“လကမ္ဘာ ဖဝါးအောက်” ရောက်စေခဲ့တဲ့ အိန္ဒိယတို့ရဲ့  ချန္ဒရေယန်-၃ မစ်ရှင် အောင်မြင်မှု

ထင်လင်း (ပုသိမ်)

“တို့အိန္ဒိယကတော့ အခု လကမ္ဘာပေါ် ရောက်နေပြီ”

ဒီစကားကို ဂုဏ်ယူဝံ့ကြွားစွာနဲ့ ဟစ်ကြွေးလိုက်ပြောကြားလိုက်သူကတော့ အိန္ဒိယအာကာသသုတေသနအဖွဲ့ ကြီး (Indian Space Research Organisation-ISRO) ရဲ့ ဥက္ကဌ ဖြစ်သူ ဆိုမာနက်ပဲ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့မှာ လရဲ့တောင်ဘက်ဝင်ရိုးပိုင်း မျက်နှာပြင်ကို အိန္ဒိယရဲ့ ချန္ဒရေယန်-၃   လကမ္ဘာစူးစမ်းလေ့လာရေးမစ်ရှင်ရဲ့ ဗီခရမ်လကမ္ဘာသွားယာဉ် အောင် အောင်မြင်မြင် ဆင်းသက်နိုင်ခဲ့မှုဟာ အိန္ဒိယအာကာသသိပ္ပံနည်းပညာတိုးတက်မှုရဲ့ အကြီးမားဆုံးပြယုဂ်တစ်ခု ဖြစ်လာပါတယ်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီကတော့ အာကာသစူးစမ်းလေ့လာမှုနဲ့ ပတ်သက်ပြီး အကန့်အသတ်မရှိဘူးဆိုတာကို အိန္ဒိယက သက်သေအကြိမ်ကြိမ်ပြသခဲ့ပြီးဖြစ်သလို ယခုချန္ဒရေယန်-၃ လကမ္ဘာ စူးစမ်းလေ့လာရေးမစ်ရှင် အောင်မြင်ခဲ့တာဟာ အိန္ဒိယတစ်နိုင်ငံတည်းအတွက် အောင်မြင်မှုလောက်သာမဟုတ်ပဲ ကမ္ဘာ့လူသားမျိုးနွယ် တစ်ရပ်လုံးရဲ့ အောင်မြင်မှုဖြစ် တယ်လို့ လကမ္ဘာသွားမစ်ရှင်အောင်မြင်မှုအပေါ် ၎င်းရဲ့ ဂုဏ်ပြုမိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒီအောင်မြင်မှုကြောင့် အိန္ဒိယဟာ အမေရိကန်၊ ရုရှား (ယခင် ဆိုဗီယက်ပြည်ထောင်စု)နဲ့ တရုတ်နိုင်ငံတို့ပြီးရင် လကမ္ဘာစူးစမ်းလေ့လာ‌ရေးယာဉ် လကမ္ဘာပေါ်ရောက်နိုင်ခဲ့တဲ့ ကမ္ဘာ့ စတုတ္ထမြောက်နိုင်ငံ ဖြစ်လာပါတော့တယ်။ ထူးခြားတာက ဒီလေးနိုင်ငံအနက် အိန္ဒိယတစ်နိုင်ငံတည်းသာ လကမ္ဘာရဲ့ တောင်ဘက်ဝင်ရိုးစွန်းပိုင်း မျက်နှာပြင်ပေါ်ကို စူးစမ်းလေ့လာ ရေးယာဉ် ဆင်းသက်နိုင်အောင် ပထမဆုံးစွမ်းဆောင်ပြနိုင်ခဲ့တာ ဖြစ်ပါတယ်။

(စာရေးသူ။ လကမ္ဘာရဲ့ ‌တောင်ဝင်ရိုးစွန်းမျက်နှာပြင်ကိုသွားတဲ့ မစ်ရှင်မှာပါဝင်တဲ့ ယာဉ်တွေနဲ့ပတ်သက်ပြီး ရောထွေးမှုများ ရှိနေနိုင်ပါတယ်။ ချန္ဒရေယန်-၃ ဟာ လကမ္ဘာကို သွား ရောက်ပြီး စူးစမ်းလေ့လာမယ့် မစ်ရှင်တစ်ခုလုံးကို ဆိုလိုတာဖြစ်ပါတယ်။ ဒါ့ကြောင့် အကြမ်းဖျင်းအားဖြင့် ဒီမစ်ရှင်တစ်ခုလုံးမှာ ဒုံးပျံ၊ အာကာသယာဉ် (propulsion module)၊ လကမ္ဘာဆင်းသက်ယာဉ် (Moon Lander) နဲ့ လမျက်နှာပြင်သွား စူးစမ်းလေ့လာရေးယာဉ်ငယ် (Rover) အစရှိတဲ့ ယာဉ် ၄ ခု ပါဝင်ပါတယ်။ ပထဆုံးတစ်ခုက အာကာသယာဉ် (propulsion module) အား ကမ္ဘာမြေရဲ့ ဆွဲငင်အားကို ကျော်လွန်ပြီး အာကာသထဲကို မောင်းနှင်ပို့ပေးမယ့် ဒုံးပျံဖြစ်ပါတယ်။ ဒုတိယတစ်ခုက အာကာသယာဉ်လို့ အကြမ်းဖျဉ်းခေါ် ဆိုလို့ရတဲ့ propulsion module ဖြစ်ပါတယ်။ propulsion module က ၎င်းရဲ့ ဒုံးအင်ဂျင်တွေကို အသုံးပြုပြီး တတိယတစ်ခုဖြစ်တဲ့ လကမ္ဘာဆင်းသက်ယာဉ် (Moon Lander or Vikram Lander) ကို လရဲ့ပတ်လမ်းကြောင်း (Moon’s Orbit) ထဲရောက်အောင်  ပို့ဆောင်ပေးပါတယ်။ ယင်းနောက် ဗီခရမ် လကမ္ဘာဆင်းသက်ယာဉ် (Vikram Lander) အနေနဲ့ လပတ်လမ်းကြောင်းကနေ ၎င်းကိုယ်ပိုင်ဒုံးအင်ဂျင်တွေကို အသုံးပြုပြီးတော့ လကမ္ဘာတောင်ဘက်စွန်း မျက်နှာပြင်ကို ဆင်းသက်ပါတယ်။ စတုတ္ထတစ်ခုကတော့ ဗီခရမ် လကမ္ဘာ ဆင်းသက်ယာဉ်က သယ်ဆောင်လာတဲ့ ဘီးခြောက်ဘီးတပ် လကမ္ဘာမျက်နှာပြင်ပေါ်သွား စူးစမ်းလေ့လာရေးယာဉ်ငယ် ပရက်ယန်ရိုဗာ (Pragyaan Rover) တို့ပဲ ဖြစ်ပါတယ်။

ဗီခရမ် လကမ္ဘာဆင်းသက်ယာဉ် (Vikram Lander) လမျက်နှာပြင်ပေါ် ရောက်နေတဲ့အချိန်မှာ အာကာသယာဉ်လို့ခေါ်ကြတဲ့ propulsion module က လကမ္ဘာပတ်လမ်းကြောင်း ထဲမှာ ဂြိုဟ်တုတစ်လုံးသဖွယ် ရှိနေမှာဖြစ်ကာ လကမ္ဘာဆင်းသက်ယာဉ်ကပို့ပေးတဲ့ အချက်ပြဆက်သွယ်ရေးလှိုင်းတွေကို ကုဒ်ဖတ်ပြီး ကမ္ဘာမြေ ပြင်က ချန္ဒရေယန်-၃ မစ်ရှင်ရဲ့ ထိန်းချုပ်‌ရေးဌာနသို့ ပို့ဆောင်ပေးမည်ဖြစ်ပါတယ်။)

လကမ္ဘာတောင်ဘက်ဝင်ရိုးမျက်နှာပြင်ရဲ့ ထူးခြားမှုများ

အိန္ဒိယမတိုင်ခင် ရုရှားနဲ့ တခြားသော အာကာသနည်းပညာ အင်အားကြီးနိုင်ငံအချို့အနေနဲ့ အဆိုပါ လကမ္ဘာရဲ့ တောင်ဝင်ရိုးစွန်းမျက်နှာပြင်ပေါ်ကို စူးစမ်းလေ့လာရေးယာဉ် ဆင်း သက်စေဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါ။ လကမ္ဘာရဲ့ ‌တောင်ဝင်ရိုးစွန်း‌ဒေသဟာ မြေမျက်နှာပြင် လွန်စွာကြမ်းတမ်းလွန်းပြီး နေရောင်ခြည် တိုက်ရိုက်မရောက်နိုင်တဲ့ ချိုင့်ဝှမ်း ကြီးများနဲ့ ဖွဲ့စည်းထားတာကြောင့် အလွန်အမင်းအေးခဲနေတဲ့ ဒေသများလည်းဖြစ်ပါတယ်။ အေးခဲလွန်းနေတာကြောင့် ၎င်းလကမ္ဘာ တောင်ဝင်ရိုးစွန်းဒေသတွေဟာ ရေငွေ့ပျံနိုင်မှု မရှိပဲ အေးခဲနေတဲ့ရေများကို ထိန်းသိမ်းထားနိုင်စွမ်းလည်း ရှိနေနိုင်ပါတယ်။ ဒါ့အပြင် အဆိုပါ လကမ္ဘာ တောင်ဝင်ရိုးစွန်းဒေသမှာ မီသိန်းနဲ့ အမိုးနီးယားဓာတ်ငွေ့များလည်း ကိန်း အောင်းနေနိုင်တာကြောင့် လူသားတို့ရဲ့အနာဂတ် အာကာသစူးစမ်းလေ့လာမှုအတွက် မရှိမဖြစ်အရေးကြီးတဲ့ စွမ်းအင်တွေရနိုင်တဲ့ ရင်းမြစ်တစ်ခုဖြစ်ဖို့လည်း အလားအလာရှိနေပြန် ပါတယ်။

အိန္ဒိယတို့ရဲ့ ချန္ဒရေယန်-၃ လကမ္ဘာ စူးစမ်းလေ့လာရေးမစ်ရှင်ရဲ့ ရည်ရွယ်ချက်ကတော့ ဗီခရမ်လ ကမ္ဘာသွားယာဉ်ငယ်ကို တောင်ဘက်ဝင်ရိုးစွန်း မျက်နှာပြင်ပေါ်ကို စေလွှတ်လေ့ လာကာ ၎င်းဒေသတဝိုက် မျက်နှာပြင်‌အောက်မှာ ကိန်းအောင်းနေနိုင်တဲ့ အေးခဲနေသော ရေခဲကျောက်များ (ဝါ) ရေရင်းမြစ်များကို ရှာ‌ဖွေဖို့ဖြစ်ပါတယ်။ ချန္ဒရေယန်-၃ လကမ္ဘာ ဆင်းသက်ယာဉ်ဟာ ၎င်းသယ်ဆောင်လာတဲ့ “ဗီခရမ်” လကမ္ဘာသွားယာဉ်ကတဆင့် လကမ္ဘာပေါ်ရှိ ဓာတ်သတ္တုများ ပေါင်းစပ်ဖွဲ့စည်း ဖြစ်တည်နေမှုတွေကိုလည်း ဆက်လက်လေ့ လာဖို့ ရှိနေပါတယ်။ ၎င်းရေအရင်းအမြစ်များနဲ့ ဓာတ်သတ္တုများကတဆင့် အောက်စီဂျင်၊ လောင်စာနဲ့ရေတို့ ထုတ်လုပ်ရရှိနိုင်မှာဖြစ်ကာ နောင်အနာဂတ် လကမ္ဘာစူးစမ်းရေးမစ်ရှင် များ ထပ်မံစေလွှတ်လေ့လာတာနဲ့ လကမ္ဘာကို ကိုလိုနီပြု အခြေချနိုင်ရေးအတွက် များစွာအသုံးဝင်မှာဖြစ်ပါတယ်။ အမေရိကန်အမျိုးသားလေကြောင်းနှင့် အာကာသအုပ်ချုပ်ရေး အဖွဲ့ (NASA) ရဲ့ အုပ်ချုပ်ရေးမှူး ဘေလ်နယ်ဆင်ကတော့ အိန္ဒိယရဲ့ ချန္ဒရေယန်-၃ မစ်ရှင်အောင်မြင်မှုအတွက် အိန္ဒိယကို ချီးကျူးပြောကြားခဲ့ပြီး ၎င်းအနေနဲ့ အိန္ဒိယတို့ လကမ္ဘာပေါ် ကို အောင်အောင်မြင်မြင် ဆင်းသက်နိုင်မှုနဲ့ ပတ်သက်ပြီး လေ့လာသင်ယူသွားဖို့ရှိတယ်လို့ ဆိုပါတယ်။

ယခု ချန္ဒရေယန်-၃ မစ်ရှင် မအောင်မြင်ခင် ၂၀၁၉ ခုနှစ်မှာ အိန္ဒိယနိုင်ငံဟာ ချန္ဒရေယန်-၂ မစ်ရှင်အနေနဲ့ ကြိုးပမ်းခဲ့ဖူးပေမယ့် လကမ္ဘာတောင်ဘက်ဝင်ရိုး မျက်နှာပြင်ပေါ် ဆင်းသက် ချိန်မှာ လကမ္ဘာ ဆင်းသက်ယာဉ် ကျိုးပျက်ခဲ့လို့ မစ်ရှင်ကျရှုံးခဲ့ဖူးပါတယ်။ ချန္ဒရေယန်-၂ မစ်ရှင်ကျရှုံးခဲ့မှုကို လေ့လာသုံးသပ်ပြီး အိန္ဒိယအာကာသ သုတေသနအဖွဲ့က ချန္ဒရေယန်-၃ မစ်ရှင်အတွက် အသေးစိတ်ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ပြန်လည်ပြင်ဆင်ခဲ့မှုတွေထဲက တစ်ခုမှာ ချန္ဒရေယန်-၃ ရဲ့ လကမ္ဘာဆင်းသက်ယာဉ် ဗီခရမ်ရဲ့ခြေတံတွေကို ယခင် လကမ္ဘာ ဆင်းသက်ယာဉ်ရဲ့ ခြေတံတွေထက် ပိုမိုခိုင်ခန့်အောင် အရှိန်နှုန်းဒဏ်ခံ နည်းပညာတွေ ထည့်သွင်းတည်ဆောက်ခဲ့တာပဲ ဖြစ်ပါတယ်။ ထိုသို့ ပိုမိုခိုင်ခန့်အောင် ပြင်ဆင်မှသာ လကမ္ဘာသွားယာဉ်မှ ဗီခရမ် လကမ္ဘာဆင်းသက်ယာဉ်ကို လမျက်နှာပြင်ပေါ်ကို လွှတ်ချလိုက်တဲ့အခါမှာ လွှတ်ချလိုက်တဲ့ အရှိန်နှုန်းကို လဆင်းသက်ယာဉ်က ခံနိုင်ရည်ရှိမှာကြောင့် ဖြစ်ပါတယ်။ ထို့အပြင် တခြားသော လကမ္ဘာဆင်းသက်ယာဉ်ရဲ့ ဆော့ဝဲပိုင်းဆိုင်ရာနဲ့ အင်ဂျင်ပိုင်းဆိုင်ရာများကိုလည်း ပြန်လည်ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့ရတာတွေ ရှိပါတယ်။

ကမ္ဘာ့စျေးအသက်သာဆုံး လကမ္ဘာစူးစမ်းလေ့လာ‌ရေးမစ်ရှင်

Space X နဲ့ “X” လူမှုမီဒီယာပလက်ဖောင်း (ယခင် တွစ်တာ) ပိုင်ရှင်ဖြစ်သူ အီလွန်မက်စ်ခ်က အိန္ဒိယ ချန္ဒရေ ယန်-၃ မစ်ရှင်အတွက် အသုံးပြုခဲ့တဲ့ ကုန်ကျစရိတ်ဟာ ကမ္ဘာကျော် အာကာသသိပ္ပံအခြေခံ ရုပ်ရှင်ကားဖြစ်တဲ့ (အင်တာစတယ်လာ- Interstellar) ရုပ်ရှင်ရိုက်ကူးရေး ဘတ်ဂျက်ထက် ပိုသက်သာတယ်လို့ ၎င်းပိုင်ဆိုင်တဲ့ လူမှုမီဒီယာကနေ ဖော်ပြခဲ့ ပါတယ်။ အမှန်တကယ်လည်း ချန္ဒရေယန်-၃ မစ်ရှင်အတွက် အိန္ဒိယတို့ ကန်ဒေါ် လာ (၇၅) သန်းသာ ကုန်ကျခဲ့တာပါ။

(စာရေးသူ။ Interstellar ရုပ်ရှင်ကတော့ သိပ်မကြာခင်ကမှ ထွက်ရှိထားတဲ့ ကမ္ဘာကျော် နူကလီးဗုံး တီထွင်ထုတ်လုပ်မှုဆိုင်ရာ စီမံကိန်းတာဝန်ခံဖြစ်သူအကြောင်း ရုပ်ရှင်ဖြစ်တဲ့ “Oppenheimer” ရဲ့ ပဲ့ကိုင်ရှင်ဒါရိုက်တာ ခရစ္စတိုဖာနိုလန် ၂၀၁၄ ခုနှစ်က ရိုက်ကူးခဲ့တဲ့ သိပ္ပံဆိုင်ရာ ဇာတ်ကားဖြစ်ပါတယ်။ အင်တာစတယ်လာ ရုပ်ရှင်ဟာ ကမ္ဘာပါဝင်တဲ့ နေအဖွဲ့ အစည်းကို ကျော်လွန်ပြီး အိပ်ဇိုပလန်းနက်လို့ခေါ်တဲ့ သက်ရှိတွေနေထိုင်နိုင်တဲ့ တခြားဂြိုဟ်တွေကို လိုက်လံရှာဖွေတာအပေါ် ကျောရိုးပြု ရိုက်ကူးထားတာ ဖြစ်ပါတယ်။)

ချန္ဒရေယန်-၃ မစ်ရှင်အောင်မြင်မှုရဲ့ အိန္ဒိယစီးပွားရေးအပေါ် သက်‌ရောက်မှု

အိန္ဒိယတို့အနေဖြင့် ၎င်းတို့ရဲ့ ချန္ဒရေယန်-၃ မစ်ရှင်အောင်မြင်မှုဟာ အမျိုးသားဂုဏ်သိက္ခာ ကြီးမြင့်မှုကို ပြသရာရောက်သလို စီးပွားရေးအကျိုးအမြတ် များစွာရရှိနိုင်ဖို့ မျှော်လင့် လို့ရတဲ့ အခြေအနေတစ်ရပ် ဖြစ်ပေါ်လာတယ်လို့လည်း ပြောလို့ရပါတယ်။ ချန္ဒရေယန်-၃ မစ်ရှင်အောင်မြင်မှုဟာ အိန္ဒိယနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ အာကာသနည်းပညာ အင်အားကြီးနိုင်ငံအဖြစ် ပေါ်ထွက်လာမှုနဲ့ ကမ္ဘာ့လူသားမျိုးနွယ်ရဲ့ စကြာဝဠာ စူးစမ်းလေ့လာမှုအတွက် ကြီးမားသော အထောက်အပံ့ပေးမှု အစရှိတာတို့အတွက် အလွန်တရာ ကြီး မားတဲ့ အလှည့်အပြောင်းတစ်ရပ်ကို တွန်းအားပေးဖို့ ရှိတယ်လို့လည်း ဆိုရမှာဖြစ်ပါတယ်။

ကမ္ဘာ့အာကာသဆိုင်ရာ စီးပွားရေးတစ်ခုလုံးရဲ့ တန်ဖိုးဟာ ၂၀၂၃ ခုနှစ်မှာ ကန်ဒေါ်လာ ဘီလီယံ ၅၀၀ ကျော် ခန့်ရှိနေပါတယ်။ ယင်းတန်ဖိုးပမာဏဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်း တဟုန်ထိုး တိုးတက်များပြားလာခဲ့တာ ဖြစ်ပါတယ်။ ချန္ဒရေယန်-၃ မစ်ရှင် အောင်မြင်ခဲ့မှုရဲ့ အကျိုးဆက်အဖြစ် ၂၀၂၅ ခုနှစ်မှာ အိန္ဒိယရဲ့ အာကာသဆိုင်ရာ စီးပွားရေးတစ်ခုလုံးရဲ့ တန်ဖိုးဟာ ကန်ဒေါ်လာ ၁၃ ဘီလီယံခန့်ရှိလာမှာ ဖြစ်ပါတယ်။ ဒီလိုဒေါ်လာဘီလီယံချီတဲ့ စီးပွားရေးက အိန္ဒိယရဲ့ အနာဂတ်အလုပ်အကိုင်သစ်တွေ ပိုမိုဖန်တီးနိုင်မယ့် အခွင့်အရေး တွေကို တိုးမြင့်စေမှာပါ။ ဒါ့အပြင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုကို ဆထက်တပိုး အားပေးမြှင့်တင်နိုင်မှာဖြစ်သလို တိုင်းပြည်ရဲ့ အာကာသနည်းပညာဆိုင်ရာ ဂေဟစနစ် ဖွံ့ဖြိုးမှုအတွက် လည်း အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

“ အိန္ဒိယရဲ့ အာကာသနည်းပညာဆိုင်ရာ စီးပွားရေးလုပ်ငန်းတွေကြောင့် သိပ္ပံ၊ အင်ဂျင်နီယာပညာရပ်နဲ့ အမျိုးမျိုးအထွေထွေသော နည်းပညာဆိုင်ရာနယ်ပယ်တွေနဲ့ ပတ်သက်တဲ့ လုပ် သားစျေးကွက်မှာ နည်းပညာ ကျွမ်းကျင်မှုမြင့်မားတဲ့ လုပ်သားအင်အားစု အများအပြားအတွက် လိုအပ်ချက် (ဝါ) ဝယ်လိုအားကို တိုးမြင့်စေမှာလည်း ဖြစ်ပါတယ်”

အိန္ဒိယရဲ့ အာကာသနည်းပညာဆိုင်ရာ စီးပွားရေးလုပ်ငန်းတွေကြောင့် သိပ္ပံ၊ အင်ဂျင်နီယာပညာရပ်နဲ့ အမျိုးမျိုးအထွေထွေသော နည်းပညာဆိုင်ရာနယ်ပယ်တွေနဲ့ ပတ်သက်တဲ့ လုပ် သားစျေးကွက်မှာ နည်းပညာ ကျွမ်းကျင်မှုမြင့်မားတဲ့ လုပ်သားအင်အားစု အများအပြားအတွက် လိုအပ်ချက် (ဝါ) ဝယ်လိုအားကို တိုးမြင့်စေမှာလည်း ဖြစ်ပါတယ်။

ချန္ဒရေယန်-၃ မစ်ရှင် အောင်မြင်မှုရဲ့ အကျိုးဆက်အဖြစ် လစူးစမ်းလေ့လာမှုတွေ စဉ်ဆက်မပြတ် ပြုလုပ်နိုင်ရေးအတွက် လကမ္ဘာပေါ်မှာ အခြေခံအဆောက်အဦတွေ တည်ဆောက် ဖို့ ကမ္ဘာ့နည်းပညာနိုင်ငံကြီးတွေအကြား အာကာသနည်းပညာလုပ်ငန်းဆိုင်ရာ ပြိုင်ဆိုင်မှုတွေမှာ အိန္ဒိယက အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာနိုင်တော့မှာ ဖြစ်ပါတယ်။

ချန္ဒရေယန်-၃ မစ်ရှင် အောင်မြင်မှုနဲ့အတူ လကမ္ဘာကို ဘယ်သူပိုင်ဆိုင်သလဲဆိုတဲ့ မေးခွန်းတွေနဲ့ မီဒီယာတွေက သတင်းရေးသားဖော်ပြလာမှုတွေလည်း ရှိနေပါတယ်။ သည်အင်ဒီး ယန်းအိတ်စ်ပရက်စ် ကတော့ “အခုတော့ လကမ္ဘာကို အိန္ဒိယတို့ပိုင်ခဲ့ပြီလို့” မျက်နှာဖုံး‌ခေါင်းစီးကြီးတင်ပြီးတော့ ဝံ့ကြွားစွာနဲ့ ရေးသားဖော်ပြလိုက်ပြီဖြစ်ပါတယ်။ ချန္ဒရေယန်-၃ မစ်ရှင်အောင်မြင်မှုကနေအစပြုပြီးတော့ အိန္ဒိယရဲ့ အာကာသသိပ္ပံနည်းပညာဟာ အနာဂတ်မှာ တရှိန်ထိုး တိုးတက်လာဖို့ ရှိနေပြီးတော့ ၎င်းရဲ့အကျိုးဆက်အဖြစ် အိန္ဒိယရဲ့ စီးပွား ရေးဟာလည်း ကျွဲကူးရေပါဆိုသလို တဟုန်ထိုး လိုက်ပါတိုးတက်လာတော့မှာ ဖြစ်ပါတယ်။

ဩဂုတ်လ ၂၃ ရက်နေ့၊ အိန္ဒိယအာကာသသုတေသနအဖွဲ့ရဲ့ ချန္ဒရေယန်-၃ မစ်ရှင် ထိန်းချုပ်ရေး ဗဟိုဌာနခန်းမထဲက အာကာသသိပ္ပံနည်းပညာရှင်တွေနဲ့ ဝန်ထမ်းတွေဟာ လကမ္ဘာ ဆင်းသက်ယာဉ် လပေါ်ကို ဆင်းသက်နေပုံကို စိတ်လှုပ်ရှားစွာနဲ့ စောင့်ကြည့်နေစဉ်မှာပဲ ဗီခရမ်ဟာ လကမ္ဘာရဲ့ တောင်ဘက်ဝင်ရိုး စွန်းမျက်နှာပြင်ကို တဖြည်းဖြည်းချင်း ချဉ်းကပ် ရောက်ရှိသွားချိန်မှာတော့ တိုင်မင်ကိုက်မထားပဲ ရုတ်တရက် ပြိုင်တူမတ်တပ်ထရပ်ပြီး ပျော်ရွှင်မှုကိုယ်စီနဲ့ လက်ခုပ်တွေဝိုင်းတီးကြပါတော့တယ်။ တချိန်တည်းလိုလို အိန္ဒိယမြို့ တွေရဲ့ လမ်းမတွေပေါ်မှာလည်း ချန္ဒရေယန်-၃ မစ်ရှင် အောင်မြင်မှုအပေါ် ၎င်းပြည်သူတွေရဲ့  ဂုဏ်ယူဝမ်းမြောက်စွာနဲ့ တခဲနက် အားပေးဟစ်ကြွေးသံတွေက အထက်ဘဝဂ်တိုင် လွင့်ပျံနေမှာ အသေအချာပါပဲ။ ချန္ဒရေယန်-၃ မစ်ရှင် အောင်မြင်မှုကြောင့် အစဉ်အလာကြားဖူးနားဝဖြစ်နေတဲ့ “တောင်ကြီးဖဝါး အောက်” ဆိုရိုးစကားပုံဟာ အိန္ဒိယတို့အတွက် ကတော့ “လကမ္ဘာ ဖဝါး‌အောက်” လို့ ဆိုရတော့မှာဖြစ်ကြောင်းပါ။

ထင်လင်း (ပုသိမ်)

ကိုးကား။    ။ New York Times, Times of India, Euronews, INDIA TODAY

“လကမ္ဘာ ဖဝါးအောက်” ရောက်စေခဲ့တဲ့ အိန္ဒိယတို့ရဲ့  ချန္ဒရေယန်-၃ မစ်ရှင် အောင်မြင်မှု အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.