စိတ်ဝင်စားဖွယ်စောင့်ကြည့်နေရတဲ့ အီရန်နဲ့ အစ္စရေးနိုင်ငံကြား ဖြစ်ပွားနေတဲ့စစ်ပွဲ

ကောင်းထက်ငွေ

ဂါဇာအရေးနဲ့ဆက်နွယ်ပြီးဖြစ်ပွားလာတဲ့ အီရန်နဲ့ အစ္စရေးနိုင်ငံကြား အပြန်အလှန်ပစ်ခတ်မှုတွေက အရှေ့အလယ် ပိုင်းဒေသအတွင်း ကြီးမားကျယ်ပြန်တဲ့စစ်မီး ပိုမိုတောက်လောင်လာမှာ စိုးရိမ်နေပါတယ်။ အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အုပ်စုကြား စစ်ပွဲစတင်ခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလနောက်ပိုင်းတည်းက အစ္စရေးဟာ အီရန်နိုင်ငံရဲ့ အထောက် အပံ့တွေရရှိထားတဲ့ လက်နက်ကိုင်အုပ်စုတွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ဆီးရီးယား၊ လက်ဘနွန်၊ ယီမင်၊ ပါလက်စတိုင်းနဲ့ အီရတ်နိုင်ငံတို့ရှိ လက်နက်ကိုင်အုပ်စုတွေဟာ အစ္စရေးနိုင်ငံဘက်ခြမ်းကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အစ္စရေးကလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဧပြီ ၁ ရက်နေ့မှာ အစ္စရေးဟာ ဆီးရီးယားကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ အီရန်ကောင်စစ်ဝန်ရုံးကို ဗုံးကြဲမိပြီး အီရန်ဗိုလ်ချုပ်နှစ်ဦးအပါအဝင် လူပေါင်း ၇ ဦးသေဆုံးခဲ့ပါတယ်။

အီရန်ပြည်ပရေးရာ စစ်ဘက်အဖွဲ့စည်းတွေဟာ ဆီးရီးယားနိုင်ငံမှာ အခြေစိုက်စခန်းတွေရှိနေပြီး၊ ဒီဇင်ဘာလတုန်းကလည်း ဆီးရီးယားနိုင်ငံကိုတိုက်ခိုက်ခဲ့တဲ့ အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် အီရန်ဗိုလ်ချုပ်တွေ သေဆုံးခဲ့ပါတယ်။ အီရန်ဗိုလ်ချုပ်တွေ သေဆုံးမှုနဲ့ပတ်သက်ပြီး နှစ်နိုင်ငံကြား အငြင်းပွားမှုတွေ၊ တင်းမာမှုတွေ ပိုမိုမြင့်တက်လာခဲ့ရာ အီရန်က အစ္စရေးကိုလက်တုံ့ပြန်မယ်လို့ ကြိုတင်သတိပေးခဲ့ပါတယ်။

အီရန်ဟာ ကြိုတင်သတိပေးထားတဲ့အတိုင်း ဧပြီ ၁၃ ရက်နေ့မှာ အစ္စရေးနိုင်ငံကို ပစ်မှတ်ထားပြီး ခရုဇ်ဒုံးကျည်တွေ၊ ပဲ့ထိန်းဒုံးကျည်တွေနဲ့ ဒရုန်းတွေအပါအဝင် တာဝေးပစ်လက် နက်အနည်းဆုံး ၃၀၀ ကျော်အသုံးပြုပြီး  အစ္စရေးလေတပ်စခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အီရန်နဲ့ အစ္စရေးနိုင်ငံတို့ဟာ အိမ်နီးချင်းနိုင်ငံတွေမဟုတ်ဘဲ မိုင်ပေါင်း ၁၀၀၀ နီးပါး ဝေးကွာနေတဲ့နိုင်ငံဖြစ်ရာ အပြန်အလှန်တိုက်ခိုက်ရာမှာ ဒုံးကျည်တွေနဲ့ တာဝေးပျံသန်းနိုင်တဲ့ ဒရုန်းတွေကို အသုံးပြုခဲ့ရပါတယ်။ အရှေ့အလယ်ပိုင်းဒေသအတွင်း အမေရိကန်စစ်အခြေစိုက်စခန်း၊ ဗြိတိန်စစ်အခြေစိုက်စခန်းတွေဟာ အီရန်ရဲ့ဒုံးကျည်တွေ၊ ဒရုန်းတွေကို ကြားဖြတ်ပစ်ချပေးခဲ့လို့ အစ္စရေးနိုင်ငံ ဆိုးဆိုးရွားရွားအထိမနာခဲ့တာဖြစ်တယ်လို့ ဆိုကြပါတယ်။

အစ္စရေးဟာ အီရန်ရဲ့တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်မှုအဖြစ် အီရန်နိုင်ငံရဲ့ တတိယအကြီးဆုံးမြို့ကို ဧပြီ ၁၉ ရက်နေ့မှာ ဒရုန်းတွေနဲ့အဓိကထားတိုက်ခိုက်ခဲ့ရာ နှစ်ဖက်တင်းမာမှု ပိုမိုဖြစ်လာခဲ့ပါတယ်။ အီရန်နိုင်ငံဟာ နျူကလီးယားလက်နက်တွေ ပိုင်ဆိုင်ဖို့ကြိုးပမ်းနေတဲ့နိုင်ငံဖြစ်ရာ အစ္စရေးဟာ အီရန်ရဲ့နျူကလီးယားအဆောက်အဦးတွေကို ပစ်မှတ်ထားတိုက် ခိုက်မယ်ဆိုရင် နှစ်နိုင်ငံကြား အပြန်အလှန်တိုက်ခိုက်မှု အရှိန်ပိုမိုမြင့်တက်လာဖွယ်ရှိနေပြီး စစ်မီးက ဒေသအတွင်းတစ်ခုလုံးကို ရိုက်ခတ်လာဖွယ်ရှိနေပါတယ်။

အီရန်ဟာ အရှေ့အလယ်ပိုင်းဒေသအတွင်းနိုင်ငံတွေထဲမှာ တာဝေးပဲ့ထိန်းဒုံးကျည်အမျိုးမျိုးအပြင် အသေခံဒရုန်းအမျိုးမျိုးပိုင်ဆိုင်ထားပြီး စစ်အင်အားတောင့်တင်းတဲ့နိုင်ငံဖြစ်ပါတယ်။ ဒါ့အပြင် အီရန်လက်အောက်ခံ လက်နက်ကိုင်အဖွဲ့စည်းတွေဟာလည်း အင်အားသိန်းနဲ့ချီရှိနေရာ အစ္စရေးနိုင်ငံကို ဝိုင်းဝန်းတိုက်ခိုက်မယ်ဆိုရင် အခြေအနေတွေဟာ မျှော် လင့်ထားတာထက် ပိုမိုရှုပ်ထွေးလာဖွယ်ရှိနေပါတယ်။

အမေရိကန်အစိုးရတာဝန်ရှိသူတွေဟာ အီရန်နဲ့ အစ္စရေးနိုင်ငံကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်လာခဲ့ပြီးနောက်ပိုင်း အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ မဟာမိတ်နိုင်ငံတွေနဲ့ ဆွေးနွေးခဲ့ပြီး၊ အဲဒီဒေသအတွင်းနိုင်ငံတွေဟာ စစ်မီးပိုမိုတောက်လောင်လာမှာ စိုးရိမ်နေပါတယ်။ ဒါကြောင့် အစ္စရေးကိုတားဆီးပေးဖို့ အမေရိကန်သမ္မတကို တိုက်တွန်းတောင်းဆိုတာတွေလည်း ရှိနေခဲ့ပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အီရန်ကိုတုံ့ပြန်မယ့် အစ္စရေးအစီအစဉ်တွေထဲမှာ တိုက်ရိုက်ပါဝင်မှာမဟုတ်ပေမယ့် အစ္စရေးနိုင်ငံကို ကိုယ်ကိုယ်ကိုကာကွယ်နိုင်အောင် ကူညီပေးမယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။ အီရန်နိုင်ငံကလည်း အမေရိကန်နိုင်ငံဟာ စစ်ပွဲထဲမှာတိုက်ရိုက်ပါဝင်လာမယ်ဆိုရင် အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းတွေကို ပစ်ခတ်တိုက်ခိုက်မယ်လို့ အီရန်စစ်ဘက်က လူသိရှင်ကြား သတိပေးထားပြီဖြစ်ပါတယ်။

အစ္စရေးဟာ အီရန်နိုင်ငံရဲ့ နျူကလီးယားအဆောက်အဦးတွေကို တိုက်ခိုက်မယ်ဆိုရင် အီရန်စစ်တပ်ကလည်း အင်အားပြင်းဒုံးကျည်တွေနဲ့ အစ္စရေးရဲ့ နျူကလီးယားအဆောက်အဦးတွေကို တုံ့ပြန်တိုက်ခိုက်သွားမယ်လို့ သတိပေးထားပါတယ်။

အီရန်စစ်တပ်က အစ္စရေးရဲ့နျူကလီးယားလက်နက်တွေ ထားရှိတဲ့နေရာတွေကို သိရှိထားသလို၊ ခိုင်မာတဲ့သတင်းအချက်လက်တွေ ရရှိထားတယ်လို့ ထပ်မံသတိပေးထားပါတယ်။ အစ္စရေးပြည်သူအများစုကလည်း အီရန်နိုင်ငံကိုလက်တုံ့ပြန်မယ့် အစ္စရေးအစိုးရဲ့အစီအစဉ်တွေကို လိုလားနှစ်သက်ခြင်းမရှိဘူးလို့ စစ်တမ်းတွေကဖော်ပြထားပါတယ်။

ဝန်ကြီးချုပ် နေတန်ရာဟုဦးဆောင်တဲ့ အစိုးရအဖွဲ့အတွက်တော့ ဂါဇာစစ်ပွဲကြောင့် ပြည်တွင်းနဲ့ နိုင်ငံတကာဖိအားမျိုးစုံ ရင်ဆိုင်နေရချိန်မှာ အီရန်နဲ့စစ်ပွဲဖြစ်လာမယ်ဆိုရင် အခြေနေတွေက ပိုမိုခက်ခဲရှုပ်ထွေးမယ့်အရေးကို ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။ ဒါကြောင့် အစ္စရေးဟာ အီရန်နိုင်ငံကို ဧပြီ ၁၉ ရက်နေ့က လက်တုံ့ပြန်တိုက်ခိုက်ရာမှာ ကြီးမားတဲ့တိုက်ခိုက်မှုမျိုးမဟုတ်ဘဲ သာမန်တိုက်ခိုက်မှုမျိုးသာ လုပ်ဆောင်ခဲ့တယ်လို့ ထင်ကြေးပေးမှုတွေလည်း ရှိနေပါတယ်။

အီရန်ဟာ ဧပြီ ၁၉ ရက်နေ့က အစ္စရေးနိုင်ငံရဲ့တိုက်ခိုက်မှုတွေကို ချက်ချင်းလက်တုံ့ပြန်ခြင်းမရှိသေးဘဲ ဘယ်လိုနည်းလမ်းမျိုးနဲ့ လက်တုံ့ပြန်ရမလဲဆိုတာ စဉ်းစားနေဖွယ်ရှိနေပါတယ်။

အစ္စရေးဟာ ဂါဇာစစ်ပွဲဖြစ်ပွားနေချိန်မှာ အီရန်နိုင်ငံနဲ့ ကြီးမားတဲ့စစ်ပွဲဖြစ်လာမယ်ဆိုရင် အစိုးရအဖွဲ့အတွက်သာမက ပြည်သူများအတွက်ပါ ကြီးမားတဲ့ထိုးနှက်ချက်တွေ ဖြစ်လာဖွယ်ရှိနေတဲ့အတွက် ကြီးမားတဲ့စစ်ပွဲဖြစ်စေမယ့်နည်းလမ်းကို အသုံးပြုဖွယ်မရှိဘူးလို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

အချို့ကျပြန်တော့လည်း အစ္စရေးဟာ အီရန်ကို ဆိုင်ဘာတိုက်ခိုက်မှုတွေ လုပ်ဆောင်ဖွယ်ရှိနေတယ်လို့ ထင်ကြေးပေးပြောဆိုထားပြီး၊ အချို့ကျပြန်တော့လည်း အီရန်စစ်တပ်ရဲ့ အဓိကထိပ်တန်းခေါင်းဆောင်တွေကို လုပ်ကြံတာမျိုး လုပ်ဆောင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

အမေရိကန်အပါအဝင် အခြားမဟာမိတ်နိုင်ငံတွေကတော့ စစ်မီးပိုမိုမတောက်လောင်စေဖို့ အစ္စရေးနိုင်ငံကို သည်းခံချုပ်တည်းဖို့ ဝိုင်းဝန်းအကြံပေးထားရာ အစ္စရေးအတွက် အီရန်နိုင်ငံကို ကြီးမားတဲ့တိုက်ခိုက်မှုတွေလုပ်ဖို့ ရှေ့မတိုးသာ၊ နောက်မဆုတ်သာအခြေနေမျိုး ဖြစ်နေပါတယ်။

အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေဟာ အစ္စရေးနိုင်ငံကို ဖျောင်းဖျနေသလို၊ အီရန်နိုင်ငံရဲ့တိုက်ခိုက်မှုအရှိန် လျော့ချနိုင်ဖို့ အီရန်နိုင်ငံရဲ့ဒုံးကျည်နဲ့ ဒရုန်းအစီအစဉ်တွေမှာပါဝင်နေတဲ့ လူပုဂ္ဂိုလ်တွေနဲ့ ကုမ္မဏီတွေကိုပစ်မှတ်ထားပြီး ပိတ်ဆို့မှုမျိုးစုံ ချမှတ်ခဲ့ပါတယ်။

အစ္စရေးနဲ့ အီရန်နိုင်ငံကြား အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်လာခဲ့ပြီးနောက်ပိုင်း အရှေ့အလယ်ပိုင်းဒေသတွင်းရှိ နိုင်ငံတွေဟာ လေကြောင်းလိုင်းတွေ ပိတ်ပင်တာ၊ လေကြောင်းခရီး စဉ်တွေ ရွှေ့ဆိုင်းပြောင်းရွှေ့တာမျိုးတွေ လုပ်ဆောင်ခဲ့ရပါတယ်။

အစ္စရေးနဲ့ အီရန်နိုင်ငံတို့ဟာ ဒေသအတွင်းမှာ စစ်အင်အားတောင့်တင်းသလို ခေတ်မီလက်နက်တွေလည်း ပိုင်ဆိုင်ထားတဲ့အပြင် မဟာမိတ်အဖွဲ့စည်းတွေ အများအပြားရှိနေတဲ့အ တွက် နှစ်နိုင်ငံကြား ကြီးမားတဲ့စစ်ပွဲဖြစ်လာမယ်ဆိုရင် စစ်ပွဲရဲ့သက်ရောက်မှုတွေက အရှေ့အလယ်ပိုင်းဒေသအတွင်းသာမက ကမ္ဘာနိုင်ငံတွေအပေါ် သက်ရောက်မှုများစွာ ဖြစ်လာနိုင်ဖွယ်ရှိနေပါတယ်။

ဒါကြောင့် နိုင်ငံတကာအဖွဲ့စည်းတွေဟာ အီရန်နဲ့ အစ္စရေးနိုင်ငံကြား စစ်ပွဲအရှိန်ပိုမိုမပြင်းထန်လာစေဖို့ အီရန်နဲ့နီးစပ်မှုရှိနေတဲ့ တရုတ်နိုင်ငံကို  အီရန်နိုင်ငံအပါ် စည်းရုံးဖျောင်းဖြပေးဖို့ တိုက်တွန်းနေပါတယ်။ အမေရိကန်နိုင်ငံကလည်း ၎င်းတို့ဟာ ဧပြီ ၁၉ ရက်န့က တိုက်ခိုက်ခဲ့တဲ့ အစ္စရေးရဲ့တိုက်ခိုက်မှုတွေမှာ ပူးပေါင်းပါဝင်တာမျိုးမရှိသလို  အစ္စရေးကိုထပ်မံတိုက်ခိုက်မှုတွေမလုပ်ဖို့ စည်းရုံးနေဆဲဖြစ်ပါတယ်။

ဒါပေမယ့် အီရန်နဲ့ အစ္စရေးနိုင်ငံကြား လက်ရှိဖြစ်ပွားနေတဲ့အခြေနေတွေဟာ ကြိုတင်ခန့်မှန်းလို့မရတဲ့ အခြေအနေမျိုးဖြစ်နေပါတယ်။ လက်ရှိအချိန်မှာ အီရန်နဲ့ အစ္စရေးနိုင်ငံတို့ဟာ အခြေနေတွေကို စောင့်ကြည့်နေတဲ့ပုံစံမျိုးရှိနေပြီး တစ်နိုင်ငံက အခြားတစ်နိုင်ငံကို ထပ်မံတိုက်ခိုက်မယ်ဆိုရင်တော့ စစ်ပွဲဟာ ပိုမိုကြီးမားကျယ်ပြန့်လာဖွယ်ရှိနေပြီး လက်ရှိအခြေနေအတိုင်းသာ ရပ်တန့်သွားမယ်ဆိုရင်တော့ စစ်ပွဲအရှိန်လျော့ကျသွားဖွယ်ရှိတယ်လို့ သုံးသပ်တင်ပြလိုက်ပါတယ်။

ကောင်းထက်ငွေ၊

REF Channnel news asia ၊ RT news ၊ Time of israel

စိတ်ဝင်စားဖွယ်စောင့်ကြည့်နေရတဲ့ အီရန်နဲ့ အစ္စရေးနိုင်ငံကြား ဖြစ်ပွားနေတဲ့စစ်ပွဲ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.