ထင်လင်း (ပုသိမ်)
ရုရှား-ယူကရိန်း စစ်ပွဲဖြစ်ပွားလာတာ ဒီနှစ်ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ နှစ်နှစ်ပြည့်မြောက်ခဲ့ပါပြီ။ ဆိုတော့ ဒီစစ်ပွဲဟာ ရှည်ကြာဦးမှာလား မေးစရာရှိလာပါတယ်။ စစ်မက်ဖြစ်ပွားတဲ့ ကာယကံရှင်နှစ်နိုင်ငံအနေနဲ့ စစ်ဖြစ်ပွားနေရင်းကနေ ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်နေတာလည်း ရှိရဲ့။ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်နိုင်ငံတွေနဲ့ နိုင်ငံတကာအသိုင်းအဝန်းက လည်း ဒီနှစ်နိုင်ငံအကြား ပစ်ခတ်တိုက်ခိုက်မှုရပ်စဲဖို့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်မြောက်ရေးအတွက် ကြားကနေ စေ့စပ်ပေးနေတာတွေလည်း ရှိရဲ့။ ဒါပေမယ့်လည်း အနှီနှစ်နိုင်ငံရဲ့ အမှန်တကယ်အလုပ်ဖြစ်တဲ့ ငြိမ်းချမ်ရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေးအလားအလာကတော့ ကမ်းမမြင်၊ လမ်းမမြင် ဖြစ်နေဆဲပါပဲ။
ကြားဝင်စေ့စပ်တဲ့ နိုင်ငံတစ်နိုင်ငံကတော့ ရုရှားနဲ့ ယူကရိန်းကြား သူပိုင်၊ ငါပိုင်အငြင်းပွားနေတဲ့ ယူကရိန်းအရှေ့ဘက်ခြမ်းက နယ်မြေတချို့မှာ ကုလသမဂ္ဂရဲ့ ကြီးကြပ်ပေးမှုနဲ့ လူထုဆန္ဒခံယူပွဲတွေကျင်းပပြီး အဲဒီဒေသက ပြည်သူတွေကိုယ်တိုင် ၎င်းတို့အနေနဲ့ ဘယ်နိုင်ငံကို ကိုယ်စားပြုသလဲဆိုတာနဲ့ ပတ်သက်ပြီး ၎င်းတို့ကိုယ်တိုင် ရွေးချယ်မှုပြုစေဖို့ အကြံပြုတာလည်း ရှိတယ်။ နိုင်ငံအချို့ကတော့ အစောပိုင်းကာလကတည်းက ရုရှားကသိမ်းယူထားတဲ့ ခရိုင်းမီးယားဒေသကို ယူကရိန်းကိုပြန်ပေး၊ သူပိုင်ကိုယ်ပိုင် အငြင်းပွားနေတဲ့ ယူက ရိန်းအရှေ့ပိုင်းက နယ်မြေတချို့ကို ရုရှားကိုပြန်ပေး စတဲ့နယ်မြေချင်း အလဲအလှယ်လုပ်ပြီး နှစ်နိုင်ငံ စစ်ရေးပဋိပက္ခရပ်စဲဖို့ အကြံပေးကြတာတွေလည်း ရှိတယ်။ ဒါပေမယ့် နိုင်ငံ တကာအသိုင်းအဝန်းရဲ့ ငြိမ်းချမ်းရေး အဖြေရှာရေးအတွက် ဖြစ်တန်ဖွယ် ရွေးချယ်စရာတွေကို ရုရှားရော၊ ယူကရိန်းကပါ ပယ်ချနေခဲ့လို့ ၎င်းတို့နှစ်နိုင်ငံအကြား စစ်ပွဲဟာ ဆက်လက်ကြာရှည်နေမယ့်ပုံပါပဲ။
စစ်ပွဲဖြစ်ပွားရတာရဲ့ ယုတ္တိဆင်ခြေကို နိုင်ငံရေးသိပ္ပံပညာရှင်တွေက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ဖော်ထုတ်ခဲ့ကြပါတယ်။ အဲဒါကတော့ “စစ်ဆိုတာ နိုင်ငံရေးရဲ့ နောက် ဆက်တွဲ”၊ “သွေးထွက်တဲ့ နိုင်ငံရေး”၊ စသဖြင့်။ ဘယ်လို ယုတ္တိဆင်ခြေပဲဖြစ်ဖြစ် နှစ်နှစ်တိုင်ခဲ့ပြီဖြစ်တဲ့ ရုရှား-ယူကရိန်းစစ်ပွဲကြောင့် အကျိုးအမြတ်ရှိနေတဲ့နိုင်ငံတွေ၊ အဖွဲ့အစည်းတွေကတော့ သေချာပေါက် ရှိနေပါတယ်။
ရုရှား-ယူကရိန်းစစ်ပွဲ ရှည်ကြာလာတာနဲ့အမျှ ယူကရိန်းအနေနဲ့ အမေရိကန်ဦးဆောင်တဲ့ အနောက်ကမ္ဘာရဲ့ စစ်ရေးနဲ့ စီးပွားရေး အထောက်အပံ့တွေကို ကြီးမားစွာ မှီခိုနေရဦးမှာပါပဲ။ အပေါ်ယံကြည့်ရင်တော့ အနောက်ကမ္ဘာအနေနဲ့ ၎င်းတို့ ဦးဆောင်မောင်းနှင်နေတဲ့ ကမ္ဘာ့လစ်ဘရယ်အစီအစဉ်ကို ဆက်လက်ကျားကန်ထားဖို့ ယူကရိန်းရဲ့ ရုရှားခုခံစစ်အတွက် ဘဏ္ဍာငွေကြေးနဲ့ လက်နက်ခဲယမ်းတွေ ထောက်ပံ့ပေးထားတာသာဖြစ်တယ်လို့ မြင်ကြမှာပါ။ တကယ်က ဒီလိုယူကရိန်းရဲ့ ရုရှားခုခံစစ်အတွက် ထောက်ပံ့ပေးနေတဲ့ အကြောင်းတ ရားတွေနောက်မှာ အနောက်ကမ္ဘာအတွက် (အထူးသဖြင့် အမေရိကန်အတွက်) လက်ငင်းအကျိုးစီးပွားတွေ ရှိနေပါတယ်။
အမေရိကန်ရဲ့ ပထဝီနိုင်ငံရေးနဲ့ အမျိုးသားကာကွယ်ရေး အကျိုးစီးပွား
ပြီးခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်အတွင်း တရုတ်နိုင်ငံဟာ အမေရိကန်ရဲ့ တစ်နိုင်ငံတည်း ကမ္ဘာ့စူပါပါဝါ အနေအထားကို ကြီးကြီးမားမား ခြိမ်းခြောက်လာခဲ့တာ နိုင်ငံတကာအသိ ဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ အမေရိကန်အနေနဲ့ ပထဝီနိုင်ငံရေး၊ နိုင်ငံတကာ သံခင်းတမန်ခင်း၊ ကမ္ဘာ့ကုန်သွယ်ရေး၊ စစ်အင်အားပြိုင်ဆိုင်မှု စတဲ့ရေးရာတွေမှာ ပခုံးချင်းယှဉ်လာနိုင်ဖို့ အ လားအလာကောင်းနေတဲ့တရုတ်ကို အာရုံစိုက်နိုင်ဖို့ ရုရှားကို ခေတ္တခဏ အာရုံစူးစိုက်မှု လျှော့ချထားဖို့ လိုအပ်လာတယ်။ ဒီလိုအချိန်မှာပဲ ရုရှားက ယူကရိန်းကို စတင်ကျူးကျော်တိုက်ခိုက်မှုကြောင့် ဖြစ်ပွားလာခဲ့တဲ့ ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခဟာ အမေရိကန်အနေနဲ့ ရုရှားအပေါ် အာရုံစူးစိုက်မှု လျှော့ချနိုင်ဖို့အတွက် ဆိုက်ဆိုက်မြိုက်မြိုက် အကြောင်းဖန်လိုက်သလိုပါပဲ။ ဆိုလိုတာက ရုရှားဟာ ယူကရိန်းနဲ့ တိုက်ရိုက်စစ်ပွဲ ဖြစ်ပွားနေတာကြောင့် အမေရိကန်နဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ လောက်လောက်လားလား အင်အားမရှိတော့တာကြောင့် ဖြစ်ပါတယ်။ (အမှန်တကယ်က ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက်ပိုင်း ရုရှားဖက်ဒရေးရှင်းအနေနဲ့ အမေရိကန်နဲ့ တူတူတန်တန် ပခုံးချင်းယှဉ်နိုင်တဲ့အဆင့်မျိုး လုံးဝ မရှိတော့ပါဘူး။ ခြွင်းချက်အနေနဲ့ နူကလီးယားလက်နက်အများအပြား ဆက်လက်ပိုင်ဆိုင်ထားဆဲ ဆိုတာလောက်ပဲ ရှိတော့တာပါ။ စီးပွားရေးအနေနဲ့ကလည်း ရုရှားဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကိုသာ လုံးလုံးလျားလျားနီးပါး မှီခိုနေရတာ ဖြစ်ပါတယ်။)
အမေရိကန်နဲ့ ကမ္ဘာတလွှား ဩဇာကြီးတဲ့ ဝါရှင်တန်ပို့စ် သတင်းစာမှာ ယခင်အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ကွန်ဒိုလီဇာရိုက်စ်နဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဟောင်း ရောဘက်ဂိတ်စ်တို့ မကြာသေးခင်ကမှရေးတဲ့ ဆောင်းပါးတစ်ပုဒ်မှာ အခုလိုမီးမောင်းထိုးပြ ရေးသားခဲ့တာ တွေ့ရမှာပါ။ “အမေရိကန်အနေနဲ့ အနာဂတ်မှာ ရုရှားနဲ့ စစ်ရေးအရ ထိပ် တိုက်ရင်ဆိုင်ရမှုမရှိအောင် ရှောင်လွှဲဖို့ အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုက ယူကရိန်းနယ်မြေထဲကို စတင်ကျူးကျော်ခဲ့တဲ့ ရုရှားကို ပြန်တိုက်ထုတ်ဖို့အတွက် ယူကရိန်းကို ကူညီပံ့ပိုးပေးဖို့ပါပဲ။ အမေရိကန်အနေနဲ့ သမိုင်းသင်ခန်းစာကို ကောင်းကောင်းသုံးသပ်အသုံးချဖို့ လိုအပ်ပါတယ်။ (ဒုတိယကမ္ဘာစစ်အတွင်းနဲ့ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဆိုဗီယက်ပြည်ထောင်စုက အရှေ့ဥရောပတခွင် လွှမ်းမိုးခြယ်လှယ်နိုင်ခဲ့တာကို သင်ခန်းစာအဖြစ် မှတ်ယူပုံရပါတယ်။) ဒါကြောင့် ယူကရိန်းကို ကူညီထောက်ပံ့ပေးဖို့ လက်နှေးနေလို့မရဘူး။ ဒီသမိုင်းသင်ခန်းစာကို မျက်ကွယ်ပြုပြီး ယူကရိန်းသာ စစ်ရှုံးသွားရင် ရုရှားဟာ နေတိုးအဖွဲ့ဝင်နိုင်ငံတွေအထိ ရှေ့ဆက်တိုးပြီး တိုက်ခိုက်လာမှာဖြစ်တယ်။ ဒီလိုဖြစ်လာရင် နေတိုး အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပျက်စီးဆုံးရှုံးမှုတွေ အမှန်တကယ်ကြုံတွေ့လာမှာပါ။” အမေရိကန် အဆင့်မြင့်နိုင်ငံရေးအရာရှိဟောင်းတွေရဲ့ ဒီလိုရေးသားဖော်ပြချက်ဟာ အနာဂတ်ရုရှားခြိမ်း ခြောက်မှုနဲ့ပတ်သက်ပြီး ၎င်းတို့ အမှန်တကယ် စိတ်ပူနေတာဖြစ်နိုင်သလို အခုတလော နိုင်ငံတကာ နိုင်ငံရေးပညာရှင်တွေပြောနေတဲ့ အမေရိကန်က တီထွင်ဖန်တီးလိုက်တဲ့ “ရုရှားခြိမ်းခြောက်မှု သီအိုရီ” ကို ခိုင်မာစေဖို့ မီဒီယာကနေ ကြိုတင်ဝါဒဖြန့် (Media Framing) လိုက်တာလည်း ဖြစ်နိုင်ချေရှိပါတယ်။
အမေရိကန်အနေနဲ့ ဥရောပနိုင်ငံတွေကို ဆိုခဲ့ပါ ရုရှားခြိမ်းခြောက်မှုသီအိုရီအယူအဆနဲ့ ဇာတ်သွင်းထားပြီး၊ ရုရှားက ယူကရိန်းကို တကျော့ပြန် ကျူးကျော်တိုက်ခိုက်မှုမတိုင်ခင် နှစ်ပေါင်းများစွာကတည်းကပင် ၎င်းဦးဆောင်တဲ့ မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့ (NATO)ထဲကို ဥရောပအရှေ့ခြမ်းကနိုင်ငံတွေ (ယခင်ဆိုဗီ ယက်ပြည်ထောင်စုထဲပါဝင်ခဲ့တဲ့ နိုင်ငံတွေအပါအဝင်) အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ပိုမိုပါဝင်လာဖို့ တစိုက်မတ်မတ် ကြိုးပမ်းနေခဲ့တာလည်း ဖြစ်တယ်။
နောက်တချက်က ယူကရိန်းလို နိုင်ငံငယ်တစ်နိုင်ငံကို ယနေ့အချိန်ထိ အသည်းအသန် တိုက်ခိုက်နေတာတောင် ပြတ်ပြတ်သားသား အနိုင်မယူနိုင်သေးတာက ရုရှားအနေနဲ့ စစ်ရေးအင်အားအရ စူပါပါဝါအနေအထားကနေ ယုတ်လျော့သွားပြီဆိုတာ ထင်ရှားစေပါတယ်။ ဒါ့အပြင် ယူကရိန်းကို သမားရိုးကျစစ်နဲ့ ရင်းမြစ်အများအပြားသုံးပြီး တိုက်ခိုက်ခဲ့ရတာကြောင့် ရုရှားအနေနဲ့ စစ်ပွဲပြီးသွားခဲ့ရင်တောင် မူလစစ်အင်အားအတိုင်း ပြန်ဖြစ်ဖို့ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်တွေကို နှစ်ချီလုပ်ဆောင်ရဦးမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အမေရိကန်နဲ့ အနောက်ကမ္ဘာအနေနဲ့ ရုရှားကို အပြင်းအထန်ခုခံစစ်ဆင်နွှဲနေတဲ့ ယူကရိန်းကို ဘဏ္ဍာရေးနဲ့ လက်နက်ခဲယမ်းတွေ ထိထိရောက်ရောက် ထောက်ပံ့ပေးနေတာက နောင်တချိန် ရုရှားရဲ့စစ်အင်အား ကြီးထွားလာနိုင်ချေကို ကြိုတင်ချိုးဖျက်ထားရာရောက်နေတဲ့ အကျိုးကျေးဇူးရှိနေတာဖြစ်တယ်။
ယူကရိန်းကို စစ်ရေးဆိုင်ရာ ထောက်ပံ့ပေးမှုနဲ့ပတ်သက်ပြီး ကိန်းဂဏန်းတွေက ညွှန်ပြတဲ့ အမေရိကန်ရဲ့ စီးပွားရေး အကျိုးစီးပွား
ရုရှားကို ခုခံစစ်ဆင်နွှဲနေဖို့ ဂျာဗလင်လို့ခေါ်တဲ့ မြေပြင်က ဝေဟင်ပစ် ပုခုံးထမ်းဒုံးကျည်စနစ်ကစလို့ လမ်းညွှန်စနစ်ပါဝင်တဲ့ အတွဲလိုက်ဒုံးပစ်စနစ်များအထိ ယူကရိန်းဘက်က အ သုံးပြုနေရတဲ့ လက်နက်ခဲယမ်းအများစုကို အမေရိကန်နိုင်ငံက ထုတ်လုပ်ပေးနေတာပါ။ ဒါတင်မကသေးပဲ စစ်ဖက်သုံးညကြည့်ကိရိယာတွေနဲ့ ခြေလျင်တပ်ဖွဲ့နဲ့ အထူးတပ်ဖွဲ့တွေ အသုံးပြုတဲ့ အော်တိုမက်တစ်ချေမှုန်းရေးရိုင်ဖယ်တွေအထိတောင် အမေရိကန်က ယူကရိန်းကို ဆက်လက်ထောက်ပံ့ပေးဖို့ ရှိနေပါတယ်။
“ လက်ရှိအချိန်ထိ ယူကရိန်းရဲ့ ခုခံစစ်အတွက် အမေရိကန်ကပေးအပ်ထားတဲ့ ထောက်ပံ့ငွေစုစုပေါင်းရဲ့ ၉၀ ရာခိုင်နှုန်းဟာ ယူကရိန်းကိုမရောက်ပဲ အမေရိကန်နိုင်ငံမှာပဲ ရှိနေတာပါ။ ဆိုလိုတာက အဆိုပါထောက်ပံ့ငွေ ၉၀ ရာခိုင်နှုန်းဟာ ယူကရိန်းကိုပေးအပ်မယ့် လက်နက်တွေအတွက် အမေရိကန်အစိုးရရဲ့ ရင်းနှီးမြှုပ်နှံမှုအနေနဲ့ ယင်းပြည်တွင်းက ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးလုပ်ငန်း ကော်ပိုရေးရှင်းတွေဆီကို စီးဝင်သွားတာ ဖြစ်ပါတယ်။”
လက်ရှိအချိန်ထိ ယူကရိန်းရဲ့ ခုခံစစ်အတွက် အမေရိကန်ကပေးအပ်ထားတဲ့ ထောက်ပံ့ငွေစုစုပေါင်းရဲ့ ၉၀ ရာခိုင်နှုန်းဟာ ယူကရိန်းကိုမရောက်ပဲ အမေရိကန်နိုင်ငံမှာပဲ ရှိနေတာပါ။ ဆိုလိုတာက အဆိုပါထောက်ပံ့ငွေ ၉၀ ရာခိုင်နှုန်းဟာ ယူကရိန်းကိုပေးအပ်မယ့် လက်နက်တွေအတွက် အမေရိကန်အစိုးရရဲ့ ရင်းနှီးမြှုပ်နှံမှုအနေနဲ့ ယင်းပြည်တွင်းက ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးလုပ်ငန်း ကော်ပိုရေးရှင်းတွေဆီကို စီးဝင်သွားတာ ဖြစ်ပါတယ်။ ကာကွယ်ရေးလုပ်ငန်းတွေအတွက် ဒေါ်လာဘီလီယံပေါင်းများစွာ စီးဝင်သွားတာကြောင့် အမေရိကန် ပြည်တွင်းအလုပ်အကိုင်နေရာပေါင်းသောင်းချီ ဖန်တီးပေးရာလည်း ရောက်တယ်။ ဒါဟာ ကိုဗစ်ကြောင့် နိုင်ငံ့စီးပွားရေးတိုးတက်မှု နှေးကွေးနေတဲ့ အမေရိကန်အတွက် တစုံတရာ စီးပွားရေးအခွင့်အလမ်း ပေါ်လာတာလို့ ဆိုနိုင်ပါတယ်။ (ကမ္ဘာပေါ်က အစိုးရတိုင်း ကျင့်သုံးရလေ့ရှိတဲ့ ဘဏ္ဍာရေးမူဝါဒတစ်ရပ်ကတော့ အစိုးရဘက် ဂျက်သုံးစွဲမှုကနေ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေအတွက် ဝယ်လိုအားတိုးမြင့်အောင် ဖော်ဆောင်ပေးရတာမျိုး ဖြစ်ပါတယ်။ ဝယ်လိုအားတိုးမြင့်မှုကြောင့် ကုန်ထုတ်လုပ်မှုနဲ့ အလုပ်အကိုင်တွေ တိုးပွားများပြားပြီး နိုင်ငံ့စီး ပွားရေး ပိုမိုအသက်ဝင်လာလေ့ရှိတတ်ပါတယ်။ စာရေးသူ)
ရုပ်ကြွင်းလောင်စာ ထုတ်လုပ်ရောင်းချတဲ့ ကော်ပိုရေးရှင်းတွေရဲ့ အကျိုးစီးပွား
ဥရောပနိုင်ငံတွေဟာ ၎င်းတို့စွမ်းအင်လိုအပ်ချက်စုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းကို ရုရှားကတင်ပို့တဲ့ သဘာဝဓာတ်ငွေ့ကနေ ဖြည့်တင်းသုံးစွဲနေတာ ဖြစ်ပါတယ်။ ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်လာချိန်မှာတော့ နေတိုးအဖွဲ့ခေါင်းဆောင် အမေရိကန်ရဲ့ ဖိအားပေးမှုနဲ့အတူ ဥရောပနိုင်ငံတွေအနေနဲ့ ရုရှားက သဘာဝဓာတ်ငွေ့ကို ဆက်လက်တင်သွင်းမှုနဲ့ပတ်သက်ပြီး ပြန်လည်သုံးသပ်လာရတယ်။ အကြောင်းကတော့ ယူကရိန်းကို တိုက်ခိုက်မယ့် ရုရှားရဲ့ စစ်ရေးဘက်ဂျက်အတွက် ၎င်းရဲ့ စွမ်းအင်ပို့ကုန်ကရတဲ့ ဝင်ငွေတွေက အခရာ ကျနေတာကြောင့် ဖြစ်ပါတယ်။ ဒါ့ကြောင့် ရုရှား-ယူကရိန်းစစ်ပွဲ စတင်ဖြစ်ပွားတာနဲ့တပြိုင်နက် ဥရောပနိုင်ငံတွေဟာ ၎င်းတို့ရဲ့စွမ်းအင်လုံခြုံရေးအပေါ် အကြီးအကျယ် ဂယက်ရိုက်ခတ်လာတာကြောင့် ဆောင်းတွင်းကာလမှာ အရေးပေါ်အသုံးပြုဖို့ လိုအပ်တဲ့စွမ်းအင်ကို ရုရှားတစ်နိုင်ငံတည်းကမဟုတ်ဘဲ တခြားသော နိုင်ငံတကာစွမ်းအင်ကုမ္ပဏီတွေဆီကလည်း ရယူဖို့ဖြစ်လာတယ်။ တချိန်တည်းမှာပဲ ကမ္ဘာ့စွမ်းအင်ထောက်ပံ့ရေးအတွက် အရေးကြီးတဲ့ နိုင်ငံကြီးတစ်နိုင်ငံဖြစ်တဲ့ ရုရှားကိုယ်တိုင် စစ်ပွဲမှာ ကာယကံမြောက် တိုက်ရိုက်ပါဝင်နေတာကြောင့် ကမ္ဘာ့စွမ်းအင်စျေးကွက် လှုပ်ခတ်သွားခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့ ကမ္ဘာ့ရုပ်ကြွင်းလောင်စာစျေးနှုန်း (အထူးသဖြင့် သဘာဝဓာတ်ငွေ့နဲ့ ရေနံစျေးနှုန်း) တွေ မြင့်တက်လာခဲ့တယ်။
ရုရှား-ယူကရိန်း စစ်ပွဲဖြစ်ပွားနေတဲ့ နှစ်နှစ်တာကာလအတွင်း အမေရိကန်နဲ့ ဥရောပက ကမ္ဘာကျော် ရေနံနဲ့ သဘာဝဓာတ်ငွေ့ထုတ်လုပ်တဲ့ ကော်ပိုရေးရှင်းတွေအနေနဲ့ (ပုံမှန် မြတ်စွန်းရမယ့် အမြတ်ပမာဏထက်) ဘီလီ ယံ ၂၀၀ ကျော် အမြတ်အစွန်း ပိုမိုရရှိနေတယ်လို့ ကမ္ဘာ့စွမ်းအင်လုံခြုံရေးဆိုင်ရာ စစ်တမ်းတွေက မီးမောင်းထိုး ဖော်ပြနေပါတယ်။
တရုတ်နဲ့ အိန္ဒိယ နိုင်ငံတွေရဲ့ အကျိုးစီးပွား
ယူကရိန်းကို ကျူးကျော်ပြီးချိန်ကစပြီး အမေရိကန်နဲ့ အနောက်ကမ္ဘာရဲ့ ပိုမိုးတိုးမြင့်လာတဲ့ စီးပွားရေးပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်လာရတဲ့ ရုရှားအတွက် စီးပွားရေးအသက်ရှူပေါက်က တော့ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေပါပဲ။ အနောက်ကမ္ဘာက ရုပ်ကြွင်းလောင်စာတင်သွင်းမှု ကန့်သတ်ပိတ်ဆို့ခံရမှုနဲ့ တခြားစီးပွားရေးပိတ်ဆို့ခံရမှုတွေကြောင့် အရပ်အခေါ် ဗိုက်နာနေတဲ့ရုရှားဟာ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေဆီ ၎င်းရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကို စျေးကွက်ပေါက်စျေးထက် ၃၀ ရာခိုင်နှုန်းလျှော့ချပြီး ရောင်းရပါတော့တယ်။
ဒါကြောင့်ပဲ ကမ္ဘာ့စက်ရုံကြီးလို့ တင်စားခေါ်ဝေါ်ခံရတဲ့ တရုတ်နိုင်ငံဟာ ၎င်းရဲ့ ကြီးမားတဲ့စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းဖို့အတွက် စျေးသက်သက်သာသာနဲ့ရနေတဲ့ ရုရှားရုပ်ကြွင်းလောင်စာတွေက ကြီးမားတဲ့ အထောက်အကူဖြစ်နေတယ်။ တရုတ်နိုင်ငံဟာ ကမ္ဘာ့ရုပ်ကြွင်းလောင်စာ အများဆုံးတင်သွင်းသူဖြစ်ပြီး ၎င်းတင်သွင်းတဲ့ ရေနံနဲ့ သဘာဝဓာတ် ငွေ့အများစုဟာ အရှေ့အလယ်ပိုင်းဒေသနဲ့ ရုရှားဆီက ဖြစ်ပါတယ်။ အခုအချိန်မှာ ရုရှားဆီကနေ လောင်စာတွေ စျေးချိုချိုနဲ့ များများရရှိနေတာကြောင့် သပွတ်အူလို ရှုပ်ထွေးနေတဲ့ အရှေ့အလယ်ပိုင်းက လောင်စာတွေအပေါ် မှီခိုနေရမှု လျှော့ချနိုင်တာကြောင့် တရုတ်အနေနဲ့ ၎င်းရဲ့ စွမ်းအင်လုံခြုံရေးနဲ့ ယင်းနဲ့ဆက်စပ်နေတဲ့ အမျိုးသားလုံခြုံရေးအတွက် များစွာအကျိုးရှိနေတယ်။ ဒါပေမယ့် တဖက်မှာ အမေရိကန်ရဲ့ အမျက်ဒေါသသင့်ခံရပြီး ရုရှားနဲ့ ပူးတွဲစာရင်းထဲ ပါလာမှာစိုးရိမ်တာကြောင့် တရုတ်အနေနဲ့ ရုရှားကို ပေါ်တင်ထောက်ပံ့တာမျိုးကို လက်ရှောင်ပြီး ၎င်းတို့ရဲ့ အများပြည်သူထုတ်ပြန်ကြေညာချက်တွေမှာလည်း ရုရှားအရေးကိစ္စနဲ့ပတ်သက်ပြီး လွန်လွန်ကြူးကြူး ဖော်ပြလေ့မရှိတာ တွေ့ရမှာပါ။
တဖန် အိန္ဒိယနိုင်ငံအနေနဲ့လည်း ရုရှားနိုင်ငံက စျေးသက်သာတဲ့ ရေနံစိမ်းနဲ့ သဘာဝဓာတ်ငွေ့တွေကြောင့် ၎င်းတို့ရဲ့ ရေနံထွက်ပစ္စည်းတွေ ကမ္ဘာ့စျေးကွက်ကို တင်ပို့ရောင်းချရာမှာ များစွာတွက်ချေကိုက်နေပြန်ပါတယ်။ တဖက်မှာတော့ အင်ဒို-ပစိဖိတ်ဒေသအတွင်း ကြီးထွားလာတဲ့ တရုတ်ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရတဲ့ အိန္ဒိယကလည်း အမေရိကန်ကို လို အပ်မြဲလိုအပ်နေတာကြောင့် ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခအကြား ကြားနေပုံစံမျိုးသာ ရပ်တည်ပြပြီး ယုန်သူငယ်နှာစေးနေတာ ဖြစ်ပါတယ်။
ဒီတော့ ပြန်ချုပ်ကြည့်ရင် ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခကြောင့် အဆိုပါနှစ်နိုင်ငံရဲ့ မြေဇာပင် ပြည်သူတွေသာ အတိဒုက္ခရောက်ကြရပြီး စစ်တလင်းဖြစ်သွားတာကြောင့် စီးပွားရေးတိုးတက်ဖို့အတွက် ရင်းနှီးမြှုပ်နှံရမယ့် အဖိုးတန်ရှားပါး တိုင်းပြည်ရင်းမြစ်တွေ ဆုံးရှုံးပျက်စီးကြရပါတယ်။ တဖက်မှာတော့ အနှီနှစ်နိုင်ငံရဲ့စစ်ပွဲကြောင့် အကျိုးအမြတ်ရနေကြတဲ့ နိုင်ငံတွေ၊ အဖွဲ့အစည်းတွေအနေနဲ့ ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခ ချုပ်ငြိမ်းဖို့ ဝင်ရောက်ဖျန်ဖြေ အကျိုးဆောင်နေကြတာတွေဟာ ၎င်းတို့ရဲ့ တကယ့်စိတ်ရင်းလား၊ ၎င်းတို့ ပုံရိပ်ကောင်းအောင် စိတ်မပါ့တပါ ဆောင်ရွက်နေကြတာလားဆိုတာကတော့ ၎င်းတို့ကာယကံရှင်တွေ ကိုယ်တိုင်ပဲ သိပါလိမ့်မယ်။
ထင်လင်း (ပုသိမ်)
ကိုးကား။ ။ https://thegeopolitics.com/,https://www.atlanticcouncil.org, https://www.nytimes.com/, https://www.politico.eu/
ရုရှား-ယူကရိန်းစစ်ပွဲကနေ ဘယ်သူတွေ အကျိုးအမြတ်ဖြစ်ထွန်းနေလဲ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်