ဂရေ့စ်ကျော်
ပြည်တွင်းက ကျပ်ငွေတန်ဘိုး သိသိသာသာကျဆင်းလာတဲ့အချိန်မှာ စွန့်စားပြီး ရင်းနှီးမြှုပ်နှံကြတဲ့သူတွေအတွက် အခုချိန် က အချိန်ကောင်းဟုတ်ပါရဲ့လား။ မြန်မာကျပ်ငွေတန်ဘိုးဟာ တရိပ်ရိပ်ကျဆင်းလာတာ တစ်နှစ်ကျော်ကာလရောက်ရှိအ ပြီးမှာတော့ ပြည်တွင်းရဲ့ ရိုးရာရင်းနှီးမြှုပ်နှံမှုတွေဖြစ်တဲ့ ရွှေ၊ အိမ်ခြံမြေနဲ့ မော်တော်ကားလုပ်ငန်းတွေမှာ စုပြုံတိုးရင်းနှီးကုန် ကြတာကြောင့် မဖြစ်ဘူးတဲ့ဈေးကွက်၊ ဈေးနှုန်းတွေ ဖြစ်ပေါ်လာနေပါပြီ။
ခေတ်အဆက်ဆက် ငွေကြေးရင်းနှီးမြှုပ်နှံကြတဲ့ အခိုင်မာဆုံးလို့ယူဆကြတဲ့ ငွေဖြစ်အလွယ်ဆုံး ရွှေစုဆောင်းထားခြင်း ကြောင့် အစိုးရသတ်မှတ်ပေါက်ဈေးထက် တစ်ကျပ်သားကို ကျပ်ငွေ ၁၀ သိန်းလောက်ကွာသွားတဲ့ ဈေးကွက်ကမောက်က မဖြစ်နေပါပြီ။ ရွှေတစ်ကျပ်သားကို ကျပ် ၃၂ သိန်းကျော်ပေါက်ဈေးဟာ အရင်နှစ် ဩဂုတ်လအတွင်းကဖြစ်ခဲ့တဲ့ တစ်ကျပ် သား ၃၆ သိန်းလောက်မရောက်သေးပေမယ့် အခုပုံအတိုင်းဆို တရိပ်ရိပ်တက်သွားမလားလို့ စောင့်ကြည့်နေတာတွေလည်း ရှိပါတယ်။ ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာလတိုင်းဟာ နှစ်တစ်နှစ်မှာ ရွှေဈေးတက်လေ့ရှိတဲ့ကာလလို့လည်း ရွှေအရောင်းအ ဝယ်သမားများက ဆိုပါတယ်။
ဒီဈေးကွက်တွေ ကမောက်ကမဖြစ်တာနဲ့အတူ အိမ်ခြံမြေဈေးကွက်အတွင်းမှာလည်း မြို့ကြီးတွေက မြေကွက်ဈေးတွေ ထိုးတက်တာဟာ ဆက်တိုက်ကိုဖြစ်ပေါ်လာနေပါတယ်။
လက်ထဲ ကျပ်ငွေခိုင်မာမှုရှိ/မရှိကို နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကြည့်ရင် သိနိုင်တာဖြစ်လို့ အခုရက်ပိုင်းအတွင်းမှာ ဗဟို ဘဏ်က ကန်တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၂၁၀၀ ကျပ်ခန့်ကနေ ၂၉၀၀ ကျပ်အထိ ပြောင်းလဲသတ်မှတ်လိုက်ရတာကို ကြည့်ရင် သိနိုင်ပါတယ်။ တရားမဝင်ဈေးကွက်မှာတော့ ပေါက်ဈေးက တစ်ဒေါ်လာကို ကျပ် ၃၈၀၀ ကျော်ရောက်နေပါပြီ။
ဒီလိုကာလတွေမှာ ငွေကြေးနဲ့ပတ်သက်ပြီး စိုးရိမ်လွန်သူတွေအများစုကတော့ ဘဏ်ထဲကငွေကို ပစ္စည်းအဖြစ်ပြောင်းလဲ ပစ်ဖို့ ရည်စူးကြပါတော့တယ်။ ငွေကြေးထက် ပစ္စည်းကိုင်ထားတာက ပိုပြီးခိုင်မာမယ်လို့ ယုံကြည်ကြတဲ့အတွက်ဖြစ်ပါ တယ်။ ဒီလိုကာလမှာ ငွေကစားချင်သူတွေအတွက်တော့ ပွဲတော်ကြီးပါပဲ။
“ကိုယ့်လက်ထဲမှာရှိတဲ့ ငွေပမာဏပေါ်မူတည်ပြီး ရွှေဝယ်မလား၊ ကားဝယ်မလား၊ အိမ်ခြံမြေဝယ်မလား စဉ်းစားကြတယ်။ ရွှေကလိုသလောက်ဝယ်မရဘူးဆိုတော့ ကားဈေးကွက်ထဲကိုဝင်ကြတယ်။ အိမ်ခြံမြေဈေးကွက်ထဲဝင်ကြတယ်။ လက်ထဲ မှာ ငွေမကိုင်ထားရဲကြတော့တဲ့သူတွေက တစ်ခုခုကို ခိုင်ခိုင်မာမာဖြစ်ဖို့ဆိုပြီး ဆင်းဝယ်ကြတော့ ဝယ်လိုအားများရင် ဈေး ကတက်ကုန်တာပဲ” လို့ ရန်ကုန်မြို့ခံ ဝါရင့်အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ဆိုပါတယ်။
သိသာထင်ရှားတဲ့ အိမ်ခြံမြေဈေးကွက်ထဲက ဈေးနှုန်းတွေဆိုရင် ကွန်ဒိုတိုက်ခန်းဈေးတွေထက် မြေကြီးဈေးတွေက ပိုတက် လာတာတွေ့ရပါတယ်။ မကြာခင်ဖွင့်တော့မယ်လို့ သတင်းထွက်လာတဲ့ ရန်ကုန်-ဒလတံတားကြီးကြောင့် ရန်ကုန်တဘက် ကမ်းဒလမြို့က အိမ်ခြံမြေဈေးတွေ ဆောင့်တက်သွားပြီး ငွေမကိုင်ထားချင်သူတွေက တံတားအဆင်းနားက ရပ်ကွက်တွေ မှာ အလုအယက်ဝယ်ယူကြတာကြောင့် ပုံမှန် ပေ ၄၀ ပေ ၆၀ အကွက်တစ်ကွက်ကို သိန်းရာဂဏန်းကနေ သိန်း ၂၀၀၀ မှ သိန်း ၁၀,၀၀၀ ဝန်းကျင်အထိ ပေါက်ဈေးတွေဖြစ်ကုန်တယ်လို့ ဒလဒေသခံတွေက ပြောဆိုကြပါတယ်။
“ဒလဘက်ကမ်းဆိုတာ ရန်ကုန်မြို့နဲ့ အနီးဆုံးဖြစ်ပေမယ့် မြစ်ခြားနေတာရယ်၊ ရေမကောင်းတာရယ်ကြောင့် လူကြိုက်မ များခဲ့ပါဘူး။ အခုတော့ မြေကြီးဈေးတွေက တရှိန်ထိုးတက်ကုန်တာ” လို့ အဆိုပါ အိမ်ခြံမြေအကျိုးဆောင်က ဆိုပါတယ်။
ဒလမြို့နယ်မှာလိုပဲ ရန်ကုန်မြို့တွင်းက အနီးဆုံးမြို့သစ်ဖြစ်တဲ့ ဒဂုံမြို့သစ်မြောက်ပိုင်းထဲက မြေကွက်တွေဟာလည်း ယခုနှစ် အတွင်းမှာကို ဈေး ၃ ဆကျော်မြင့်တက်သွားပြီး ယခုလပိုင်းမှာပင် ယခင်မဖြစ်ပေါ်ဖူးသောဈေးနှုန်းများနဲ့ အရောင်းအဝယ် တွေဖြစ်နေတယ်လို့ မြောက်ဒဂုံအခြေစိုက် အိမ်ခြံမြေအကျိုးဆောင်တွေက ဆိုပါတယ်။
ယခင်ကလူကြိုက်များလှသော ၂၈၊ ၃၀၊ ၃၃၊ ၃၄၊ ၃၅၊ ၄၅ စတဲ့ ရပ်ကွက်ကြီးတွေထဲက ပေ ၄၀- ပေ ၆၀ ပတ်လည် မြေ ကွက်ဈေးတွေဟာ သိန်း ၁၀,၀၀၀ အောက်သာပေါက်ခဲ့ပေမယ့် အခုချိန်မှာတော့ ကျပ်သိန်း ၁၅,၀၀၀ အထိ ပေါက်ဈေးဖြစ် နေတာတွေ့ရပါတယ်။ ပေ ၂၀ – ပေ ၆၀ ကွက်တွေဟာ ယခင်က ကျပ်သိန်း ၁၀၀၀ ပတ်ခြာလည်လောက်တန်ဘိုးကနေ မည် သည့်ရပ်ကွက်မဆို ကျပ်သိန်း ၂၀၀၀ နဲ့အထက်ပေါက်ဈေးဖြစ်နေတာဟာ ကျပ်ငွေတန်ဘိုးကျဆင်းချိန် ငွေကစားသူတွေနဲ့ အကြောက်လွန်သူတွေရဲ့လက်ထဲမှာ ကမောက်ကမတွေဖြစ်လာပါတယ်။
“အခုက ပေ ၂၀ – ပေ ၆၀ တောင် ဒီနေ့ သိန်း ၂၀၀၀ နဲ့ရရင် ဒီနေ့ဝယ်ထား နောက်နေ့ဆို အနည်းဆုံး သိန်း ၂၀၀ လောက်က တက်ပြီ။ နေရာကောင်းတဲ့မြေကွက်တွေဆိုရင် ငွေချက်ခြင်းချေကြတယ်။ လက်ထဲငွေမထားရဲသူတွေက ချက်ခြင်းကိုကြိုက် ရင် စရံချသွားကြတော့တာပဲ” လို့ ၄၉ ရပ်ကွက်အခြေစိုက် အိမ်ခြံမြေအကျိုးဆောင်ကပြောပါတယ်။
အလားတူ မော်တော်ကားဈေးကွက်ထဲမှာလည်း ဂျပန်တပတ်ရစ်ကားဈေးကွက်က ဈေးနှုန်းတွေဟာ နေ့ချင်းညချင်းကို ဈေး တွေမြင့်တက်နေတယ်လို့ ဆိုပါတယ်။
“ဒီနေ့ဝယ်ရင် ဒီနေ့ဈေးသက်သာမယ်။ နောက်နေ့ဆို ဈေးကတက်ချင်တက်နေတာ။ အခုပဲ ဒီကားလေးကိုကြိုက် လို့လာ ကြည့်ပါမယ်။ ကြိုက်ရင် စရံချပါမယ်ပြောပြီး သွားနေတုန်းရှသေးတယ်။ ကားရောင်းလိုက်ပြီဆိုတာမျိုးတွေဖြစ်လာတာ” လို့ ရန်ကုန်မြို့ခံ ဝါရင့်ကားရောင်းသူတစ်ဦးက ဆိုပါတယ်။
ယခင်နှစ်ဆန်းပိုင်းက ကျပ်သိန်း ၂၀၀ ပတ်ခြာလည်သာ ပေါက်ဈေးရှိတဲ့ တိုယိုတာ၊ ဟွန်ဒါ၊ ဆူဇူကီး အမှတ်တံဆိပ် အင်ဂျင် ပါဝါနိမ့် (၁.၃ စီစီ) ကားသေးတွေရဲ့တန်ဘိုးဟာ အခုဆိုရင် ကျပ်သိန်း ၃၀၀ အောက်တန်း မရှိသလောက်ရှားသွားပြီ။
အက္ခရာနိမ့် ၂၀၀၈-၂၀၀၉ မော်ဒယ်လ် တိုယိုတာဘယ်လ်တာ တစ်စီးဟာ ကျပ်သိန်း ၄၀၀ အထက်ရောက်နေသလို ၂၀၀၉ ခုနှစ်ထုတ် ဆူဇူကီးဆွဖ် တစ်စီးတန်ဘိုးဟာ ထုတ်လုပ်ရောင်းချစဉ် ကျပ်သိန်း ၄၀၀ ခန့်ကနေ အခုဆိုရင် ကျပ်သိန်း ၈၀၀ နဲ့အထက်ကိုရောက်ရှိနေပါပြီ။
“ကျပ်ငွေတန်ဘိုးကျလေ လူတွေကလက်ထဲငွေကိုင်ထားရင် နေ့တိုင်းတန်ဘိုးကျလာမှာကိုတွေးပြီး ငွေသားထက် ပစ္စည်း ကိုပိုပြီးကိုင်ထားချင်ကြတာပဲ။ ဒီ ရွှေ၊ ကား၊ အိမ်ခြံမြေတွေကလည်း အခုချိန်ထိ အတက်တွေချည်းပဲ၊ အကျမရှိသေးတဲ့ အခါကျတော့ နေ့တိုင်းတက်ဈေးရနေတာကြောင့်လည်းပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက ပစ္စည်းကိုင်ထားတဲ့သူတွေက တော့ ဒီအချိန်မှာအရောင်းအဝယ်မလုပ်သေးတာ အကောင်းဆုံးပဲ။ ဒီနေ့ရောင်းရင် နောက်နေ့ ကိုယ့်ပစ္စည်းနဲ့ အလားတူတန် ဘိုးရှိတာကို ပြန်မဝယ်နိုင်တော့ဘူး။ မြတ်ပြီဆိုပြီးတော့ အရောင်းအဝယ်လုပ်ရင် ဒီအချိန်ကတော့ နစ်နာမှာ” ဟု စီးပွားရေး ကျွမ်းကျင်သူ စီးပွားရေးတက္ကသိုလ်ဆင်းတစ်ဦးက သုံးသပ်ပါတယ်။
အချိန်ဟာ ဈေးကွက်အတွင် အမှန်တကယ်ဖြစ်ပေါ်သင့်သော ဈေးနှုန်းမဟုတ်ပဲ နိုင်ငံရေးဖြစ်ပေါ်မှုများ နောက်ကွယ်က အ ကျိုးဆက်များဖြစ်တာကြောင့် အကြောက်လွန်ပြီး အရောင်းအဝယ်ကို မြန်ဆန်စွာမလုပ်ဆောင်မိဖို့ လိုအပ်တယ်လို့ သိရပါ တယ်။
“သိပ်စွန့်စားလွန်းရာကြတာကလည်း မကောင်းပါဘူး။ စောင့်ကြည့်လေ့လာပီး အခြေအနေတွေ တည်ငြိမ်ချိန်ကျမှ ရင်းနှီး မြှုပ်နှံသင့်တာကို ရွေးချယ်စဉ်းစားဖို့လည်းလိုတယ်” လို့ သူကဆိုပါတယ်။
လတ်တလောမှာလည်း ဖြစ်ပေါ်နေသော ငွေကြေးမူဝါဒများနဲ့ပတ်သက်ပြီး ဈေးကွက်အတွင်း ငွေကြေးမတည်ငြိမ်အောင် ကစားနေသူ၊ ငွေကြေးလဲလွယ်သည့်လုပ်ငန်းများ၊ ရွှေဈေးမြင့်စေရန် ဈေးကစားနေသူများကို ဖော်ထုတ်သိရှိပါက အရေးယူ ဆောင်ရွက်သွားမယ်လို့ အစိုးရကထုတ်ပြန်ထားပါတယ်။
ငွေကြေးတန်ဘိုးကျဆင်းနေချိန် ဘာလုပ်ကြမလဲ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်