အစ္စရေးနိုင်ငံကို နိုင်ငံတကာတရားရုံးမှာ တရားစွဲရုံနဲ့ ဂါဇာစစ်ပွဲရပ်တန့်အောင် လုပ်ဆောင်လို့ရမှာလား

ကောင်းထက်ငွေ

အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေတဲ့စစ်ပွဲဟာ ရက်ပေါင်း ၉၀ ကျော်လာချိန်မှာ အစ္စရေးဟာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ဖိအား မျိုးစုံရင် ဆိုင်နေရပါတယ်။ လက်ရှိအချိန်မှာလည်း တောင်အာဖရိကနိုင်ငံဟာ အစ္စရေးနိုင်ငံကို ဖိအားပေးနိုင်ဖို့နဲ့ ဂါဇာဒေသကို တိုက်ခိုက်နေတာတွေ ရပ်တန့်ဖို့ရည် ရွယ်ချက်နဲ့ နိုင်ငံတကာတရားရုံး(ICJ)မှာ တရားစွဲဆိုလိုက်ပြီဖြစ်ပါတယ်။

တောင်အာဖရိကရဲ့ တရားစွဲဆိုမှုကြောင့် နိုင်ငံတကာတရားရုံး (ICJ) တရားသူကြီးတွေဟာ ဇန်နဝါရီ ၁၁ ရက်နေ့မှာ အမှုကိုစတင်ကြားနာခဲ့ပါတယ်။ အိုင်စီဂျေမှာ တရားစွဲဆိုခဲ့တဲ့ တောင်အာဖရိကနိုင်ငံရဲ့ လုပ်ရပ်တွေကို အစ္စရေးနိုင်ငံနဲ့ အမေရိကန်အစိုးရအဖွဲ့တွေက ဝဖန်ပြစ်တင်ထားပြီး တင်းမာမှုအရှိန် ပိုမိုမြင့်တက်လာခဲ့ပါတယ်။

အစ္စရေးနိုင်ငံကို နိုင်ငံတကာတရားရုံးမှာ တရားစွဲတဲ့ တောင်အာဖရိကရဲ့ တရားစွဲဆိုမှုတွေကိုစစ်ဆေးဖို့ အစ္စရေးတရားသူကြီးတစ်ဦး၊ ပါလက်စတိုင်းတရားသူကြီးတစ်ဦးပါဝင်မယ့် တရားသူကြီး ၁၅ ဦးပါဝင်တဲ့ စုံခုံအဖွဲ့က စစ်ဆေးသွားမှာဖြစ်ပါတယ်။

အစ္စရေးအစိုးရက ဂါဇာဒေသကိုတိုက်ခိုက်ချိန်အတွင်း အရပ်သားတွေ ထိခိုက်မှုနည်းပါးအောင် လုပ်ဆောင်ခဲ့ပြီး၊ တောင်အာဖရိကရဲ့ စွပ်စွဲချက်တွေကို ငြင်းဆန်ပယ်ချထားပါတယ်။ အစ္စရေးဟာ ၁၉၄၈ ခုနှစ် ကုလသမဂ္ဂအဖွဲ့ရဲ့ မျိုးသုန်းသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗန်ရှင်းသဘောတူညီချက်တွေမှာ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့အတွက် နိုင်ငံတကာတရားရုံးအဖွဲ့ ICJ က စီရင်ခွင့်ရမှာဖြစ်ပါတယ်။

အစ္စရေးဟာ တောင်အာဖရိကရဲ့ စွဲဆိုချက်တွေကို ငြင်းဆန်ခဲ့ပေမယ့် အမှုကိုရင်ဆိုင်ဖြေရှင်းဖို့ နိုင်ငံတကာတရားရုံးကို အစ္စရေးနိုင်ငံကိုယ်စားလှယ်အဖွဲ့ စေလွှတ်ခဲ့ပါတယ်။ အစ္စရေး ကို နိုင်ငံတကာတရားရုံးမှာ တရားစွဲဆိုခဲ့တဲ့ တောင်အာဖရိကနိုင်ငံရဲ့လုပ်ရပ်ကို အီရန်အပါအဝင် အစ္စာလမ်မစ်နိုင်ငံအများစုက ချီးကျူးပြောဆိုသလို အားပေးထောက်ခံကြောင်း ဆန္ဒ ပြပွဲတွေလုပ်ဆောင်နေပါတယ်။ ဒါပေမယ့် အမေရိကန်အစိုးရကတော့ အစ္စရေးနိုင်ငံကို နိုင်ငံတကာတရားရုံးမှာ တရားစွဲဆိုတာနဲ့ပတ်သက်ပြီး တောင်အာဖရိကနိုင်ငံကို ဝေဖန်ပြစ် တင်နေဆဲ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သရူးမီလ်လာက “ အစ္စရေးနိုင်ငံဟာ လူမျိုးသုန်းသတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေက အခြေမြစ်မရှိဘူး။ အစ္စရေးနိုင် ငံကို အကြမ်းဖက်တိုက်ခိုက်နေတဲ့သူတွေဟာ လက်ရှိအချိန်မှာလည်း အစ္စရေးနိုင်ငံကို ဖျက်ဆီးဖို့၊ ဂျူးတွေကိုသုတ်သင်ဖို့ လွှတ်လပ်ပွင့်လင်းစွာတောင်းဆို နေဆဲဖြစ်တယ်။ လူမျိုး သုန်းသတ်ဖြတ်မှုဆိုတာ အဖွဲ့စည်းတစ်ခု ဒါမှမဟုတ် လူတစ်ဦးတစ်ယောက်တည်းက ကျူးလွန်လို့ရတဲ့ အရက်စက်ဆုံးလုပ်ရပ်ဖြစ်တယ်။ အစ္စရေးနိုင်ငံက လူမျိုးသုန်းသတ်ဖြတ် တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ဂရုစိုက်သင့်တယ်။ အစ္စရေးဟာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ကာကွယ်ဖို့အခွင့်အရေးရှိနေပါတယ်။ ဟားမက်စ်လက် နက်ကိုင်အုပ်စုတွေဟာ အစ္စရေးကို အလုံးစုံဖျက်ဆီးနိုင်ချိန်အထိ ကြိုးပမ်းနေသူတွေဖြစ်တယ်။ အစ္စရေးဟာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့တွေကို တိုက်ခိုက်ရာမှာ နိုင်ငံတကာ လူ သားချင်းဆိုင်ရာ စာနာမှုအကူညီပေးရေး ဥပဒေတွေနဲ့အတူ လိုက်နာဆောင်ရွက်သွားမယ်လို့ မျှော်လင့်ထားတယ်။” လို့ ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလီကန်ကလည်း အစ္စရေးနိုင်ငံကိုတရားစွဲဆိုတဲ့ တောင်အာဖရိကနိုင်ငံရဲ့လုပ်ရပ်က ကျေးဇူးမဲ့တဲ့လုပ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။ ဟား မက်စ်လက်နက်ကိုင်အဖွဲ့အပြင် အီရန်နဲ့ အခြားနိုင်ငံတွေဟာ အစ္စရေးနိုင်ငံကို ကမ္ဘာမြေပုံထဲကနေဖယ်ထုတ်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ အခုလိုမျိုးပူးပေါင်းကြံစည်နေတာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

တောင်အာဖရိကနိုင်ငံရဲ့လုပ်ရပ်တွေဟာ နိုင်ငံရေးဆန်တဲ့လုပ်ရပ်တွေဖြစ်ပြီး အစ္စရေးပြည်သူတွေကို လူမျိုးသုန်းသတ်ဖြတ်မှုလုပ်ဆောင်ခဲ့တဲ့ ဟားမက်စ်လက်နက်ကိုင်အုပ်စုရဲ့ လုပ်ရပ်တွေကို မသိကျိုးကျွံပြုလုပ်နေခဲ့တယ်လို့ အစ္စရေးအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ အီလွန်လီဗိုင်းက ဝေဖန်ထားပါတယ်။

တောင်အာဖရိကနိုင်ငံကတော့ အစ္စရေးဟာ ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး လူမျိုးသုန်းသတ်ဖြတ်မှု သဘောတူညီချက်တွေကို ချိုးဖောက်ခဲ့ပြီး ဂါဇာဒေသမှာ စစ်ရေးဆောင်ရွက်ချက်တွေ ကို ချက်ချင်းရပ်တန့်ရမယ်လို့ ပြောပါတယ်။

လက်ရှိအချိန်မှာ အစ္စရေးနိုင်ငံကို နိုင်ငံတကာတရားရုံးမှာ စွဲချက်တင်တာနဲ့ပတ်သက်ပြီး အငြင်းပွားမှုအရှိန် မြင့်တက်နေဆဲဖြစ်ရာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက “ အစ္စရေးဟာ နိုင်ငံတကာ လူသားချင်းဆိုင်ရာဥပဒေတွေအတိုင်း မွေးရာပါကိုယ်ကိုယ်ကို ကာကွယ်ခုခံပိုင်ခွင့်ကို အသုံးချခဲ့တာဖြစ်တယ်။” လို့ ပြောပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အစ္စရေးသံအမတ်ကြီး ဂီလတ် အာဒန်က “ အစ္စရေးနိုင်ငံကို ဆန်ကျင့်ဖို့ ကုလသမဂ္ဂအဖွဲ့အစည်းတွေကို အသုံးချနေတယ်။ တောင်အာဖရိကနိုင်ငံရဲ့ စွပ်စွဲချက်တွေ က အခြေမြစ်မရှိဘူး။” လို့ ပြောပါတယ်။

လက်ရှိအချိန်မှာ အစ္စရေးကို နိုင်ငံတကာတရားရုံးမှာ စွဲချက်တင်တဲ့ တောင်အာဖရိကရဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုတွေနဲ့ အစ္စလာမ်မစ်နိုင်ငံတွေ ကြား တင်းမာမှုအရှိန် မြင့်တက်လာခဲ့ပါတယ်။ အီရန်အပါအဝင် အရှေ့အလယ်ပိုင်းဒေသနိုင်ငံတွေက တောင်အာဖရိကနိုင်ငံရဲ့လုပ်ရပ်ကို အားပေးထောက်ခံဖို့ တိုက်တွန်းနိုးဆော်နေ ပါတယ်။

ဇန်နဝါရီ ၁၁ ရက်နေ့က နိုင်ငံတကာတရားရုံးမှာ ပထမဆုံးကြားနာတဲ့ တရားစီရင်ပွဲမှာလည်း တောင်အာဖရိကက အစ္စရေးနိုင်ငံဟာ ဂျနီဗာကွန်ဗန်ရှင်း သဘောတူညီချက်တွေကို ချိုးဖောက်ခဲ့တယ်လို့ တင်ပြခဲ့သလို၊ နိုင်ငံတကာ ဥပဒေပညာရှင်များကလည်း အစ္စရေးနိုင်ငံဟာ တရားရှုံးဖို့များနေတယ်လို့ သုံးသပ်ထားပါတယ်။

တောင်အာဖရိကက တရားနိုင်ခဲ့မယ်ဆိုရင် အစ္စရေးနိုင်ငံဟာ နိုင်ငံတကာဖိအားမျိုးစုံ ပိုမိုရင်ဆိုင်ရဖွယ်ရှိတယ်လို့ ဥပဒေပညာရှင်တွေက သုံးသပ်နေပါတယ်။ ဒါပေမယ့် နိုင်ငံတကာ တရားရုံးရဲ့ ဆုံးဖြတ်ချက် စည်းနှောင်အားဟာ မေးခွန်းထုတ်စရာအခြေနေမျိုးမှာ ရှိနေပါတယ်။ ဘာကြောင့်လဲဆိုရင် နိုင်ငံတကာတရားရုံးဟာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ၂၀၂၂ ခုနှစ်မှာ ရုရှားကို စစ်ပွဲရပ်ဖို့ဆုံးဖြတ်ခဲ့ပေမယ့် ရုရှားဟာ လက်ရှိအချိန်အထိ စစ်ပွဲမရပ်သေးပါဘူး။

တောင်အာဖရိကတက္ကသိုလ်ရဲ့ ဥပဒေပညာရှင်တစ်ဦးဖြစ်သလို ပါမောက္ခတစ်ဦးဖြစ်တဲ့ မိုင်ဆွာရက်စ်က “ တရားရုံးက အစ္စရေးကို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေရပ်တန့်ဖို့ အမိန့်ချမှတ် မယ်ဆိုရင် အစ္စရေးကလက်ခံမှာမဟုတ်ဘူး။ အဲဒီအမှု ဆုံးဖြတ်ချက်ဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ထပ်မံရောက်ရှိသွားမယ်။ လုံခြုံရေးကောင်စီမှာလည်း အစ္စရေးရဲ့မဟာ မိတ်ဖြစ်သလို ဗီတိုအာဏာသုံးစွဲရှိနေတဲ့ အမေရိကန်နိုင်ငံရှိနေတယ်။ ဒါကြောင့် နိုင်ငံတကာတရားရုံးမှာ အစ္စရေးနိုင်ငံအပေါ် တရားစွဲဆိုမှုက မျှော်လင့်သလောက် ကောင်းမှာမဟုတ် ဘူး။” လို့ သုံးသပ်ပြောဆိုထားပါတယ်။

တောင်အာဖရိကရဲ့ ဥပဒေပါမောက္ခတစ်ဦးဖြစ်တဲ့ Gerhard Kemp ဆိုသူကလည်း “ တောင်အာဖရိက အာဏာရပါတီအတွက် သမိုင်းဝင်လုပ်ရပ်တစ်ခုပါ။ တောင်အာဖရိက အာဏာ ပါတီဟာ ဂါဇာဒေသရှိ ပါလက်စတိုင်းပြည်သူတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး ကာလအတန်ကြာရှိနေခဲ့တယ်။ ဒါကြောင့် အမေရိကန်အစိုးရက ဝေဖန်ပြစ်တင်မှုတွေရှိနေပေမယ့် အစ္စရေးကို နိုင်ငံတကာခုံရုံးမှာ တရားစွဲမယ့် သမိုင်းဝင်လုပ်ရပ်ကို လုပ်ဆောင်ခဲ့တာပါ။” လို့ ပြောပါတယ်။

နိုင်ငံတကာတရားရုံးရဲ့ဆုံးဖြတ်ချက်ဟာ နောက်ဆုံး ဆုံးဖြတ်ချက်ဖြစ်ပြီး၊ အယူခံဝင်ခွင့်မရှိပေမယ့် တရားရုံးဟာ ဆုံးဖြတ်ချက်တွေကို အတင်းအကြပ်လိုက်နာဖို့ ဖိအားပေးလုပ် ဆောင်နိုင်စွမ်း မရှိပါဘူး။ အစ္စရေးကတော့ နိုင်ငံတကာခုံရုံးမှာ တရားရင်ဆိုင်ရတဲ့ ဒုတိယမြောက်နေ့ဖြစ်တဲ့ ဇန်နဝါရီ ၁၂ ရက်နေ့မှာလည်း ဂါဇာဒေသကို ထိုးစစ်ဆင်တိုက်ခိုက်ရာမှာ ပါလက်စတိုင်းလူမျိုးတွေကို တိုက်ခိုက်တာမျိုးမရှိပဲ ဟားမက်စ်အဖွဲ့တွေကို အဓိကပစ်မှတ်ထား တိုက်ခိုက်နေခဲ့တာဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး သက်ရောက်မှုတွေဟာ တဖြည်းဖြည်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို သက်ရောက်မှုများစွာဖြစ်လာနေပြီး ကုလသမဂ္ဂအဖွဲ့အစည်း အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ လုပ်ပိုင်ခွင့်အာဏာကို မေးခွန်းထုတ်စရာ ဖြစ်လာနေတယ်လို့ သုံးသပ်တင်ပြလိုက်ပါတယ်။

ကောင်းထက်ငွေ

Ref VOA and Channelnewsasia

အစ္စရေးနိုင်ငံကို နိုင်ငံတကာတရားရုံးမှာ တရားစွဲရုံနဲ့ ဂါဇာစစ်ပွဲရပ်တန့်အောင် လုပ်ဆောင်လို့ရမှာလား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.