ကောင်းထက်ငွေ
မြန်မာနိုင်ငံဟာ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် ရုရှားနဲ့ မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ မဟာဗျူဟာမြောက် အရှိန်မြင့်ကြိုးပမ်းလာခြင်းအပေါ် တရုတ်အစိုးရက အဆင်မပြေဖြစ်နေပါတယ်။ တရုတ်အစိုးရဟာ တနင်္သာရီတိုင်းဒေသကြီးရှိ ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးစီမံကိန်းနဲ့ပတ်သက်ပြီး ကနဦးလေ့လာဆန်းစစ်သုံးသပ်ချက်တွေ လုပ်ဆောင်ခဲ့ပေမယ့် အိန္ဒိယနိုင်ငံကတည်ဆောက်နေတဲ့ စစ်တွေရေနက်ဆိပ်ကမ်းအနီးတည်ဆောက်မယ့် ကျောက်ဖြူရေနက်ဆိပ်ကမ်း တည်ဆောက်ရေးစီမံကိန်းမှာ ပါ ဝင်လုပ်ကိုင်ဖို့ နောက်ပိုင်းမှာအာရုံပြောင်းလဲခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ ထားဝယ်ရေနက်ဆိပ်ကမ်းတည်ဆောက်ရေးအတွက် ရုရှားနိုင်ငံကို မကြာသေးမီကရွေးချယ်ခဲ့ရာ အဲဒီဆုံးဖြတ်ချက်က ထားဝယ်ရေနက်ဆိပ်ကမ်းတည်ဆောက်ရေးလုပ်ငန်းလုပ်ကိုင်ဖို့ စိတ်ဝင်စားခဲ့တဲ့ တရုတ်အစိုးရနဲ့ တင်းမာမှုတွေ ပိုမိုဖြစ်လာဖွယ်ရှိနေပါတယ်။
ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးစီမံကိန်းဟာ ထိုင်းနိုင်ငံနဲ့နယ်စပ်ချင်းထိစပ်နေတဲ့ မြန်မာနိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းမှာ တည်ရှိနေပါတယ်။ ထိုင်းအစိုးရနဲ့ မြန်မာအ စိုးရတို့ဟာ နှစ်နိုင်ငံကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစိတ်အပိုင်းအဖြစ် ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးစီမံကိန်းလုပ်ဆောင်ဖို့ ၂၀၀၈ ခုနှစ်မှာ စတင်ခဲ့ပါတယ်။
ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံကြားဆွေးနွေးမှုတွေဟာ မြန်မာနိုင်ငံက တရုတ်နိုင်ငံရဲ့သြဇာလွမ်းမိုးမှုတွေကို ဟန်ချက်ညီတုံ့ပြန်နိုင်အောင် ရုရှားနိုင်ငံနဲ့ အပြန်အလှန်ဆက်ဆံရေးကောင်းမွန်စေရေး ကြိုးပမ်းမှုအစိတ်အပိုင်းတစ်ရပ်အဖြစ် ရှိနေခဲ့ပါတယ်။
ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးအဆိုပြုချက်တွေထဲမှာ ဆိပ်ကမ်းအတွင်း ကုန်တန်ချိန် ၁၀ သန်း ဝင်ဆံလုပ်ကိုင်နိုင်အောင်လုပ်ကိုင်မယ့် အစီအစဉ်တွေအပြင် တစ်ရက်ကို ရေနံစည်ပေါင်းတစ်သိန်း ထုတ်လုပ်နိုင်မယ့် ရေနံချက်စက်ရုံတည်ဆောက်မယ့်အစီအစဉ်တွေလည်း ပါဝင်နေပါတယ်။
ဒါပေမယ့် တရုတ်နိုင်ငံကတော့ ထားဝယ်ရေနက်ဆိပ်ကမ်းမှာ ရုရှားနိုင်ငံပါဝင်လုပ်ကိုင်မှုတွေဟာ ကျောက်ဖြူမြို့ မှာ တရုတ်နိုင်ငံကလုပ်ကိုင်နေတဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းအပြင် ဒေသအတွင်း ကမ္ဘာကုန်သွယ်ရေးလမ်းကြောင်းအစီအစဉ်တွေကို ထိခိုက်နစ်နာဖွယ်ရှိတယ်လို့ သုံးသပ်တာတွေရှိနေပါတယ်။
ရုရှားနိုင်ငံနဲ့ အပြန်အလှန်ဆက်ဆံရေးကောင်းမွန်အောင်ကြိုးပမ်းပြီး မြန်မာနိုင်ငံဟာ ထားဝယ်ရေနက်ဆိပ်ကမ်းမှာ ရုရှားနိုင်ငံကို ရင်းနှီးမြှုပ်နှံ့ခွင့်ပေးရုံသာမက ရေနံချက်စက်ရုံတည်ဆောက်မယ့် စီမံကိန်းတွေပါဝင်မယ့် အထူးစီးပွားရေးဇုန် တည်ဆောက်ရေးစီမံကိန်းမှာ ရုရှားနိုင်ငံသားတွေကို ရင်းနှီးမြှုပ်နှံ့ခွင့်ပေးဖွယ်ရှိနေပါတယ်။
ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းမှာ ရုရှားနိုင်ငံကို ပါဝင်လုပ်ကိုင်ခွင့်ပေးခြင်းဟာ တရုတ်နိုင်ငံအတွက်တော့ ဘေးဖယ်ထားသလိုမျိုး ခံစားရဖွယ်ရှိတယ်လို့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။
အဆိုပြုထားတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းဟာ အက်ဒမန်ပင်လယ်တစ်လျှောက်ရှိ မြန်မာနိုင်ငံအရှေ့ဘက်ကမ်းရိုးတန်း တနင်္သာရီတိုင်းဒေသကြီးမှာရှိနေရာ မဟာဗျူဟာမြောက်အရေးပါတဲ့ နေရာအဖြစ်တည်ရှိနေပါတယ်။ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းဟာ တရုတ်၊ ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံတို့ ပူးပေါင်းပါဝင်ဖွဲ့ စည်းထားတဲ့ ဂရိတ်မဲခေါင်ဒေသနိုင်ငံများရဲ့ gateway အဖြစ်ရှိနေပါတယ်။
အဲဒီစီမံကိန်းဟာ ထိုင်းနိုင်ငံရဲ့ကုန်သွယ်ရေးအတွက် အဓိကအရေးပါတဲ့ဆိပ်ကမ်းအဖြစ်ရှိနေပါတယ်။ အဲဒီဆိပ်ကမ်းပြီးစီးချိန်မှာ ထိုင်းနိုင်ငံဘန်ကောက်မြို့ကနေ ထားဝယ်မြို့ကို ရေလမ်း၊ ကုန်းလမ်းနဲ့သွားရောက်နိုင်မှာဖြစ်ပြီး ဘန်ကောက်မြို့နဲ့ ထားဝယ်မြို့ဟာ အကွာအဝေး ၃၀၀ ကီလိုမီတာ ကွာဝေးပါတယ်။
ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း တည်ဆောက်ပြီးစီးချိန်မှာ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းဟာ အရှေ့တောင်အာရှဒေသရဲ့ အဓိကအရေးပါတဲ့ဆိပ်ကမ်းအဖြစ် ရှိနေမှာဖြစ်ပါတယ်။ အဲဒီ ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်မှုပြီးဆုံးချိန်မှာ မလက္ကာရေလက်ကြားကို ဖြတ်သန်းစရာမလိုဘဲ အိန္ဒိယသမုဒ္ဒရာ၊ အရှေ့အလယ်ပိုင်း၊ ဥရောပနဲ့ အာဖရိက တိုက်ရှိနိုင်ငံတွေကို ချိတ်ဆက်ပေးနိုင်ဖွယ်ရှိနေပါတယ်။ အဲဒီထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းပြီးစီးချိန်မှာ တစ်နှစ်ကို ကုန်စည်အလေးချိန် မက်ဒရစ်တန် ၁၀၀ ခန့် စီမံခန့်ခွဲနိုင်ဖွယ်ရှိနေပါတယ်။
မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ရုရှားနိုင်ငံရဲ့ပါဝင်ဆောင်ရွက်မှုတွေဟာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုထက်ကျော်လွန်ပြီး ကာကွယ်ရေးပိုင်း ပူးပေါင်းဆောင်ရွက်မှုတွေလည်း ရှိနေခဲ့ပါတယ်။ ရုရှားနိုင်ငံနဲ့ မြန်မာနိုင်ငံကြား အမေရိကန်ဒေါ်လာ သန်းနဲ့ချီတန်ကြေးရှိတဲ့ စစ်လက်နက်ပစ္စည်းအရောင်းအဝယ် သဘောတူညီမှုစာချုပ်တွေအပြင် စစ်ရေးလေ့ကျင့်ပေးတာတွေလည်း ရှိနေခဲ့ပါတယ်။
ရုရှားနိုင်ငံဟာ မြန်မာနိုင်ငံကို စနိုက်ပါနဲ့ ဒရုန်းလေ့ကျင့်ရေး သင်တန်းများပေးနေသလို မြန်မာနိုင်ငံအတွက် အသေးစားနျူကလီးယားဓါတ်ပေါင်းဖိုတွေ ကူညီပံ့ပိုးပေးဖို့ စဉ်းစားနေပါတယ်။ ဒါ့အပြင် နျူကလီးယားနည်းပညာကဏ္ဍမှာ မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု အစိတ်အပိုင်းအဖြစ် ရန်ကုန်မြို့မှာ နျူကလီးယားနည်းပညာပိုင်းဆိုင်ရာ သတင်းအချက်လက်စင်တာကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။
အိန္ဒိယအစိုးရကတော့ ရုရှားနိုင်ငံနဲ့ မြန်မာနိုင်ငံကြား ရင်းနှီးတဲ့ဆက်ဆံရေးတွေရှိလာတဲ့အပေါ် မြန်မာနိုင်ငံရဲ့အခြေခံအဆောက်အဦးတွေနဲ့ စွမ်းအင်စီမံကိန်းတွေမှာ တရုတ်နိုင်ငံပါ ဝင်ပတ်သက်မှုတွေနဲ့ပတ်သက်ပြီး ထည့်သွင်းစဉ်းစားရဖွယ်ရှိနေပါတယ်။
ဒါပေမယ့် ရုရှားနဲ့ မြန်မာနိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုနဲ့ မိတ်ဖက်အဖြစ်ဆောင်ရွက်မှုတွေဟာ ဘင်္ဂလားပင်လယ်အော်ဒေသအတွင်းရှိ အိန္ဒိယနိုင်ငံရဲ့ အကျိုးစီးပွားတွေကို ထိန်းသိမ်းနိုင်စွမ်းရှိလာမယ်လို့ ထင်ကြေးပေးသုံးသပ်မှုတွေရှိနေပါတယ်။
မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံအပေါ် အရင်တုန်းကမှီခိုခဲ့ပေမယ့် လက်ရှိအချိန်မှာ တရုတ်နိုင်ငံအပေါ် မှီခိုမှုတွေကိုလျော့ချပြီး စစ်လက်နက်ပစ္စည်းပိုင်းအပြင် အခြေခံအဆောက်အဦးပိုင်းနဲ့ စွမ်းအင်စီမံကိန်းတွေအတွက် ရုရှားနိုင်ငံနဲ့ မိတ်ဖက်အဖြစ်ဆောင်ရွက်မှုတွေကိုတိုးချဲ့ဖို့ ပစ်မှတ်ထားနေတယ်လို့ အိန္ဒိယသတင်းတွေမှာ ပြီးခဲ့တဲ့မတ်လအတွင်း ဖော်ပြခဲ့ပါတယ်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံ့မှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကံဇော်ဟာ မကြာသေးမိက ရုရှားနိုင်ငံကိုသွားရောက်ပြီး ဆိပ်ကမ်းဖွံ့ဖြိုးရေး၊ အထူးစီးပွားရေးဇုန်တည်ဆောက်ရေး၊ ရေနံချက်စက်ရုံတည်ဆောက်ရေး၊ ၆၆၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်မယ့် လျှပ်စစ်ဓါတ်အားပေးစက်ရုံတည်ဆောက်ရေး၊ ၃၃၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်မယ့် နျူကလီးယားစွမ်းအင်သုံး ဓါတ်အားပေးစက်ရုံတည်ဆောက်ရေး၊ နှစ်နိုင်ငံကြား ငွေကြေးသုံးစွဲမှုဆိုင်ရာကိစ္စတွေအတွက် အဓိကထားဆွေးနွေးခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
ကောင်းထက်ငွေ
China’s Frustration Grows As Myanmar Seeks Russian Partnership For Dawei Strategic Port Project
ထားဝယ်ရေနက်ဆိပ်ကမ်းကြောင့် တရုတ်နဲ့ မြန်မာနိုင်ငံကြား အကွဲအပြဲဇာတ်လမ်းတွေ ဖြစ်လာတော့မှာလား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်