အယ်ဒီတာ
နွေရာသီအားလပ်ရက်တွင် San Diego ကယ်လီဖိုးနီးယားတက္ကသိုလ်မှ Ph.D. ပရိုဂရမ်တက်ရောက်နေသည့် နိုင်ငံတကာကျောင်းသားတစ်ဦးသည် ဟာဝိုင်အီသို့ သူငယ်ချင်းအချို့နှင့် ခရီးထွက်ရန် စီစဉ်နေသည်။ သို့သော် အမေရိကန်ပြည်ထောင်စုတဝှမ်းက နိုင်ငံတကာကျောင်းသားများကို ၎င်းတို့၏ တရားဝင်ဗီဇာအဆင့်အတန်းကို ဖယ်ရှားရန် အမေရိကန်အစိုးရကစီစဉ်နေရာ ခရီးစဉ်ကိုဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ကြသည်။
“အမေရိကန်ပြည်တွင်းမှာတောင် ခရီးသွားတိုင်း အန္တရာယ်မကင်းဘူးလို့ ခံစားနေရပါတယ်။ ပစ်မှတ်ထားခံကြရမှာ ကြောက်တယ်။ အစိုးရတွေနဲ့ ထိတွေ့ဆက်ဆံမှု တတ်နိုင်သ လောက် နည်းနိုင်သမျှနည်းအောင်လုပ်မှ အဲဒါကိုကျော်သွားမယ်ထင်တယ်။” ဟု အမည်မဖော်လိုသည့်ကျောင်းသားတစ်ဦးက AP သတင်းဌာနသို့ ပြောသည်။
မိသားစုနှင့်တွေ့ဆုံရန်၊ အားလပ်ရက်ခရီး (သို့မဟုတ်) သုတေသနပြုလုပ်ရန် ခရီးသွားခြင်းကို အလေးထားသော နိုင်ငံတကာကျောင်းသားများသည် ထရမ့်အုပ်ချုပ်ရေး၏ ပစ်မှတ်ထားမှုအောက်တွင် အားနည်းချက်တစ်ခုအဖြစ် ထပ်တိုးလာသောကြောင့် ခရီးထွက်ရန် နှစ်ခါပြန်စဉ်းစားနေကြရသည်။
ကျောင်းသားများ အမေရိကန်တွင်ပညာသင်ကြားခွင့် ရုတ်တရက် မဆုံးရှုံးမီကပင် ပါလက်စတိုင်းလိုလားသော တက်ကြွလှုပ်ရှားမှုတွင်ပါဝင်သည့် ကျောင်းသားများကို ပြည်နှင်ဒဏ်ပေးရန် အစိုးရ၏ကြိုးပမ်းအားထုတ်မှုကို ကိုးကား၍ အချို့သောကောလိပ်များသည် နိုင်ငံတကာမှ ကျောင်းသားများနှင့် ဆရာများအား ခရီးသွားခြင်းကိုရွှေ့ဆိုင်းရန် တိုက်တွန်းခဲ့ကြသည်။
မကြာသေးမီရက်သတ္တပတ်များအတွင်း ဗီဇာအဆင့်အတန်းရပ်စဲမှု ပေါ်ပေါက်လာသည်နှင့်အမျှ နိုင်ငံတကာကျောင်းသားများအတွက် နိုင်ငံရပ်ခြားသို့ မလိုအပ်သောခရီးသွားခြင်းမပြုရန် ကျောင်းများက သတိပေးထားသည်။
ကယ်လီဖိုးနီးယားပြည်နယ်၊ ဘာကလေတက္ကသိုလ်သည် “တင်းကြပ်သောစစ်ဆေးမှုနှင့် စည်းကမ်းချမှတ်မှု”ကြောင့် လာမည့်နွေရာသီ ခရီးသွားလာမှုသည် နိုင်ငံတကာကျောင်းသားများအတွက် အန္တရာယ်များသည်ဟု ပြီးခဲ့သောသီတင်းပတ်က အကြံပေးချက်တစ်ခု ထုတ်ပြန်ခဲ့သည်။
ကောလိပ် ၁၈၇ ခုနှင့် တက္ကသိုလ်များမှ ကျောင်းသားအနည်းဆုံး ၁၂၂၀ ဦးသည် မတ်လနှောင်းပိုင်းကတည်းက ၎င်းတို့၏ ဗီဇာများကို ရုတ်သိမ်းခြင်း (သို့မဟုတ်) တရားဝင်အခြေ အနေမှ ရပ်စဲခဲ့ကြောင်း တက္ကသိုလ်များ၏ထုတ်ပြန်ချက်၊ ကျောင်းတာဝန်ရှိသူများနှင့် တရားရုံးမှတ်တမ်းများဆိုင်ရာ ပြန်လည်သုံးသပ်မှုအရ AP သတင်းဌာနမှ သိရသည်။
သို့သော်လည်း ထိခိုက်နစ်နာသူ ကျောင်းသားဦးရေမှာ ပိုများနေပုံရသည်။
ကွန်ဂရက်မှ စုံစမ်းမေးမြန်းမှုများကို ဧပြီလ ၁၀ ရက်နေ့ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်စည်းကြပ်မှုဆိုင်ရာတုံ့ပြန်မှုအရ အနည်းဆုံး နိုင်ငံတကာကျောင်းသား ၄၇၃၆ ဦး၏ တရားဝင်ဗီဇာမှတ်တမ်းများနှင့် ၎င်းတို့၏အခြေအနေကို အစိုးရဒေတာဘေ့စ်တွင် ပိတ်သိမ်းခဲ့သည်။
ရုတ်တရက် ပြည်နှင်ဒဏ်ခံရမည့် အန္တရာယ်ကြုံလာသောအခါ ကျောင်းသားအချို့ ပုန်းအောင်းနေကြပြီး၊ အချို့မှာ နိုင်ငံတွင်းမှ မိမိဘာသာထွက်ခွာသွားကြသည်။
ကျောင်းသားအများစုသည် ၎င်းတို့၏မှတ်တမ်းများတွင် အသေးစားချိုးဖောက်မှုများရှိသည် (သို့မဟုတ်) ၎င်းတို့၏မှတ်တမ်းများကို အဘယ်ကြောင့်ဖယ်ရှားခဲ့သည်ကို မသိကြကြောင်း ပြောကြားခဲ့သည်။
ကျောင်းသားများ၏ အမှုအခင်းများစွာတွင် လုပ်ငန်းစဉ်ဆိုင်ရာ စိုးရိမ်ပူပန်မှုများကို ဖော်ထုတ်ပြီးနောက်၊ အမေရိကန်အစိုးရသည် ဗီဇာရပ်စဲမှုကို ရပ်ဆိုင်းခဲ့သော်လည်း အနာဂတ်တွင် နိုင်ငံတကာကျောင်းသားများသည် ၎င်းတို့၏ တရားဝင်ဗီဇာအဆင့်အတန်းကို ဆုံးရှုံးနိုင်သည့်အကြောင်းရင်းကိုဖော်ပြသည့် လမ်းညွှန်ချက်အသစ်ကို ဖက်ဒရယ်တရားသူကြီးများက ထုတ်ပြန်ခဲ့သည်။
“သူတို့ တိုင်းပြည်ကထွက်သွားရင် ပြန်ဝင်နိုင်မှာမဟုတ်ဘူး။ အရှိန်အဟုန်နဲ့ ပြောင်းလဲလာတဲ့ အခြေအနေတွေကြောင့် ကောလိပ်တွေက ကျောင်းသားတွေကို အကြံဉာဏ်ပေးဖို့ ရုန်းကန်နေရတယ်။” နိုင်ငံတကာကျောင်းသားများ၏ ဗီဇာလုပ်ငန်းစဉ်ကို ကူညီပေးသော မစ်ရှီဂန်ကောလိပ်မှ ဝန်ထမ်းတစ်ဦးက နွေရာသီခရီးသွားလာမှုနှင့်ပတ်သက်၍ ယခင်ကထက် ပိုမိုစုံစမ်းမေးမြန်းနေကြောင်း ပြောကြားသည်။
မီဒီယာကို ပြောဆိုခွင့်မရှိသောကြောင့် အမည်မဖော်လိုသူဝန်ထမ်းက လုံလောက်သော အဖြေမပေးနိုင်ကြောင်း မကြာခဏပြောသည်။
ပြီးခဲ့သောနှစ်က အမေရိကန်သည် ကျောင်းအများအပြားတွင် မရှိမဖြစ်လိုအပ်သော ကျူရှင်ဝင်ငွေ၏ရင်းမြစ်ဖြစ်သော နိုင်ငံတကာကျောင်းသား ၁.၁ သန်းခန့်ကို လက်ခံခဲ့သည်။
လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်အတွင်း၊ မြောက်ကာရိုလိုင်းနားရှိ လူဝင်မှုကြီးကြပ်ရေးဥပဒေကုမ္ပဏီ Rishi Oza သည် နိုင်ငံတကာကျောင်းသားများအပါအဝင် မတူညီသော လူဝင်မှုကြီးကြပ်ရေးအခြေအနေရှိသူများထံမှ နေ့စဉ်နီးပါး ခရီးသွားလာမှုအန္တရာယ်များအကြောင်း ဖုန်းခေါ်ဆိုမှုများကို လက်ခံရရှိခဲ့သည်။
“ဒါက ငါတို့လိုချင်တဲ့ တိုင်းပြည်ရဲ့ စရိုက်လား” လို့ ပြောနေတယ်ဟု အိုဇာက ပြောသည်။ “ လူတွေက ထွက်သွားရမှာကိုကြောက်ပြီး ပြန်လာနိုင်မလားဆိုတာ နည်းနည်းတော့လန့်သွားပုံရတယ်။” အမေရိကန်ရှိ ဗီဇာရှိသော ကျောင်းသားများသည် ၎င်းတို့၏ခရီးသွားလာမှုမှာ အရေးကြီးသလား ဆုံးဖြတ်ရန်လိုအပ်သည်ဟု Oza က ဆိုသည်။
နိုင်ငံတွင်းမှ ထွက်ခွာပြီးနောက် ပြန်လည်ဝင်ရောက်ရန် ကြိုးပမ်းသည့်အခါ လူဝင်မှုကြီးကြပ်ရေး စာရွက်စာတမ်းများ၊ ကျောင်းထောက်ခံစာများနှင့် တရားရုံးစာရွက်စာတမ်းများကို ၎င်းတို့ယူဆောင်လာသင့်တယ်။ ရာဇ၀တ်မှုဖြင့် စွဲချက်တင်ပြီး တရားရုံးက အမှုကိုပယ်ချပါက နောက်ဆုံးတော့ လေဆိပ်မှာဘာဖြစ်မယ်ဆိုတာ ရှေ့နေတွေက ကြိုပြောလို့မရဘူး” ဟု ၎င်းက ဆိုသည်။
ကြိုတင်မမှန်းဆနိုင်မှုကြောင့် Illinois တက္ကသိုလ်မှ နိုင်ငံတကာကျောင်းသားတစ်ဦးမှာ ဒုက္ခရောက်ခဲ့ရသည်။ ပစ်မှတ်ထားခံရခြင်းကို ရှောင်ရှားရန် အမည်မဖော်လိုသူကျောင်းသားနှင့် ၎င်း၏အတန်းဖော်တစ်ဦးသည် ၎င်းတို့၏ တရားဝင်ဗီဇာအဆင့်အတန်းကို ရပ်စဲပြီးနောက် နိုင်ငံမှထွက်ခွာသွားခဲ့ရသည်။
ယခုနွေရာသီတွင် အာရှရှိ ၎င်း၏မွေးရပ်နိုင်ငံသို့ ခရီးထွက်ရန် ကျောင်းသား၏အစီအစဉ်သည် ထိတ်လန့်သောခံစားချက်ကို ဖြစ်စေသော်လည်း အခြားရွေးစရာမရှိပါ။ လေယာဉ်လက်မှတ်ဝယ်ပြီး ခရီးထွက်ဖို့ဆုံးဖြတ်သည်။ သို့ သော် သူပြန်လာသည့်အခါ ဘာဖြစ်နိုင်မလဲဆိုသည့် စိုးရိမ်စိတ်ကတော့ ရှိနေမြဲပင်ဖြစ်သည်။
ဗီဇာပြဿနာများကြောင့် အမေရိကန်ရှိ နိုင်ငံတကာကျောင်းသားများသည် နွေရာသီခရီးသွားလာမှုကို ပြန်လည်စဉ်းစားနေရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်