ကောင်းထက်ငွေ
အောက်တိုဘာ ၇ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် အာဖန်ဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်းမှာ သေဆုံးသူဦးရေ ၃၀၀၀ ကျော်အထိ မြင့်တက်လာခဲ့ပြီး အသက်ရှင် ကျန်ရစ်သူတွေဟာလည်း ၎င်းတို့ရဲ့ချစ်လှစွာသော မိသားစုဝင်များကို ရှာဖွေကယ်ဆယ်မှုတွေနဲ့အတူ အပျက်စီးများကြား အိပ်စက်ခဲ့ရပါတယ်။ ငလျင်ကြောင့် အသက်ရှင်ကျန်ရစ် သူတွေဟာ ဟီရတ်မြို့ရှိ ပန်းခြံတွေ၊ လမ်းတွေမှာ အိပ်ခဲ့ရပေမယ့် ငလျင်ငယ်များ ထပ်မံလှုပ်ခတ်မှာကို စိုးရိမ်စိတ် မြင့်တက်နေလို့ အိပ်မပျော်တာမျိုးတွေလည်း ရှိနေခဲ့ပါတယ်။
အမေရိကန်ဘူမိဗေဒဌာနက အောက်တိုဘာ ၇ ရက်နေ့မှာ ဟီရတ်မြို့ကနေ မိုင်ပေါင်း ၂၅ မိုင်အကွာရှိ မြို့အစွန်ဖြစ်တဲ့ ဇင်ဒါဂျန်ဒေသမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ ပြင်းအား ၅ ဒသမ ၉ မဂ္ဂနီကျူ နဲ့ ၆ ဒသမ ၃ မဂ္ဂနီကျူကြား ရှိခဲ့တယ်လို့ ခန့်မှန်းထားပါတယ်။ အဲဒီအင်အားပြင်းငလျင်ကြောင့် ဟီရတ်မြို့ရှိ နေအိမ်အားလုံးနီးပါး ရာနှုန်းပြည့် ထိခိုက်ပျက်စီးခဲ့တယ်လို့ လည်း ကုလသမဂ္ဂ လူသားချင်းဆိုင်ရာ စာနာမှုအကူညီပေးရေး အဖွဲ့စည်းတစ်ခုဖြစ်တဲ့ (OCHA) က ဖော်ပြထားပါတယ်။
ငလျင်ဒဏ်ကနေ အသက်ရှင်လွတ်မြောက်ခဲ့သူတွေဟာ ပျောက်ဆုံးနေသူတွေ ကိုရှာဖွေဖို့ ပေါက်တူးတွေ၊ လက်တွေကိုအသုံးပြုပြီး ရှာဖွေတာတွေ လုပ်ဆောင်နေရဆဲဖြစ်သလို ငလျင်ကြောင့် လမ်းများတားဆီးပိတ်ဆို့ခြင်း၊ ဆက်သွယ်ရေးနှောင့်နှေး ပြတ်တောက်ခြင်းများကြောင့် ငလျင်ဒဏ် တွေ့ကြုံခဲ့ရသူတွေကို အကူညီပေးနိုင်ဖို့ အောက်တိုဘာ ၉ ရက် နေ့အထိ လုပ်ဆောင်ပေးနိုင်ခြင်းမရှိဘူးလို့လည်း ကုလသမဂ္ဂက ဆိုပါတယ်။
အာဖန်ဂန်နစ္စတန်နိုင်ငံကို လက်ရှိအုပ်ချုပ်နေတဲ့ တာလီဘန်အဖွဲ့ တာဝန်ရှိသူတစ်ဦးကလည်း “ သေဆုံးသူအရေအတွက် ထပ်မံတိုးလာမှာကို စိုးရိမ်နေရတယ်။ ကျွန်တော်တို့တွေ ငလျင်ဒဏ်ခံရတဲ့နေရာတွေကို ကူညီထောက်ပံ့ပေးမှုတွေ လုပ်ဆောင်ဖို့ လမ်းကြောင်းတွေရှာဖွေနေရတယ်။” လို့ပြောပါတယ်။
ငလျင်ကြောင့် ဟီရတ်မြို့အစွန်ကျေးရွာတွေမှာ အနည်းဆုံးလူပေါင်း ၅၀၀ကျော် ပျောက်ဆုံးနေခဲ့ပြီး အနည်းဆုံးလူပေါင်း ၂၀၀၀ ကျော်ဒဏ်ရာရခဲ့တယ်လို့လည်း အာဖန်ဂန်နစ္စတန် သဘာဝဘေးအန္တရာယ်ရေးရာ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။
ဟီရတ်ဒေသမှာ လှုပ်ခတ်ခဲ့တဲ့ငလျင်ဟာ ဖေဖော်ဝါရီလတုန်းက တူရကီနဲ့ ဆီးရီးယားနယ်စပ်ဒေသမှာ လှုပ်ခတ်ခဲ့တဲ့ငလျင်ပြီးရင် ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာမှာ လူအသေအပျောက် အများဆုံး ငလျင်ဖြစ်လာဖွယ်ရှိနေပါတယ်။ အင်အားပြင်းငလျင် လှုပ်ခတ်ပြီးနောက် ငလျင်ငယ်တွေလည်း ထပ်မံလှုပ်ခတ်ခဲ့ရာ ဟီရတ်မြို့ရှိ အိမ်ပေါင်းအနည်းဆုံး ၁၀၀၀ ကျော် ပျက်စီးသွားခဲ့ရတယ်လို့ တာလီဘန်အဖွဲ့က ပြောပါတယ်။
တာလီဘန်အဖွဲ့ဟာ အာဖန်ဂန်နစ္စတန်နိုင်ငံကို ၂၀၂၁ ခုနှစ်မှာ ပြန်လည်အုပ်ချုပ်ခဲ့ပြီးနောက် နိုင်ငံတကာအကူညီပေးမှုများ ရပ်ဆိုင်းသွားခဲ့ရာ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီ ပေးမှုများ အခက်ခဲဖြစ်နေကာ ကျန်းမာရေးအပေါ် သက်ရောက်မှုများစွာ ဖြစ်စေခဲ့ပါတယ်။
အာဖန်ဂန်နစ္စတန်နိုင်ငံဟာ ငလျင်ဒဏ်ကို မကြာခဏတွေ့ကြုံခံစားနေရတဲ့ နိုင်ငံဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ဇွန်လတုန်းကလည်း ပတ်တီကာဒေသကို ပြင်းအား ၅ ဒသမ ၉ အဆင့်ရှိ အင်အား ပြင်းငလျင် လှုပ်ခတ်ခဲ့ရာ အနည်းဆုံးလူပေါင်း ၁၀၀၀ ကျော် သေဆုံးခဲ့ပြီး လူပေါင်းသောင်းချီ အိုးအိမ်မဲ့ဖြစ်ခဲ့ရဖူးပါတယ်။
ဟီရတ်မြိုခံတစ်ဦးဖြစ်တဲ့ နက်မိုဟမ်မက်က “ ကျွန်တော်အိမ်ကို ပြန်လာချိန်မှာ ဘာမှမရှိတော့ဘူး။ အရာရာတိုင်းဟာ မြေကြီးထဲရောက်ကုန်တယ်။ ဒါကြောင့် ကျွန်တော်တို့ ပေါက် တူးတွေကိုအသုံးပြုပြီး အပျက်စီးတွေကို တူးဖော်ခဲ့တယ်။ အပျက်စီးတွေကြားကနေ သားသမီးတွေနဲ့ အမျိုးသမီးတွေကို ပြန်လည်ကယ်တင်နိုင်ဖို့ ဘာပဲဖြစ်ဖြစ် လုပ်ခဲ့ရတယ်။” လို့ပြောပါတယ်။
တာလီဘန်အဖွဲ့နဲ့ အကူညီပေးရေးအေဂျင်စီတွေဟာ ကျေးလက်ဒေသမှာ နေထိုင်နေတဲ့ လူအရေအတွက်ကို အတိအကျစာရင်း လုပ်ထားခြင်းမရှိတဲ့အတွက် ဘယ်လောက်ပျောက် ဆုံးနေသလဲဆိုတာကို အတိကျပြောနိုင်ခြင်း မရှိပါဘူး။ အဲဒီနေထိုင်သူတွေဟာ စစ်ဘေးနဲ့ မိုးခေါင်မှုတွေကြောင့် နေရပ်စွန့်ခွာတာတွေ ရှိနေတဲ့အတွက် ဒေသဆိုင်ရာ အာဏာပိုင်တွေ ဟာ လူဘယ်လောက်နေထိုင်သလဲဆိုတာကို အတိကျမသိလို့ဆိုပါတယ်။
ငလျင်လှုပ်ခတ်ခဲ့ရာ ဒေသမှာနေထိုင်တဲ့ အမျိုးသမီးဖြစ်သူ ရှာကစ်က “ ပြီးခဲ့တဲ့ ရက်ပိုင်းက မယုံကြည်နိုင်လောက်အောင် စိတ်ပျက်စရာတွေကြုံခဲ့ရတယ်။ ကျွန်မတို့ဟာ သဲကန္တရထဲ မှာ နှစ်ညတိုင်နေထိုင်ခဲ့ရတယ်။ ငလျင်ငယ်တွေ လှုပ်ခတ်တာမျိုးတွေလည်းဖြစ်ခဲ့တယ်။ ကျွန်မရဲ့ နှစ်နှစ်အရွယ် သားငယ်ကလည်း နေမကောင်းဖြစ်နေတယ်။ ဒါပေမယ့် သွားစရာ ဆေးရုံဆေးခန်းမရှိခဲ့ဘူး။” လို့ ပြောပါတယ်။
ဟီရတ်မြို့ ဆေးရုံတာဝန်ရှိသူတစ်ဦးကတော့ “ လူသေအလောင်းတွေနဲ့ ပြည့်နေတဲ့ ဗင်ကားတွေဟာ မိနစ်တိုင်း ဒီကိုရောက်လာတယ်။ ဒဏ်ရာရသူတွေ အရမ်းများနေတဲ့အတွက် ကျွန်တော်တို့ ရုန်းကန်နေရတယ်။ အသေကောင်တွေကို မရေတွက်ရသေးဘူး။” လို့ပြောပါတယ်။
နိုင်ငံတကာ ကယ်ဆယ်ရေးကော်မတီကတော့ ရှာဖွေကယ်ဆယ်ရေးပစ္စည်းတွေ နည်းပါးနေခြင်း၊ အချိန်မီ မသွားရောက်နိုင်ခြင်းတွေက ဟီရတ်မြို့မှာ သေဆုံးသူအရေတွက် ထပ် မံတိုးလာနိုင်တယ်လို့ ဆိုပါတယ်။ အပျက်အစီးတွေထဲ ပိတ်မိနေတဲ့ အသက်ရှင်ကျန်ရစ်သူတွေဟာ လွတ်မြောက်ဖို့အတွက် အပြင်ကိုမထွက်နိုင်ဘဲ သေဆုံးနိုင်တာတွေလည်းရှိလာ နိုင်တယ်လို့ဆိုပါတယ်။ ငလျင်ကြောင့် ဟီရတ်မြို့ရှိ အနည်းဆုံးကျေးရွာပေါင်း ၂၀ ကျော်ဟာ မြေကြီးနဲ့ အပျက်စီးများအောက် ရောက်ရှိသွားတယ်လို့ သတင်းတွေလည်း ထွက် ပေါ်နေပါတယ်။
“ ကျွန်တော့်မိသားစုဝင်တစ်ယောက် ဆုံးရှုံးခဲ့ရပြီး ကျွန်တော့်အိမ်နီးချင်းတွေက သူတို့ရဲ့ချစ်ခင်ရတဲ့ မိသားစုဝင် အနည်းဆုံး လေးယောက်ထက်မနည်း ဆုံးရှုံးခဲ့ရတယ်။ ရွာထဲကလူ ၁၀၀၀ ကျော်ထဲက လေးပုံတစ်ပုံလောက်သာ အသက်ရှင်ကျန်ရစ်ဖို့ ဖြစ်နိုင်ခြေရှိတယ်။ ကြီးမားတဲ့ သင်္ချိုင်းတစ်ခုလိုပဲ…..”
ငလျင်ဒဏ်ကို အဓိကခံစားခဲ့ရတဲ့ ဇင်ဒါဂျန်ဒေသရဲ့ ရွာသားတစ်ဦးဖြစ်တဲ့ မိုဟမ်မက် ဂျာဗက်က “ နံရံတံတိုင်းတွေက နှစ်စက္ကန့်အတွင်းမှာပဲပြိုကျပြီး တစ်ရွာလုံးကို အချိန်အတိုင်း အတာတစ်ခုအတွင်းမှာပဲ အပျက်အစီးတွေအောက် ရောက်သွားခဲ့တယ်။ ကျွန်တော့်မိသားစုဝင်တစ်ယောက် ဆုံးရှုံးခဲ့ရပြီး ကျွန်တော့်အိမ်နီးချင်းတွေက သူတို့ရဲ့ချစ်ခင်ရတဲ့ မိသား စုဝင် အနည်းဆုံး လေးယောက်ထက်မနည်း ဆုံးရှုံးခဲ့ရတယ်။ ရွာထဲကလူ ၁၀၀၀ ကျော်ထဲက လေးပုံတစ်ပုံလောက်သာ အသက်ရှင်ကျန်ရစ်ဖို့ ဖြစ်နိုင်ခြေရှိတယ်။ ကြီးမားတဲ့ သင်္ချိုင်းတစ်ခုလိုပဲ။” လို့ ကိုယ်တွေ့ရင်ဆိုင်ရမှုကို ပြန်လည်ပြောဆိုခဲ့ပါတယ်။
လူမူကွန်ရက်တွေနဲ့ ရုပ်သံသတင်းတွေမှာ ဖော်ပြချက်ရတော့ တာလီဘန် ကယ်ဆယ်ရေးအဖွဲ့တွေဟာ အပျက်စီးများကြားကနေ အုတ်ဖောက်စက်တွေနဲ့ အပျက်စီးတွေကို ဖောက် ထွင်းပြီး ရှာဖွေကယ်ဆယ်မှုတွေ လုပ်နေသလို ဘူဒိုဇာတွေအသုံးပြုကာ အပျက်စီးတွေကို ဖယ်ရှားရှင်းလင်းတာတွေ လုပ်နေပုံကို ဖော်ပြထားပါတယ်။
ဟီရတ်ဒေသခံတစ်ဦးဖြစ်တဲ့ ဖီရေးဒွန်က “ ကျွန်တော်ဟာ ငလျင်ဒဏ်ခံစားရတဲ့ ကျေးရွာတွေကို သွားခဲ့တယ်။ အကူညီတွေလိုအပ်နေကြတယ်။ တာလီဘန်အဖွဲ့တွေကတော့ ဘူဒိုဇာ တွေအသုံးပြုပြီး အပျက်စီးတွေကိုဖယ်ရှားတာ၊ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေတာတွေလုပ်နေခဲ့တယ်။ တာလီဘန် ကယ်ဆယ်ရေးအဖွဲ့တွေ လုပ်ဆောင်ပုံက မရည်ရွယ်ပဲ အပျက်စီးတွေအောက်ပိတ်မိပြီး အသက်ရှင်နေသူတွေကို အန္တရာယ်ဖြစ်စေနိုင်တယ်။” လို့ပြောပါတယ်။
ဟီရတ်မြို့ဟာ အီရန်နိုင်ငံနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့မြို့ဖြစ်ပြီး အနည်းဆုံးလူပေါင်း ၃ သန်းခန့် နေထိုင်ကြပါတယ်။ စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ပေမယ့် မိုးခေါင်မှုကို နှစ် အတန်ကြာရင်ဆိုင်ခဲ့ရတဲ့ မြို့လည်းဖြစ်ပါတယ်။ အဲဒီဒေသမှာ နေထိုင်သူတွေထဲမှာ ပါကစ္စတန်၊ အီရန်နိုင်ငံတို့ကပြန်လာတဲ့ ဒုက္ခသည်အများအပြားလည်း ရှိနေတယ်လို့ တာလီဘန် အဖွဲ့က ပြောပါတယ်။ အကူအညီပေးရေးအဖွဲ့တွေနဲ့ NGOs တွေကတော့ ငလျင်ဒဏ်ခံစားရသူတွေကို ကူညီပေးဖို့ နိုင်ငံတကာအဖွဲ့စည်းတွေကို အကူအညီတောင်းခံထားပါတယ်။ လက်ရှိအချိန်မှာတော့ တရုတ်နိုင်ငံက ကူညီထောက်ပံ့ပေးမှုတွေလုပ်ဖို့ စီစဉ်နေသလို အီရန်နဲ့ ပါကစ္စတန်နိုင်ငံတို့က ကူညီကယ်ဆယ်ရေးပစ္စည်းများ ဟီရတ်မြို့ကို ရောက်ရှိနေတယ် လို့ တာလီဘန်အဖွဲ့က ပြောပါတယ်။
ဟီရတ်အုပ်ချုပ်ရေးမှူးက “ မကြာခင်မှာ ဆောင်းရာသီကို ရောက်ရှိတော့မယ်။ ငလျင်ဒဏ်ကို ခံစားခဲ့ရတဲ့ဒေသတွေဟာ အလွန်မင်းအေးတဲ့ဒဏ်ကို ထပ်မံတွေ့ကြုံရဖွယ်ရှိနေတယ်။ ငလျင်ဒဏ် တွေ့ကြုံရသူတွေဟာ မိသားစုဝင်တွေသာမက အိမ်တွေလည်း ဆုံးရှုံးခဲ့ရတယ်။ အဲဒီသူတွေဟာ အကူအညီတွေ ချက်ချင်းလိုနေသလို သင့်လျော်တဲ့ အမိုးအကာတွေ လည်း လိုအပ်နေတယ်။” လို့ဆိုပါတယ်။
ကောင်းထက်ငွေ
Ref theguardian ။ bbc.
အင်အားပြင်းငလျင်နဲ့ သက်ရောက်မှုများ၊ စိန်ခေါ်မှုများကိုရင်ဆိုင်ဖို့ ခက်ခဲရုန်းကန်နေရတဲ့ အာဖန်ဂန်နစ္စတန်ပြည်သူများ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်