ထင်လင်း(ပုသိမ်)
ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ၎င်းရဲ့ ပထဝီဆိုင်ရာမဟာဗျူဟာမြောက် တည်ရှိနေမှုကြောင့် အမေရိကန်နဲ့ တရုတ် နိုင်ငံတို့ရဲ့ ပြိုင် ဆိုင်မှုကြောင့်ဖြစ်ပေါ်လာတဲ့ ဖိအားကြီးကြီးမားမားနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါကာရဲ့ ဘက်မျှတဲ့ ကြားနေမူဝါဒကြောင့် ကမ္ဘာ့ အင်အားကြီးနှစ်နိုင်ငံကြား ရံဖန်ရံခါဆိုသလို ကြားညပ်နေတဲ့ အနေ အထားလို့ လည်း ပြောလို့ရတယ်။
အနီးစပ်ဆုံးဥပမာပြရရင် အမေရိကန်က ၎င်းရဲ့ အင်ဒို-ပစိဖိတ်မဟာဗျူဟာအပေါ် ဘင်္ဂလားဒေ့ရှ်ဘက်က ထောက်ခံရပ် တည်မှုတွေနဲ့ ပူးပေါင်းမှုပြုလုပ်ဖို့ အခါအားလျော်စွာ တိုက်တွန်းနေချိန်မှာ တရုတ်နိုင်ငံက အမေရိကန်ပါဝင်တဲ့ လေးနိုင်ငံ လုံခြုံရေးဆွေးနွေးဖက်အဖွဲ့ (Quadrilateral Security Dialogue) ထဲမှာ ဘင်္ဂလားဒေ့ရှ်မပူးပေါင်းဖို့ သတိပေးနေခဲ့တာပဲ ဖြစ်ပါတယ်။ (အတိုကောက် QUAD လို့ခေါ်တဲ့ လေးနိုင်ငံလုံခြုံရေးဆွေးနွေးဖက်အဖွဲ့ထဲမှာ အမေရိကန်၊ ဂျပန်၊ ဩစတြေး လျ၊ အိန္ဒိယနိုင်ငံတို့ပါဝင်ပြီး အင်ဒို-ပစိဖိတ်ဒေသတွင်း တရုတ်ရဲ့ ကြီးထွားလာတဲ့စီးပွားရေးနဲ့ စစ်ရေးအင်အားဖြန့်ကြက်မှု တွေကို စုပေါင်းတန်ပြန်ထိန်းညှိဆောင်ရွက်ဖို့ ဖွဲ့စည်းခဲ့တာလို့လည်း ဆိုကြပါတယ်။)ဒါ့အပြင် တောင်အာရှဒေသတွင်း နိုင်ငံ ရေးအခြေအနေတွေနဲ့ တရုတ်-အိန္ဒိယနှစ်နိုင်ငံကြား ပြိုင်ဆိုင်မှုတွေကလည်း ဘင်္ဂလားဒေ့ရှ်အတွက် များပြားတဲ့စိန်ခေါ်မှု တွေကို ဖြစ်ပေါ်စေလျက်ရှိပါတယ်။
ဒီလိုရှုပ်ထွေးလှတဲ့ နိုင်ငံရေးအခြေအနေတွေကြားကပဲ လွန်ခဲ့တဲ့လအနည်းငယ်ကထုတ်ပြန်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ ကြားနေ ပြီးဘက်မျှတဲ့ ‘’အင်ဒို-ပစိဖိတ် ဒေသဆိုင်ရာ အနာဂတ်အမြင်’’ ကို လူသိရှင်ကြားထုတ်ပြန်ခဲ့မှုက ၎င်းအနေနဲ့ မည်သည့်အင် အားကြီးနိုင်ငံရဲ့ ဩဇာလောင်းရိပ်အောက်မှာမှမရှိပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လွတ်လပ်တဲ့ ကိုယ်ပိုင်အချုပ်အခြာအာဏာကို ထိန်းသိမ်းထားဖို့ ဆန္ဒရှိတာကို မီးမောင်းထိုးပြနေပါတယ်။ အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ‘’အင်ဒို-ပစိဖိတ် ဒေသဆိုင်ရာ အ နာဂတ်အမြင်’’ မူဝါဒစာတမ်းကို ၎င်းနိုင်ငံဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာ ဂျပန်ကိုနိုင်ငံတော်ခရီး အလည်အပတ်မသွားခင် တစ် ရက်အလိုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အနာဂတ်အမြင်
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ‘’အင်ဒို-ပစိဖိတ် ဒေသဆိုင်ရာ အနာဂတ်အမြင်’’ ကြေညာချက်ကိုဆဝါးကြည့်ရင် ၎င်းနိုင်ငံရဲ့ နိုင်ငံခြား ဆက်ဆံရေးဆိုင်ရာတွေကို အလေးဂရုပြုထားတာကို တွေ့မြင်နိုင်မှာဖြစ်တယ်။ ဝန်ကြီးချုပ် ရှိခ်ဟာဆီနာအနေနဲ့ ၎င်းရဲ့ ဂျ ပန်ခရီးစဉ်အတွင်း ဂျပန်နဲ့ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာ (MOU) ပေါင်း ၈ ခု သဘောတူချုပ်ဆိုနိုင်ခဲ့ တယ်။ ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာဟာ ဂျပန်ခရီးစဉ်အပြီး အမေရိကန်နဲ့ ယူကေတို့ကိုလည်း နိုင်ငံတော်ခရီးအဖြစ် ဆက် လက်လည်ပတ်ခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။
အချက် ၁၅ ချက်ပါဝင်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ‘’အင်ဒို-ပစိဖိတ် ဒေသဆိုင်ရာ အနာဂတ်အမြင်’’ မူဝါဒစာတမ်းမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် နိုင်ငံတွင်းနဲ့ ဒေသတွင်းလုံခြုံရေးမှာ တင်ကြိုလိုအပ်ချက်ဖြစ်တာကိုလည်း ဖော်ပြထားတယ်။ ဘင်္ဂ လားဒေ့ရှ်အနေနဲ့ တရုတ်နဲ့ အမေရိကန်အကြား ဖြစ်ပွားနေတဲ့ ပထဝီနိုင်ငံရေးဆိုင်ရာ အားပြိုင်မှုတွေအကြား ဘက်တစ်ဖက် ဖက်ကို ရွေးချယ်မှာမဟုတ်တာကိုလည်း ၎င်းရဲ့မူဝါဒစာတမ်းထဲ မှာ မီးမောင်းထိုးပြထားပါတယ်။
တစ်ခုမှတ်သားဖွယ်ကောင်းတာက ‘’အင်ဒို-ပစိဖိတ်’’ ဆိုတဲ့အသုံးအနှုန်းကိုက အနောက်ကမ္ဘာက စတင်သုံးနှုန်းခဲ့တာဖြစ်ပြီး တော့ တရုတ်နိုင်ငံဘက်ကတော့ အဆိုပါအသုံးအနှုန်းနဲ့ပတ်သက်ပြီး ၎င်းကိုထိန်းချုပ်ထားနိုင်ဖို့ အမေရိကန်ရဲ့ မဟာဗျူဟာ အစိတ်အပိုင်းတစ်ရပ်လို့ ဝေဖန်ထားခဲ့တာပါ။ ဘင်္ဂလားဒေ့ရှ်အနေနဲ့ အစဉ်အလာအနေနဲ့ ဘက်မျှတဲ့နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးနေတာဖြစ်ပြီး တဖက်မှာ တရုတ်နိုင်ငံဘက်ကတော့ ဘင်္ဂလားဒေ့ရှ်ရဲ့ ‘’အင်ဒို-ပစိဖိတ် ဒေသဆိုင်ရာ အနာဂတ်အ မြင်’’ နဲ့ပတ်သက်ပြီး တစုံတရာတုံ့ပြန်ပြောကြားတာမျိုး မရှိသေးပါဘူး။
ဘင်္ဂလားဒေ့ရှ်ကတော့ လွတ်လပ်ပွင့်လင်းငြိမ်းချမ်းလုံခြုံပြီး အားလုံးပါဝင်နိုင်တဲ့ အင်ဒို-ပစိဖိတ် ဒေသရပ်ဝန်း ဖြစ်ပေါ်လာ မယ့်အပေါ် ယုံကြည်မှုရှိထားကာ အင်ဒို-ပစိဖိတ်ဒေသကြီးရဲ့ တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးကြွယ်ဝမှုက ၎င်းတို့ရဲ့ ‘’၂၀၄၁ အတွက် မျှော်မှန်းချက် (Vision-2041)’’ ဖြစ်မြောက်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါတယ်လို့ ရှုမြင်ထားကြပါတယ်။
ဘင်္ဂလားဒေ့ရှ်ရဲ့ ‘’အင်ဒို-ပစိဖိတ် ဒေသဆိုင်ရာ အနာဂတ်အမြင်’’ အရ နိုင်ငံငယ်လေးတွေအနေနဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံ တစ်ဘက်ဘက်ကိုယိမ်းဖို့ ဖိအားတွေတိုးမြင့်လာတာနဲ့ပတ်သက်ပြီး နိုင်ငံတကာအငြင်းပွားမှုတွေကို ငြိမ်းချမ်းတဲ့နည်းလမ်း နဲ့ဖြေရှင်းရေး၊ တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးရာတွေအပေါ် ဝင်ရောက်မစွက်ဖက်ရေး၊ နိုင်ငံတစ်နိုင်ငံချင်းစီရဲ့ အမျိုးသား အချုပ်အခြာ၊ တန်းတူညီမျှမှုနဲ့ နိုင်ငံရေးဆိုင်ရာ အမှီခိုကင်းလွတ်လပ်မှု အစရှိတာတွေအတွက် လေးစားမှုရှိရေးမူတွေအပေါ် ယုံကြည်မှုရှိကြောင်းလည်း ဘင်္ဂလားဒေ့ရှ်အနေနဲ့ ၎င်းတို့ရဲ့ ’’အင်ဒို-ပစိဖိတ် ဒေသဆိုင်ရာ အနာဂတ်အမြင်’’ မူဝါဒစာတမ်း ကြေညာချက်မှာ ရှင်းရှင်းလင်းလင်းဖော်ပြထားတာ တွေ့ရမှာဖြစ်ပါတယ်။ ယင်းအပြင် အင်ဒို-ပစိဖိတ်ဒေသအတွင်း ပင် လယ်ရေကြောင်း ဘေးကင်းလုံခြုံရေးအတွက် တည်ဆဲယန္တရားတွေ အားကောင်းစေရေး ကြိုးပမ်းကြဖို့ လိုအပ်တာအပြင် နိုင်ငံတွေရဲ့ နယ်နိမိတ်ကိုကျော်လွန်ပြီး ကုန်စည်၊ ဝန်ဆောင်မှု၊ အရင်းအနှီး၊ လူများ စီးဆင်းဖြတ်သန်းမှုအပေါ် ချောချောမွေ့ မွေ့ကိုင်တွယ်ဆောင်ရွက်ဖို့အတွက်ကိုလည်း ဘင်္ဂလားဒေ့ရှ်ရဲ့ မူဝါဒစာတမ်းကြေညာချက်မှာ ဖော်ပြထားပါတယ်။
အင်အားကြီးနိုင်ငံတွေရဲ့ အားပြိုင်မှုကို ဘက်မျှအောင် ချိန်ညှိမှု
အချက် ၁၅ ချက်ပါဝင်တဲ့ အဆိုပါ ’’အင်ဒို-ပစိဖိတ် ဒေသဆိုင်ရာ အနာဂတ်အမြင်’’ မူဝါဒစာတမ်းမှာ ဘင်္ဂလားဒေ့ရှ်အနေနဲ့ ကမ္ဘာ့လစ်ဘရယ်အစီအစဉ်အပေါ် ယုံကြည်မှုထားရှိမှုကို ထပ်လောင်းအတည်ပြုထားကို တွေ့ရ မှာဖြစ်ပါတယ်။ ၎င်းတို့ရဲ့ မူဝါဒစာတမ်းအရ ဘင်္ဂလားဒေ့ရှ်က လစ်ဘရယ်တန်ဖိုးတွေနဲ့ နှုန်းစံတွေအပေါ် ယုံကြည်မှုဟာ အမေရိကန်နဲ့ အနောက်ကမ္ဘာ ရဲ့ အလေးထားမှုကို ချိန်ညှိပေးထားတာဖြစ်ပြီး အခြားတဖက်မှာ ဒေသတွင်းကုန်စည်နဲ့ ဝန်ဆောင်မှုတွေ လွတ်လပ်စွာစီး ဆင်းမှုနဲ့ ဒေသတွင်းနိုင်ငံများအကြား ချိတ်ဆက်မှုတွေနဲ့ တိုးမြှင့်မှုတွေအပေါ် အလေးဂရုပြုမှုတွေကတော့ တရုတ်နဲ့ အိန္ဒိယ နိုင်ငံတွေလို အသစ်ထွက်ပေါ်လာတဲ့ အင်အားကြီးနိုင်ငံတွေရဲ့ အကျိုးစီးပွားတွေအတွက် ချိန်ညှိပေးထားတာမျိုးဖြစ်ပါတယ်။ ဆိုရရင် ဘင်္ဂလားဒေ့ရှ်အနေနဲ့ အင်အားကြီးနိုင်ငံတွေရဲ့ အားပြိုင်မှုအကြား မြေဇာပင်မဖြစ်ရေးအတွက် ‘’ရှဉ့်လည်းလျှောက် သာ၊ ပျားလည်းစွဲသာ’’ အနေအထားမျိုးဖြစ်အောင် ကြိုးပမ်းနေတာကို ၎င်းတို့ရဲ့ “အင်ဒို-ပစိဖိတ် ဒေသဆိုင်ရာ အနာဂတ်အ မြင်’’ မူဝါဒစာတမ်းမှာ အလေးပေးဖော်ပြထားတာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နဲ့ နက်ရှိုင်းတဲ့ ထိ တွေ့ဆက်ဆံမှုများပြုလုပ်ခဲ့ကာ အိန္ဒိယ၊ သီရိလင်္ကာနဲ့ မော်ဒိုက် (မော်ဒိစ်) နိုင်ငံ ၃ နိုင်ငံစုဖွဲ့ ထားတဲ့ ပင်လယ်ရေကြောင်းဆိုင် ရာ လုံခြုံရေးအဖွဲ့အစည်းအဝေးကိုလည်း တက်ရောက်ခဲ့ပါတယ်။ ထိုကဲ့သို့ ဒေသတွင်း နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူး ပေါင်းဆောင်ရွက်တာနဲ့ အပြန်အလှန်အကျိုးစီးပွားဖြစ်ရေးအတွက် ရည်ရွယ်ဖွဲ့စည်းထားပြီး နိုင်ငံအနည်းငယ်သာပါဝင်လေ့ ရှိတဲ့ ဒေသတွင်းအဖွဲ့တွေနဲ့ ဆက်စပ်ပူးပေါင်းဆောင်ရွက်မှုတွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံအား မည်သည့်အင်အားကြီးနိုင်ငံ တ ဖက်ဖက်ကိုမှ ရွေးချယ်ဖို့မလိုပဲ ဒေသတွင်း ၎င်းရဲ့လုံခြုံရေးကို တည်ငြိမ်မှုရှိအောင် ထိန်းသိမ်းထားနိုင်ဖို့ အထောက်အကူ ဖြစ်စေပါတယ်။ ထို့အပြင် ဘင်္ဂလားဒေ့ရှ်အနေနဲ့ နိုင်ငံပေါင်းစုံပူးပေါင်းဆောင်ရွက်မှုလမ်းစဉ်နဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုး တက်စေရေး ပန်းတိုင်များအတွက် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေက ၎င်းတို့နိုင်ငံလုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာ စေ့စပ်ညှိနှိုင်းဆွေးနွေးရေး နည်းလမ်းတွေအပေါ် အမှီအခိုပြုထားကြောင်း ပေါ်လွင် ထင်ရှားစေပါတယ်။ ဒီလိုဒေသတွင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပါးပါးနပ်နပ်ပူးပေါင်းဆောင်ရွက်မှုတွေကတဆင့်သာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ ပထဝီနိုင်ငံရေးအားပြိုင်နေတဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံများအကြား မည်သည့်ဘက်မှမယိမ်းပဲ ဆက်လက်ကြားနေနိုင်ဖို့နဲ့ ၎င်းနိုင်ငံရဲ့လုံခြုံရေးအတွက် ဆက် လက်အာမခံပေးနိုင်မှာ ဖြစ်ပါတယ်။
ကမ်းရိုးတန်းနိုင်ငံလေးတွေနဲ့ နိုင်ငံငယ်တွေအတွက် ဥပမာတစ်ခုလား
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ‘’အင်ဒို-ပစိဖိတ် ဒေသဆိုင်ရာ အနာဂတ်အမြင်’’ မူဝါဒဟာ မှန်းဆလို့ရနိုင်တဲ့ အနာဂတ်အတွက် အောင် မြင်ဖွယ်ရာ ရှိကောင်းရှိနိုင်ပါတယ်။ ‘’အင်ဒို-ပစိဖိတ် ဒေသဆိုင်ရာ အနာဂတ်အမြင်’’ မူဝါဒစာတမ်းအရ ဘင်္ဂလားဒေ့ရှိနိုင်ငံ အနေနဲ့ အနာဂတ်မှာ ဂျပန်နဲ့ ပိုမိုပူးပေါင်းဆောင်ရွက်ဖို့ ရှေးရှုထားပြီး အနောက်နိုင်ငံတွေနဲ့ တရုတ်နိုင်ငံတို့အကြား ဆက်ဆံ ရေးချိန်ခွင်လျှာ ထိန်းညှိထားလိုမှုကိုလည်း တွေ့နိုင်ပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘက်က တရုတ်ရဲ့ မဟာ့မဟာစီမံကိန်းဖြစ်တဲ့ ခါးပတ်နဲ့လမ်းစီမံကိန်းအတွက် ပူးပေါင်းဆောင်ရွက်နေမှုနဲ့ ဂျ ပန်အတွက် ပင်လယ်ရေနက်ဆိပ်ကမ်းစီမံကိန်း ဆောင်ရွက်နေမှုတို့က ၎င်းအနေနဲ့ တရုတ်နဲ့ ဂျပန် အင်အားကြီးနှစ်နိုင်ငံအား ပထဝီစီပွားရေးအခွင့်အလမ်းတွေ ညီတူညီမျှပေးအပ်ထားမှုကို ပေါ်လွင်စေပါတယ်။ တဖက်မှာ အဆိုပါအင်အားကြီးနိုင်ငံ တွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကတဆင့် ၎င်းတို့နိုင်ငံရဲ့ အခြေခံအဆောက်အဦဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မှာ လည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ အဆိုပါအင်အားကြီးနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ရာမှာ အောင်မြင်မှု ရှိ/ မရှိ ဆိုတာကတော့ ၎င်းနိုင်ငံရဲ့ သံတမန်ရေးဆိုင်ရာ ချိန်ဆဆောင်ရွက်နိုင်မှုစွမ်းရည်နဲ့ ချမှတ်ထားတဲ့ နိုင်ငံ ခြားရေးမူဝါဒတွေကို လက်တွေ့အကောင်းအထည်ဖော်ဆောင်ရွက်နိုင်စွမ်းတို့အပေါ် တည်မှီနေပါတယ်။
လက်ရှိကမ္ဘာ့ပထဝီနိုင်ငံရေးအခင်းအကျင်းများအရ ကမ်းရိုးတန်းနိုင်ငံလေးတွေနဲ့ နိုင်ငံငယ်လေးတွေအနေနဲ့ ၎င်းတို့နိုင်ငံ တွေရဲ့ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် ငြိမ်းချမ်းတည်ငြိမ်ရေးနဲ့လုံခြုံရေးကို မရှိမဖြစ်လိုအပ်နေတာဖြစ်ပါတယ်။ တ ဖက်မှာ အဆိုပါနိုင်ငံငယ်လေးတွေအနေနဲ့ ၎င်းတို့နိုင်ငံရဲ့ ကူးသန်းရောင်းဝယ်ရေးနဲ့ စီးပွားရေး၊ နိုင်ငံလုံခြုံရေးဆိုင်ရာ လုပ် ငန်းစဉ်တွေအတွက် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကို လုံးလုံးလျားလျားနီးပါး အမှီအခိုပြုနေရတာလည်း အရှိတရားတစ်ရပ် ဖြစ်နေတယ်။ ဒါ့ကြောင့် နိုင်ငံငယ်လေးတွေအနေနဲ့ အင်အားကြီးနိုင်ငံ ဘက်တစ်ဖက်ဖက်ကို ရွေးချယ်လိုက်မှုက ၎င်းနိုင်ငံ ငယ်လေးတွေအကြား အပြန်အလှန် မှီခိုနေရမှုအပေါ် စိန်ခေါ်မှုကြီးကြီးမားမားဖြစ်စေနိုင်ပြီး နိုင်ငံငယ်လေးတွေအကြား အကြွင်းသုညရလဒ်ကိုသာ ရရှိနိုင်မှာဖြစ်ပါတယ်။ (အကြွင်းသုညရလဒ်ဆိုတာကတော့ နာမည်ကျော် ကစားပွဲသီအိုရီ (Game Theory) ထဲကဖြစ်ကာ ကစားသူနှစ်ဦးအနက် တစ်ဦးရဲ့ အောင်မြင်မှုရလဒ်ဟာ ပြိုင်ဘက်ကစားသမားရဲ့ အရှုံးရ လဒ်နဲ့ တိုက်ရိုက်အချိုးညီတာကို ဆိုလိုရင်း ဖြစ်ပါတယ်။)
အင်အားကြီးနိုင်ငံဘက် တဖက်ဖက်ကိုမရွေးချယ်ပဲ ဒေသတွင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ကြားနေနိုင်ငံခြားရေးမူဝါဒက ဘင်္ဂလားဒေ့ရှ်နိုင်ငံအား နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုကတဆင့် အကျိုးကျေးဇူးများ ရရှိစေမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ‘’အင်ဒို-ပစိဖိတ် ဒေသ ဆိုင်ရာ အနာဂတ်အမြင်’’ မူဝါဒဟာ သီရိ လင်္ကာနဲ့ မော်ဒိုက်နိုင်ငံတို့လို ကျွန်းနိုင်ငံတွေ၊ ကမ်းရိုးတန်းနိုင်ငံလေးတွေနဲ့ နိုင်ငံငယ်တွေအတွက် နမူနာယူစရာ အနာဂတ် အမြင်မျိုးတောင် ပြောချင်ပြောလို့ရနိုင်ပါတယ်။
ဒါ့ကြောင့် ဘက်တဖက်ဖက်ကို ရွေးချယ်ဖို့မဖြစ်နိုင်တဲ့ နိုင်ငံငယ်လေးတွေအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကျင့်သုံးနေတဲ့ ကမ္ဘာ့ အင်အားကြီးနိုင်ငံတွေအကြား ဟန်ချက်ညီညီ၊ မျှမျှတတ အပြန်အလှန်ပူးပေါင်းဆောင်ရွက်တဲ့နည်းလမ်းကို ထိန်းသိမ်း ဆောင်ရွက်ရင်း တဖက်တွင် မိမိတို့ရဲ့ပထဝီစီးပွားရေးဆိုင်ရာ အားသာချက်တွေကိုအသုံးချကာ အင်အားကြီးနိုင်ငံတွေအ ကြား တဖက်ဖက်ကို အလေးသာပေးတာမျိုး မပြုလုပ်ဘဲ ညီတူညီမျှ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်သင့်လှပါတယ်။
ထင်လင်း (ပုသိမ်)
#ယနေ့ခေတ်
ASIA TIMES တွင် ဖော်ပြထားသည့် DOREEN CHOWDHURY ၏ ‘’ Dhaka determinedly neutral in great power rivalry’’ ကို ဆီလျော်သလို ဘာသာပြန်ဆို ရေးသားသည်။
အင်အားကြီးနိုင်ငံများအကြား အားပြိုင်ပွဲအလယ်က ဒါကာနဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ ‘’အင်ဒို-ပစိဖိတ် ဒေသဆိုင်ရာ အနာဂတ်အမြင်’’ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်