ထင်လင်း(ပုသိမ်)
စက်တင်ဘာလ ၉ ရက်နဲ့ ၁၀ ရက်နေ့မတိုင်ခင်ကပင် အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီရဲ့ လမ်းမကြီးအတော်များများဟာ မဖြတ်သန်းရဧရိယာများနဲ့ ကန့်သတ်ထားခံရပြီးတော့ ကျောင်းတွေနဲ့ ရုံးတွေအများစုကိုလည်း ပိတ်ထားတာ တွေ့ရမှာဖြစ်ပါတယ်။ လမ်းပလက်ဖောင်းဘေးနား စျေးဆိုင်ခင်း ရောင်းချသူတွေ အနေနဲ့လည်း ရက်ပိုင်း ဆိုင်ပိတ်ခိုင်းထား ခံရလို့ ယခင် စျေးရောင်းစျေးဝယ်တွေနဲ့ ဆူညံပွက်လောရိုက် စည်ကားနေတဲ့ နယူးဒေလီရဲ့ လမ်းမအတော်များများဟာ ယခင်ကထက် တိတ်ဆိတ်နေပါတော့တယ်။ နယူးဒေလီ လမ်းမကြီးတွေရဲ့ ဝဲယာတလျှောက် အိန္ဒိယဝန်ကြီးချုပ်မိုဒီရဲ့ ရုပ်ပုံကြီးတွေပါဝင်တဲ့ ဆိုင်းဘုတ်ကြီးတွေကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။
တကယ်တော့ ဒီအခြင်းအရာတွေက စက်တင်ဘာလ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့စက်မှုအင်အားကြီးနိုင်ငံ (၂၀) (G-20 Summit) ရဲ့ ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် အိန္ဒိယနိုင်ငံရဲ့ ကြိုတင်ပြင်ဆင်မှုတွေ ဖြစ်ပါတယ်။ ထူးခြားတာက ဒီ G-20 ထိပ်သီးဆွေးနွေးပွဲဟာ ၁၉၈၃ ခုနှစ် ဘက်မလိုက်နိုင်ငံများအဖွဲ့ အ စည်းအဝေးနဲ့ ဓနသဟာယနိုင်ငံများ အစည်းအဝေးတွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပြီးနောက်ပိုင်း နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံးအကြိမ် နိုင်ငံတကာခေါင်းဆောင် အတော် များများ ပါဝင်တက်ရောက်တဲ့ အကြီးမားဆုံး ထိပ်သီးအစည်းအဝေးတစ်ရပ်ကို အိန္ဒိယက လက်ခံကျင်းပရတာပဲ ဖြစ်ပါတယ်။
“တစ်ခုတည်းသော မြေကမ္ဘာ၊ တစ်ခုတည်းသော မိသားစု၊ တစ်ခုတည်းသော အနာဂတ်” ဆိုတဲ့ အိမ်ရှင်အိန္ဒိယရဲ့ G-20 ထိပ်သီးအစည်းအဝေး ကြွေးကြော်သံ ဆောင်ပုဒ်အောက်မှာ ဆွေးနွေးခဲ့ကြတာတွေက ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး၊ စားနပ်ရိက္ခာလုံခြုံရေး၊ စွမ်းအင်၊ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒစ်ဂျစ်တယ်အခြေပြု စီးပွားရေး၊ သ ဘာဝပတ်ဝန်းကျင်နဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်တွေဖြစ်ပါတယ်။ ရုရှားက ယူကရိန်းကို ကျူးကျော်လို့ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲဟာလည်း G-20 ထိပ်သီးအစည်းအဝေးမှာ ပါ ဝင်ခဲ့တဲ့ အစည်းအဝေး အစီအစဉ်တစ်ရပ်ဖြစ်ပြီးတော့ များသောအားဖြင့် ယူကရိန်းအပေါ် ရုရှားကကျူးကျော်ခဲ့တဲ့ စစ်ပွဲကြောင့် ရိုက်ခတ်ခံနေရတဲ့ ကမ္ဘာ့စီးပွားရေးအခြေအနေနဲ့ ပြန်လည်ကုစားရမယ့် ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ဂျပန်နိုင်ငံဘက်က ဦးဆောင်ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။
ဒါပေမယ့်လည်း G-20 နိုင်ငံအများစုကတော့ ယူကရိန်းမှာ တရားမျှတပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရရှိရေးနဲ့ ကမ္ဘာ့ကုလသမဂ္ဂပဋိညာဉ်ကို ပြန်လည်လေ့လာဖို့ စတာတွေနဲ့ ပဲ ယူကရိန်းအပေါ် ရုရှားကျူးကျော်စစ်နဲ့ ပတ်သက်ပြီး “မြွေမသေ၊ တုတ်မကျိုး” သဘောမျိုးသာ ဆွေးနွေးသဘောတူ ထုတ်ပြန်ခဲ့ကြတာ ဖြစ်ပါတယ်။ ယူကရိန်းအရေးကိစ္စနဲ့ ပတ် သက်ပြီး ဘုံသဘောထားထုတ်ပြန်ချက်မှာ ပါဝင်တာက “ယူကရိန်းပဋိ ပက္ခကြောင့် အပြစ်မဲ့ပြည်သူများ အတိဒုက္ခရောက်မှုနဲ့ ဆိုးရွားပြင်းထန်တဲ့ အကျိုးဆက်ဖြစ်တဲ့ ကမ္ဘာ့စားနပ် ရိက္ခာနဲ့ စွမ်းအင်ဆိုင်ရာ အကြပ်အတည်းများ ဖြစ်ပွားခဲ့မှုအပေါ် ဆန့်ကျင်ရှုံချကြောင်း” သာပါရှိခဲ့ပြီး ရုရှားကို တိုက်ရိုက်ညွှန်းဆို ပြောဆိုတာမျိုး မရှိခဲ့ပါဘူး။ ယူကရိန်းအရေးကိစ္စ အပေါ် G-20 ဘုံသဘောတူထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ဂုဏ်ယူလောက်စရာ မရှိကြောင်းနဲ့ G-20 ထိပ်သီးဆွေးနွေးပွဲ တက်ရောက်တဲ့ နိုင်ငံတွေအနေနဲ့ ယူကရိန်းမှာ ဖြစ်ပွားနေတဲ့ လက်ရှိအခြေအနေတွေကို ဒီ့ထက်ပိုပြီး နားလည်နိုင်စွမ်းရှိပါတယ်လို့ ယူကရိန်းအစိုးရက တုံ့ပြန်ပြောကြားထားပါတယ်။
နိုင်ငံအချို့အနေနဲ့ ထိပ်သီးအစည်းအဝေးတက်ရောက်ရင်း သီးသန့်ဘေးပြင်ပ အစည်းအဝေးတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။ ဒီထဲက ထင်ထင်ရှားရှားရှိတာက တောင်အာရှ၊ အရှေ့ အလယ်ပိုင်းနဲ့ ဥရောပတို့အကြား စီးပွားကုန်သွယ်မှု ပိုမိုတိုးတက်စေရေးအတွက် အဆိုပါဒေသကြီး ၃ ခုအကြား ချိတ်ဆက်နိုင်မယ့် ရထားနဲ့ ပင်လယ်ရေကြောင်း လမ်းသစ်များ ဖော်ထုတ်သွားနိုင်ရေးကို အမေရိကန်၊ အိန္ဒိယ၊ ဆော်ဒီအာရေးဗီးယားနဲ့ ဥရောပသမဂ္ဂတို့အကြား ဆွေးနွေးခဲ့ကြပြီး ဘုံသဘောတူထုတ်ပြန် ကြေညာနိုင်ခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါ ဒေသကြီး ၃ ခုအကြား စီးပွားကုန်သွယ်မှုလမ်းကြောင်းသစ်တွေ ဖော်ထုတ်ဖို့ သဘောတူခဲ့တာဟာ တရုတ်နိုင်ငံရဲ့ ခါးပတ်နဲ့ လမ်းစီမံကိန်း (Belt and Road Initiative) ကို တန်ပြန် ဆောင်ရွက်တဲ့သဘောလို့လည်း ရှုမြင်လို့ ရနိုင်ပါတယ်။
G-20 ထဲ အာဖရိကယူနီယံ ပါဝင်လာတာရဲ့ နောက်ကွယ်
အိန္ဒိယက လက်ခံကျင်းပတဲ့ G-20 ထိပ်သီးဆွေးနွေးပွဲမှာတော့ အားလုံးသိပြီး ကြတဲ့အတိုင်း အာဖရိကတိုက်ထဲက နိုင်ငံ (၅၀) ကျော်နဲ့ ဖွဲ့စည်းထားတဲ့ အာဖရိကယူနီယံ (African Union) ဟာ အမြဲတမ်းအဖွဲ့ဝင် အဖွဲ့အစည်းကြီးတစ်ခုအဖြစ် G-20 အဖွဲ့ထဲ ပါဝင်လာတာ တွေ့ရမှာဖြစ်ပါတယ်။ ဒါကလည်း G-20 လို ကမ္ဘာ့စက်မှုအင်အားကြီးနိုင်ငံများနဲ့ စုဖွဲ့ ထားတဲ့ အဖွဲ့အစည်းကြီးအနေနဲ့ ကမ္ဘာလုံးဆိုင်ရာ ဖိုရမ်မျိုးဖြစ်သင့်ကြောင်း လေ့လာသုံးသပ်သူအများအပြားက စတင်ပြောဆို ဝေဖန်လာကြတဲ့အချိန်နဲ့လည်း တိုက်ဆိုင်နေတယ်။ G-20 ထဲ အာဖရိကယူနီယံ ပါဝင်လာတာက အခြားသော ဒေသဆိုင်ရာ အဖွဲ့အစည်းကြီးတွေနဲ့ ဒေသဆိုင်ရာ ဖွံ့ ဖြိုးရေးအင်စတီကျူးရှင်းတွေပါ ပါဝင်လာနိုင်ဖို့ ပိုမိုဖွင့်လှစ်ပေးတဲ့ သဘောလည်း ဆောင်နေပါတယ်။
အာဖရိကယူနီယံကိုယ်တိုင်လည်း ဒုတိယကမ္ဘာစစ်နောက်ပိုင်း ကမ္ဘာ့အစီအစဉ် (World Order) ကို မောင်းနှင်လာခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းကြီးတွေမှာ (ဥပမာ- ကမ္ဘာ့ကု လသမဂ္ဂလုံခြုံရေးကောင်စီ အပါအဝင်) ပိုမိုအဓိပ္ပါယ်ပြည့်ဝတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာဖို့ ဆန္ဒရှိနေတယ်။ အထူးသဖြင့် ငွေချေးယူတာထက် ဘဏ္ဍာငွေထည့်ဝင်နိုင်ဖို့ ပိုမိုဖိ အားပေးလာကြတဲ့ ကမ္ဘာ့ဘဏ္ဍာရေးစနစ် (ကမ္ဘာဘဏ်အပါအဝင်) ကို ပြောင်းလဲဖို့ အာဖရိကယူနီယံက လိုလားနေကြတာ ဖြစ်ပါတယ်။ အာဖရိကနိုင်ငံတွေအနေနဲ့ ၎င်းတို့အပေါ် အစဉ်အလာကို လိုနီပြုခဲ့ကြတဲ့ ဥရောပနိုင်ငံကြီးတွေနဲ့ အမေရိကန်နိုင်ငံလို့ ကမ္ဘာ့စူပါပါဝါနိုင်ငံကို ကျော်လွန်ပြီး မျက်မှောက်ကာလ အသစ်ပေါ်ထွန်းလာတဲ့ တခြားသော အင်အား ကြီးနိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ စိတ်ဝင်စားမှုတွေရရှိဖို့ ပိုမိုအာရုံစိုက်ကြိုးပမ်းလာကြတာကလည်း ယခုလို G-20 ထဲ ပါဝင်လာတာရဲ့ အကြောင်းရင်းတစ်ရပ် ဖြစ်ပါတယ်။
ငတ်မွတ်ခေါင်းပါးမှုတွေ၊ ပြည်တွင်းစစ်ပွဲတွေ၊ သဘာဝဘေးအန္တရာယ်တွေနဲ့ အစွန်းရောက်ဝါဒတွေရဲ့ ရိုက်ခတ်မှုဒဏ် ကြီးကြီးမားမားခံစားနေရတဲ့ အာဖရိကနိုင်ငံတွေအနေနဲ့ အင် အားကြီးနိုင်ငံတွေအကြား ဘက်တစ်ဖက်ဖက်ကို မရွေးချယ်လိုကြဘဲ ဒေသဆိုင်ရာအဖွဲ့အစည်းတွေ၊ ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းကြီးတွေနဲ့ ပါဝင်ပူးပေါင်းဆောင်ရွက်မှုတွေ တိုး မြှင့်ဆောင်ရွက်တာကသာ အာဖရိကတိုက်ကြီးအတွက် ငြိမ်းချမ်းဖွံ့ဖြိုးမှုကိုဆောင် ကြဉ်းပေးနိုင်မယ်လို့ ယူဆထားကြတာပါ။ သာဓကတစ်ခုပြရရင် တချို့အာဖရိကနိုင်ငံတွေ အ နေနဲ့ ပဋိပက္ခဖြစ်ပွားနေတဲ့ နိုင်ငံတွေအကြား ကြားကဖျန်ဖြေပေးတဲ့ အကျိုးဆောင်သဘောမျိုးသာ ဆောင်ရွက်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ရုရှား-ယူကရိန်း ပဋိပက္ခ အဖြေရှာရေးအတွက် အာဖရိကရဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုတွေက အထင်အရှား သက်သေခံနေပါတယ်။
မိုဒီအတွက် နိုင်ငံရေးအကျိုးအမြတ်
ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာ အိန္ဒိယက လကမ္ဘာစူးစမ်းလေ့လာရေးအတွက် ချန္ဒရေ ယန်-၃ မစ်ရှင် လုပ်ဆောင်ခဲ့တာမှာ အောင်မြင်မှုအကြီးအကျယ်ရရှိခဲ့တာ ကမ္ဘာသိဖြစ်ပါတယ်။ ကမ္ဘာ့အာကာသနည်းပညာ အင်အားကြီးနိုင်ငံကြီးတချို့ကို ကျော်လွန်ပြီး အိန္ဒိယက လကမ္ဘာတောင်ဝင်ရိုးစွန်းမျက်နှာပြင်ကို ဩဂုတ်လမှာ အောင်အောင်မြင်မြင် ဆင်းသက်ပြခဲ့ပြီး စက်တင်ဘာလမှာတော့ G-20 ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တာပါ။ ဒါက ရှေ့ဆင့်နောက်ဆင့် မတော်တဆ တိုက်ဆိုင်တာမဟုတ်ပဲ အိန္ဒိယက ရည်ရွယ် ချက်ရှိရှိနဲ့ G-20 ထိပ်သီးအစည်းအဝေးမတိုင်ခင် အဆိုပါ ချန္ဒရေယန်-၃ မစ်ရှင်အောင်မြင်ရေးအတွက် အစွမ်းကုန် အာရုံစိုက်လုပ်ဆောင်ခဲ့တာသာ ဖြစ်ပါတယ်။
မိုဒီအနေနဲ့ အာရှတောင်ဘက်ခြမ်းကို ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေးနဲ့ စီးပွားရေး ဗဟိုချက်ဖြစ်ဖို့ လိုလားသလို အဲဒီဗဟိုချက်ကို မောင်းနှင်တာကလည်း အိန္ဒိယဖြစ်လာဖို့ ရည်မှန်းချက် ကြီးကြီး ရှိထားပါတယ်။ ဒီအတွက်လည်း မိုဒီကိုယ်တိုင်က G-20 အဖွဲ့ကြီးရဲ့ ဥက္ကဌအနေနဲ့ အာဖရိကယူနီယံကို G-20 ထဲ အမြဲတမ်းအဖွဲ့ဝင်အနေနဲ့ ပါဝင်လာဖို့ ဦးဆောင်တဲ့အခန်း ကဏ္ဍကနေ ဆောင်ရွက်ပြခဲ့တာ ဖြစ်ပါတယ်။ မိုဒီအတွက် အကျိုးအမြတ် ကြီးကြီးမားမားရခဲ့တာကတော့ G- 20 ထိပ်သီးအစည်းအဝေး အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တာက ၎င်းကို အရေးကြီးတဲ့ ကမ္ဘာ့ခေါင်းဆောင်အဖြစ် နိုင်ငံတကာ နိုင်ငံရေးစင်မြင့်မှာ ထင်ပေါ်စေခဲ့တာ ဖြစ်ပါတယ်။ ဒီလို နိုင်ငံတကာပုံရိပ်က ၎င်းရဲ့ ပြည်တွင်းနိုင်ငံရေး ပုံရိပ်ကို ကြီးမား တဲ့ အထောက်အပံ့ဖြစ်စေပြီး လာမယ့် ၂၀၂၄ မှာ ကျင်းပမယ့် အိန္ဒိယအထွေထွေရွေးကောက်ပွဲမှာ လူထုရဲ့ ယုံကြည်အားကိုးထောက်ခံမှု ကြီးကြီးမားမားရဖို့ အခြေအနေကောင်းစေ ပြန်ပါတယ်။ အမှန်တကယ်လည်း လူ ထုစစ်တမ်းကောက်ယူမှုအရ အိန္ဒိယလူဦးရေ စုစုပေါင်းရဲ့ သုံးပုံ နှစ်ပုံလောက်က ၎င်းတို့ အိန္ဒိယအနေနဲ့ ကမ္ဘာကြီးအပေါ် လွှမ်းမိုးမှု တိုးသ ထက်တိုးလာနေတယ်လို့ ယုံကြည်ယူဆနေကြတာ ဖြစ်ပါတယ်။ ဆိုရရင် မိုဒီအနေနဲ့ G-20 အတွက် ချမှတ်ထားတဲ့ ရည်မှန်းချက်ပန်းတိုင်တွေအားလုံးလိုလို ပြည့်မြောက်ပုံရတာကို တွေ့ရမှာပါ
ယူကရိန်းအရေးကိစ္စ
တဖက်မှာ မိုဒီအနေနဲ့ ၎င်းရည်မှန်းချက် မြင့်မြင့်မားမားထားရှိတဲ့ G-20 ထိပ် သီးဆွေးနွေးပွဲမှာ ရုရှား-ယူကရိန်း ပဋိပက္ခက အရိပ်မထိုးစေရေး တားဆီးဖို့အတွက် စိန်ခေါ်မှုများ ရှိ ခဲ့တာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ ပထမဆုံးအချက်ကတော့ မိုဒီအနေနဲ့ G-20 ဥက္ကဌနေရာကို အသုံးချပြီး ယူကရိန်းကို ၎င်းအိမ်ရှင်အဖြစ် တာဝန်ယူကျင်းပတဲ့ ထိပ်သီးအစည်း အဝေးကို မဖိတ်ပဲထားခဲ့တာပါ။ ထိပ်သီးအစည်းအဝေး အိမ်ရှင်အခွင့်အရေးကိုရယူပြီး အစည်းအဝေးအစီအစဉ်ကို တာဝန်ယူရတဲ့ အိန္ဒိယရဲ့ပါးနပ်မှုကြောင့် ယူကရိန်းကို အပြည့်အ ဝထောက်ခံတဲ့ ကမ္ဘာ့စက်မှုအင်အားကြီး ၇ နိုင်ငံ (G-7) နိုင်ငံတွေအနေနဲ့ ယူကရိန်းအရေးကိစ္စကို G-20 ထိပ်သီးအစည်းအဝေးမှာ တင်ပြဆွေးနွေးဖို့ အခွင့်မသာခဲ့တာလည်း ရှိခဲ့ပါ တယ်။
တကယ်တော့ G-20 မှာ အုပ်စု (Bloc) ကြီး ၂ ခု ပါဝင်နေတာကို တွေ့ရမှာပါ။ ပထမအုပ်စုတစ်ခုက ကမ္ဘာ့လစ်ဘရယ်အစီအစဉ်ကို မောင်းနှင်နေတဲ့ စက်မှုအင်အားကြီး ဒေါင်ဒေါင် မြည် ဒီမိုကရေစီ (၇) နိုင်ငံပါဝင်တဲ့ G-7 ဖြစ်ပြီးတော့ နောက်တစ်အုပ်စုကတော့ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိကနိုင်ငံတွေပါဝင်တဲ့ (BRICS) ဖြစ်ပါတယ်။ ဆိုရ ရင် BRICS အဖွဲ့ဝင်ဖြစ်တဲ့ အိန္ဒိယက ယူကရိန်းအရေးကိစ္စကို G-20 အစည်းအဝေးမှာ ခပ်ဖျော့ဖျော့ပဲ ထားချင်တာက ကျိုးကြောင်းဆီလျော်သလို ရှိခဲ့ပုံရပါတယ်။ လာမယ့် ၂၀၂၄ ခုနှစ်မှာ G-20 ဥက္ကဌနေရာ တာဝန်ယူမယ့် ဘရာဇီးနိုင်ငံရဲ့ သမ္မတကလည်း G-20 ဟာ အဖွဲ့ဝင်နိုင်ငံတွေအကြား စီးပွားရေးဖိုရမ်သဖွယ် ဆွေးနွေးညှိနှိုင်းကြဖို့ ဖွဲ့စည်းခဲ့တာဖြစ်တာ ကြောင့် စစ်ပွဲနဲ့ ငြိမ်းချမ်းရေးကိစ္စကို G-20 ထိပ်သီးအစည်းအဝေးမှာ အကြိတ်အနယ်ဆွေးနွေးဖို့ မသင့်လျော်ဘူးလို့လည်း ပြောခဲ့တာရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မိုဒီကတော့ ထိပ်သီးအစည်းအဝေးအပေါ် ယူကရိန်းအရေးကိစ္စ မရိုက်ခတ်ရေးအတွက် လိမ္မာပါးနပ်စွာကိုင်တွယ်ပြီး G-20 ဥက္ကဌတာဝန်ကို အောင်အောင်မြင်မြင် ဆောင်ရွက်ခဲ့တယ်လို့ ဆိုနိုင် ပါတယ်။
အချုပ်ဆိုရလျှင် အိန္ဒိယခေါင်းဆောင် မိုဒီအနေနဲ့ G-20 ထိပ်သီးအစည်းအဝေး တာဝန်ယူကျင်းပခွင့်ရတဲ့ အိမ်ရှင်အခွင့်အရေးကို အပြည့်အဝအသုံးချကာ အသားတင်အကျိုးအ မြတ်ရရှိခဲ့ပြီး အနောက်နိုင်ငံတွေ အတွက်ကတော့ (အထူးသဖြင့် G-7 နိုင်ငံတွေ) ဒီထိပ်သီးအစည်းအဝေးကနေ မယ်မယ်ရရ အကျိုးအမြတ်ရခဲ့တာမျိုး မရှိခဲ့ပါဘူး။ အာဖရိကနိုင်ငံ တွေ အနေနဲ့ကတော့ G-20 မှာ အာဖရိကယူနီယံ အမြဲတမ်းအဖွဲ့ဝင်အဖြစ် ပါဝင်လာတာကြောင့် အာဖရိကတခွင် စီးပွားရေးနယ်ချဲ့လာတဲ့ တရုတ်အပေါ် ကြီးကြီးမားမား မှီခိုနေရ မှုကို လျှော့ချနိုင်မယ့်အခွင့်အရေး ပေါ်လာဟန်တူကာ အရေးကြီးတဲ့ ကမ္ဘာ့စီးပွားရေး ပလေယာအနေနဲ့လည်း အနာဂတ်မှာ ပေါ်ထွက်လာဖို့ ရှိနေပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင် G-20 ထိပ်သီးအစည်းအဝေး မတက်ရောက်နိုင်တဲ့ အကြောင်းရင်းကတော့ တရုတ်ကွန်မြူနစ်ပါတီအတွင်း နိုင်ငံရေးအားပြိုင်မှုတွေနဲ့ တရုတ်ရဲ့ စီးပွားရေးကျဆင်းလာမှု ဂယက် တွေအကြား ဗျာများနေရမှုကြောင့်လို့လည်း နိုင်ငံတကာအရေး လေ့လာသူတွေက သုံးသပ်ကြတာရှိပါတယ်။
G-20 ထိပ်သီးအစည်းအဝေးကနေ ဆွေးနွေးညှိနှိုင်းသဘောတူခဲ့ကြတဲ့ ရလာဒ်တွေထဲက ထင်ရှားတဲ့ ရလာဒ်အချို့ကတော့ အိန္ဒိယ၊ အရှေ့အလယ်ပိုင်း၊ ဥရောပ၊ အမေရိကတို့ကို ချိတ်ဆက်တဲ့ စင်္ကြန်ဖော်ဆောင်ရေး သဘောတူညီမှုနဲ့ ရုပ်ကြွင်းလောင်စာအသုံးပြုမှုအပေါ် ပိုမိုအာရုံစိုက်နိုင်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာ ရုပ်ကြွင်းလောင်စာ မဟာမိတ်အဖွဲ့ ဖွဲ့စည်းရေး သဘောတူညီချက်တွေပဲ ဖြစ်ပါတယ်။ G-20 ထိပ်သီးအစည်းအဝေးကနေ ဒီလိုသဘောတူညီချက် ရလာဒ်တွေ ရလာပေမယ့်လည်း လက်တွေ့အကောင်အထည်ဖော် ရေးကတော့ စိန်ခေါ်မှုတွေ ကြုံတွေ့ရဖို့ ရှိတဲ့အပြင် အချိန်တစ်ခုလည်း ပေးရဦးမှာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မိုဒီကတော့ G-20 ထိပ်သီးအစည်းအဝေး အိမ်ရှင်တာဝန်ယူ ရတဲ့ အခွင့်အရေးကို အမိအရအသုံးချပြီး အိန္ဒိယကို အရေးပါအရာရောက်တဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံအနေနဲ့ ကမ္ဘာ့စင်မြင့်ထက်ကို ပို့ဆောင်နိုင်ခဲ့တဲ့အပြင် ၎င်းကိုယ်တိုင်ရဲ့ ပုဂ္ဂိုလ်ရေးနဲ့ နိုင်ငံရေးအကျိုးစီးပွားတွေပါ ကျွဲကူးရေပါ ရရှိခဲ့တာကြောင့် G-20 ထိပ်သီးအစည်းအဝေးဟာ မိုဒီအတွက်ကတော့ အချိုပေါ် သကာထပ်လောင်းတဲ့ ထိပ်သီးအ စည်းအဝေးပွဲကြီး ဖြစ်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ကြောင်းပါ။
ထင်လင်း(ပုသိမ်)
ကိုးကား။ ။ Modern Diplomacy, Aljazeera, BBC, AP, Reuters, Prime Minister’s Office of Japan, India Briefing
မိုဒီ ရေးခြယ်တဲ့ G-20 ထိပ်သီးဆွေးနွေးပွဲ ရုပ်ပုံလွှာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်