ကောင်းထက်ငွေ
အမေရိကန်အစိုးရဟာ အစ္စရေးနဲ့ ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့ ဟားမက်စ်ကြား ဖြစ်ပွားနေတဲ့ စစ်ပွဲနဲ့ပတ်သက်ပြီး စိုးရိမ်မှုမြင့်တက်လာနေတယ်လို့ အမေရိကန်အခြေစိုက် မီဒီယာတွေက ဖော်ပြထားပါတယ်။ အောက်တိုဘာ ၇ ရက်နေ့က ဟားမက်စ်အဖွဲ့ဟာ အစ္စရေးကို ကြိုတင်သတိပေးချက်မရှိပဲ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ပြီး အစ္စရေးစစ် သားတွေအပါအဝင် လူပေါင်း ၂၀၀ ကျော်ကို ပြန်ပေးဆွဲခဲ့ပါတယ်။ အစ္စရေးဟာ အဲဒီအချိန်နောက်ပိုင်းကတည်းက ဟားမက်စ်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဂါဇာကမ်းမြောင်ဒေသကို နေ့စဉ် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ဗုံးကြဲမှုတွေလုပ်ဆောင်ရာ ဂါဇာဒေသရှိ လူပေါင်းသိန်းချီ စစ်ဘေးဒဏ်ကို ခံစားနေရပါတယ်။
အစ္စရေးဟာ ဂါဇာဒေသကို ဗုံးကြဲတိုက်ခိုက်ရာမှာ ဟားမက်စ်အဖွဲ့တွေ ပုန်းခိုနေတဲ့ နေရာကိုတွေကို အဓိကပစ်မှတ်ထား တိုက်ခိုက်ခဲ့ပေမယ့် ဆေးရုံအပါအဝင် အရပ်ဘက်ဆိုင်ရာ အဆောက်အဦးတွေကို ထိမှန်ကာ ပြည်သူတွေသေဆုံးခဲ့ရာ အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ အာရပ်နိုင်ငံတွေဟာ အစ္စရေးအပေါ် စိတ်ဆိုးဒေါသဖြစ်မှု မြင့်တက်လာသလို စစ်ပွဲ အရှိန်လည်း မြင့်တက်နေဆဲဖြစ်ပါတယ်။
အမေရိကန်အစိုးရဟာ စစ်ပွဲစတင်ပြီး ရက်ပိုင်းအကြာမှာပဲ အစ္စရေးနဲ့ ဟားမက်စ်အဖွဲ့ကြား ဖြစ်ပွားနေတဲ့စစ်ပွဲကို အခြားနိုင်ငံ၊ အဖွဲ့စည်းတွေ ပါဝင်တိုက်ခိုက်လာမှာကို ကြိုတင် ဟန့်တားဖို့ ရည်ရွယ်ချက်နဲ့ လေယာဉ်တင်သင်္ဘော နှစ်စီးနဲ့အတူ စစ်သင်္ဘောအုပ်စုတွေကို အစ္စရေးနယ်စပ်အနီးကိုစေလွှတ်ခဲ့ပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလီကန်တို့ကိုယ်တိုင် အစ္စရေးနိုင်ငံကိုသွားရောက်ပြီး ဝန်ကြီးချုပ် နေတန်ရာဟု အပါအဝင် အစ္စရေးအစိုးရအဖွဲ့ ဝန်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါ တယ်။
အမေရိကန်အစိုးရက ဂါဇာဒေသကို တုံ့ပြန်တိုက်ခိုက်မှုဟာ အစ္စရေးအတွက် ကိုယ်ကိုယ်ကို ခုခံပိုင်ခွင့်အရ တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ အစ္စရေးရဲ့တိုက်ခိုက်မှုတွေကို ထောက်ခံ ပေမယ့် စစ်ပွဲဥပဒေတွေကို လေးစားလိုက်နာစေလိုကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ အမေရိကန်သမ္မတကိုယ်တိုင်က အစ္စရေးနိုင်ငံနဲ့အတူ ရပ်တည်မှာဖြစ်ပြီး လိုအပ်တဲ့ အကူညီများ ပေးသွားမယ်လို့ မကြာသေးမီက သတင်းထုတ်ပြန်ခဲ့ပါတယ်။
အမေရိကန်အစိုးရဟာ အစ္စရေးဘက်က ထောက်ခံကြောင်း ပြသခဲ့ပေမယ့် အခြားတစ်ဖက်မှာတော့ စစ်ပွဲပိုမိုကျယ်ပြန့်ပြီး လူအသေအပျောက် ပိုမိုများပြားလာမှာကို စိုးရိမ်နေ တယ်လို့ အမေရိကန်သတင်းစာတွေက ဖော်ပြထားပါတယ်။ အမေရိကန်အခြေစိုက် နယူးယောက်တိုင်းမ် သတင်းစာက အမေရိကန်အစိုးရဟာ အစ္စရေးတို့ စစ်မျက်နှာနှစ်ခုဖွင် တိုက်ပြီး အမေရိကန်နဲ့ အီရန်နိုင်ငံတို့ကို စစ်ပွဲထဲဆွဲသွင်းလာမှာကို စိုးရိမ်နေတယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် အမေရိကန်အစိုးရဟာ လက်ဘနွန်အခြေစိုက် ဟစ်ဘိုလာ လက်နက်ကိုင်အဖွဲ့ကို ကြီးမားတဲ့ တိုက်ခိုက်မှုမျိုးတွေမလုပ်ဖို့ အစ္စရေးကို ဖျောင်းဖျစည်းရုံးနေရတယ်လို့ နယူးယောက်တိုင်မ်း သတင်းစာက ဖော်ပြထားပါတယ်။
အစ္စရေးအနေနဲ့ ဟစ်ဘိုလာအဖွဲ့ကို ကြီးမားတဲ့တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့မယ်ဆိုရင် စစ်ပွဲဟာ အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးအထိ ပျံ့နှံ့လာမှာကို အမေရိကန်အစိုးရ စိုးရိမ် နေတယ်လို့ ဆိုပါတယ်။ အမေရိကန်နဲ့ အစ္စရေးအစိုးရ တာဝန်ရှိသူများကိုယ်တိုင်က အစ္စရေးတပ်ဖွဲ့တွေဟာ ဟားမက်စ်အဖွဲ့ကိုသာမက ဟစ်ဘိုလာအဖွဲ့တွေကိုပါ တိုက်ခိုက်မယ် ဆိုရင် စစ်မျက်နှာနှစ်ခုမှာ ရုန်းကန်ရဖွယ်ရှိတယ်လို့ အင်တာဗျူးမှာ ဖြေဆိုထားကြောင်း အမေရိကန်သတင်းစာက ဖော်ပြထားပါတယ်။
အစ္စရေးရဲ့ ဟစ်ဘိုလာ လက်နက်ကိုင်အဖွဲ့ကို တိုက်ခိုက်မှုနဲ့အတူ အမေရိကန်နဲ့ အီရန်နိုင်ငံတို့ကို စစ်ပွဲထဲဆွဲသွင်းလာမှာကို အမေရိကန်အစိုးရ တာဝန်ရှိသူတွေ စိုးရိမ်နေပါတယ်။ အ မေရိကန်ဟာ အစ္စရေးနိုင်ငံရဲ့ မဟာမိတ်နိုင်ငံဖြစ်သလို ဟားမက်စ်နဲ့ ဟစ်ဘိုလာတို့ဟာလည်း အီရန်နိုင်ငံ ကျောထောက်နောက်ခံယူထားတဲ့ အဖွဲ့အစည်းတွေဖြစ်ပါတယ်။ အီရန်နိုင်ငံ အစိုးရ တာဝန်ရှိသူများကိုယ်တိုင်က ဂါဇာဒေသကို တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့နဲ့ တိုက်ခိုက်မှုတွေ ရပ်တန့် မှုမရှိဘူးဆိုရင် ကြိုတင်လက်ဦးမှုယူ တိုက်ခိုက်တာမျိုးတွေ ရင်ဆိုင်ရ ဖွယ်ရှိနေတယ်လို့ သတိပေးထားပါတယ်။
ဟားမက်စ်၊ ဟစ်ဘိုလာနဲ့ အီရန်တို့ဟာ မဟာမိတ်တွေဖြစ်ရာ ဟားမက်စ်နဲ့ အစ္စရေးတို့ စစ်ပွဲစတင်ပြီးနောက်ပိုင်းကတည်းက ဟစ်ဘိုလာအဖွဲ့ဟာ အစ္စရေးနိုင်ငံကို ရော့ကတ်ဒုံးကျည် တွေ၊ တင့်ကားဖျက်ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်နေခဲ့ပါတယ်။ ဟစ်ဘိုလာအဖွဲ့ကိုယ်တိုင်က အမေရိကန်အစိုးရရဲ့ သတိပေးမှုတွေရှိနေပေမယ့် ဂါဇာဒေသကို အစ္စရေးက ထိုး စစ်ဆင်တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်မယ်ဆိုရင် စစ်ပွဲထဲ တိုက်ရိုက်ပါဝင်လာမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
“ အမေရိကန်အစိုးရဟာ ဟစ်ဘိုလာအဖွဲ့ကို စစ်ပွဲထဲ တိုက်ရိုက်ပါဝင်လာမှာကို စိုးရိမ်နေတဲ့အတွက် စစ်ပွဲမပါဝင်ဖို့ သတိပေးထားသလို ဒေသအတွင်းရှိ အာရပ်နိုင်ငံတွေကိုလည်း ဟစ်ဘိုလာအဖွဲ့ကို စစ်ပွဲထဲတိုက်ရိုက်မပါဝင်အောင် ဆွေးနွေးညှိနှိုင်းဖို့ တွန်းအားပေးနေပါတယ်“
အမေရိကန်အစိုးရဟာ ဟစ်ဘိုလာအဖွဲ့ကို စစ်ပွဲထဲ တိုက်ရိုက်ပါဝင်လာမှာကို စိုးရိမ်နေတဲ့အတွက် စစ်ပွဲမပါဝင်ဖို့ သတိပေးထားသလို ဒေသအတွင်းရှိ အာရပ်နိုင်ငံတွေကိုလည်း ဟစ်ဘိုလာအဖွဲ့ကို စစ်ပွဲထဲတိုက်ရိုက်မပါဝင်အောင် ဆွေးနွေးညှိနှိုင်းဖို့ တွန်းအားပေးနေပါတယ်။
နယူးယောက်တိုင်းမ် သတင်းစာက “ အမေရိကန်အစိုးရ တာဝန်ရှိသူတွေဟာ အစ္စရေးရဲ့ ဂါဇာဒေသတောင်ပိုင်းကို တိုက်ခိုက်မှုတွေ၊ ဟစ်ဘိုလာအဖွဲ့အပေါ် လက်တုံ့ပြန်တိုက်ခိုက် မှုတွေကို ဂရုစိုက်လုပ်ဆောင်ဖို့ တောင်းဆိုထားတယ်။ ဒါ့အပြင် စစ်ပွဲကို ဟစ်ဘိုလာအဖွဲ့ အလွယ်တကူ ပါဝင်လာတာမျိုးမဖြစ်အောင် လုပ်ဆောင်ဖို့ တိုက်တွန်းထားတယ်။” လို့ ဖော်ပြထားပါတယ်။
အမေရိကန်အခြေစိုက် နယူးယောက်တိုင်းမ်သတင်းစာက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလီကန်တို့ဟာ အစ္စရေးအစိုးအဖွဲ့ တာဝန်ရှိသူများနဲ့ တွေ့ဆုံဆွေးနွေးချိန်မှာ အဲဒီအချက်ကို အဓိကထားတိုက်တွန်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အစ္စရေးနဲ့ ဟစ်ဘိုလာတို့ဟာ နယ်စပ်ဒေသမှာ အပြန်အလှန်ပစ်ခတ်မှုတွေရှိနေပေမယ့် ကြီးမားတဲ့စစ်ပွဲပုံစံမျိုးနဲ့ တိုက်ခိုက်တာမျိုးတော့ မရှိသေးပါဘူး။ ဒါပေမယ့် အစ္စရေးနဲ့ ဟစ်ဘိုလာအဖွဲ့ကြား တိုက်ခိုက်မှုတွေက မကြာခင် ကြီးမားတဲ့စစ်ပွဲကို ရောက်ရှိလာတော့မယ့် အခြေနေမျိုးတွေရှိလာနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။ အစ္စရေး ကာကွယ်ရေးဝန်ကြီး ဂယ်လမ် ကိုယ်တိုင်က ဟစ်ဘိုလာအဖွဲ့ဟာ ဟားမက်စ်အဖွဲ့ထက် ၁၀ ဆ တောင့်တင်းတဲ့အတွက် အစ္စရေးစစ်တပ်ဟာ ဟစ်ဘိုလာအဖွဲ့နဲ့ ဖြစ်လာနိုင်တဲ့ စစ်ပွဲအတွက် ကြိုတင်ပြင် ဆင်ထားရမယ်လို့ သတိပေးထားပါတယ်။
ဟစ်ဘိုလာအဖွဲ့ဟာ တပ်ဖွဲ့ဝင်အရေအတွက်ပေါင်း တစ်သိန်းကျော်ရှိနေပြီး တင့်ကားဖျက်ဒုံးကျည်၊ ရော့ကတ်ဒုံးကျည်များအပါအဝင် ဒုံးကျည်အရေအတွက် နှစ်သိန်းကျော်ရှိနေ တယ်လို့ အစ္စရေးနိုင်ငံအခြေစိုက် Think Tank အဖွဲ့တစ်ဖွဲ့က သုံးသပ်သတိပေးထားပါတယ်။
အစ္စရေးကာကွယ်ရေးဝန်ကြီးက ဟစ်ဘိုလာအဖွဲ့အပေါ် ကြိုတင်လက်ဦးမှုယူ တိုက်ခိုက်တာမျိုး လုပ်ဆောင်သင့်တယ်လို့ တိုက်တွန်းထားပေမယ့် အစ္စရေးအစိုးရအဖွဲ့ တာဝန်ရှိသူ များကတော့ ဆုံးဖြတ်ခြင်းမရှိသေးပါဘူး။ အစ္စရေးဟာ ဟစ်ဘိုလာအဖွဲ့ကို ကြီးမားတဲ့ တိုက်ခိုက်မှုမျိုး လုပ်ခဲ့မယ်ဆိုရင်တော့ အစ္စရေးနိုင်ငံတောင်ပိုင်းနဲ့ မြောက်ပိုင်းဟာ ရန်သူ လက်နက်ကိုင်အဖွဲ့တွေရဲ့ ပစ်မှတ်ဖြစ်လာမှာ သေချာနေပါတယ်။ ဒါကြောင့် အစ္စရေးဟာ လက်ဘနွန်နဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ နယ်စပ်ဒေသတစ်မိုင်အတွင်း နေထိုင်နေတဲ့ ဒေသခံ တွေကို ဘေးလွတ်ရာကို အပြီးရွှေ့ပြောင်းထားပါတယ်။
အစ္စရေးနဲ့ ဟားမက်စ်တို့ စစ်ပွဲဖြစ်ပွားချိန် နောက်ပိုင်းတည်းက ဆီးရီးယားရှိ လက်နက်ကိုင်အဖွဲ့၊ ယီမင်ရှိ ဟူသီလက်နက်ကိုင်အဖွဲ့တွေဟာ အစ္စရေးကို ဒုံးကျည်တွေနဲ့ ဝိုင်းဝန်းပစ် ခတ်တာမျိုးတွေ ရှိနေခဲ့ပါတယ်။ အီရတ်နိုင်ငံရှိ လက်နက်ကိုင်အဖွဲ့တွေဟာလည်း နိုင်ငံအတွင်းရှိ အမေရိကန် စစ်အခြေစိုက်စခန်းကို အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်နေပါတယ်။
ဟားမက်စ်နဲ့ အစ္စရေးနိုင်ငံကြား ဖြစ်ပွားနေတဲ့စစ်ပွဲထဲ အင်အားသိန်းချီရှိနေတဲ့ ဟစ်ဘိုလာအဖွဲ့ တိုက်ရိုက်ပါဝင်လာပြီဆိုရင်တော့ အမေရိကန်အစိုးရဟာလည်း မဟာမိတ်နိုင်ငံ အတွက် ငြိမ်နေလို့မရပဲ စစ်ပွဲထဲပါဝင်လာဖို့ များနေရာ စစ်ပွဲက အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးကို တိုက်ရိုက်ပျံ့နှံ့လာဖွယ် ရှိနေပါတယ်။
အမေရိကန်အစိုးရဟာ အစ္စရေးကို ဂါဇာဒေသအပေါ် မြေပြင်ထိုးစစ်ဆင်နွဲမှာကို ရွှေ့ဆိုင်းထားဖို့ တောင်းဆိုနေတာဖြစ်တယ်လို့ အမေရိကန်အခြေစိုက် နယူးယောက်တိုင်းမ် သတင်း စာက သုံးသပ်ရေးသားထားပါတယ်။ ဂါဇာဒေသအပေါ် မြေပြင်ထိုးစစ် မဆင်နွဲဖို့ အီရန်အပါအဝင် အရှေ့အလယ်ပိုင်းဒေသရှိ လက်နက်ကိုင်အဖွဲ့တွေကလည်း သတိပေးထားရာ အစ္စရေးဟာ သတိပေးချက်ကို မျက်ကွယ်ပြုပြီး မြေပြင်ထိုးစစ် ဆင်နွဲမယ်ဆိုရင် ဟစ်ဘိုလာအဖွဲ့က အစ္စရေးကို ကျယ်ပြန့်တဲ့တိုက်ခိုက်မှုတွေ လုပ်ဆောင်လာဖွယ်ရှိနေရာ အစ္စရေးနဲ့ ဟားမက်စ်၊ ဟစ်ဘိုလာစစ်ပွဲကနေ အရှေ့အလယ်ပိုင်းဒေသစစ်ပွဲအထိ ဦးတည်လာနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
ကောင်းထက်ငွေ
Ref: US warning Israel against two-front war, NYT
One response to “အစ္စရေးတပ်ဖွဲ့တွေရဲ့ စစ်မျက်နှာနှစ်ခု ဖွင့်တိုက်မှုကို အမေရိကန်အစိုးရ ဘာကြောင့်မလိုလားနေသလဲ”
အောင်မြင်ပါစေ