“ဧပြီ ၁ ရက်မှာ ကာလုံပြန်အပ်နိုင်တယ်။ အကုန်လုံးမဟုတ်ပေမဲ့ ရွေးကောက်ပွဲကို အပိုင်းလိုက်လုပ်သွားနိုင်တယ်။ ဒါဆိုရင်တော့ နောက်နှစ်ကူးသွားနိုင်တယ်။” (ဒေါက်တာအေးမောင်)
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လူသိများသည့် ရခိုင်နိုင်ငံရေးသမား ဒေါက်တာအေးမောင်သည် ၂၀၁၅ ကြားဖြတ်ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှ ဝင်ရောက်ယှဉ် ပြိုင်ခဲ့ကာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသူဖြစ်သည်။ ထို့အပြင် ရခိုင်နိုင်ငံတော်အချုပ်အခြာအာဏာကျဆုံးခြင်း ၂၃၃ နှစ်မြောက် ဝမ်းနည်းဖွယ်အထိမ်း အမှတ် စာပေဟောပြောပွဲ၌ ဟောပြောချက်များကြောင့် နိုင်ငံတော်အားအကြည်ညိုပျက်စေမှုနှင့် နိုင်ငံတော်ပုန်ကန်မှုတို့ဖြင့် တရားစွဲဆိုခံရပြီး ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခြင်းခံခဲ့ရသည်။ ထိုအချိန်တွင် ရခိုင်အမျိုးသားပါတီ (ANP) အနေနှင့် ဒေါက်တာအေးမောင်ကိုယ်စား ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ကျောက်ဖြူမြို့နယ်တွင် အနိုင်ရရှိခဲ့သည်။ ၎င်းသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ တွင် အကျဉ်းထောင်မှပြန် လည်လွတ်မြောက်လာခဲ့သည်။
ဒေါက်တာအေးမောင်သည် နစကဦးဆောင်ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး၊ ၂၀၀၈ အ ခြေခံဥပဒေပြင်ဆင်ရေးကို မဟာမိတ်ပါတီများနှင့် လက်တွဲဆောင် ရွက်နေကြောင်း သိရသည်။
အဆိုပါအခြေအနေများနှင့်ပတ်သက်ပြီး ယနေ့ခေတ်သတင်းဌာနသည် ဒေါက်တာအေးမောင်ကို တွေ့ဆုံမေးမြန်ခဲ့သည်များမှ ထုတ်နှုတ်ဖော်ပြအပ်ပါသည်။
ယနေ့ခေတ်။ ။ ဒီနှစ်ထဲရွေးကောက်ပွဲလုပ်နိုင်ခြေရှိလား။
ဒေါက်တာအေးမောင်။ ။ လက်ရှိနိုင်ငံရဲ့စစ်ရေးအနေအထားအရ အားလုံးသိတဲ့အတိုင်းပဲ။ သို့သော် ရွေးကောက်ပွဲကိုဖြစ်အောင်လုပ်မယ်ဆိုတဲ့ ဥပဒေနဲ့အညီသွားနေတယ်။ ယုံကြည်စိတ်ချသင့်တဲ့အနေအထားဟာ သူ့မှာ ဒါပဲရှိတယ်။ အဲဒီဟာကိုလည်း ၂၀၂၅ ကိုသတ်မှတ်ပြီးပြီ။ ကာလလေးပဲလိုတယ်။ ပြီးခဲ့တဲ့ ၃၁ ရက်နေ့မှာ ကာလုံအစည်းအဝေးခေါ်တယ်။ ၁ ရက်နေ့ကနေစပြီး ၆ လ သက်တမ်းယူတယ်။ သူသည် ဘတ်ဂျက်ကာလကို ဖြတ်ချင်တယ်ပြောတယ်။ မတ်လ ၃၁ ရက်သည် အစိုးရတစ်ရပ်ရဲ့ ဘတ်ဂျက်တွက်ပြီးတဲ့ကာလဖြစ်တယ်။ ဧပြီ ၁ ရက်မှာဘာဖြစ်မလဲ မပြောတတ်ဘူး။ သူသည် ရွေးကောက်ပွဲဥပဒေသုံးရပ်ကို ဒီအစိုးရသည် ပြဌာန်းပြီးသားဖြစ်ရမယ်။ သူသည် ဧပြီ ၁ ရက်မှာ ကာလုံပြန်အပ်နိုင်တယ်။ အကုန်လုံးမဟုတ်ပေမဲ့ ရွေးကောက်ပွဲကို အပိုင်းလိုက်လုပ်သွားနိုင်တယ်။ ဒါဆိုရင်တော့ နောက်နှစ်ကူးသွားနိုင်တယ်။
ယနေ့ခေတ်။ ။ ရွေးကောက်ပွဲဝင်ပြိုင်ဖို့အတွက် အဆင်သင့်ဖြစ်ပြီလား။ ဘာတွေပြင်ဆင်ထားလဲ။
ဒေါက်တာအေးမောင်။ ။ ကျွန်တော်တို့က ရခိုင်ဒေသပါတီဆိုတော့ ရခိုင်ပြည်နယ်ရဲ့တည်ငြိမ်အေးချမ်းရေးပေါ့။ အဲဒီမှာ မဲပေးရမယ့် မဲဆန္ဒရှင်တွေရှိတယ်။ အကြောင်းကြောင်းကြောင့် စစ်ဘေးဒုက္ခသည်တွေဖြစ်နေကြတာရှိတယ်။ အဲဒီဗဟိုတွေအားလုံးနီးပါးလောက် အသက်အိုးအိမ်စည်းစိမ်တွေ တစ်ခုမဟုတ်တစ်ခု ပေးဆပ်ခဲ့ကြရတာတွေရှိတယ်။ အဲဒီလူတွေ မဲပေးပိုင်ခွင့် မဆုံးရှုံးဖို့အတွက် နိုင်ငံတော်ဘက်ကနေ ကြိုးစားပြီးတော့ ကောက်ခံနေကြတယ်။ ဒီကာလကိုလည်း လွန်မြောက်စေချင်ပြီ။ ပဋိပက္ခမျိုးစုံနဲ့။ အဲဒီကာလလွန်မြောက်ဖို့ တစ်ခုတည်းရှိတယ်။ ရွေးကောက်ပွဲကြောင့်ဖြစ်လာမယ့်အစိုးရကို အာဏာလွှဲပြောင်းပေးခြင်းဆိုတဲ့ အခြေခံဥပဒေဖြစ်တယ်။ မြန်မြန်လေးလုပ်စေချင်တယ်။ ကျော်သွားစေချင်တယ်။ လိုအပ်ချက်အရ နိုင်ငံရေးပါတီကို ပြန်တည်ထောင်ဖို့ ရခိုင်ဦးဆောင်ပါတီက ၂၀၂၀ ရွေးကောက်ပွဲဝင်ခဲ့တယ်။ အဲဒီကာလတုန်းက အန်ကယ်ကထောင်ထဲမှာ။ ဦးဆောင်ပြီးတော့ပါဝင်ခဲ့တဲ့ ရွေးကောက်ပွဲကိုယ်စားလှယ်တွေ တော်တော်များများက စစ်ဒဏ်ကြောင့် ဟိုဘက်ရောက် သည်ဘက်ရောက်နေတာတွေရှိတယ်။ ကျောက်ဖြူဒေသမှာ အန်ကယ်တို့က နိုင်ခဲ့တယ်။ ရွေးကောက်ပွဲသည် လက်ရှိအကျဉ်းအကျပ်ကို ကျော်သွားနိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းဖြစ်တဲ့အတွက် အန်ကယ်တို့ပါတီဝင်တွေကို မေတ္တာသက်ဝင်ကြတဲ့ မဲပေးလိုကြတဲ့ပြည်သူတွေရှိတယ်လို့ ယူဆတယ်။ တည်ငြိမ်အေးချမ်းတဲ့ ရွေးကောက်ပွဲကျင်းပခဲ့ရင် မဲပေးတဲ့ပရိသတ်ဟာ ရခိုင်ဒေသမှာလို၊ စစ်ဘေးရှောင်ရောက်နေကြတဲ့ ဒေသတွေမှာလို ရှိတယ်လို့ ယူဆတယ်။ အဲဒါကြောင့် ကြိုတင်ပြင်ဆင်ထားပါတယ်။
ယနေ့ခေတ်။ ။ ရခိုင်ပြည်နယ် ပြန်ပြီးတည်ငြိမ်ဖို့အတွက် ဘာတွေဆောင်ရွက်နေတာရှိလဲ။
ဒေါက်တာအေးမောင်။ ။ နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းမှဖြစ်မယ်။ အကြမ်းမဖက်တဲ့နိုင်ငံရေးနည်း လက်ရှိမြန်မာနိုင်ငံအတွက် လိုအပ်တယ်။ တိုင်းရင်းသားအားလုံးအတွက် လိုအပ်တယ်။ အဲဒါကြောင့်လည်း မှတ်ပုံပြန်တင်တယ်။ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပြန်ပြီးအသက်သွင်းပြီး တွေ့ဆုံဆွေးနွေးပြီး အဖြေရှာမယ်။ အခြေခံဥပဒေသည် တိုင်းရင်းသားအားလုံးလိုလားတဲ့ လက်ရှိမြန်မာ့နိုင်ငံရေးအတွက် ဖြေရှင်းနိုင်တဲ့ဥစ္စာဆိုတာ လက်ခံနိုင်တယ်။ ဒါကြောင့် လက်ရှိနိုင်ငံရေးအကျပ်အတည်းဖြစ်ပြီးတော့ စစ်ရေးအ ကျပ်အတည်း ဖြေရှင်းနိုင်မယ့် တစ်ခုတည်းသောနည်းလမ်း အခြေခံဥပဒေအရပဲ။ ဘယ်လိုကျော်လွှားပြီးတော့မှ မြန်မာ့နိုင်ငံရေးအခင်းအကျင်း ကျော်ဖြတ်မှာလဲဆိုသည် စိန်ခေါ်မှုတစ်ရပ်ဖြစ်တယ်။ အလီလီ နစကဥက္ကဌကို တင်ပြတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို Review လုပ်ကြရအောင်။ တစ်စုံတစ်ရာကောင်းတဲ့၊ သင့်တဲ့ ဖက်ဒရယ်ဒီမိုကရေစီကို ဖွင့်ပေးတဲ့ပုဒ်မဟာ ရှိတယ်။ လက်နက်ကိုင်အဖွဲ့ထဲမှာပါတဲ့ ပုဂ္ဂိုလ်တွေ၊ ငြိမ်းချမ်းရေး NCA မှာပါတဲ့ အင်အားစုရှိတယ်။ မပါတဲ့ အင်အားစုရှိတယ်။ အားလုံးပူးပေါင်းပါဝင်ပြီး မြန်မာ့နိုင်ငံရေးမှာပါမှ မြန်မာနိုင်ငံကြီးဟာ ရှေ့ကိုသွားလို့ရမယ်။ တွေ့ဆုံဆွေးနွေးပွဲလုပ်ဖို့ ဘယ်လိုဆွဲဆောင်စည်းရုံးမလဲ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို Review လုပ်မယ်ဆိုရင် သူတို့ မှာလည်း အခြေခံဥပဒေမှာပါတဲ့ အခွင့်အရေး၊ တိုင်းရင်းသားများရဲ့အခွင့်အရေး လိုလားတဲ့သူတွေလည်း သူတို့လာ ဆွေးနွေးမှာပဲ။
ယနေ့ခေတ်။ ။ အခု ရခိုင်ပြည်နယ်ဘက်က စစ်ဘေးရှောင်တွေ ရန်ကုန်၊ ဧရာဝတီမှာအများဆုံးရှိနေတော့ ဘာတွေအကူအညီလုပ်ပေးထားသလဲ
ဒေါက်တာအေးမောင်။ ။ တိုက်ရိုက်ကူညီဖို့ကျတော့ အင်မတန်ခက်ခဲပါတယ်။ အခုက ကိုယ်ရောစိတ်ပါဆိုတဲ့အတိုင်း စိတ်အားဖြင့်ပဲ။ ကိုယ်တိုင်ပါဝင်ဖို့က အလွန်တရာ နိုင်ငံရေးအကျပ်အတည်းရှိပါတယ်။ ဒီနိုင်ငံရေးပြဿနာကြောင့်ဖြစ်လာတဲ့ စစ်ရေးပဋိပက္ခ၊ အဲဒါကြောင့်ဖြစ်တဲ့ အသက်အိုးအိမ်စည်းစိမ်ကြောင့် စစ်ရှောင်ကြတဲ့ပုဂ္ဂိုလ်တွေ ပြည်တော်ပြန်ဝင်နိုင်ဖို့အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးဖက်ကို အန်ကယ်တို့က ဒီတိုင်းပဲသွားတော့မယ်။ ထဲထဲဝင်ဝင်ဖို့ ဘာဘာဆိုတာမျိုးကို စီမံခန့်ခွဲနိုင်တဲ့အနေအထားကတော့ မနီးပါဘူး။ ဘာလို့ဆို ပြန့်ကျဲနေတဲ့ စစ်ဘေးဒုက္ခပြည်သူတွေဟာ ရန်ကုန်မြို့အနှံ့ရှိနိုင်တယ်။ တစ်နေရာတည်းမှာ ဒုက္ခသည်စခန်းအဖြစ်လိုမျိုးကျတော့ မဟုတ်ပါဘူး။ ဒုက္ခသည်စခန်းအ ဖြစ်လိုမျိုးကျတော့ တစ်နေရာတည်းမှာစုစည်းပြီးရှိတာ ရခိုင်မှာရှိနိုင်ပါတယ်။ စစ်တွေ၊ ကျောက်ဖြူမှာရှိနိုင်ပါတယ်။ ပင်လယ်မှာဖြစ်တယ်။ မြို့ပေါ်မှာလာစုတယ်။ ဒါပေမယ့် ရခိုင်ဒေသမှာတော့ နေဖို့ကခက်ခဲတဲ့ စစ်ရေးပြိုင်ဆိုင်မှုကြီးမားတဲ့အခါကျတော့ ပါတီဘက်က ကျွန်တော်တို့ ရခိုင်ဒေသဖြတ်ကျော်ပြီးတော့ အခြေခံစားသောက်ကုန်ကို တခြားအင်အားစုနဲ့ ပူးပေါင်းပြီးတော့ ကျောက်ဖြူဒေသကို ပို့ဆောင်ပေးဖို့ ချဉ်းကပ်တယ်။ အဲဒီအခြေခံစားသောက်ကုန်တွေကို သက်သာတဲ့ရန်ကုန်ကနေ ရခိုင်ဒေသကို ပို့ပေးမှာပါ။ အဲဒါကို အန်ကယ်တို့ကြိုးစားနေပါတယ်။
ယနေ့ခေတ်။ ။ ရွေးကောက်ပွဲအပေါ်ဘယ်လောက်ထိ မျှော်လင့်ထားလဲ။
ဒေါက်တာအေးမောင်။ ။ ဒီအခက်အခဲကို ရွေးကောက်ပွဲကပဲ ဖြေရှင်းနိုင်မှာ။ လက်ရှိစစ်ရေးပဋိပက္ခကြောင့်ဖြစ်တဲ့ နစကနဲ့ လက်နက်ကိုင်တော်လှန်ရေးကြားမှာဖြစ်နေတဲ့ဟာကို လာမယ့်လွှတ်တော်မှာ အခြေခံဥပဒေအရ ဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်။ အဲဒါကြောင့် အထူးဒေသ လက်နက်ကိုင်အဖွဲ့အစည်းများတောင်းဆိုတဲ့ သူ့ရဲ့ဧရိယာကို လွှတ်တော်က ဖြေရှင်းပေးရမှာဖြစ်ပါတယ်။ အဲဒါကြောင့် ရွေးကောက်ပွဲကို အားပေးပါတယ်။ ရွေးကောက်ပွဲကြောင့် လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းဖြစ်တယ်။
ယနေ့ခေတ်။ ။ ကျေးဇူးတင်ပါတယ်။
#စုစု
ဓာတ်ပုံ- စုစု
#ယနေ့ခေတ်
ရခိုင့်ဦးဆောင်ပါတီမှ ဒေါက်တာအေးမောင်နှင့် တွေ့ဆုံမေးမြန်းခြင်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်