ အရပ်သားတွေသေဆုံးမှု လျော့နည်းအောင်တိုက်ခိုက်ဖို့ တိုက်တွန်းထားပေမယ့် စစ်ပွဲကာလ ၆ လနီးပါးအတွင်းမှာ ပါလက်စတိုင်းလူမျိုး အနည်းဆုံး ၃၀,၀၀၀ ကျော် သေဆုံးထားပါတယ်။

သေဆုံးသူအရေအတွက် များပြားနေတာတွေနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရဟာ ဝေဖန်ပြစ်တင်မှုတွေ ရင်ဆိုင်နေရပြီး ဖိအားတွေနဲ့ရင်ဆိုင်နေရပါမယ်။ အမေရိကန်ဟာ အစ္စရေးကိုကာကွယ်ပေးနေပေမယ့် လူသေဆုံးမှုအရေအတွက်က မျှော်လင့်ထားတဲ့အရေအတွက်ထက် များပြားနေခြင်းကြောင့် အစ္စရေးနိုင်ငံကိုကာကွယ်ပေးဖို့ တွန့်ဆုတ်နေခဲ့တာမျိုး ဖြစ်လာနိုင်ဖွယ်ရှိတယ်လို့ ထင်ကြေးပေးမှုတွေရှိနေခဲ့ပါတယ်။ ဒါပေမယ့် အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုကတော့ အမေရိကန်ရဲ့ရပ်တည်ချက်တွေကို စိတ်ဆိုးဒေါသဖြစ်နေပြီး ဝေဖန်ပြစ်တင်ထားပါတယ်။

အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက “ ဂါဇာအရေးနဲ့ပတ်သက်ပြီး လုံခြုံရေးကောင်စီအစည်းအဝေးမှာ အမေရိကန်ရဲ့ဆုံးဖြတ်ချက်ဟာ အလွန်ဆိုးရွားလွန်းခဲ့တယ်လို့ ထင်မိပါတယ်။ ဟားမက်စ်အဖွဲ့ဟာ နိုင်ငံတကာဖိအားတွေကိုအသုံးချပြီး အစ္စရေးကိုတားဆီးဖို့ ကြိုးပမ်းနေတာဖြစ်တယ်။ အမေရိကန်နိုင်ငံကို အစ္စရေးကိုယ်စားလှယ်အဖွဲ့ မစေလွှတ်တော့တဲ့ဆုံးဖြတ်ချက်ဟာ ဟားမက်စ်အဖွဲ့ကို ပြင်းထန်တဲ့မက်ဆေ့ပေးလိုက်တာမျိုးဖြစ်ပါတယ်။ ဟားမက်စ်အနေနဲ့ နိုင်ငံတကာကို ဖိအားပေးတာမျိုးမလုပ်ဖို့နဲ့ နိုင်ငံတကာကိုဖိအားပေးရုံနဲ့ အလုပ်ဖြစ်မှာမဟုတ်ဘူးဆိုတာ မက်ဆေ့ပေးခြင်းမျိုးဖြစ်တယ်။” လို့ ပြောပါတယ်။

အစ္စရေးနိုင်ငံဟာ လက်ရှိအချိန်မှာ လူအခွင့်ရေးချိုးဖောက်မှုတွေရှိတယ်ဆိုပြီး တောင်အာဖရိကနိုင်ငံရဲ့ နိုင်ငံတကာတရားရုံးမှာ တရားစွဲဆိုခြင်းကို ရင်ဆိုင်နေရပါတယ်။ အမေရိကန်၊ အီဂျစ်နဲ့ ကာတာနိုင်ငံတို့ဟာ အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေတဲ့စစ်ပွဲ အဆုံးသတ်နိုင်ဖို့ ကြားဝင်စေ့စပ်ပေးနေပြီး အမေရိကန်နဲ့ အစ္စရေးနိုင်ငံကြား သ ဘောထားကွဲလွဲမှုတွေက အပစ်ခတ်ရပ်စဲရေးဆွေးနွေးမှုတွေကို ထိခိုက်နိုင်ဖွယ်ရှိနေပါတယ်။

အစ္စရေးဝန်ကြီးချုပ်ဟာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့လက်ထဲ ဖမ်းဆီးခံရသူတွေ အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကို အမြစ်ပြတ်ချေမှုန်းမယ်ဆိုတဲ့ ကတိစကားကို အကောင်ထည်ဖော်နိုင်ရေး အရှိန်မြင့်ကြိုးပမ်းလာနေရာ ၎င်းရဲ့ကတိစကားတွေ လက်တွေ့အကောင်ထည်ဖော်နိုင်မှုရှိခြင်း၊ မရှိခြင်းက စစ်ပွဲကိုအဆုံးသတ်ဖွယ်မရှိဘူးလို့ ထင်ကြေးပေးသုံးသပ်မှုတွေလည်း ရှိနေပါတယ်။

အစ္စရေးရဲ့စစ်ရေးဆောင်ရွက်ချက်တွေကြောင့် ပါလက်စတိုင်းလူမျိုးတွေ သေဆုံးမှုပိုမိုမြင့်တက်လာမယ်ဆိုရင် အမေရိကန်အပါအဝင် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ ဘယ်လိုပုံစံမျိုးထပ်မံဆောင်ရွက်မလဲဆိုတာ စိတ်ဝင်စားဖွယ်ကောင်းနေပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သရူးမီလ်လာကတော့ အစ္စရေးနိုင်ငံရဲ့ထုတ်ပြန်ချက်တွေကို အံအားသင့်မိကြောင်း တုံ့ပြန်ခဲ့ပါတယ်။

၎င်းက “ ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံရဲ့ရပ်တည်ချက်မူဝါဒတွေဟာ ပြန်ပေးဆွဲခံရသူတွေ ပြန်လွှတ်ပေးဖို့နဲ့ အပစ်ခတ်ရပ်စဲဖို့ဖြစ်တယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မူကြမ်းထဲမှာ အဲဒီအချက်တွေ ပါဝင်နေပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မူကြမ်းက ဘက်လိုက်မှုမရှိပါဘူး။” လို့ တုံ့ပြန်ပြောဆို ခဲ့ပါတယ်။

ကောင်းထက်ငွေ

Ref channel news asia and RT news

အစ္စရေးနဲ့ အမေရိကန်နိုင်ငံကြား ဘာကြောင့်သဘောထားကွဲလွဲမှုတွေ ဖြစ်လာခဲ့ရသလဲ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.