ပထဝီနိုင်ငံရေးကျားကွက်ပေါ်က တကျော့ပြန် ဟားမာ့စ်-အစ္စရေး ပဋိပက္ခ

ထင်လင်း(ပုသိမ်)

အောက်တိုဘာ ၇ ရက်နေ့က အစ္စရေးနိုင်ငံတောင်ဘက်ပိုင်း မြို့တွေကို ဟားမာ့စ်တို့ အင်အားအလုံးအရင်းနဲ့ အလစ်အငိုက်တိုက်ခိုက်မှုဟာ ဒုတိယကမ္ဘာစစ်ကာလက နာဇီအဓိပတိ အဒေါ့ဖ်ဟစ်တလာရဲ့ ကမ္ဘာကျော် စစ်ဗျူဟာဖြစ်တဲ့ မိုးကြိုးမုန်တိုင်းစစ်ဆင်ရေးနဲ့ အလားသဏ္ဍာန်တူတယ်လို့တောင် နိုင်ငံတကာ စစ်ရေးအကဲခတ်တွေက ဆိုပါတယ်။

ဆွန်နီအစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့ ဟားမာ့စ်ဟာ အစ္စရေးတွေကိုချေမှုန်းပြီး ပါလက်စတိုင်းလွတ်မြောက်ရေးနဲ့ တဆက်တည်း ပါလက်စတိုင်းအစ္စလာမ်မစ် နိုင်ငံတော်တည်ထောင် ဖို့ ရည်မှန်းချက်တွေနဲ့ ၁၉၈၇ ခုနှစ်ကတည်းက ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ ပုံမှန်အနေနဲ့ ဟားမာ့စ်အဖွဲ့ဟာ အီရန်၊ လက်ဘနွန်က ဟစ်ဇ်ဘိုလာအဖွဲ့ စတဲ့ဒေသတွင်း အင်အား ကြီး ပလေယာတွေရဲ့ အထောက်အပံ့တွေနဲ့ အစ္စရေးမြို့တွေပေါ် ဒုံးကျည်တွေနဲ့ ပစ်လွှတ်တိုက်ခိုက်တာတွေ၊ အသေခံဗုံးခွဲတိုက်ခိုက်တာတွေသာ ပြုလုပ်လေ့ရှိပေမယ့် ယခုတစ်ကြိမ် တိုက်ခိုက်မှုကတော့ ရှုပ်ထွေးတဲ့ စစ်ဆင်တိုက်ခိုက်ရေးအစီအမံတွေကို လပေါင်းများစွာကြာအောင် လျှို့လျှို့ဝှက်ဝှက်နဲ့ ရေးဆွဲပြင်ဆင်ခဲ့ပုံရပါတယ်။ ဟားမာ့စ်အဖွဲ့ရဲ့ ယခုတစ်ကြိမ် အစ္စရေးကိုတိုက်ခိုက်မှုမှာ စုပေါင်းညှိနှိုင်းစစ်ဆင်မှု နည်းဗျူဟာတွေက အခရာကျခဲ့ပြီး အစ္စရေး စစ်အခြေစိုက်စခန်းတွေကို တိုက်ခိုက်ရင်း တပြိုင်တည်းမှာပဲ အစ္စရေးစစ်သားတွေ နဲ့ အရပ်သားတွေကို တိုက်ခိုက်တာနဲ့ ဓားစာခံအနေနဲ့ ဖမ်းဆီးခဲ့မှုတွေပါ ပြုလုပ်ခဲ့ပါတယ်။

ဒီလိုလျှပ်တပြက် အလစ်အငိုက်တိုက်ခိုက်နိုင်ခဲ့တာနဲ့ ပတ်သက်ပြီး ဟားမာ့စ်အဖွဲ့က ဂုဏ်ယူဖွယ်ရာအဖြစ် သတ်မှတ်ပြီး ဒီလိုတိုက်ခိုက်မှုမျိုးလုပ်ဆောင်နိုင်ဖို့ အီရန်က ထောက့်ပံ့ကူ ညီမှုပေးခဲ့တယ်လို့ လူသိရှင်ကြားပြောကြားခဲ့ပါတယ်။ အစ္စရေးထောက်လှမ်းရေးအဖွဲ့ မော့ဆက်ဒ်ရဲ့ အကြီးအကဲဟောင်းကတော့ ဒီလိုမျိုး တိုက်ခိုက်ခံရတာမတိုင်ခင် အစ္စရေး ထောက်လှမ်းရေးရဲ့ အရေးပေါ် ကြိုတင်သတိပေးချက် တစုံတရာမရရှိခဲ့ပဲ အလစ်အငိုက်တိုက်ခိုက်ခံခဲ့ရတာမျိုးလို့ဆိုတယ်။ ဒါနဲ့ပတ်သက်ပြီး ကောက်ချက်ချဖို့ စောနေသေးပေမယ့် ဟားမာ့စ်အဖွဲ့ရဲ့ တိုက်ခိုက်တာခံရတဲ့ ပထမဆုံး ၈ နာရီအတောအတွင်း အစ္စရေးစစ်သားနဲ့ အရပ်သား‌ရာဂဏန်းအထိ သေကြေခဲ့ရတာကိုကြည့်ရင် အစ္စရေးတို့အနေနဲ့ လုံခြုံရေးဆိုင် ရာ ကြိုတင်ပြင်ဆင်မှုမရှိခဲ့တာက မြင်သာနေပြန်ပါတယ်။

အစ္စရေးရဲ့ ကာကွယ်ရေးဆိုင်ရာ အားနည်းချို့ယွင်းမှု

ဟားမာ့စ်အဖွဲ့ရဲ့ သတင်းတွေကို ထောက်လှမ်းစုဆောင်းနေတဲ့ အစ္စ‌ရေးအကြီးတန်းကာကွယ်‌ရေးအရာရှိ ကိုယ်တိုင်က ဟားမာ့စ်အဖွဲ့ရဲ့ အစ္စရေးတောင်ဘက်ပိုင်းမြို့တွေထဲကို ဒီလို မျိုးအလစ်အငိုက်တိုက်ခိုက်ပြီး ပြန်ထွက်သွားနိုင်တဲ့ နည်းဗျူဟာတွေကို အံအားသင့်မိကြောင်း ထုတ်ဖော်ပြောကြားထားပါတယ်။

ဟားမာ့စ်တို့ရဲ့အမြင်မှာ အောင်မြင်မှု ကြီးကြီးမားမားရတယ်လို့ ထင်မြင်နိုင်စေခဲ့တဲ့ အစ္စရေးအပေါ် ဒီလို ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်နိုင်ခဲ့မှုက အစ္စရေးရဲ့ ကာကွယ်ရေးဆိုင်ရာ ဖွဲ့စည်းဖြန့်ကျက်ထားမှု လစ်ဟာကျရှုံးတာကို ဖော်ပြနေပါတယ်။ ဒီလို ကာကွယ်ရေးဆိုင်ရာကျရှုံးမှုက ဟားမာ့စ်နဲ့ ဂါဇာကမ်းမြောင်ဒေသအတွက် ချမှတ်ဖော်ဆောင်နေတဲ့ အစ္စရေး ရဲ့ ကာကွယ်ရေးဆိုင်ရာ တစ်စုံလုံး မဟာဗျူဟာ ချဉ်းကပ်မှုကို ပြောင်းလဲစေနိုင်တယ်လို့ အမည်မဖော်လိုတဲ့ အစ္စရေးကာကွယ်ရေးဆိုင်ရာ အရာရှိတစ်ဦးက ဖွင့်ဟပါတယ်။

ဟားမာ့စ်တို့ကို ထိန်းချုပ်ဖို့ ဒီကနေ့အထိ အသုံးပြုနေတဲ့ အစ္စရေးရဲ့ မဟာဗျူဟာမှာ ရိုးရှင်းတဲ့ အဓိကဒေါက်တိုင်နည်းဗျူဟာနှစ်ရပ် ပါဝင်ပါတယ်။ နည်းဗျူဟာတစ်ရပ်က အစ္စရေး ရဲ့ ရှုပ်ထွေးပြီး အဆင့်မြင့်တဲ့ ထောက်လှမ်းရေးကွန်ရက်ဖြစ်ပြီးတော့ နောက်ဒေါက်တိုင်ကတော့ အဆင့်မြင့်စစ်လက်နက်တွေ တပ်ဆင်ထားတဲ့ အစ္စရေးမြေပြင်တိုက်ခိုက်ရေး (ကြည်းတပ်)ဖြစ်ပါတယ်။ အစ္စရေးထောက်လှမ်းရေးကွန်ရက်က ဟားမာ့စ်ရဲ့ အစ္စရေးအပေါ် တိုက်ခိုက်လာမယ့် ဘယ်လိုလှုပ်ရှားမှုမျိုးကိုမဆို သတင်းစုဆောင်း ထောက်လှမ်းပြီး ၎င်းတို့ရဲ့ ကြည်းတပ်ကို အချိန်နဲ့တပြေးညီ သတင်းအချက်အလက်ပေးပို့ပါတယ်။ အစ္စရေးကြည်းတပ်က ၎င်းထောက်လှမ်းရေးအဖွဲ့ရဲ့ ခြေရာခံထားတဲ့ သတင်းအချက်အလက် တွေကို အသုံးပြုပြီး ဟားမာ့စ်အဖွဲ့ရဲ့ ကြိုတင်ပြင်ဆင်မှုတွေကို လက်ဦးမှုရယူပြီး ချေမှုန်းလေ့ရှိပါတယ်။ (အစ္စရေးထောက်လှမ်းရေးရဲ့ တခြားလုပ်ငန်းတာဝန်ကတော့ ဟားမာ့စ် အဖွဲ့ရဲ့ ဦးနှောက်တွေဖြစ်တဲ့ အကြီးတန်းခေါင်းဆောင်တွေကို သုတ်သင်ရှင်းလင်းတာ ဖြစ်ပါတယ်။)

အရှေ့အလယ်ပိုင်းဒေသတွင်း အင်အားအကြီးမားဆုံးသော ထောက်လှမ်းရေးကွန်ရက်နဲ့ အရင်းအမြစ်ရှိတဲ့ အစ္စရေးထောက်လှမ်းရေးအနေနဲ့ ဟားမာ့စ်အဖွဲ့ရဲ့ ဒီလိုမျိုး ရုတ်တရက် အလစ်အငိုက်တိုက်ခိုက်ခံရမှုအတွက် ကြိုတင်သတင်း အချက်အလက်မရရှိခဲ့တာ ထင်ရှားပါတယ်။ ဒါပေမယ့် ရန်ဘက်အီရန်နိုင်ငံနဲ့ ၎င်းလက်အောက်ခံ ဒေသတွင်း စစ်သွေးကြွ အဖွဲ့တွေက အစ္စရေးပြည်တွင်းနိုင်ငံရေး အကွဲအပြဲတွေကို ရှုမြင်သုံးသပ်ကာ အစ္စရေးအားနည်းလာပြီလို့ ယူဆပြီး မွှေးတဲ့မီးကြောင့် ဒေသတွင်းစစ်ရေးပဋိပက္ခတစ်ခု ဖြစ်ပွားလာ နိုင်ချေရှိတာကိုတော့ မကြာသေးမီ လအနည်းငယ်ကတည်းက အစ္စရေးထောက်လှမ်းရေးက ထပ်တလဲလဲ သတိပေးခဲ့တာမျိုးတော့ ရှိခဲ့ပါတယ်။ အစ္စရေး‌ထောက်လှမ်ရေးရဲ့ အဓိက အားနည်းချက်ကတော့ ဟားမာ့စ်အဖွဲ့အနေနဲ့ အစ္စရေးအပေါ် စစ်ဆင်တိုက်ခိုက်မှုအကြီးစားတစ်ရပ် ဆင်နွှဲလာနိုင်တာကို ခန့်မှန်းနိုင်ခဲ့ကြပေမယ့် အဲဒီစစ်ဆင်တိုက်ခိုက်မှုနဲ့ ပတ် သက်ပြီး ရှင်းရှင်းလင်းလင်း ပုံမဖော်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ယခုတိုက်ခိုက်ခံရမှုဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ က ဆီးရီးယားတင့်ကားတပ်ရင်းတွေနဲ့ အီဂျစ်ရဲ့ မြေပြင်တိုက်ခိုက်ရေး တပ်မဟာတွေ စုပေါင်းပြီး အစ္စရေးကို စတင်တိုက်ခိုက်ခဲ့မှုကြောင့်ဖြစ်ပွားခဲ့တဲ့ ယွန်ကစ်ပူ စစ်ပွဲနောက်ပိုင်း ပထမဆုံးအကြိမ် အကြီးမားဆုံး တိုက်ခိုက်ခံရမှုဖြစ်ခဲ့ပါတယ်။

အရှေ့အလယ်ပိုင်း ပထဝီနိုင်ငံရေး အဆက်အစပ်

အစ္စရေးအပေါ် ဟားမက်စ်တို့ရဲ့ အလစ်အငိုက်တိုက်ခိုက်မှုအတွက် အီရန်ရဲ့ နောက်ကွယ်က ကူညီပံ့ပိုးပေးမှုက အရှေ့အလယ်ပိုင်း ပထဝီနိုင်ငံရေးအပေါ် မလိုလားအပ်တဲ့ အကျိုး ဆက်တွေကို ဖြစ်ပေါ်စေမယ့်ပုံပေါ်နေတယ်။ ဆိုရရင် အရှေ့အလယ်ပိုင်း‌ဒေသအတွင်း အီရန်က အစ္စရေးအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်နေတာက တင်းမာမှုတွေ ဆက် လက်မြင့်မားလာစေဖို့ စေ့ဆော်နေပါတယ်။ ကာတာ၊ ကူဝိတ်၊ ဆီးရီးယားနဲ့ လက်ဘနွန်က ဟစ်ဇဘိုလာအဖွဲ့က ဟားမက်စ်တိုက်ခိုက်မှုအပေါ် အားပေးထောက်ခံကြကာ ယခု ဖြစ်ရပ်အတွက် အစ္စရေးကို အပြစ်တင်တာကိုတွေ့ရပြီး ဆော်ဒီအာရေးဗီယား၊ ယူအေအီး၊ အိုမန်၊ အီဂျစ်နဲ့ မော်ရိုကိုနိုင်ငံတွေကတော့ အစ္စရေးတိုက်ခိုက်ခံရတဲ့ဖြစ်ရပ်အပေါ် အ လွန်အမင်းစိုးရိမ်ကြောင်း ဖော်ပြကြပြီး၊ အစ္စရေးနဲ့ ပါလက်စတိုင်းတို့အကြား အားကိုးယုံကြည်လို့ရတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ရပ်ကို ပြန်လည်အသက်သွင်းဖို့ နိုင်ငံတကာ အသိုက်အဝန်းကို ပန်ကြားခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။

အမေရိကန်ရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ ဆော်ဒီအာရေးဗီးယားနဲ့ အစ္စရေးတို့ရဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ဖြစ်ပေါ်တိုးတက်နေချိန်မှာ ဒီလိုမျိုး အစ္စရေးအပေါ် ဟားမာ့စ်အဖွဲ့ရဲ့ အလစ်အ ငိုက်တိုက်ခိုက်ခံရမှု ပေါ်ပေါက်လာတာကလည်း တော်ရုံ တိုက်ဆိုင်မှုမျိုးတော့ မဟုတ်ပါ။ (ယခုကဲ့သို့ အမေရိကန်၊ ဆော်ဒီ၊ အစ္စရေး ဆွေးနွေးညှိနှိုင်းမှုအရ အမေရိကန်က ဆော်ဒီရဲ့ လုံခြုံရေးကို အာမခံပေးရမှာဖြစ်ကာ အပြန်အလှန်အနေနဲ့ ဆော်ဒီက အစ္စရေးနဲ့ ပုံမှန်ဆက်ဆံရေး ပြန်လည်ထားရှိရမှာ ဖြစ်ပါတယ်။) ဒါ့ကြောင့် အစ္စရေးတိုက်ခိုက်ခံရမှုဖြစ်စဉ်မှာ အီရန်ပါဝင်မှုက ဆော်ဒီနဲ့ အစ္စရေးအကြား ဖြစ်ပေါ်တိုးတက်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းမှုတွေကို ကဖျက်ကယက်လုပ်တဲ့ ပုံစံမျိုးလို့လည်း ရှုမြင်နိုင်ပါတယ်။

တချိန်တည်းမှာပဲ ပါလက်စတိုင်းအရေးကိစ္စကို မပြေလည်အောင် မီးမွှေးထားတာက အီရန်အနေနဲ့ မူဆလင်ကမ္ဘာမှာ ခေါင်းဆောင်နိုင်ငံအဖြစ်နဲ့ ဦးဆောင်နိုင်ဖို့ အခွင့်အရေးရရှိနေ စေမှာ ဖြစ်ပါတယ်။ အမှန်တကယ်လည်း ဆော်ဒီအာရေးဗီးယားဟာ အစ္စရေးနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ရင်း ပါလက်စတိုင်းအရေးကိစ္စကိုပါ ဖြေရှင်းဖို့ အစ္စရေးကို တိုက်တွန်း နေခဲ့တာ ဖြစ်ပါတယ်။

(စာရေးသူ။ ဆော်ဒီနဲ့ အစ္စရေး ဆွေးနွေးညှိနှိုင်းတာကတဆင့် ပါလက်စတိုင်းအရေး တစုံတရာ တိုးတက်ဖြစ်ပေါ်မှုရှိလာခဲ့ရင် မူဆလင်ကမ္ဘာကို ဦးဆောင်နိုင်ရေး ယှဉ်ပြိုင်ရာမှာ အီရန်ရဲ့ ခါးသီးပြိုင်ဘက်ဖြစ်တဲ့ ဆော်ဒီ‌အနေနဲ့ အခွင့်အရေးကြီးကြီးမားမားရရှိနိုင်တာမို့ အီရန်ဘက်က နှောင့်ယှက်နေတာမျိုးကို ဆိုလိုဟန်တူပါတယ်။)

တရုတ်ရဲ့ ကြားဝင်အကျိုးဆောင်ပေးမှုကြောင့် ဆော်ဒီနဲ့ အီရန်အကြား တစုံတရာ ငြိမ်းချမ်ရေးဆွေးနွေးမှု ဖြစ်ပေါ်တိုးတက်လာမှုအပေါ် နိုင်ငံတကာက အလေးပေးစောင့်ကြည့်နေ ချိန်မှာပဲ ဟားမက်စ်တို့ရဲ့ အစ္စရေးအပေါ် အလစ်အငိုက်တိုက်ခိုက်မှုက နိုင်ငံတကာအသိုက်အဝန်းကို အံ့အားသင့်စေခဲ့ပါတယ်။ အစ္စရေးတိုက်ခိုက်ခံရမှုအပေါ် အခွင့်ကောင်းယူပြီး တဖက်မှာ လက်ဘနွန်က ဟစ်ဇ်ဘိုလာအဖွဲ့ကလည်း ၁၉၆၇ ခုနှစ်ကတည်းက အစ္စရေးတို့ သိမ်းပိုက်ထားတဲ့ ဂိုလန်ကုန်းမြင့်နဲ့ ဆက်စပ်တည်ရှိနေတဲ့ဒေသက အစ္စရေးရဲ့ ရေဒါအခြေ စိုက်စခန်းတွေကို ဒုံးကျည်အများအပြား ပစ်လွှတ်တိုက်ခိုက်ခဲ့ပါတယ်။

ရုရှား၊ အီရန်နဲ့ ဟားမာ့စ် ချိတ်ဆက်မှုဆိုင်ရာ ဒေသတွင်း ပထဝီနိုင်ငံရေး

အီရန်အနေနဲ့ ဂါဇာကမ်းမြောင်ဒေသက ဟားမာ့စ်ကို ဘဏ္ဍာရေးနဲ့ စစ်ရေးဆိုင်ရာ အကူအညီ‌တွေပေးပြီး အသုံးချခံအဖွဲ့အနေနဲ့ ထိန်းထားကာ အစဉ်အလာ ရန်ဘက်နိုင်ငံဖြစ်တဲ့ အစ္စရေးကို အင်အားချိနဲ့အောင် သွယ်ဝိုက်တိုက်ခိုက်နေတာက ရှင်းလင်းမြင်သာပါတယ်။ ဒါပေမယ့် ယခုတကြိမ် ဟားမာ့စ်က အစ္စရေးကို ရုတ်ချည်းအလစ်အငိုက်ဖမ်းပြီး တိုက် ခိုက်ရာမှာတော့ ရုရှားရဲ့စနက်လည်း တစိတ်တဒေသ ပါဝင်နိုင်ပါတယ်။ အကြောင်းကတော့ အစ္စရေးတိုက်ခိုက်ခံရမှုအပေါ် အမေရိကန်ရဲ့ အာရုံစူးစိုက်မှု ဖြန့်ကျက်ရတာကြောင့် ရုရှားနဲ့ ထိပ်တိုက် တိုက်ခိုက်နေတဲ့ ယူကရိန်းအပေါ် အမေရိကန်ရဲ့ ထောက်ပံ့ကူညီမှုတွေ တစုံတရာ လျော့နည်းသွားနိုင်တာကြောင့် ဖြစ်ပါတယ်။ နောက်ထပ်ရိုးရိုးလေး စဉ်းစား လို့ရနိုင်တာကတော့ ဟားမာ့စ်-အစ္စရေးစစ်ပွဲဟာ ကမ္ဘာ့ရေနံထုတ်လုပ်မှုရဲ့ ရာခိုင်နှုန်းအများစုတည်ရှိရာဖြစ်တဲ့ အရှေ့အလယ်ပိုင်းရဲ့ ပထဝီနိုင်ငံရေးကို အကြီးအကျယ်လှုပ်ခတ်စေ နိုင်တာကြောင့် အကျိုးဆက်အနေနဲ့ ကမ္ဘာ့ရေနံစျေးနှုန်းများ မြင့်တက်လာနိုင်မှုပဲ ဖြစ်ပါတယ်။ ဒီလို ရေနံစျေးနှုန်း မြင့်တက်လာတာကြောင့် အဓိကရေနံထုတ်လုပ်တင်ပို့ရောင်းချတဲ့ နိုင်ငံတွေဖြစ်တဲ့ ရုရှားနဲ့ အီရန်တို့ အကျိုးအမြတ် ပိုရနိုင်လာစေပါတယ်။ ဟားမာ့စ်နဲ့ အီရန်ဘက်ကို ကြည့်ရင်လည်း အထက်မှာဖော်ပြခဲ့သလို ဆော်ဒီအာရေးဗီးယားနဲ့ အစ္စရေးတို့ ပုံမှန်ဆက်ဆံရေး ဖြစ်ထွန်းလာတာကတဆင့် အရှေ့အလယ်ပိုင်းဒေသရဲ့ အာရပ်နိုင်ငံတွေအသိုင်းအဝိုင်းမှာ အစ္စရေးနိုင်ငံပေါင်းစည်း ဝင်ဆံ့လာတာက ၎င်းတို့ အမျိုးသားလုံခြုံရေး ကို အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်တယ်လို့ ယူဆထားပါတယ်။

ဒါကြောင့် ဟားမာ့စ်က အစ္စရေးကို အင်အားကြီးမားစွာနဲ့ အလစ်အငိုက်တိုက်ခိုက်တာရဲ့ နောက်ကွယ်မှာ အရှေ့အလယ်ပိုင်းဒေသတွင်း အင်အာကြီးနိုင်ငံတွေနဲ့ ရုရှားရဲ့ ပထဝီနိုင်ငံ ရေးဆိုင်ရာ အကျိုးစီးပွားအတွက် ရည်မှန်းဆောင်ရွက်နေတဲ့ အကြောင်းတရားတွေရှိနေပါတယ်။ လတ်တလော ကြီးကြီးမားမား ဆက်လက်ဖြစ်ပွားနေတဲ့ ဟားမာ့စ်-အစ္စရေး စစ်‌ ရေးပဋိပက္ခဟာ အရှေ့အလယ်ပိုင်းဒေသတွင်းရဲ့ လုံခြုံရေးနဲ့ နိုင်ငံရေးတည်ငြိမ်မှုကို အကြီးအကျယ် အကျိုးသက်ရောက်စေသလို နိုင်ငံတကာသံခင်းတမန်ခင်းနဲ့ ကမ္ဘာ့စီးပွားရေးကို လည်း ကျယ်ကျယ်ပြန့်ပြန့် သက်ရောက်စေနိုင်ပါတယ်။ ဒီလို အင်အားစုအသီးသီးရဲ့ ၎င်းတို့ ကိုယ်ပိုင်အကျိုးစီးပွားအတွက် ဦးတည်ဆောင်ရွက်တဲ့ အကြောင်းတရားတွေကို နား လည်တာက ယခုလတ်တလော အကြီးအကျယ်ဖြစ်ပွားနေတဲ့ ဟားမာ့စ်-အစ္စရေး စစ်ရေးပဋိပက္ခကို အနည်းဆုံးအဆင့်အနေနဲ့ လျော့ကျသွားအောင် ဖြေရှင်းဆောင်ရွက်ဖို့ နိုင်ငံ တကာအသိုင်းအဝိုင်းအတွက် တစုံတရာ အထောက်အကူဖြစ်စေနိုင်ကြောင်းပါ။

ထင်လင်း (ပုသိမ်)

ကိုးကား။ ။ MODERNDIPLOMACY, New York Times, COUNCIL ON FOREIGN RELATIONS, EGMONT Royal Institute for International Relations

#ယနေ့ခေတ်

ပထဝီနိုင်ငံရေးကျားကွက်ပေါ်က တကျော့ပြန် ဟားမာ့စ်-အစ္စရေး ပဋိပက္ခ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.