ထင်လင်း(ပုသိမ်)
ရုရှား-ယူကရိန်း တကျော့ပြန်စစ်ပွဲ နှစ်နှစ်ပြည့်ခါနီးမှာပဲ မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့၊ နေတိုး (NATO) က ဆယ်စုနှစ်များစွာအတွင်း ယင်းတို့ရဲ့ အကြီးမားဆုံး စစ်ရေးလေ့ ကျင့်မှုတစ်ရပ် ပြုလုပ်နေတာကို တွေ့ရပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုကို STEADFAST DEFENDER 2024 လို့ မှည့်ခေါ်ပြီး မြန်မာလို အစဉ်တစိုက်ကာ ကွယ်စောင့်ရှောက်သူလို့ခေါ်ရင် သင့်လျော်မယ် ထင်ပါတယ်။ စစ်ရေးလေ့ကျင့်မှုရဲ့ ရည်ရွယ်ချက်ကတော့ နေတိုးနယ်နမိတ်ဧရိယာမှန်သမျှအပေါ် ခြိမ်းခြောက်တိုက်ခိုက်လာမှုတွေကို တုံ့ပြန်တိုက်ခိုက်ဟန့်တားနိုင်ရန်အတွက် မြောက်အမေရိက (အမေရိကန်နဲ့ ကနေဒါ နိုင်ငံတို့ကို ဆိုလို) နဲ့ တခြားသော နေတိုးအဖွဲ့ဝင်နိုင်ငံတွေရဲ့ တပ်ဖွဲ့တွေအနေနဲ့ လျင်လျင်မြန်မြန် တပ်ပြောင်းရွှေ့ ရွေ့ လျားမှုတွေ (ဝါ) တပ်ဖြန့်မှုတွေပြုလုပ်ပြီး ဥရောပ (အထူးသဖြင့် ဥရောပအရှေ့ပိုင်းစစ်မျက်နှာ) ကို ကာကွယ်ရေးစွမ်းအားဖြည့်ဖို့ပဲ ဖြစ်ပါတယ်။ နေတိုးရဲ့ စစ်ရေးလေ့ကျင့်မှုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလနှောင်းပိုင်းမှာ စတင်ခဲ့တာဖြစ်ပြီးတော့ မေလကုန်မှာ ပြီးဆုံးမှာဖြစ်ပါတယ်။
STEADFAST DEFENDER 2024 စစ်ရေးလေ့ကျင့်မှုမှာ နေတိုးအဖွဲ့ဝင်ဖြစ်ရေး စောင့်ဆိုင်းနေတဲ့ ဆွီဒင်နိုင်ငံနဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံပေါင်း ၃၁ နိုင်ငံရဲ့ တပ်ဖွဲ့ဝင်စုစုပေါင်း ၉ သောင်းကျော် ပါဝင်လေ့ကျင့်ကြမှာဖြစ်ပြီးတော့ ကြည်းတပ်တိုက်ခိုက်ရေး သံချပ်ကာယာဉ်ယန္တရားပေါင်း ၁၁၀၀ ကျော်အသုံးပြုပြီး လှုပ်ရှားစစ်ကစားကြမှာဖြစ်ပါတယ်။ အဆိုပါ သံချပ်ကာယာဉ်ယန္တရားတွေထဲမှာ တင့်ကားပေါင်း ၁၆၀ ကျော်၊ ခြေလျင်တပ် တိုက်ရိုက်ပစ်ကူပေး သံချပ်ကာယာဉ်ပေါင်း ၅၀၀ ကျော်၊ စစ်သည်တင် သံချပ်ကာယာဉ်ပေါင်း ၄၀၀ ကျော် ပါဝင်နေပါတယ်။ (ဒါ့အပြင် ကြည်းတပ်လက်နက်ကြီးများဖြစ်တဲ့ ယာဉ်တင်၊ ယာဉ်ဆွဲ ဟောင်ဝစ်ဇာ အမြောက်ကြီးများ၊ ခေတ်မီ အတွဲလိုက် ဒုံးပစ်စနစ်များ၊ တာတိုပစ် ဒုံးပျံစနစ်များနဲ့ အဆင့်မြင့် လေကြောင်းရန်ကာကွယ်ရေးစနစ်တွေလည်း ပါဝင်ဖွယ်ရှိပါတယ်။) ပင်လယ်ရေကြောင်း တိုက်ပွဲတွေအပြင် ရေပြင်က ဝေဟင်၊ ရေပြင်က မြေပြင်တိုက်ခိုက်ရေးအတွက် လေယာဉ်တင်သင်္ဘော၊ ဖျက်သင်္ဘော၊ ဖရီးဂိတ်၊ ကော်ဗက်တို့ပါဝင်တဲ့ စစ်ရေယာဉ် ကြီးငယ်ပေါင်း ၅၀ ကျော်နဲ့ ဝေဟင်ကာကွယ်စိုးမိုးရေးနဲ့ ဝေဟင်ကနေ မြေပြင်တိုက် ခိုက်ရေးတွေအတွက် အမေရိကန်ရဲ့ ကမ္ဘာကျော် ပဥ္စမမျိုးဆက်တိုက်လေယာဉ် F-35 (ဒေါင်လိုက် တက်ဆင်းစနစ်ပါဝင်တဲ့ အမျိုးအစားအပါအဝင်)၊ လေယာဉ်တင်သင်္ဘောပေါ်ကနေ တိုက်ပွဲဝင်မယ့် ဗြိတိန်ရဲ့ နာမည်ကျော် စစ်လေယာဉ် ဟာရီယာအပြင် တခြားခေတ်မီတိုက်လေယာဉ်တွေ၊ တိုက်ခိုက်ရေးနဲ့ သယ်ယူပို့ဆောင်ရေး စစ်ရဟတ်ယာဉ်တွေနဲ့ နောက်ဆုံးပေါ် ဒရုန်းတိုက်ခိုက်ရေးယာဉ်တွေ ပါဝင်မှာဖြစ်ပါတယ်။
နေတိုးမဟာမိတ်အဖွဲ့ရဲ့ ဥရောပမဟာမိတ်တပ်ဖွဲ့များဆိုင်ရာ တပ်မှူးချုပ်ကတော့ အဆိုပါ စစ်ရေးလေ့ကျင့်မှုကနေတဆင့် မြောက်အမေရိကကနေ အတ္တလန္တိတ်ကိုဖြတ်ကျော်ပြီး တပ်များလျင်မြန်စွာပြောင်းရွှေ့ဖြန့်ကျက်ကာ ဥရောပ-အတ္တလန္တိတ်ဒေသဆိုင်ရာ ကာကွယ်မှုကို ပိုမိုအားသစ်လောင်းပေးနိုင်မှာဖြစ်တယ်လို့ အခိုင်အမာပြောကြားပါတယ်။ နေတိုးမဟာမိတ်အဖွဲ့အနေနဲ့ ဆယ်စုနှစ်တွေအတွင်း ဒီလို အလွန်ကြီးမားတဲ့ စစ်ရေး လေ့ကျင့်မှုပြုလုပ်တာဟာ ၎င်းတို့ မဟာမိတ်အဖွဲ့ရဲ့ စည်းလုံးညီညွတ်မှု၊ အင်အားကြီးမားမှုနဲ့ ဆုံးဖြတ်ချက်ခိုင်မာမှုတို့ကို အထင်အရှားပြသတာလည်း ဖြစ်ပါတယ်။ နေတိုးမဟာမိတ်အဖွဲ့အနေနဲ့ ရုရှားရဲ့ ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်မှုကနေ တကျော့ပြန်ဖြစ်ပွားနေတဲ့ ရုရှား-ယူကရိန်းစစ်ပွဲကို အနီးကပ်လေ့လာနေခဲ့ပြီးတော့ ဒီစစ်ပွဲရဲ့ အခင်းအကျင်းတွေပေါ်မူတည်ပြီး ၎င်းတို့ရဲ့ တိုက်ပွဲဝင် အဆင်သင့်ဖြစ်မှု၊ အနာဂတ် စစ်ရေးစွမ်းပကား၊ စစ်ရေးဆိုင်ရာ တီထွင်မှုတွေနဲ့ စစ်ရေးလေ့ကျင့်မှုတွေကို လိုအပ်သလို တိုးမြှင့်လုပ်ဆောင်သွားဖို့လည်း ရှိနေတယ်။ ဒီစစ်ရေးလေ့ကျင့်မှုမှာ ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်ခံရမှု အရင်ဦးဆုံး ခံရနိုင်ဖွယ်ရှိတဲ့ ဘောလ်တစ်နိုင်ငံတွေရဲ့ နယ်မြေဧရိယာတွေထဲမှာ အဓိကပြုလုပ်ဖို့ရှိနေပြီး ဂျာမနီနိုင်ငံကိုတော့ ဥရောပကာကွယ်ရေး ထပ်မံအားသစ်လောင်းဖို့အတွက် အခရာကျတဲ့ ဗဟို ချက်အဖြစ် ထားရှိလေ့ကျင့်မှာဖြစ်ပါတယ်။ (ဘောလ်တစ်နိုင်ငံတွေဆိုတာကတော့ ရုရှားနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ဘောလ်တစ်ပင်လယ်အရှေ့ဘက်ကမ်းရိုးတန်းက လစ်သူရေးနီးယား၊ လတ်ဗီးယားနဲ့ အက်စတိုးနီးယားနိုင်ငံတွေကို ဆိုလိုတာဖြစ်ပါတယ်။) နေတိုးအဖွဲ့အနေနဲ့ ဒီလိုကြီးမားတဲ့ စစ်ရေးလေ့ကျင့်မှု ပြုလုပ်တာဟာ ဖြစ်တန်ဖွယ်ရာရှိတဲ့ ရုရှားရဲ့ ဥရောပအပေါ် နောက်ထပ်ကျူးကျော်တိုက်ခိုက်လာမှုတွေအပေါ် အလျင်အမြန်ကာကွယ်တုံ့ပြန် ဟန့်တားနိုင်ရေးနဲ့ တခြားသော နိုင်ငံလက်မဲ့ အကြမ်းဖက်အဖွဲ့တွေကို တုံ့ပြန်တိုက် ခိုက်နိုင်ဖို့ဖြစ်တယ်လို့ အရိပ်အမြွက် ပြောကြားထားပါတယ်။
နေတိုးမဟာမိတ်အဖွဲ့ရဲ့ ဒီလို ကြီးမားတဲ့ စစ်ရေးလေ့ကျင့်မှုကို ဝါရှင်တန်ရဲ့ ပထဝီနိုင်ငံရေးဆိုင်ရာရှုထောင့်ကနေတဆင့် စေ့ငုလေ့လာကြည့်ဖို့လည်း လိုအပ်ပါလိမ့်မယ်။ အမေရိကန်အနေနဲ့ ရုရှားနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုတွေနဲ့ နိုင်ငံရေး၊ သံတမန်ရေးရာတွေမှာ ထိန်းချုပ်ထားမှု မဟာဗျူဟာတွေဟာ ထင်သလောက်အောင်မြင်မှုမရှိတာ တွေ့နိုင်ပါတယ်။ ၂၀၂၃ ခုနှစ်မှာ ရုရှားရဲ့ စုစုပေါင်းပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) တိုးတက်မှုနှုန်းဟာ ၃.၅ ရာခိုင်နှုန်းဖြစ်ရာ ဥရောပတခွင် စီးပွားရေးအင်အားအကြီးမားဆုံးဖြစ်တဲ့ ဂျာမနီနိုင်ငံရဲ့ GDP တိုးတက်မှုနှုန်းထက် ပိုမိုများပြားနေတာကို တွေ့ရပါတယ်။ ဒါ့ကြောင့်ပဲ အမေရိကန်နိုင်ငံဟာ အတ္တလန္တိတ်နဲ့ ဥရောပ ဒေသဆိုင်ရာ ပထဝီနိုင်ငံရေးချဉ်းကပ်မှုကို “ရုရှားခြိမ်းခြောက်မှု သီအိုရီ” အပေါ် ပိုမိုအခြေပြု ပြောကြားလာတာလည်း ဖြစ်ပါတယ်။ ဆိုရရင် ဖော်ပြပါ “ရုရှားခြိမ်းခြောက်မှု သီအိုရီ” ကနေတဆင့် မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့ (နေတိုး)ရဲ့ ရုရှားဆန့်ကျင်ရေး အာသီသကို ပိုမိုနှိုးဆွပေးနိုင်မှာဖြစ်ကာ နေတိုးမဟာမိတ်အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ သမားရိုးကျစစ်ပွဲဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းမှုတွေကို အရင်ကထက် ပိုမိုအဆင့်မြှင့်တင် လုပ်ဆောင်သွားနိုင်မှာလည်း ဖြစ်ပါတယ်။
နေတိုးအဖွဲ့အနေနဲ့ ရုရှားရဲ့ ခြိမ်းခြောက်မှုနဲ့ပတ်သက်ပြီး သမားရိုးကျ ကာကွယ်ရေးမဟာဗျူဟာတွေအစား လက်ဦးမှုယူ ဟန့်တားရေးမဟာဗျူဟာဘက်ကို ပိုမိုအလေးထားလာတာလည်း အထင်အရှားတွေ့နိုင်ပါတယ်။ (လက်ဦးမှုယူ ဟန့်တားရေးမဟာဗျူဟာကတော့ နိုင်ငံတစ်နိုင်ငံအနေနဲ့ ယင်းအပေါ် ရန်ဘက်နိုင်ငံရဲ့ တိုက်ခိုက်လာမှု အမှန်တကယ် ဖြစ်ပွားလာမှု မရှိစေဖို့ ကြိုးပမ်းဆောင်ရွက်တာမျိုး ဖြစ်ပါတယ်။ ဆိုလိုတာက ရန်ဘက်နိုင်ငံအနေနဲ့ မိမိအားတိုက်ခိုက်လာပါက အမှန်တကယ် အကျိုးအမြတ်ရမှာထက် ဆုံးရှုံးနစ်နာမှုတွေ ပိုရစေမှာ ဖြစ်တယ်ဆိုတဲ့ တွက်ချက်စေမှုမျိုး ဖြစ်ပေါ်လာစေရန် ဆောင်ရွက်တာမျိုးဟာ လက်ဦးမှုယူ ဟန့်တားထားမှုတစ်မျိုး ဖြစ်ပါတယ်။ နေတိုးမဟာမိတ်အဖွဲ့ရဲ့ လတ်တလောပြုလုပ်နေတဲ့ STEADFAST DEFENDER 2024 စစ်ရေးလေ့ကျင့်မှုဟာ ကြိုတင်လက်ဦးမှုယူ ဟန့်တားထားရေးမဟာဗျူဟာအတွက် နည်းဗျူဟာတစ်ရပ်ဖြစ်ကာ သံတမန်ရေးနဲ့ နိုင်ငံရေးနည်းလမ်းတွေနဲ့ ပေါင်းစပ်အသုံးပြုတဲ့ နည်းဗျူဟာတွေလည်း ရှိပါတယ်။)
ဒါ့အပြင် နေတိုးမဟာမိတ်အဖွဲ့အနေနဲ့ ယူကရိန်းအပေါ် ရုရှားရဲ့ကျူးကျော်စစ်နဲ့ ပတ်သက်ပြီး ဥရောပနိုင်ငံတွေရဲ့စိုးရိမ်မှုကို အခွင့်ကောင်းယူကာ ပိုလန်နိုင်ငံနဲ့ ဘောလ်တစ်ပင်လယ်ကမ်းရိုးတန်းနိုင်ငံတွေမှာ တပ်ပြောင်းရွှေ့ တပ်ဖြန့်ထားမှုတွေလည်း ရှိတယ်လို့လည်း နိုင်ငံတကာအရေး လေ့လာသုံးသပ်သူတချို့က ဆိုကြပါတယ်။ တကျော့ပြန် ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခ ဖြစ်ပွားနေချိန်မှာပဲ အမေရိကန်နဲ့ ဗြိတိန်အနေနဲ့ ဥရောပလုံခြုံရေးစနစ်အပေါ် နေတိုးမဟာမိတ်အဖွဲ့ရဲ့ ပိုမိုလွှမ်းမိုးထိန်းချုပ်ထားနိုင်မှုရှိစေဖို့ မြှင့်တင်ဆောင်ရွက်နေ တာကိုလည်းတွေ့ရမှာ ဖြစ်ပါတယ်။ ဒီလို အမေရိကန်နဲ့ ဗြိတိန်ရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေဟာ နေတိုးမဟာမိတ်အဖွဲ့ရဲ့ ကြီးမားတဲ့ စစ်ရေးလေ့ကျင့်မှု ဖြစ်ပေါ်လာစေဖို့ အကြောင်း အရင်းတစိတ်အပိုင်းလည်း ဖြစ်ပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုက ၎င်းတို့အပေါ် ရုရှားဘက်က သမားရိုးကျစစ်ပွဲဆင်နွှဲဖို့ ခြိမ်းခြောက်မှုတွေကို လျော့ကျစေမှာဖြစ်တယ်လို့ နေတိုးမဟာမိတ်အဖွဲ့က ယူဆထားကာ မော်စကိုရဲ့ ဖြစ်တန်ဖွယ်ရှိတဲ့ ကျူးကျော်တိုက်ခိုက်မှုဆိုင်ရာ အစီအမံတွေကို မဟာဗျူဟာကျကျ ပိတ်ဆို့ကာကွယ်ထားနိုင်မယ်လို့လည်း ရှုမြင် ထားကြပါတယ်။
ရုရှားဘက်ကတော့ နေတိုးမဟာမိတ်အဖွဲ့ရဲ့ ဒီလိုမျိုး ကြီးမားတဲ့ စစ်ရေးလေ့ကျင့်မှုကြီးက ၎င်းတို့နဲ့ မတော်တဆစစ်ရေးထိတွေ့မှုမျိုး ဖြစ်ပေါ်နိုင်ပြီးတော့ ဒီလို စစ်ရေးမတော်တဆဖြစ်ခဲ့ရင် ဥရောပအပါအဝင် ဒေသတွင်းလုံခြုံရေးအပေါ် လက်ငင်းအကျိုးသက်ရောက်မှာ ဖြစ်တယ်လို့ တုံ့ပြန်ပြောကြားထားပါတယ်။ ဒါ့အပြင် နေတိုးမဟာမိတ်အဖွဲ့ကို ဦးဆောင်တဲ့နိုင်ငံအနေနဲ့ (အမေရိကန်ကို ညွှန်းဆိုမှုဖြစ်) ဥရောပလုံခြုံရေးနဲ့ပတ်သက်ပြီး စိုးရိမ်မှုအနည်းအကျဉ်းသာရှိပြီးတော့ ကမ္ဘာကြီးအပေါ် အနောက်ကမ္ဘာရဲ့ လွှမ်းမိုးခြယ်လှယ်မှု တ ဖြည်းဖြည်း လျော့နည်းလာချိန်မှာ အမေရိကန်အနေနဲ့ ၎င်းတို့ရဲ့လွှမ်းမိုးမှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ ဥရောပလုံခြုံရေးကိုအကြောင်းပြပြီး နေတိုးမဟာမိတ်အဖွဲ့ကို ကိရိယာတစ်ခုလို အသုံးချနေတာသာဖြစ်တယ်လို့ ယူဆနေကြပါတယ်။ ဒါ့အပြင် အမေရိကန်အနေနဲ့ ရုရှားခြိမ်းခြောက်မှုသီအိုရီကို အသုံးချပြီး ဥရောပနိုင်ငံတွေကို အပြိုင်အဆိုင်လက်နက်တပ်ဆင်ဖို့ သွယ်ဝိုက်တွန်းအားပေးနေတဲ့သဘော သက်ရောက်နေပြီးတော့ ဒါဟာ အမေရိကန်ရဲ့ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းကြီးတွေအတွက် အကျိုးအမြတ် များစေဖို့ ဖြစ်တယ်လို့လည်း ရုရှားဘက်က ရှုမြင်ထားပါတယ်။ ရုရှားအစိုးရ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ကတော့ နေတိုးမဟာမိတ်အဖွဲ့ရဲ့ စစ်ရေးလေ့ကျင့်မှုဟာ ၎င်းတို့အတွက် ခြိမ်း ခြောက်မှုတစ်ရပ်ဖြစ်ပြီးတော့ ဒီစစ်ရေးလေ့ကျင့်မှုနဲ့ပတ်သက်ပြီး လိုအပ်တဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ အဆင်သင့်ရှိတယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံဘက်ကလည်း နေတိုးမဟာမိတ်အဖွဲ့ရဲ့ စစ်ရေးလေ့ကျင့်မှုအပေါ် သတိထားစောင့်ကြည့်နေဟန် တူပါတယ်။ တရုတ်နိုင်ငံဘက်ကတော့ အမေရိကန်ဟာ ကမ္ဘာတဝန်းလှည့်ပတ်သွားနေတဲ့ စစ်ယန္တရားကြီးနဲ့တူနေပြီးတော့ ၎င်းတို့ ခြေချတဲ့နေရာတိုင်း မတည်ငြိမ်မှုကို ဖြစ်စေတယ်လို့ ပြောကြားထားပါတယ်။ ဒါ့အပြင် အမေရိကန်အနေနဲ့ အာရှ-ပစိဖိတ်ဒေသနဲ့ အင်ဒို-ပစိဖိတ်ဒေသတွေမှာလည်း လက်တွေ့အမှန်တကယ် မတည်ရှိတဲ့ တရုတ်ခြိမ်းခြောက်မှုသီအိုရီကို ဖန်တီးပြီး တခြားနိုင်ငံတွေနဲ့ ပူးပေါင်းကာ တရုတ်နိုင်ငံနဲ့ ထိပ် တိုက်ရင်ဆိုင်ရေးနည်းလမ်းကို အသုံးပြုနေတယ်လို့ တရုတ်ဘက်က ယူဆနေပါတယ်။ (ရုရှားခြိမ်းခြောက်မှု သီအိုရီနဲ့ တရုတ်ခြိမ်းခြောက်မှု သီအိုရီကို အမေရိကန်ဘက်က အသုံးချနေပုံချင်းတူတယ်လို့ တရုတ်ဘက်က ဆိုလိုဟန် တူပါတယ်။)
ဒီလို ဝေဖန်မှုတွေ ရှိနေပေမယ့် နေတိုးမဟာမိတ်အဖွဲ့ကတော့ ၎င်းတို့ရဲ့ စစ်ရေးလေ့ကျင့်မှုဟာ ဥရောပကို စုပေါင်းကာကွယ်ရေး တာဝန်အတွက် ၎င်းတို့မဟာမိတ်အဖွဲ့ကို အရင်ကထက် ပိုမိုပြင်ဆင်ထားမှုသာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလို ပူးပေါင်းကာကွယ်ရေးအစီအမံတွေ ရှိထားတာကြောင့် ၎င်းတို့မဟာမိတ်အဖွဲ့ထဲက အားနည်းတဲ့နိုင်ငံတွေအပေါ် ကျူးကျော်လာနိုင်တဲ့ ရန်စွယ်တွေကနေ ကြိုတင်ဟန့်တားထားနိုင်ဖို့ရည်ရွယ်ပြီး ဒီစစ်ရေးလေ့ကျင့်မှုကို ပြုလုပ်တာလို့ နေတိုးအဖွဲ့က အခိုင်အမာယုံကြည်နေကြပါတယ်။ အနောက်ကမ္ဘာကတော့ ကမ္ဘာပေါ်က နိုင်ငံတစ်နိုင်ငံအနေနဲ့ နေတိုးမဟာမိတ်အဖွဲ့ရဲ့ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကို ကျူးကျော်တိုက်ခိုက်ဖို့ အစီအစဉ်မရှိသေးသမျှ ကာလပတ်လုံး နေတိုးအဖွဲ့ရဲ့ Steadfast Defender 2024 စစ်ရေးလေ့ကျင့်မှုကို ခြိမ်းခြောက်မှုတစ်ရပ်လို မရှုမြင်သင့်ကြောင်း ပြန်လည်တုံ့ပြန် ပြောကြားထားကြောင်းပါ။ ။
ထင်လင်း (ပုသိမ်)
ကိုးကား။ ။ https://www.defense.gov/, https://www.themoscowtimes.com/, http://eng.mod.gov.cn/, http://eng.chinamil.com.cn/, https://www.hudson.org/
နေတိုး (NATO) အဖွဲ့ရဲ့ STEADFAST DEFENDER 2024 စစ်ရေးလေ့ကျင့်မှုအပေါ် စေ့ငုခြင်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်