ဂါဇာစစ်ပွဲကိုဗဟိုပြုပြီး အကွဲအပြဲတွေဖြစ်လာနေတဲ့ အစ္စရေးနဲ့ အမေရိကန်

ကောင်းထက်ငွေ

အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့ ဂါဇာစစ်ပွဲဟာ ၇ လကျော်ကြာလာချိန်မှာ အဓိကမဟာမိတ်တွေဖြစ်တဲ့ အမေရိကန်နဲ့ အစ္စရေးနိုင်ငံကြား သဘာထားအမြင်ကွဲလွဲမှုတွေ ဖြစ်ပွားလာနေပါတယ်။ ဘာကြောင့်လဲဆိုရင် အစ္စရေးဟာ ဟားမက်စ်လက်နက်ကိုင်အုပ်စုကို အမြစ်ပြတ်ချေမှုန်းနိုင်ဖို့ ဂါဇာဒေသတောင်ပိုင်းရှိ ရာဖယ်မြို့ကို တိုက်ခိုက်လိုပေမယ့် အမေရိကန်ကတော့ အရပ်သားပြည်သူတွေ သေဆုံးမှုမြင့်တက်လာမှာ စိုးရိမ်တဲ့အတွက် ရာဖယ်မြို့ကိုမတိုက်ခိုက်ဖို့ အစ္စရေးနိုင်ငံကို သတိပေးထားပါတယ်။ ဒါပေမယ့် အစ္စရေးဟာ အမေရိကန်အပါအဝင် နိုင်ငံတကာရဲ့သတိပေးချက်တွေကို မသိကျိူးကျွံပြုကာ မေလ ၁၀ ရက်နေ့မှာ စီစဉ်ထားတဲ့အတိုင်း ရာဖယ်မြို့ကို ထိုးစစ်ဆင်တိုက် ခိုက်ဖို့ စတင်ခဲ့ပါတယ်။

အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဂါဇာစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အမေရိကန်၊ ကာတာနဲ့ အီဂျစ်နိုင်ငံတို့ဟာ စစ်ပွဲအဆုံးသတ်နိုင်ဖို့နဲ့ ဟားမက်စ်လက်နက်ကိုင်အုပ်စုက ဖမ်းဆီးထားသူတွေ အမြန်ဆုံပြန်လွှတ်ပေးဖို့ နည်းလမ်းအမျိုးမျိုးသုံး ဆွေးနွေးခဲ့ပါတယ်။ အဲဒီလိုမျိုးဆွေးနွေးခဲ့ပေမယ့် ရလဒ်တွေကောင်းမွန်မှုမရှိသလို အပစ်အခတ်ရပ်စဲရေးကို အစ္စရေးဘက်က သဘောမတူညီဘဲ၊ အစ္စရေးဟာ မူလစီစဉ်ထားတဲ့အတိုင်း ဟားမက်စ်လက်နက်ကိုင်အုပ်စုကို အမြစ်ပြတ်ချေမှုန်းနိုင်ဖို့ စီစဉ်လာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အပါအဝင် အစိုးရအဖွဲ့တာဝန်ရှိသူအသီးသီးဟာ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ အရှိန်လျော့ချဖို့ အစ္စရေးကိုတောင်းဆိုခဲ့ပေမယ့် အစ္စရေးဝန် ကြီးချုပ်ကလက်မခံဘဲ ဂါဇာဒေသကိုတိုက်ခိုက်ဖို့ စီစဉ်လာခဲ့တာဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အစ္စရေးဟာ ရာဖယ်ဒေသကို ကြီးမားတဲ့ ထိုးစစ်ဆင်တိုက်ခိုက်မယ်ဆိုရင် အစ္စရေးနိုင်ငံကို အမြှောက်ကျည်ဆံတွေအပါအဝင် စစ်လက်နက်ပစ္စည်းတွေ ပံ့ပိုးကူညီပေးနေတာတွေ ဆိုင်းငံ့သွားမှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက သတိပေးခဲ့ပါတယ်။ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့စည်းတွေကလည်း ရာဖယ်ဒေသကိုတိုက်ခိုက်မယ့် အစ္စရေးနိုင်ငံကို ပြစ်တင်ရှုတ်ချတာ၊ ဖိအားပေးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

အစ္စရေးရဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် လူပေါင်း ၁ ဒသမ ၄သန်းကျော်ရှိနေတဲ့ ရာဖယ်မြို့မှာနေထိုင်သူတွေ အပြစ်မဲ့သေဆုံးမှာကို စိုးရိမ်နေတာဖြစ်ပါတယ်။

အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အစ္စရေးရဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် လူပေါင်း ၃ သောင်းကျော်သေဆုံးထားတယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပေမယ့် အစ္စရေးကတော့ အဲဒီသေဆုံးသူတွေထဲမှာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့တွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလီကန်က အစ္စရေးနိုင်ငံဟာ ရာဖယ်မြို့ကိုတိုက်ခိုက်မှာဖြစ်ပေမယ့် ရာဖယ်မြို့အတွင်းရှိ ပါလက်စတိုင်းလူမျိုး ၁ ဒသမ ၄ သန်းကို ကာကွယ်ပေးဖို့ တိကျတဲ့အစီအစဉ်မရှိဘူးလို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဝေဖန်ထောက်ပြခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက “ အစ္စရေးရဲ့တိုက်ခိုက်မှုတွေဟာ ဟားမက်စ်လက်နက်ကိုင်အုပ်စုတွေကို ဖြိုခွင်းနိုင်မလား ဒါမှမဟုတ် လက်နက်ကိုင်အုပ်စုတွေ ပိုမိုများပြားလာမှာလားဆိုတာ စဉ်းစားရမယ်။” လို့ပြောပါတယ်။

ဝန်ကြီးချုပ်နေတန်ရာဟု ဦးဆောင်တဲ့ အစ္စရေးအစိုးရကို ဖိအားပေးနိုင်ဖို့ အစ္စရေးနိုင်ငံအပြင် အမေရိကန်နဲ့ အခြားနိုင်ငံတွေမှာလည်း ဖမ်းဆီးထားသူတွေ ပြန်လွှတ်မြောက်ရေးနဲ့ ဂါဇာစစ်ပွဲအဆုံးသတ်ဖို့ ဆန္ဒပြတောင်းဆိုနေပါတယ်။

အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက မဟာမိတ်နိုင်ငံတွေရဲ့ဖိအားတွေဟာ အစ္စရေးရဲ့စစ်ရေးရည်မှန်းချက်တွေကို ရပ်တန့်နိုင်မှာမဟုတ်ဘူးလို့ ထပ်မံပြောဆိုခဲ့ပါတယ်။

ဝန်ကြီးချုပ်နေတန်ရာဟုက “ အစ္စရေးနိုင်ငံသမိုင်းကို ပြန်ကြည့်လိုက်ပါ။ ကျွန်တော်တို့နိုင်ငံဟာ ဖိအားမျိုးစုံရင်ဆိုင်ခဲ့ရတယ်။ ဒါပေမယ့် အစ္စရေးခေါင်းဆောင်တွေဟာ သူတို့လုပ်စရာရှိတာတွေ လုပ်သွားခဲ့တယ်။ ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး ကျွန်တော်တို့တစ်နိုင်ငံတည်း ရပ်တည်ရမယ်ဆိုရင်လည်း ရပ်တည်သွားမယ်။ ကျွန်တော်ဟာ အစ္စရေးနိုင်ငံရဲ့ လက်ရှိဝန် ကြီးချုပ်ဖြစ်နေတဲ့အတွက် လုပ်စရာရှိတာတွေ လုပ်ဆောင်မယ်။ ကျွန်တော်တို့ဟာ ကမ္ဘာပေါ်မှာ တစ်ခုတည်းသော ဂျူးနိုင်ငံဖြစ်တယ်။” လို့ ပြောပါတယ်။

အစ္စရေးဝန်ကြီးချုပ်က ရာဖယ်ဒေသကို တိုက်ခိုက်မယ့်အစီအစဉ်ကို ဆက်လက်အကောင်ထည်ဖော်မှာဖြစ်ပြီး တိုက်ခိုက်ဖို့ ကျည်ဆံ၊ လက်နက်တွေမရှိဘူးဆိုရင်တောင် လက် သည်းတွေနဲ့ တိုက်ခိုက်သွားမယ်လို့ ပြောပါတယ်။

အမေရိကန်ဟာ ဟားမက်စ်နဲ့ အစ္စရေးနိုင်ငံကြား စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်းတည်းက ဖိအားမျိုးစုံရင်ဆိုင်ခဲ့ရပေမယ့်၊ အစ္စရေးနိုင်ငံဘက်က ရပ်တည်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ အမေရိကန်နိုင်ငံဟာလည်း အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် နိုင်ငံတကာဖိအားတွေနဲ့ ပြည်တွင်းဖိအားတွေကို ရင်ဆိုင်နေရပါတယ်။

ဒါကြောင့် အမေရိကန်ဟာ ဖိအားဒဏ်ကိုလျော့နည်းစေဖို့ အစ္စရေးနိုင်ငံအပေါ် ကူညီပေးမှုတွေကို ယတိပြတ်ရပ်တည်တာမျိုးမဟုတ်ဘဲ အပြောင်းအလဲလုပ်ဆောင်ဖို့ စီစဉ်လာတာမျိုးဖြစ်တယ်လို့ နိုင်ငံတကာသတင်းမီဒီယာတွေမှာ ဖော်ပြနေပါတယ်။

အမေရိကန်ဟာ အစ္စရေးနိုင်ငံတည်ထောင်ခဲ့တဲ့ ၁၉၄၇ ခုနှစ်နောက်ပိုင်းတည်းက အစ္စရေးနိုင်ငံကို ဘက်ပေါင်းစုံကူညီပေးနေပြီး၊ လက်ရှိအချိန်အထိလည်း အစ္စရေးကို လူသားချင်းဆိုင်ရာ စာနာမှုအကူအညီတွေအပြင် စစ်ရေးအကူညီတွေ ပံ့ပိုးပေးနေတယ်လို့ သိရပါတယ်။

ဒါပေမယ့် အစ္စရေးဝန်ကြီးချုပ်က “ အစ္စရေးဟာ ကိုယ်ကိုယ်ကို ခုခံကာကွယ်ခွင့်အရ ဟားမက်စ်အုပ်စုတွေကို တိုက်ခိုက်တာဖြစ်တယ်။ ဒါပေမယ့် အမေရိကန်နိုင်ငံဟာ အစ္စရေးနိုင်ငံမှာ ကိုယ်ကိုယ်ကိုယ် ခုခံကာကွယ်ခွင့်ရှိတယ်ဆိုတဲ့အချက်ကို ပြောဆိုခဲ့ဖူးတယ်။” လို့ ပြောပါတယ်။

အစ္စရေးအစိုးရဟာ ဂါဇာစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်းတည်းက ဂါဇာဒေသကနေ အစ္စရေးနိုင်ငံဘက်ခြမ်းကို နောက်ထပ်တစ်ကြိမ် တိုက်ခိုက်မှုတွေ၊ ခြိမ်းခြောက်မှုတွေမဖြစ်အောင် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကို အမြစ်ပြတ်ချေမှုန်းနိုင်ဖို့ ရည်ရွယ်ချက်ရှိနေခဲ့ပါတယ်။

အမေရိကန်အပါအဝင်နိုင်ငံတကာ အဖွဲ့စည်းတွေကလည်း အစ္စရေးနဲ့ ပါလက်စတိုင်းတို့ကို သီးခြားလွတ်လပ်တဲ့ နှစ်နိုင်ငံရပ်တည်ရေးဆိုတဲ့အချက်ကို လက်ခံထားပြီး အဆိုပြုတောင်းဆိုနေပေမယ့် အစ္စရေးအစိုးရက အဲဒီအစီအစဉ်တွေကို ငြင်းဆန်ထားပါတယ်။

အစ္စရေးအစိုးရဟာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့သာ မရှိဘူးဆိုရင် အစ္စရေးနဲ့ ပါလက်စတိုင်းနိုင်ငံ သီးခြားနှစ်နိုင်ငံရပ်တည်စရာမလိုဘူးဆိုတဲ့ သဘောမျိုးလည်းရှိနေပါတယ်။

ဂါဇာစစ်ပွဲအချိန်ကြာလာတာနဲ့အမျှ ပါလက်စတိုင်းပြည်သူတွေ သေဆုံးရခြင်းနဲ့ပတ်သက်ပြီး အစ္စရေးအစိုးရဟာ ဖိအားမျိုးစုံ ရင်ဆိုင်နေရပြီဖြစ်ပေမယ့် အစ္စရေးဟာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကို အမြစ်ပြတ်ချေမှုန်းနိုင်ရေး ရည်မှန်းချက်ကို မဖြစ်မနေအကောင်ထည်ဖော်မယ်ဆိုတာ ရှင်းလင်းသေချာနေပါတယ်။

အစ္စရေးဝန်ကြီးချုပ်ကိုယ်တိုင်က ၎င်းတို့နိုင်ငံရဲ့ကံကြမ္မာဟာ အမေရိကန်နိုင်ငံအပေါ်မှာ မူတည်နေတယ်ဆိုတဲ့အချက်ကို ငြင်းဆန်ထားပြီး၊ နိုင်ငံအချုပ်အခြာအာဏာ ပိုင်ဆိုင်ခွင့်အတွက် လွှတ်လပ်စွာရပ်တည်လုပ်ကိုင်ဖို့ အစီအစဉ်တွေရှိနေပါတယ်။

ဂါဇာစစ်ပွဲကိုအခြေပြုပြီး အစ္စရေးနဲ့ အမေရိကန်နိုင်ငံကြား သဘောထားကွဲလွဲမှုတွေဟာ အနာဂတ်မှာ ဘယ်လိုဆက်ဖြစ်မလဲဆိုတဲ့အချက်နဲ့ အမေရိကန်ကြောင့် အစ္စရေးက ရာဖယ်မြို့ကို တိုက်ခိုက်မယ့်အစီအစဉ်တွေကို ရပ်တန့်သွားမှလားဆိုတာ စိတ်ဝင်စားဖွယ်ကောင်းနေပါတယ်။

အစ္စရေးနိုင်ငံကတော့ နိုင်ငံတည်ထောင်ခဲ့ပြီးနောက်ပိုင်း ဘာသာ၊ လူမျိုး၊ ယာဉ်ကျေးမှုမတူညီတဲ့ နိုင်ငံတွေကြားမှာ နှစ်ပေါင်းများစွာကြာ ရပ်တည်နိုင်ဖို့ ပါလက်စတိုင်းတွေအပါအ ဝင် ပြိုင်ဘက်နိုင်ငံတွေကို ခပ်ပြတ်ပြတ်ဆက်ဆံခဲ့ရာ လက်ရှိအချိန်မှာလည်း ဘယ်ဖိအားကိုမှဂရုမစိုက်ဘဲ ဟားမက်စ်အဖွဲ့ကို အမြစ်ပြတ်ချေမှုန်းသွားဦးမလားဆိုတာ စောင့်ကြည့်ရဖွယ်ရှိတယ်လို့ သုံးသပ်တင်ပြလိုက်ပါတယ်။

Ref Time of isreal ၊ BBC

ကောင်းထက်ငွေ

ဂါဇာစစ်ပွဲကိုဗဟိုပြုပြီး အကွဲအပြဲတွေဖြစ်လာနေတဲ့ အစ္စရေးနဲ့ အမေရိကန် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.